အခန်း (၅၂၃)-(၅၂၆)
Vol. 36 Ch. 523-526
(၅၂၃ ကနေ ၅၂၆ ကို စုပေါင်းထားသည့် အပိုင်းဖြစ်ပါသည်။ မလိုအပ်ဘဲ တရုတ်ဟင်းပွဲများအား ဇာချဲ့ထားပြီး ဇာတ်ကွက်များ ထပ်နေသော အပိုင်းများဖြစ်သောကြောင့် မိတ်ဆွေတို့ ဖတ်ရှုရင်း ပျင်းရိသွားမည် စိုးသောကြောင့် အပိုင်း လေးပိုင်းကို ပြန်လည်စုစည်းကာ ရေးသားထားခြင်းဖြစ်သည်။)
………..
အလွန်တရာစည်ကားလှသော စားဖိုမှုးပြိုင်ပွဲမှာတော့ ကြည့်ရှုနေသူများသည် ပျင်းရိလေးကန်နေသော မျက်နှာများဖြင့် ဖြစ်နေကြသည်။ တစ်ချို့ဆိုလျှင် သန်း၍ပင်နေကြသေး၏။
သိုင်းပညာရှင်များသည်သာ လေးစားမှု ရရှိသော နေရာတွင် စားဖိုမှုးပြိုင်ပွဲ မျက်နှာငယ်ရခြင်းသည် လက်ခံနိုင်လောက်သည်။
သို့ပေမဲ့ ပါဝင်ယှဉ်ပြိုင်သူများမှာတော့ ၎င်းတို့၏ ချက်ပြုတ်ခြင်းအပေါ် အာရုံအပြည့်စူးစိုက်ထားကြသည်။ သူတို့သည် စားဖိုမှုးတစ်ယောက်း လမ်းစဉ်ကို လျှောက်လှမ်းကြမည့်သူများ ဖြစ်ကြ၏။ ကိုယ်လျှောက်လှမ်းမည့် လမ်းစဉ်အား ချစ်မြတ်နိုးရပေမည်။
ရွှီး ….။
ဆီကို အပူပေးပြီးနောက်မှာတော့ ပြိုင်ပွဲဝင်များသည် ပါဝင်ပစ္စည်းများအား ကျွမ်းကျင်စွာ ပစ်ထည့်၍ စတင်ကာ မွှေတော့၏။
ဝင်ရောက်ယှဉ်ပြိုင်ကြသူများသည် ငယ်ရွယ်ကြသည် ဆိုသော်လည်း အတွေ့အကြုံရှိသောသူများဖြစ်သည်မို့ ၎င်းတို့၏ အရည်အသွေးမှာ အားမနည်းလှချေ။
ပါဝင်ပစ္စည်းများအား ကြော်လှော်ချက်ပြုတ်ခြင်းအား ပြုလုပ်ချိန်မှာတော့ အလွန်တရာသင်းကြိုင်သော မွှေးရနံသည် လူပေါင်းများစွာတို့၏ နှာခေါင်းထဲသို့ တိုးဝင်လာတော့သည်။
လူတိုင်းသည် သိုင်းကျင့်ကြံသူများမဟုတ်သော်လည်း လူတိုင်းသည် အစားစားကြသူများတော့ ဖြစ်၏။ ထို့ကြောင့် အစားအသောက်၏ စွမ်းအားကို ခုခံနိုင်သူ၊ ငြင်းဆန်ပုန်ကန် နိုင်သူမှာ ရှားပါးလှ၏။
“မွှေးလိုက်တာ”
လေထဲမှ အမွှေးနံ့များအား ရှုရှိုက်ပြီးချိန်မှာတော့ အားလုံး၏ စားချင်သောက်ချင်စိတ်များသည် ပိုမို၍ တိုးတက်လာသည်။
လူများ၏ အာရုံစူးစိုက်မှုကို ခံရဆုံးသောသူများမှာ ကျိန်းသေပေါက် အိုးရန်မိသားစုမှ ဖြစ်တော့၏။
