← Chapters

ခိုးယူခြင်း

Vol. 12 Ch. 5

ခိုးယူခြင်း

Vol. 12 Ch. 5

https://mmxianxia.com/wp-content/uploads/2025/03/nx2.webp

လင်ဒါနဲ့မင်းလွင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့နှစ်ယောက်လုံးက ဧရာမ စက်ရုပ်ကြီးရဲ့ပိုင်းလော့ခန်းထဲရောက်နေပြီဖြစ်ပြီး ကမ်းရိုးတန်းဒေသကိုကာကွယ်ဖို့အတွက် အသင့်ဖြစ်နေကြပါပြီ။ ဗိုလ်ချုပ်ကြီးရေးရဲ့မျက်နှာက စက်ရုပ်ကွန်ပျူတာမျက်နှာပြင်မှာပေါ်လာတယ်။

“အခုပင်လယ်ပြင်ပေါ်တက်လာတဲ့ကိုင်ဂျူးက မိုးကြိုး လျှပ်စီးအမျိုးအစားပဲ။ အီလက်ထရောနစ်စနစ်သုံး တခြားစက်ရုပ်တွေက သူ့ကိုယှဥ်နိုင်မှာမဟုတ်ဘူး။ နျူကလီးယားစွမ်းအင်သုံး နဂါးဖြူသာလျှင် မျှော်လင့်ချက် ဖြစ်တယ်။ ဒီတော့ ဆန်ဖရန်စစ်စကိုကမ်းရိုးတန်းကို ကာကွယ်ဖို့တာဝန်က မင်းတို့ပခုံးပေါ်ကို လုံးဝရောက်နေပြီ။”

“ရော်ဂျာ...”

နှစ်ယောက်လုံးက ခေါင်းညိတ်ပြီး စက်ရုပ်သိုလှောင်ခန်းရဲ့ အမိုးပွင့်လာတာကိုစောင့်တယ်။ တိမ်လေကင်းစင်နေတဲ့ မိုးကောင်းကင်ကို ရှင်းလင်းစွာမြင်တွေ့ရချိန်မှာတော့ နှစ်ယောက်လုံးက ပြိုင်တူလှုပ်ရှားလိုက်ပြီး စက်ရုပ်ကို ထိန်းချုပ်ကာ ကောင်းကင်ပေါ်ကို ပျံသန်းစေလိုက်တယ်။

...

“အိုက်ဒေါပုံစံက ထင်ထားတာထက် ပိုပြီးအသုံးဝင်တာပဲ။ ဒီလောက်ကြီးတဲ့ မွန်းစတားကြီးကို ပင်လယ်ရေအောက်က ထွက်လာအောင်လုပ်လိုက်နိုင်တယ်။”

အေမီက အိုက်ဒေါပုံစံနဲ့သီချင်းဆိုနေတဲ့ မက်ဒါနာကို ကြည့်လိုက်ရင်း ပြောလိုက်တယ်။ သူက လက်ကိုပိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးထားလို့။ သီချင်းဆိုလို့ ပြီးတဲ့အချိန်မှာ မက်ဒါနာက ခါးပတ်က မန်မိုရီစတစ်ကိုဖြုတ်လိုက်ပြီး မူလ ပုံစံပြန်ပြောင်းလိုက်တယ်။ ရုတ်တရက် သူတို့ရပ်နေတဲ့ မြေပြင်က လှုပ်ခါလာတဲ့အတွက် ဟန်ချက်ပျက်သွားပြီး ပြုတ်မကျအောင် ထိုင်ချလိုက်ရလေရဲ့။

“ သီချင်းဆိုတာရပ်သွားတာနဲ့ ဒီကိုင်ဂျူးကြီးက သတိပြန် ဝင်လာတာပဲ။” မက်ဒါနာက မြေပြင်ကို ငုံကြည့်ရင်းနဲ့ ပြောလိုက်တယ်။ မြေပြင်က အနက်ရောင်ကျောက်သားလို ထင်ရပေမဲ့ စိုစွတ်နေတယ်။ ပြီးတော့ နိမ့်ကျလိုက် ဖောင်းလာလိုက်နဲ့ အသက်ရှုနေသလိုထင်ရပြီး လှုပ်ရှားလို့ရယ်။ တကယ်တော့ သူတို့က ကိုင်ဂျူးကြီးရဲ့ ကိုယ်ပေါ်မှာ ရပ်နေကြတာ။

“ကြည့်ရတာ တော်တော်စိတ်ဆိုးနေပုံပဲ။ မိုးတွေပါ အုံ့လာပြီ။” မက်ဒါနာက ကောင်းကင်ပေါ်ကို မော့ကြည့်ရင်း ပြောလိုက်တယ်။ တကယ်လည်း တိမ်လေကင်းစင်နေခဲ့တဲ့ မိုးကောင်းကင်ကြီးမှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ မိုးတမ် တောင်တွေက ချက်ချင်းနေရာယူလာတယ်။

“မမလေး၊ သူတို့ရောက်လာကြပြီ။ ဒီကနေ သွားရအောင်။”

အေမီက မက်ဒါနာရဲ့လက်ကိုဖမ်းဆွဲလိုက်တယ်။ ပြီးတဲ့ နောက်မှာတော့ သူ့သေနတ်ကို မိုးပေါ်ထောင်ပစ်တယ်။ ထူးဆန်းတဲ့ အပြာရောင်ဒြပ်မှုန်တွေက သူတို့နှစ်ယောက်ပေါ် ကျဆင်းလာပြီး သူတို့ကိုယ်ပေါ်ကိုကျဆင်းနေတဲ့ နေအလင်း တွေက ယိုင်ထွက်သွားတယ်။ မကြာခင်မှာပဲ နှစ်ယောက်လုံး ကိုယ်ယောင်ပျောက်သွားပါပြီ။