ဟင်းချက်ရာမှ ထွက်ပေါ်လာသည့် မွှေးရနံ့ တစ်ခုနှင့်ပင် လူအားလုံးတို့သည် အိုးရန်မိသားစုမှ တိုက်ရိုက်မျိူးဆက်များအား အမှတ်ပြည့်ပေးချင်နေကြပြီ ဖြစ်သည်။
သို့ပေမဲ့ ပြိုင်ပွဲဝင်အားလုံး ချက်ပြုတ်နေကြပြီ ဖြစ်ပေမဲ့ လျှိုဝမ်ရှစ်မှာတော့ ယခုမှ မီးမွှေးကာ ပါဝင်ပစ္စည်းများအား ဆေးကြော၍ စဉ့်တီတုံးပေါ်တွင် ညီညီညာညာ စီထားတုန်းပင် ရှိနေသေး၏။
“………” ထိုမြင်ကွင်းကို မြင်တော့ အားလုံးသောသူတို့သည် ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြသည်။
တစ်ချို့ဆိုလျှင် ချက်ပြုတ်၍ပင် ပြီးစီးတော့မည်ဖြစ်သည် ယင်းမိန်းကလေးမှာတော့ စဉ့်တီတုံးပေါ်ရှိ ပစ္စည်းများကိုပင် မလှီးရသေးချေ။ နှေးကွေးလွန်းနေ၏။
သို့ပေမဲ့ မကြာခင်မှာပဲ ထိုသူများသည် သူတို့၏ ထင်မြင်ချက်များ မှားယွင်းကြောင်း နားလည်လိုက်ကြပြီဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် လျှိုဝမ်ရှစ်သည် လက်အုပ်ချီ၍ တစ်စုံတစ်ခုကို ဆုတောင်းပြီးနောက်မှာတော့ ဟင်းချက်သည့် ဓားကို ကောက်ကိုင်ကာ အလွန်တရာ ကျွမ်းကျင်လှသော ဓားစွမ်းရည်ကို စတင်ပြသတော့၏။
စားဖိုမှုးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် သူမ အတွက် ပထမဆုံးအကြိမ် ဖြစ်သည်မို့ လျှိုဝမ်ရှစ်မှာ အလုံးစုံကို သတိထားလျက်ရှိနေသည်။ သူမ၏ ဓားကိုင်စွမ်းရည်သည် တည်ငြိမ်မှုကို ဦးစားပေးပြီး လှပမှုကို လျစ်လျူရှုထားသည်။
တကယ်တမ်း ဓားအား လှပစွာကစားပြမည် ဆိုလျှင် အားလုံး ကြက်သေ သေသွားနိုင်သည်။ သူမ သည် အလွန်မြန်ဆန်သော ဓားကိုင်စွမ်းရည်ကို အသုံးချ၍ နေ့စဉ်နေ့တိုင်း သံမဏိအရိုးဂိုဏ်းသားများအား ဟင်းချက်ကျွေးနေရသူ မဟုတ်လား။ တကယ်တမ်းသာ နှေးကွေးမည် ဆိုလျှင် အကုန်လုံး ငတ်ကုန်ပေလိမ့်မည်။
“ဒီကောင်မလေး လေးလေးနက်နက် ချက်ပြုတ်နေတာပဲ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။
သူမ တစ်ယောက်တည်းသာ လေးနက်နေခြင်းမဟုတ်ပေ။ ကျော်ကြားလှသော ပြိုင်ပွဲတစ်ခု ဖြစ်သည်မို့ အားလုံးသော ပြိုင်ပွဲဝင်များသည် အားကုန်ထုတ်၍ ကြိုးစားနေကြခြင်း ဖြစ်၏။ နှစ်နှစ်အလလ ကြိုးစားလေ့ကျင့်ခဲ့သော စွမ်းရည်များအား ထုတ်ဖော်နေကြတော့၏။
…….
လူပေါင်းသုံးရာကျော်တို့ ချက်ပြုတ်သော အမွှေးနံ့များသည် အားလုံး၏ ဝမ်းဗိုက်များအား တဂွီဂွီ ဖြင့် ဖြစ်ပေါ်စေသည်။
ထိုထဲတွင် အမွှေးဆုံးမှာ သံသယဖြစ်စရာ မလိုအောင်ပင် လျှိုဝမ်ရှစ်၏ ဟင်းပွဲ ဖြစ်တော့၏။
ဒိုင်လူကြီးဆယ်ယောက်တို့သည် သူတို့၏ နှာခေါင်းဝသို့ ရောက်ရှိလာသော ဟင်းပွဲရနံ့များအား ရှုရှိုက်ရင်း တိုင်ပင် ဆွေးနွေးနေကြသည်။ အနံ့ပိုင်းတွင်တော့ လျှိုဝမ်ရှစ်သည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေလေသည်။
အိုးရန်ကျွင်းသည်လည်း လက်တွေ တုန်နေသည်အထိ စိတ်လှုပ်ရှားလျက်ရှိနေ၏။
သူ၏ သမီး ချက်ပြုတ်ထားသော ကုန်းဘောင်ဟင်းကို စားပြီးသည့်နောက် သူ့သမီး၏ လက်ရာသည် သာမာန်ထက် အလွန်ပိုကဲသည်ကို သိရှိပြီးဖြစ်သည်။ ဝမ်ရှစ်သည် ချက်ပြုတ်ခြင်းအတတ်ပညာ၏ အနှစ်သာရကို သန္ဓေပါရမီအရ နားလည်နေသူ ဖြစ်လို့နေသည်။
“အိုးရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေရဲ့ ဟင်းပွဲထက် ပိုမွှေးနေတယ်။ ဒီမိန်းကလေးက သာမာန်တော့ မဟုတ်လောက်ဘူး”
“အနံ့ရရုံနဲ့ သွားရည်တောင် ကျနေပြီ။”
အိုးရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်များမှာတော့ မချင့်မရဲ ဖြစ်မိနေကြသည်။ သူတို့သည် လျှိုဝမ်ရှစ်အား အလုံးစုံ ဖိနှိပ်ပစ်မည်ဟု တွေးတောထားကြသူများဖြစ်သည်။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပဲ ဤမိန်းကလေးသည် အားကောင်း၍နေ၏။
မကြာခင်မှာပဲ ဟင်းပွဲများ ချက်ပြုတ်ပြီးသွားခဲ့သည်။
ရှန်းမိသားစုအကြီးအကဲသည် ချက်ပြုတ်ပြီးစီးသောဟင်းပွဲများအား အနံ့၊ အရသာ မပြောင်းလဲစေရန် စည်းခတ်တော့သည်။
စည်းမျဉ်းများအရဆိုလျှင် ဒိုင်လူကြီး ဆယ်ယောက်တို့သည် တစ်ယောက်ချင်းစီ မြည်းစမ်းကြမည် ဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းက အမှတ်ပေးလိမ့်မည်။
လက်ရှိအချိန်မှာတော့ ဒိုင်လူကြီးများသည် တခြားသူများ၏ ဟင်းပွဲများအား ဂရုမပြုဘဲ လျှိုဝမ်ရှစ်၏ မွှေးပျံ့လွန်းသော ဟင်းပွဲဆီသို့သာ အာရုံရောက်လျက်ရှိနေကြသည်။
လျှိုဝမ်ရှစ်သည် နောက်ဆုံးမှ ချက်ပြုတ်ပြီးစီးသူ ဖြစ်သော်လည်း ၎င်းတို့သည် လျှိုဝမ်ရှစ်ဆီသို့ အရင်ဆုံးသွားရောက်၍ မြည်းစမ်းရန်ပြင်နေကြ၏။
အိုးရန်မိသားစု တိုက်ရိုက်သွေးမျိုးဆက်များ အားလုံး၏ မျက်နှာသည် မဲမှောင်သွားကြသည်။
“ဒါက ….” ရှန်မိသားစုအကြီးအကဲသည်လည်း ဇဝေဇဝါ ဖြစ်မိနေ၏။ ဒိုင်လူကြီးများသည် မွှေးပျံ့သင်းကြိုင်လွန်းနေသည့် လျှိုဝမ်ရှစ်၏ ဟင်းပွဲကိုသာ စားသုံးရန် စိတ်ဆန္ဒရောက်လျက်ရှိ၏။
ဒိုင်လူကြီးများသည် လျှိုဝမ်ရှစ်၏ ဟင်းပွဲကို စားသုံးချိန်မှာတော့ မိုးကြိုးပစ်ချလိုက်သလို တည်နေရာမှာပင် တောင့်တောင်ကြီး ဖြစ်သွားကြသည်။
ထိုအချိန်မှာတော့ သူတို့၏ နှလုံးသားထဲတွင် စကားလုံးများနှင့် ဖော်ညွှန်း၍ မရနိုင်သော ခံစားချက်များ ဖြစ်ပွား၍ နေ၏။ သူတို့သည် သံပြိုင်ထအော်လိုက်မိကြ၏ “ကောင်းလိုက်တဲ့ ဟင်းပွဲ”
“……..” ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် မချင့်မရဲနှင့် ဖြစ်နေကြသည်။ ၎င်းတို့သည် ဒိုင်လူကြီးများ လက်ထဲမှ တူကို လုယူကာ သွားရောက်စားသောက်ချင်စိတ်များပင် ဖြစ်လျက်ရှိနေကြသည်။
……..