“ကြည့်ရတာ တကယ့်ကိုခမ်းနားတာပဲ။” မက်ဒါနာက အဝေး ကောင်းကင်ယံမှာပျံသန်းနေတဲ့ အဖြူရောင်နဲ့အပြာရောင် ရောယှက်ထားတဲ့ ဧရာမစက်ရုပ်ကြီးကို လှမ်းကြည့်ရင်းနဲ့ ပြောလိုက်တယ်။ စက်ရုပ်ကြီးက မီတာခြောက်ဆယ်လောက် မြင့်တယ်။

“မမလေး၊ အန္တရာယ်ကင်းတဲ့ တစ်နေရာရာမှာနေပြီး တိုက်ပွဲကို ကြည့်ကြတာပေါ့။”

အေမီက မက်ဒါနာရဲ့ပခုံးပေါ် လက်တင်လိုက်ရင်း ပြောပါတယ်။ သူ့နောက်မှာ ပေါ်တယ်တစ်ခုလည်း ပွင့်နေပြီ။ သူတို့နှစ်ယောက်က ပေါ်တယ်ထဲကိုဝင်လိုက်ပြီးတဲ့ နောက်မှာ သာယာတဲ့ကမ်းခြေသောင်ပြင်တစ်ခုမှာ ပြန်ပေါ်လာတယ်။

အဝေးတစ်နေရာမှာတော့ ပင်လယ်ထဲမှာ တစ်ဝက်မြုပ် တစ်ဝက်ပေါ်နေတဲ့ ဧရာမပုတ်သင်ကြီးတစ်ကောင်က ဒေါသကြီးအော်ဟစ်နေပြီး ကောင်းကင်ပေါ်ကနေ နဂါးဖြူစက်ရုပ်ကြီး ဆင်းလာတာကိုလည်း မြင်ရပါတယ်။

“ငါတို့ကိုင်ဂျူးကြီးပေါ်မှာနေတုန်းက ဒီလောက်ကြီးမှန်း သတိမထားမိခဲ့ဘူး။ သူက နဂါးဖြူစက်ရုပ်ထက် ခေါင်း တစ်လုံးနီးပါး ပိုမြင့်နေတာပဲ။”

မက်ဒါနာက ရောက်လာတော့မယ့်တိုက်ပွဲကို စောင့်မျှော်ရင်း စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်ပါတယ်။

...

“မောင်လေး... အသင့်ဖြစ်ပြီလား။”

“အမြဲတမ်းအသင့်ပဲ။”

မင်းလွင်က သူ့လက်က လက်ပတ်နာရီကိုထိလိုက်တယ်။ လက်ပတ်နာရီက ဒိုင်းအဖြစ်ပြောင်းသွားပြီး လေထုထဲမှာ ပေါ်လာတယ်။ အဲဒီနောက်တော့ ဒိုင်းက ပိုင်းလော့ခန်းထဲက အလိုလိုပျောက်သွားပြီး နဂါးဖြူစက်ရုပ်ကြီးရဲ့ဘယ်ဘက် လက်မှာပြန်ပေါ်လာပါတယ်။

“ဝူး....”

ဧရာမတိုက်တန်ကြီးသဖွယ် ကိုင်ဂျူးကြီးကတော့ ပါးစပ်ကြီး ဟပြီးတော့ ပါးစပ်ထဲကနေ လျှပ်စစ်စီးကြောင်းတွေနဲ့ စတင် ပစ်ခတ်တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ မင်းလွင်က သူ့ဘယ်ဘက် လက်ကိုမြှောက်လိုက်တယ်။ စက်ရုပ်ကြီးရဲ့ဒိုင်းကိုင်ထားတဲ့ လက်ကလည်း မြောက်လာပြီး လျှပ်စစ်စီးကြောင်းတွေကို တားဆီးလိုက်ပါတယ်။

လင်ဒါနဲ့မင်းလွင်တို့နှစ်ယောက်က ထိန်းချုပ်ခန်းထဲမှာ ဘောလောမျောနေပြီး နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် စကားမေပြောကြပေမဲ့ ပြိုင်တူစပြေးတယ်။ စက်ရုပ်ကြီးကလည်း ဒိုင်းကိုင်လျက် ရှေ့ကိုပြေးတက်ပြီး ဒိုင်းနဲ့ကိုင်ဂျူးကြီးရဲ့ခေါင်းကို ရိုက်ချလိုက်တယ်။

“ဝူး......”

ကိုင်ဂျူးကြီးရဲ့ခေါင်းက တစ်ဖက်ကိုချာလည်လည်ထွက် သွားပါတယ်။ အခွင့်အရေးရတုန်းမှာပဲ လင်ဒါက သူ့လက်က လက်ပတ်နာရီကိုထိလိုက်တယ်။ ဓားက ထိန်းချုပ်ခန်းထဲ ကနေပျောက်သွားပြီး စက်ရုပ်ကြီးရဲ့ညာလက်ထဲမှာ ဧရာမ အရွယ်အစားနဲ့ ပြန်ပေါ်လာပြန်ပါတယ်။

“သေလိုက်တော့...” လင်ဒါက ဓားနဲ့ကိုင်ဂျူးကြီးကို ခုတ်ချ လိုက်ပါတယ်။

ဘုန်း...