“အားလုံးပဲ စိတ်ခံစားချက်ကို ဘေးဖယ်ပြီး အမှတ်ပေး ပေးကြပါ”
“ဆယ်မှတ်”
“ဆယ်မှတ်”
ဒိုင်လူကြီးများသည် အမှတ်ပြည့်ပေးလာကြသည်။
အကြီးအကဲရှန်းက အော်လိုက်၏ “လျှိုဝမ်ရှစ် ချက်ပြုတ်တဲ့ ဟင်းပွဲအတွက် အမှတ် တစ်ရာ ရရှိပါတယ်”
အမှတ်ပြည့်။ ဤအရာသည် စားဖိုမှုး ပြိုင်ပွဲအဆက်ဆက်၏ မှတ်တမ်းသစ်ပင် ဖြစ်တော့သည်။
ဟင်း …။
ဂိုဏ်းချုပ်ကျွင်းသည် ပခုံးတွန့်လိုက်မိသည် “ဒါက ပြိုင်ပွဲတောင် မဟုတ်တော့ဘူး။”
အိုးရန်ကျွင်းက ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ဒါက ပထမပွဲပဲ ရှိသေးတယ်။ ပြိုင်ပွဲဝင်တွေက သူတို့ရဲ့ ဝှက်ဖဲ ဟင်းလျာတွေကို မထုတ်ရသေးဘူး”
“ဝှက်ဖဲလား။ တုတု ဆီမှာလည်း ရှိတယ်” ကျွင်းချောင်ရှောင်း ပြုံးလိုက်သည်။
……
ဒိုင်လူကြီးများ လျှိုဝမ်ရှစ်၏ ဟင်းပွဲကို မြည်းစမ်းပြီးသည့်နောက် အကြီးအကဲရှန်းသည် ထပ်မံ၍ ဆော်သြလိုက်သည်။
“ဟင်း”
ဒိုင်လူကြီးတစ်ယောက်က ခေါင်းကို ခါယမ်းကာ ပြောလိုကသ်ည် “ဒီမိန်းကလေးရဲ့ ဟင်းပွဲကိုစားပြီးတဲ့နောက်မှာ တခြားဟင်းပွဲတွေကို စားဖို့တောင် အာသီသ မရှိတော့ဘူး။”
“……..” အားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။
ဤပြိုင်ပွဲသည် တစ်ပွဲတည်း ယှဉ်ပြိုင်သည့်ပြိုင်ပွဲ မဟုတ်၍သာ သက်သာရာရသည်။ မဟုတ်ပါက သံမဏိအရိုးဂိုဏ်း တပည့်သည် အနိုင်ရသွားလောက်ပြီ ဖြစ်၏။
မည်သို့ပင် ဆိုစေကာမူ မြည်းကိုမြည်းရမည့် စည်းမျဉ်းရှိနေသည်မို့ ဒိုင်များသည် ဟင်းပွဲများအား မြည်းစမ်း၍ အမှတ်ပေးလိုက်ကြတော့သည်။
တခြားသောပြိုင်ပွဲဝင်များသည် အမှတ်လေးဆယ် နှင့် ခြောက်ဆယ်ကြားထဲသာ ရရှိကြသည်။ ယခင်ပြိုင်ပွဲများတုန်းက ဆိုလျှင် အနည်းဆုံး အမှတ် ခုနှစ်ဆယ်ကျော်မှ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရရှိကြပေမဲ့ လက်ရှိအချိန်မှာတော့ အမှတ်ကန့်သတ်ချက်ကို ချကာ အမှတ် ငါးဆယ်ရလျှင် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ပြုခဲ့သည်။ မဟုတ်ပါက ဒုတိအဆင့်တွင် ပြိုင်ဆိုင်မည့် လူဦးရေ မတရားနည်းပါးသွားပေလိမ့်မည်။
“ကျန်တဲ့ပြိုင်ပွဲဝင်တွေက အားနည်းတာ မဟုတ်ဘူး။ သံမဏိအရိုးဂိုဏ်းတပည့်က အားကောင်းလွန်းနေတာ”
“ဟုတ်တယ်။ သံမဏိအရိုးဂိုဏ်းတပည့်ရဲ့ လက်ရာကို စမ်းမြည်းပြီးတော့ ဒိုင်တွေက ကျန်ဟင်းပွဲတွေ စိတ်မစွဲတော့တဲ့ သဘောပဲ”
“အမှန်ပဲ”
…..
ပြိုင်ပွဲမှ နှုတ်ထွက်သွားရသော ပြိုင်ပွဲဝင်များသည် ခေါင်းငိုက်စိုက်ချကာ ထွက်ခွာသွားကြတော့သည်။
အချိန်တိုအတွင်းမှာပဲ မီးဖို အခုနှစ်ဆယ်တို့သည် တည်နေရာမှ ဖယ်ရှားခံလိုက်ရသည်။ ဒုတိယပြိုင်ပွဲစဉ် စတင်ပြီဖြစ်၏။
ဒုတိယပြိုင်ပွဲမှာတော့ ပိုမို၍ တင်းကျပ်လာသည်။ အားလုံးသည် သူတို့၏ ဝှက်ဖဲများအား ထုတ်ဖော်ကာ အစွမ်းပြကြတော့သည်။ အဘယ့်ကြောင့် ဆိုသော် နောက်ဆုံးအဆင့် အဆင့်တွင် လူဆယ်ယောက်သည်သာ တက်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမှာ မလို့ပင်။
ဒုတိယပြိုင်ပွဲမှာတော့ လျှိုဝမ်ရှစ်သည် ငါးချိုချဉ်ကို ချက်ပြုတ်၍ ဒိုင်လူကြီးများ၏ အသည်းနှလုံးကို ဆွဲယူသွားခဲ့ပြန်သည်။
နောက်ဆုံးပြိုင်ပွဲမှတော့ လျှိုဝမ်ရှစ် နှင့် အိုးရန်မိသားစု တိုက်ရိုက်သွေးမျိုးဆက် ကိုးယောက်တို့၏ ယှဉ်ပြိုင်ပွဲပင် ဖြစ်တော့၏။
ထိုပြိုင်ပွဲမှာတော့ အရေးကြီးဆုံးသော ဗိုလ်လုပွဲ ဖြစ်သည်မို့ ရှန်းမိသားစုသည် သီးသန့်ရွေးချယ်ထားသော အသား တစ်မျိုးအား ယှဉ်ပြိုင်သူများအတွက် ရွေးချယ်ပေးထားခဲ့သည်။
“သံမဏိလက်သည်း ကျွဲသား”
အသားကို မြင်တော့ အိုးရန်မိသားစု သွေးမျိုးဆက်များသည် မျက်မှောင်ကုတ်လိုက်ကြ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ဒီသားရဲ ရဲ့ အသားက အရမ်းမာတယ်မလား။ ချက်ပြုတ်ရ ခက်ခဲမယ် ထင်တယ်”
အိုးရန်ကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည် “ဒီအသားက မာတယ် ဆိုပေမဲ့ မီးနဲ့ ပါဝင်ပစ္စည်းကို နိုင်နင်းရင် အဆင်ပြေတယ်။ ဒါပေမဲ့ နည်းနည်းလေး အမှားလုပ်လိုက်တာနဲ့ အရသာက ပျက်သွားမှာပဲ”
“နောက်ဆုံးပြိုင်ပွဲ ….. ”