ဓားနဲ့ကိုင်ဂျူးရဲ့အရေခွံထိမိရာကနေ အားလှိုင်းတွေ ထွက်ပေါ်လာပြီး ပင်လယ်ရေလှိုင်းတွေလည်း မြင့်တက် လာပြန်ပါတယ်။ ဒါပေမဲ့ ဓားက ကိုင်ဂျူးရဲ့ကိုယ်ထဲကို အနည်းငယ် နစ်ဝင်သွားရုံပဲရှိပြီး ကြီးကြီးမားမား ထိခိုက်မှု မရှိသေးပါဘူး။

ဂီးဟီးဂီးဟီးဂီးဟီး...

ကိုင်ဂျူးကတော့ နာကျင်စွာနဲ့အော်ဟစ်ရင်း အမြီးကို ယမ်းကာ စက်ရုပ်ကြီးရဲ့ပခုံးကို ရိုက်ချလိုက်တယ်။ စက်ရုပ်လည်း ဖိအားကြောင့် ဒူးထောက်ကျသွားတော့ တာပေါ့။

“နောက်တစ်ကြိမ် ထပ်လုပ်မယ်...”

လင်ဒါနဲ့မင်းလွင်တို့ကလည်း တုန်ခါနေတဲ့ထိန်းချုပ်ခန်းထဲ ဒူးထောက်ကျသွားပေမဲ့ နှစ်ယောက်လုံးက အံ့ကိုတင်းတင်း ကြိတ်ပြီးတော့ ဓားကိုပြန်ယူထုတ်လိုက်တယ်။ ပြီးတဲ့နောက် ကိုင်ဂျုးရဲ့မျက်နှာကို ဒိုင်းပြားနဲ့ထပ်ရိုက်တယ်။ ဆက်တိုက် ရိုက်ပြီးတော့ ကိုင်ဂျုးမူးနောက်သွားချိန်မှာတော့ ဒိုင်းနဲ့ဓားကို စက်ရုပ်ကြီးက ပစ်ချလိုက်ပြီး ပုတ်သင်အသွင်ကိုင်ဂျူးရဲ့ ပါးစပ်ကို လက်နဲ့ဆွဲဟတယ်။

ကိုင်ဂျူးက ကြောက်လန့်တကြားနဲ့ လျှပ်စီးတွေကို ပါးစပ်ကနေ ပစ်လွှတ်နေပေမဲ့ လင်ဒါနဲ့မင်းလွင်က ခက်ခက်ခဲခဲ ပါးစပ်ကိုကောင်းကင်ပေါ်ထောင်ပေးလိုက်ပြီး အားနဲ့အာခေါင်ကို ဆက်လက်ဆွဲဖြဲတယ်။

ဖြန်း.... ဖြတ်... ဖြတ်.... ဖလတ်...

ကိုင်ဂျူးကြီးရဲ့ပါးစပ်အရေပြားတွေ ဖြဲထွက်လာပြီး အစိမ်းရောင်သွေးတွေက နေရာအနှံကိုဖြာကျကုန်တယ်။ ကိုင်ဂျူးက အတင်းရုန်းထွက်ဖို့ ကြိုးစားနေတာကြောင့် ပင်လယ်ရေလှိုင်းတွေကလည်း ဆူနာမီသဖွယ်ဖြစ်နေပါပြီ။

“မမလေး၊ ပိုကုန်းတွင်းပိုင်း ကျတဲ့နေရာသွားပြီးတော့ စောင့်ကြည့်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။”

ကမ်းခြေကနေ စောင့်ကြည့်နေတဲ့ မက်ဒါနာကို အေမီက အကြံပေးလိုက်ပေမဲ့ မက်ဒါနာက ခေါင်းခါပြလိုက်တယ်။ “တစ်ချိန်ကျရင် ငါသုံးရမယ့်စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးထားတာ ပိုကောင်းတာပေါ့။”

အေမီကလည်း ဆက်တိုက်တွန်းမနေတော့ဘူး။ အဲဒီအစား သူ့မမလေးရဲ့ခါးကို ရုတ်တရက်ဆွဲဖက်ပြီး ရင်ခွင်ထဲထည့် လိုက်တယ်။

“အေမီ၊ နင်ဘာလုပ်မလို့လဲ။”

“မကြာခင် ပင်လယ်ရေလှိုင်းတွေက ကျွန်မတို့ရပ်နေတဲ့ နေရာဆီရောက်လာတော့မယ်။ ဒီတော့ ကောင်းကင်ပေါ် တက်ပြီးကြည့်တာ ပိုကောင်းမယ်လို့လေ။”

နောက်တော့ အေမီရဲ့နည်းပညာစက်စုံကနေ အလင်းမှုတွေနဲ့ဖွဲ့စည်းထားတဲ့ တောင်ပံတစ်စုံ ထွက်ပေါ်လာတယ်။ အေမီက မက်ဒါနာကို ရင်ခွင်ထဲထည့်ကာ ကောင်းကင်ပေါ်ကို ပျံတက်လိုက်တယ်။ နောက်စက္ကန့်ပိုင်း အတွင်းမှာပဲ သူတို့ရပ်နေခဲ့တဲ့နေရာကို ရေလှိုင်းတွေ ဖုံးသွားပေမဲ့ နှစ်ယောက်လုံး လေထုအမြင့်ထဲမှာ ရှိနေပြီ ဖြစ်တဲ့အတွက်ကြောင့် လုံလုံခြုံခြုံရှိနေပါတယ်။

ဘောင်း...