ရှန်းမိသားစု အကြီးအကဲသည် အသံကို လေးလေးပင်ပင် ဖြစ်အောင် ပြုလုပ်၍ အော်ဟစ်လိုက်သည် “စမယ်”
လျှိုဝမ်ရှစ်သည် မီးဖိုရှေ့တွင် မတ်မတ်ရပ်လျှက် ဦးခေါင်းအား ကောင်းကင်ပေါ်သို့မော့၍ ထားနေသည်။ သူမ ၏ မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခု ရှိလို့နေ၏။
ကောင်းကင်ထက်ရှိ သူမ၏ စီနီယာအစ်ကိုများသည် သူမ အား အကြီးအကျယ် အားပေးလျက် ရှိနေတော့သည်။
လျှိုဝမ်ရှစ်သည် မျက်လုံးကို ပြန်ဖွင့်ပြီး စိတ်ဆုံးဖြတ်ထားသော အကြည့်ဖြင့် ပြောလိုက်၏ “သံမဏိအရိုးဂိုဏ်းအတွက် အဆုံးစွန်ထိ တိုက်ခိုက်ရမယ်”
…….
“ဟပ်ချိုး”
သံမဏိအရိုးဂိုဏ်းထဲတွင် ရှိနေသော လီချင်းယန်သည် ရုတ်တရက် နှာတွေ ချေလျက်ရှိနေသည်။ “တစ်ယောက်ယောက် များ င့ါကို ကျိန်ဆဲနေသလားပဲ”
“စီနီယာအစ်ကို .. ကျွန်တော်လည်း အဲလို ခံစားနေရတယ်။”
စုရှောင်မိုသည် ကောင်းကင်ဘုံမြို့ တည်ရှိရာ နေရာဆီသို့ လှမ်းမျှော်ကြည့်ရင်း ပြောလိုက်၏ “ဒီနေ့ က ပြိုင်ပွဲနေ့ မဟုတ်လား။ တုတု ကျိန်းသေပေါက် နိုင်လိမ့်မယ်။”
“ဂျုနီယာ ညီမလေးက ဒီလောက်တော်တာ။ ကျိန်းသေပေါက် ဗိုလ်ဆွဲမှာပေါ့” လီဖေးသည် ခိုင်မာစွာ ပြောလိုက်၏။
စုရှောင်မို သက်ပြင်းချလိုက်သည် “ငါတို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပြီး အားမပေးရတာ ဆိုးတာပဲ”
………
လျှိုဝမ်ရှစ်သည် ဓားနှစ်လက်ကို ကောက်ကိုင်၍ ကျွမ်းကျင်စွာဖြင့် လှီးဖြတ်တော့သည်။ သူမသည် အသား ၇၅ ရာခိုင်နှုန်း၊ အဆီ ၃ဝ ရာခိုင်နှုန်းပါဝင်အောင် လှီးလိုက်ခြင်း ဖြစ်သည်။ ပြီးနောက် အသားကို စဉ်းကော ဖြစ်အောင် အသေးဆုံးလှီးတော့သည်။
“ဘာလုပ်ချင်တာလဲ”
ကျွင်းချောင်ရှောင်း ရုတ်တရက် သတိရသွားသည် “သူ အသားလုံးဟင်းချက်ချင်တာလား”
အမှန်ပင်ဖြစ်သည်။ လျှိုဝမ်ရှစ်သည် အသားလုံးပဒေသာဟင်းအား ချက်ပြုတ်ချင်ခြင်းပင် ဖြစ်၏။ ထိုဟင်းသည် အသားလုံးလေးလုံး ပါဝင်ပြီး ပျော်ရွှင်ဖွယ်ရာ အသားလုံးလေးလုံးဟုလည်း ခေါ်ဆိုသည်။ (တရုတ်ဟင်းပွဲ နာမည် ဖြစ်သည်မို့ ဘာသာပြန်သူ မိမိ မသိရှိပါ)
………