သူတို့တိုက်ပွဲကို ဆက်ကြည့်နေရင်း မကြာခင်မှာပဲ ကိုင်ဂျူးက ငါးရံခြောက်လိုမျိုး နှစ်ပိုင်းတိတိဆွဲအဖြဲ ခံလိုက်ရပြီး အသက်ပျောက်သွားတယ်။ ကိုင်ဂျူးသွေးတွေနဲ့ စွန်းထင်းနေတဲ့ နဂါးဖြူစက်ရုပ်ကြီးကတော့ ပင်လယ်ရေထဲကို ခဏငုပ်လျှိုးသွားပြီး ပြန်တက်လာတယ်။

“ သူတို့ဘာလုပ်နေတာလဲ။” မက်ဒါနာက မေးလိုက်တော့...

“ကိုင်ဂျူးသွေးတွေကြောင့် ညစ်ပတ်သွားတဲ့ စက်ရုပ်ကို ရေချိုးပေးနေတာလေ။”လို့ အေမီက ပြန်ဖြေတယ်။

ပင်လယ်ရေထဲက ပြန်တက်လာတဲ့ နဂါးဖြူစက်ရုပ်ကြီး ပေါ်ကနေ ရေတွေတံခွန်လိုစီးကျနေတဲ့ မြင်ကွင်းက တကယ့်ကို ခမ်းနားလှပါတယ်။ တိုက်ပွဲပြီးတဲ့နောက်မှာ စက်ရုပ်ကြီးက ကောင်းကင်ပေါ်ကိုပျံတက်ပြီး စစ်စခန်း ရှိရာဆီကို ပျံသန်းတယ်။

“မမလေး၊ ကျွန်မတို့လည်း သူတို့နောက်က လိုက်ကြရအောင်။”

...

စစ်စခန်းကို ပြန်ရောက်ချိန်မှာတော့ လင်ဒါနဲ့မင်းလွင်က တစ်ယောက်လက်ဝါးကိုတစ်ယောက် လှမ်းရိုက်လိုက်ပြီး အောင်ပွဲခံတယ်။

“ဒါနဲ့ဆိုရင် ကျွန်တော်တို့နှိမ်နင်းနိုင်ခဲ့တဲ့ အဆင့်လေး ကိုင်ဂျူး ခြောက်ကောင်ရှိသွားပြီ။”

“ဂျပန်နိုင်ငံက ကာမိကာဇဲစက်ရုပ်ကိုမီဖို့ နှစ်ကောင်ပဲလိုတော့တယ်။”

အဲဒီနောက်တော့ သူတို့နှစ်ယောက်က ခေါင်းစွပ်တွေကို ချွတ်လိုက်ကြပါတယ်။ လင်ဒါက ခေါင်းကဆံပင်တွေကို စုစည်းထားတဲ့ ခေါင်းစည်းကွင်းကို ချွတ်လိုက်တယ်။ ပိုးသားလိုနူးညံ့ဖြောင့်စင်းနေတဲ့ ဆံနွယ်တွေက ပခုံးပေါ်ကို ကျဆင်းလာတယ်။ မင်းလွင်ကတော့ အဲဒီမြင်ကွင်းကြောင့် တဒင်္ဂကြောင်ကြည့်နေမိတာပေါ့။

“တစ်နေကုန်လှုပ်ရှားထားရတော့ တစ်ကိုယ်လုံး စေးကပ်ကပ် ဖြစ်ကုန်ပြီ။ အခန်းပြန်ပြီး ရေသွားချိုးလိုက်ဦးမယ်။”

လင်ဒါက ပွင့်ပွင့်လင်းလင်းနဲ့ မင်းလွင်ကို ပြောလိုက်တယ်။ မင်းလွင်ကတော့ သူ့ဘောင်းဘီအိတ်ထဲဝှက်ထားတဲ့ လက်မှတ်လေးနှစ်စောင်ကို ဆွဲထုတ်လိုက်တယ်။ နဂိုက ဂျင်ခန်းမထဲမှာ ပေးဖို့ကြံထားပေမဲ့ ကိုင်ဂျူးကြောင့် ပေးဖို့မေ့သွားတဲ့ကိစ္စပေါ့။

“အစ်မကြီး... ဒီနေ့ Gudam Animationရုပ်ရှင်သစ် ဆန်ဖရန်စစစ်စကိုမှာ ရုံတင်မှာ။ အတူတူ သွားကြည့်ကြမလား။”

ရုတ်တရက် ရုပ်ရှင်အတူသွားကြည့်ဖို့ အဖိတ်ခံရတဲ့အတွက် လင်ဒါက ရယ်လိုက်တယ်။ မင်းလွင်ကတော့ ရှက်သွားပြီး..

“ကလေးကလား Animeရုပ်ရှင်တစ်ခုကို ရွေးမိတဲ့အတွက် တောင်းပန်ပါတယ်။”

ဒါပေမဲ့ လင်ဒါကတော့ ခေါင်းခါပြရင်း။ “ရပါတယ်။ ဟောဒီက မင်းလွင်က စက်ရုပ်အကြီးကြီးတွေပါတဲ့ Animeတွေ ကြိုက်တတ်မှန်း မမသိပြီးသားမလို့ ကိစ္စမရှိပါဘူး။”

“တကယ်...”

“တကယ်ပေါ့။” လင်ဒါက မင်းလွင်လက်ထဲက ရုပ်ရှင် လက်မှတ်လေးကို ယူလိုက်ရင်းပြောလိုက်ပါတယ်။ အဲဒီနောက်တော့ အပျော်လွင်သွားတဲ့မင်းလွင်က လင်ဒါရဲ့ နဖူးလေးကို လျှပ်တပြတ်ခိုးနမ်းပြီး ထိန်းချုပ်ခန်းထဲကနေ ထွက်ပြေးသွားတယ်။

လင်ဒါကတော့ စိတ်ဆိုးဆိုးနဲ့ ခြေဆောင့်လိုက်ရင်း...

“ဒီကောင်လေးနဲ့တော့ တော်တော်ဆိုးတာပဲ။” ဒါပေမဲ့ မျက်နှာပေါ်မှာတော့ ထိန်းမရနိုင်စွာနဲ့ ပြုံးနေတဲ့ အပြုံးက ပန်းပွင့်လေးတစ်ပွင့်အလား။

စက်ရုပ်ရဲ့စနစ်အားလုံးကို လုံခြုံရေးအရပိတ်ခဲ့ပြီး နောက်မှာတော့ လင်ဒါကိုယ်တိုင်လည်း စက်ရုပ်ထဲက ထွက်လာခဲ့ပါတယ်။ စက်ရုပ်ထိန်းချုပ်ခန်းနဲ့စစ်စခန်းကို ဆက်သွယ်ပေးထားတဲ့ သတ္တုတံတားပေါ်မှာ လျှောက်နေရင်း လင်ဒါက မင်းလွင်ရဲ့အနမ်းကို ပြန်တွေးမိပြီး ရှက်သွေးဖြာ သွားလေရဲ့။

“ဘာလို့ လူကြီးဖြစ်တဲ့ငါက ပေါက်ကရတွေ တွေးနေမိရတာလဲ။”

အဲဒီနောက်တော့ ခြေလှမ်းကို သွက်သွက်လျှောက်ရင်း ရေမိုးချိုး ဒိတ်အတွက်ပြင်ဆင်ဖို့အတွက် သူ့အခန်းသူ ပြန်သွားတယ်။

သူတို့ထွက်သွားပြီးမကြာခင်မှာပဲ တံတားပေါ်မှာ လူနှစ်ယောက်ရဲ့ပုံရိပ် ပေါ်လာပါတယ်။ နည်းပညာမြင့် အသားကပ်ဝတ်စုံဝတ်ထားတဲ့ ဆံပင်တိုအေမီနဲ့ ခါးပတ် ပတ်ထားတဲ့ မက်ဒါနာတို့ပါ။

“အေမီ၊ နင်လုံခြုံရေးစနစ်ကို ဟက်ပြီးပြီလား။” မက်ဒါနာက မေးလိုက်တော့ အေမီက ခေါင်းညိတ်ပြရင်း...

“ဟုတ်ကဲ့၊ အခုဆိုရင် သူတို့ရဲ့လုံခြုံရေးကင်မရာတွေက မှတ်တမ်းဗီဒီယိုအဟောင်းတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ ပြနေတော့မှာမလို့ ကျွန်မတို့လှုပ်ရှားတာကို သတိထားမိတော့မှာမဟုတ်ဘူး။”

“ကောင်းပြီ၊ နင်က အဲဒီစက်ရုပ်ကို ငါတို့အသုံးချလို့ရအောင် လုပ်ဖို့ကြိုးစား။ ငါကတော့ ငါ့ရဲ့မူကွဲဆီကိုသွားမယ်။”

အေမီနဲ့မက်ဒါနာက အတိုင်အဖောက်ညီစွာနဲ့ အစီအစဥ် တစ်ခုကို ချမှတ်လိုက်ပါတယ်။ နောက်တော့ လူစုခွဲလိုက် ကြပါတယ်။ အေမီက စက်ရုပ်ရဲ့ပိုင်းလော့ခန်းထဲကို ဝင်ပြီး မက်ဒါနာကတော့ စစ်စခန်းရှိရာဘက်ကို ပြေးသွားတယ်။

အေမီက စက်ရုပ်ထဲကို ဝင်ပြီးတဲ့နောက်တော့ ကွန်ပျူတာထဲ မန်မိုရီစတစ်တစ်ခု ထိုးထည့်လိုက်တယ်။ “ဒီလောက်ကြီးတဲ့ စက်ရုပ်ကြီးကို ယူသွားဖို့ဆိုရင် တော်တော်ခက်မှာပဲ။ အချိန်တော့ယူရမယ်။ ဒါပေမဲ့ ဒိုင်မေးရှင်းတစ်ခုထဲ ထည့်ပိတ်ပြီးတာနဲ့ အချိန်မရွေးဆင့်ခေါ်သုံးလို့ရပြီ။”

အေမီက သူ့ဘာသာသူတစ်ယောက်တည်းပြောရင်းက မျက်နှာပေါ်မှာ ကောက်ကျစ်တဲ့အပြုံးတစ်ခုပေါ်လာတယ်။

“ငါ့ကိစ္စတွေအောင်မြင်ဖို့ မကြာတော့ပါဘူး။”

နောက်တော့ သူက စက်ရုပ်ကွန်ပျူတာကိုသုံးပြီး ပရိုဂရမ် တချို့ကို ထည့်သွင်းလိုက်ပါတယ်။

...