တတိယမြောက် နောက်ဆုံး ဗိုလ်လုပွဲပြီးဆုံးသွားပြီးနောက်မှာတော့ လျှိုဝမ်ရှစ်သည် အမှတ်ပြည့်ဖြင့် အနိုင်ရရှိခဲ့သည်။
လျှိုဝမ်ရှစ်သည် ပထမဆုကို ရရှိပြီးသည့်နောက် ကျေးဇူးတင်စကားပြောဆိုတော့သည်။ “ဂိုဏ်းချုပ် နဲ့ စီနီယာအစ်ကို၊ အစ်မများကို ကျေးဇူးတင်ပါတယ်။ သူတို့သာ မရှိရင် လျှိုဝမ်ရှစ်ဆိုတာ ဒီနေရာမှာ ရပ်နေနိုင်မှာယ မဟုတ်ပါဘူး”
ပြီးနောက် သူမ ဆက်ပြောလိုက်သည် “အဖေ့ကိုလည်း ကျေးဇူးတင်ပါတယ်။ သူက ဒီလောကကြီးကို ပို့ဆောင်ပေးတဲ့သူဖြစ်ပြီး ဟင်းပွဲတွေရဲ့ အတွဲအဖက် နဲ့ ဗဟုသုတကို သိခွင့်ရစေသူပါ။”
အိုးရန်ကျွင်း ဆွံ့အသွားသည်။ သူသည် မျက်ရည်များပင် ဝိုင်းလာတော့သည်။
သမီးလေး .. အဖေ့ရဲ့ အတိတ်က အမှားတွေကို ခွင့်လွှတ်ပေးတယ်ပေ့ါ။ ကျေးဇူးတင်ရမှာက အဖေပါ။
“နောက်ဆုံးကျေးဇူးတင်ရမှာ က အိုးရန်မိသားစု ပါ။ သူတို့သာ ကျွန်မကို ကောင်းကောင်း ဆက်ဆံခဲ့မယ်ဆိုရင် ဒီလိုမျိုး အစွမ်းအစကို ထုတ်ပြခွင့်ရမှာ မဟုတ်သလို သံမဏိအရိုးဂိုဏ်းသားလည်း ဖြစ်လာမှာ မဟုတ်ဘူး ။ ပြီးတော့ …… ”
ပြောနေရင်းမှာပဲ သူမသည် စိတ်မထိန်းချုပ်နိုင်တော့သောကြောင့် မျက်ရည်ပေါက်ပေါက် ကျဆင်းလာတော့သည်။ “သံမဏိအရိုးဂိုဏ်းသား ဖြစ်ရတာ ဂုဏ်ယူမိပါတယ်”
“ဒီကလေးမ ….”
ကျွင်းချောင်ရှောင်း ခေါင်းကို ခါယမ်းကာ ပြောလိုက်၏ “ငါလည်း မင်းအတွက် ဂုဏ်ယူမိတယ်”
ပြိုင်ပွဲမှာ တရားဝင်ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး လျှိုဝမ်ရှစ်သည် ပထမဆုကို လက်ခံရယူခဲ့သည်။ အိုးရန်မိသားစု၏ တိုက်ရိုက်သွေးမျိုးဆက်များမှာတော့ နောက်ဆုံးပြိုင်ပွဲတွင် တစ်မှတ်မှ မရခဲ့ချေ။ မျက်နှာမပြဝံ့လောက်အောင်ပင် အရှက်ရနေကြသည်။
လျှိုဝမ်ရှစ် ကျေးဇူးတင်စကား ပြောဆိုရာတွင် အဓိက စိတ်နှလုံးကို သက်ရောက်စေခဲ့သူများမှာ ကျူးရင်ဟောခန်းမှ ကျောင်းသားများပင်ဖြစ်တော့သည်။
သံမဏိအရိုးဂိုဏ်း။
ဒါ ဘယ်လိုဂိုဏ်းမျိုးလဲ။
“ငါ ဆုံးဖြတ်လိုက်ပြီ”
ဟုန့်လင် သည် စိတ်ထဲမှာ ကြိတ်ကာ ဆုံးဖြတ်လိုက်သည် “သံမဏိအရိုးဂိုဏ်းကို ငါ ဝင်မယ်”