“မမက ငါ့ကိုမငြင်းဘဲနဲ့ ချက်ချင်းလက်ခံလိုက်တာပဲ။ ထင်တောင်မထားဘူး။”

သာမန်ဆန်တဲ့ စစ်စခန်းအခန်းကျဥ်း လေးထဲမှာတော့ မင်းလွင်က ဝမ်းသာပီတိတွေဖြာပြီး သူ့ရဲ့စစ်ယူနီဖောင်း တွေကိုချွတ်လိုက်တယ်။ အဲဒီနောက်တော့ ရေချိုးခန်းထဲ ဝင်ပြီးတော့ သေသေချာချာခေါင်းလျှော်ရေချိုးပြီး အပြင်ပြန်ထွက်လာတယ်။ နောက်တော့အသစ်ဝယ်ထားပြီး ဝတ်တောင်မဝတ်ရသေးတဲ့ တီရှပ်အပြာရောင်လေးကို ထုတ်ကာ ဝတ်ကြည့်တယ်။

“ ဒိတ်တဲ့နေရာကို တီရှပ်ဝတ်ပြီးသွားတာ နည်းနည်းများ ထူးဆန်းနေမလား။ ရင့်ကျက်ပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ အဝတ်အစားမျိုးဝတ်သင့်လား။”

မင်းလွင်တစ်ယောက် တစ်ကိုယ်တော်စဥ်းစားခန်း ဝင်နေတုန်း သူ့ရဲ့သော့ခတ်မထားတဲ့ အခန်းတံခါးက ပွင့်လာပြီး မိန်းကလေးတစ်ယောက်က အခန်းထဲကို ဝင်လာတယ်။ မင်းလွင်လည်းလန့်သွားပြီး

“ခင်ဗျားဘယ်သူလဲ၊ ဘယ်လိုလုပ်ပြီး တံခါးမခေါက်ဘဲ ဒီအခန်းထဲကို ဝင်လာတာလဲ။”

မင်းလွင်က တစ်ဖက်မိန်းကလေးကို ကြည့်လိုက်တော့ သူ့ထက် နည်းနည်းကြီးပုံရပြီး သူ့လိုပဲ ဆံပင်တွေက အဖြူရောင်ဖြစ်နေတာ သတိထားမိလိုက်တယ်။ ဆံပင်က ခါးအထိရှည်ပြီး သုတေသီတွေဝတ်တဲ့ အဖြူရောင်ကုတ်ကို ဝတ်ထားတယ်။ ပြီးတော့ သူ့လက်ထဲမှာ သေနတ်နဲ့။

“ကျူးကျော်သူ...” မင်းလွင်က သူ့ကိုယ်ပိုင်သေနတ်ကို ဆွဲထုတ်ပြီးခုခံဖို့လုပ်ပေမဲ့ ဆံပင်ဖြူမိန်းကလေးက သေနတ်နဲ့အရင်ပစ်ပြီးပြီ။

ဒိုင်း...

ထူးဆန်းတဲ့အပြာရောင်အလင်းတန်းက မင်းလွင်ကိုထိမှန် သွားပြီးတဲ့နောက်မှာတော့ သူ့ခန္ဓာကိုယ်က အလင်းမှုန်တွေ အဖြစ်ကို ပြောင်းလဲသွားပြီး သေနတ်ထဲကို စုပ်ယူခြင်း ခံလိုက်ရတယ်။ သူ့အခန်းထဲမှာရှိနေတဲ့ ပိုစတာတွေ၊ အဝတ်အစားတွေအားလုံး အပြာရောင်အလင်းမှုန်တွေ အဖြစ်ကို ဖြည်းဖြည်းချင်းပြောင်းလဲကာ ဘယ်တုန်းကမှမရှိဖူးသလိုမျိုး ပျောက်ကွယ်သွားတယ်။

မက်ဒါနာကတော့ သေနတ်ကျည်ကတ်ကို ထုတ်လိုက်တယ်။ ကျည်ကတ်ရှိသင့်တဲ့နေရာမှာ အဖြူရောင်မန်မိုရီစတစ် တစ်ခုသာရှိနေပြီး အဲဒီအပေါ်မှာ ‘စက်ရုပ်ကမ္ဘာ'လို့ ဘောပင်နဲ့ သူရေးလိုက်တယ်။

....

လင်ဒါက ရေချိုးပြီးတဲ့နောက် အဖြူရောင်ပုဝါကို ပတ်ပြီး အခန်းထဲကနေ ထွက်လာတယ်။ ပြီးတဲ့နောက် အရာရှိ ဝတ်စုံအသစ်ကိုပဲ ပြောင်းလဲဝတ်ဆင်လိုက်ပါတယ်။ စားပွဲပေါ်မှာရှိနေတဲ့ ရုပ်ရှင်လက်မှတ်လေးကို သူ့လက်ထဲ ကိုင်ကြည့်ပြီး အလိုလိုနေရင်း ပြုံးမိတယ်။

“သူက ငါ့လိုကြမ်းတမ်းတဲ့ မိန်းကလေးတစ်ယောက်ကို တကယ်ပဲ သဘောကျနေတာလား။”

လင်ဒါရဲ့အစ်ကိုတင်မီ မသေခင်က အမြဲတမ်းပြောလေ့ ရှိတဲ့စကားတစ်ခွန်းရှိတယ်။ ‘နင်က ယောက်ျားလေးတွေ ထက်တောင်ကြမ်းလွန်းလို့ ကောင်လေးတွေက ကြိုက်မှာ မဟုတ်ဘူး။'ဆိုတာပါပဲ။

“ဒါပေမဲ့ လူပျိုဖော်ဝင်စမလို့ သူငါ့ကို ခဏတာစိတ်ကစား တာမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။”

လင်ဒါတွေးပူမိပြန်တယ်။ သူက တကယ်ပဲ မင်းလွင်ကို ဂရုစိုက်ပါတယ်။ ဒါကြောင့်ပဲ မင်းလွင်က သူ့ကိုတကယ် ဂရုစိုက်နေတာမျိုးမဟုတ်မှာ စိုးရိမ်မိပြန်တယ်လေ။ သူ အခုလိုတွေးနေတဲ့အချိန်မှာပဲ သူ့လက်ထဲက ရုပ်ရှင် လက်မှတ်လေးက အပြာရောင်အမှုန်တွေအဖြစ်ကို ပြောင်းလဲသွားတယ်။

“ဟင်....”

ရုတ်တရက် ရင်ထဲမှာ မကောင်းတဲ့ခံစားချက်တစ်ခုက လွှမ်းမိုးသွားတဲ့အတွက် လင်ဒါအခန်းထဲကနေပြီးတော့ ပြေးထွက်လိုက်တယ်။ သူ့ခြေလှမ်းတွေကတော့ မင်းလွင်ရဲ့ အဆောင်ခန်းလေးဆီ...

အဆောင်ခန်းရှေ့ကိုရောက်တော့ အခန်းတံခါးမှာ နာမည် ရေးမထားတော့တာတွေ့တယ်။ အရင်ကဆိုရင် မင်းလွင်ရဲ့ နာမည်အဲဒီမှာရှိတယ်။ တံခါးခေါက်ပေမဲ့ တံခါးက ပွင့်နေပြီး အတွင်းထဲမှာ လူမနေသလိုမျိုးရှင်းလင်းနေတာ တွေ့ရတယ်။

“အရာရှိလင်ဒါ၊ ဘာရှာနေတာလဲခင်ဗျ။” ဘေးချင်းကပ်ရပ် အခန်းက တပ်သားလေးက လင်ဒါကိုနှုတ်ဆက်လိုက်တော့

“ဒီအခန်းက ကောင်လေးဘယ်ရောက်သွားတာလဲ။” လင်ဒါက မင်းလွင်ရဲ့နာမည်ကို တွေးနေရင်းကနေ မေ့သွားတဲ့အတွက် မေးလိုက်တော့...

“ဟင်... အဲဒီအခန်းမှာ လူနေလို့လား။ အရင်ကတည်းက ဘယ်သူမှမရှိလို့ နေမယ့်လူသစ်ရှာနေကြတာ။”

လင်ဒါက နှုတ်ခမ်းကိိုဖိကိုက်လိုက်တယ်။ တစ်ခုခုဖြစ်နေတာ ကျိန်းသေပြီ။ မင်းလွင်ရဲ့နာမည်ကို တစ်ခဏလောက်ပြန် သတိရချိန် လက်မှာဘောပင်နဲ့ချရေးပြီး တပ်သားလေးကို ပြပြီးမေးပေမဲ့...

“အဲဒီနာမည်နဲ့တပ်သားမျိုး မရှိပါဘူး။”လို့ပဲ ပြန်ဖြေတယ်။

“ဘာတွေဖြစ်နေတာလဲ။” လင်ဒါက သူ့ခေါင်းကိုသူ ဆုပ်ကိုင် ထားလိုက်ရင်း လက်မှာချရေးထားတဲ့ နာမည်လေးကို ကြည့်ကာ အမှတ်တရတွေကိုပြန်စဥ်းစားလိုက်တယ်။ တချို့တစ်ဝက်ကို သူမှတ်မိနေသေးပေမဲ့ အတော်များများကို သူမေ့လာနေပြီ။ တစ်စုံတစ်ယောက်က ဒီအမှတ်တရတွေကို လိုက်ဖျက်နေသလိုပဲ။ ဒါကိုသတိပြုမိလိုက်ချိန်မှာတော့ လင်ဒါရဲ့စိတ်ခံစားချက်တွေက မတည်ငြိမ်တော့ဘဲ အရူးတစ်ယောက်လိုပဲ ပြင်းထန်ကြမ်းကြုတ်လာတယ်။

တစ်ချိန်တည်းမှာပဲ အင်တာကွန်းကနေပြီး သတိပေးချက် ထွက်လာတယ်။

“လုံခြုံရေးတပ်ဖွဲ့များ စက်ရုပ်သိုလှောင်ရုံသို့ အမြန်ဆုံးသွားပါ။ လုံခြုံရေးတပ်ဖွဲ့များ စက်ရုပ်သိုလှောင်ရုံသို့ အမြန်ဆုံးသွားပါ။ အခွင့်မရှိဘဲ နဂါးဖြူအားမောင်းနှင်ရန်ကြိုးစားသူရှိကြောင်း ထောက်လှမ်းရရှိ။”

လင်ဒါလည်း ချက်ချင်းပဲ တစ်စုံတစ်ခုကို သဘောပေါက် သွားဟန်နဲ့ သိုလှောင်ရုံဘက်ကို ပြေးထွက်သွားတယ်။

...

မက်ဒါနာက သတ္တုတံတားပေါ်မှာရပ်နေရင်းနဲ့ ထိန်းချုပ်ခန်းထဲကနေထွက်လာတဲ့ အေမီကို ကြည့်လိုက်တယ်။ စိတ်ပျက်လက်ပျက်နဲ့ ခါးကို ထောက်ထားသေးတယ်။ သူတို့ပတ်ဝန်းကျင်မှာတော့ အရေးပေါ် မီးမျိုးစုံကလင်းလို့။

“အစီအစဥ်ကို ကျရှုံးစေမိလို့ တောင်းပန်ပါတယ် မမလေး။ ဒီစက်ရုပ်က သော့ဖြစ်တဲ့လက်ပတ်နာရီမပါရင် ဘယ်လို ဟက်ဟက် မောင်းလို့မရဘူး။”

မက်ဒါနာက တစ်ခုခုပြောလိုက်ချင်ပေမဲ့ မကြာခင်မှာ လုံခြုံရေးတွေရောက်လာတော့မယ်မှန်း သိတဲ့အတွက် အေမီကို ဆူမနေတော့ဘဲ အသစ်ရလာတဲ့ မန်မိုရီစတစ်ကို ထုတ်လိုက်တယ်။

“မပူနဲ့ ငါရလာတယ်။” လို့ပြောရင်း ခါးပတ်ထဲကို ထိုးထည့်လိုက်တယ်။ အဲဒီနောက် မကြာခင်မှာပဲ မက်ဒါနာရဲ့ လက်ပေါ်မှာ ဒိုင်းပုံစံထွင်းထားတဲ့ လက်ပတ်နာရီလေး ထွက်ပေါ်လာတယ်။

“နင်တို့ သူ့ကို တစ်ခုခုလုပ်လိုက်တယ် မဟုတ်လား။”

ရုတ်တရက် ဒေါသတွေပြည့်နှက်နေတဲ့ အော်သံကို ကြားရတဲ့ အတွက်ကြောင့် လှည့်ကြည့်လိုက်တော့ အရာရှိဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက်က သူတို့ကို ဒေါသတကြီးနဲ့ ကြည့်နေတာ တွေ့လိုက်ရတယ်။

“အဲဒီလက်ပတ်က ငါတန်ဖိုးထားရတဲ့သူရဲ့လက်ပတ်ပဲ။ သူ့နာမည်ကို ငါမေ့လုမတတ်ဖြစ်နေပြီး အမှတ်တရတွေ ပျောက်ဆုံးသွားပေမဲ့ သူက တကယ်ရှိခဲ့တဲ့သူဆိုတာ ငါသိတယ်။” လင်ဒါက သူ့လက်ပတ်နာရီကိုထိလိုက်တယ်။ လူတစ်ရပ်စာလောက်မြင့်တဲ့ Claymore အမျိုးအစား ဓားကြီးက သူ့လက်ထဲမှာပေါ်လာပြီး လက်နှစ်ဖက်နဲ့ စနစ်တကျ ကိုင်လိုက်တယ်။

“အေမီ၊ နင်ပြောတော့ တည်ရှိမှုကိုဖျောက်လိုက်ရင် တခြားသူတွေ မမှတ်မိတော့ဘူးဆို။”

မက်ဒါနာက ပြောလိုက်တော့ အေမီက ခေါင်းကိုခါယမ်းရင်း “များသောအားဖြင့်လို့ ပြောခဲ့တယ်လေ။ ကဲမမလေး၊ မမလေးက စက်ရုပ်ကိုမောင်းနိုင်ပြီဆိုတော့ အဲဒီစက်ရုပ်ကို ဒိုင်မေးရှင်းထဲထည့်ပိတ်ဖို့လုပ်တော့။ ကျွန်မ အချိန်ဆွဲပေးမယ်။”

အေမီက သူ့ခါးက သေနတ်ကိုဖြုတ်ကာ လင်ဒါကို လှမ်းပစ် ပါတယ်။ အလင်းဒြပ်မှုန်တွေက လင်ဒါဆီကိုတည့်တည့် ဝင်လာပေမဲ့ လင်ဒါက နေရာကနေပျောက်သွားပြီး မြန်ဆန်စွာနဲ့ အေမီရှေ့မှာပေါ်လာတယ်။

မက်ဒါနာကတော့ စက်ရုပ်ထဲကိုဝင် စက်ကိုနှိုးလိုက်ပြီး ဧရာမပေါ်တယ်ကြီးကို ဖွင့်ဖို့ကြိုးစားတယ်။ အေမီလည်း ပေါ်တယ်ထဲကို ပြန်ဆုတ်ဖို့လုပ်ပေမဲ့ လင်ဒါက သူ့ကို ဆက်တိုက်ဖိအားပေးနေတယ်။

“တည်ရှိမှုကိုဖျောက်တယ်ဆိုတာ ဘာလဲ... နင်တို့ သူ့ကို ဘာလုပ်လိုက်တာလဲ။ ငါ့ရဲ့မင်းလွင်ကိုပြန်ပေး။”

လင်ဒါက ရူးသွပ်နေသူတစ်ယောက်လိုမျိုး အေမီကို လိုက်ပြီးဓားနဲ့ခုတ်နေတယ်။ နှစ်ယောက်က သိပ်ကို နီးကပ်နေပြီဖြစ်တဲ့အတွက် အေမီက သေနတ်နဲ့ပစ်ဖို့ မဖြစ်နိုင်တော့ဘဲ လင်ဒါ့တိုက်ကွက်တွေကို ရှောင်ရုံသာ ရှောင်နိုင်တော့တယ်။

ဘုန်း...

ရုတ်တရက် ဧရာမစက်ရုပ်ကြီးက ခုန်တက်ပြီး ပေါ်တယ်ထဲ ဝင်ကာ ပျောက်ကွယ်သွားတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီဆိုပေမဲ့ ပေါ်တယ်ထဲဝင်ရောက် ပျောက်ကွယ်သွားတဲ့ စက်ရုပ်ကြောင့် အံ့အားသင့်နေတဲ့ လင်ဒါကို အေမီက ခြေထောက်နဲ့ဆောင့်ကန်ပြီး သူ့ကိုယ်ပိုင် ပေါ်တယ်ကိုဖွင့်ကာ ပြေးဝင်တယ်။ ဒါပေမဲ့ လင်ဒါက နာကျင်မှုကို ကျိတ်မှိတ်ခံစားရင်း ပိတ်လုဆဲဆဲပေါ်တယ်ထဲ ခုန်ဝင်လိုက်တယ်။

“ငါ့ဆီကနေ ထွက်ပြေးလို့ရမယ်မထင်နဲ့။”

အဲဒီနောက်တော့ တပ်ကူတွေရှေ့မှာတင် သူတို့သုံးယောက်လုံး အစအနတောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့လေရဲ့။

All Chapters