← Chapters

အခန်း (၅၂၇)

Vol. 36 Ch. 527

အခန်း (၅၂၇)

Vol. 36 Ch. 527

လျှိုဝမ်ရှစ်သည် စားဖိုမှူးပြိုင်ပွဲတွင် ဗိုလ်ဆွဲခဲ့၏။ လက်ရှိအခြေအနေမှာတော့ စားဖိုမှူးပြိုင်ပွဲသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့ပေမဲ့ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများမှာ ပြိုင်ပွဲ၏ တည်နေရာအတွင်းမှ ထွက်ခွာမသွား ကြသေးချေ။

အဘယ်ကြောင့်ဆိုသော် အစီအစဉ်တစ်ခု ကျန်ရှိနေသေးသည်။ ဤအရာသည် နောက်ဆုံး အစီအစဉ် ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူများ၏ ဟင်းပွဲများအား တရားဝင်လေလံတင်ခြင်းပင် ဖြစ်တော့၏။ ဈေးအမြင့်ဆုံး ပေးနိုင်သောသူသည် ထိုဟင်းပွဲ၏ အရသာကို ခံစားခွင့်ရှိ၏။

ဟုတ်ပေသည်။ သို့ပေမဲ့ တစ်လုပ်တည်းသာဖြစ်သည်။

လျှိုဝမ်ရှစ် ဗိုလ်ဆွဲခဲ့သော နောက်ဆုံးဟင်းပွဲနှင့်ပတ်သက်၍ ဒိုင်လူကြီးဆယ်ယောက်တို့သည် အလွန်တရာ မြင့်မားလှသည့် မှတ်ချက်ကို ပေးခဲ့ကြသည်။ ထို့ကြောင့် ကျင့်ကြံသူ တော်တော်များများသည် ထိုအရာကို ချက်ချင်းထ၍ စားသောက်ချင်သည်အထိ လျှာယား၍ နေကြပြီဖြစ်ကြ၏။

အိုးရန်မိသားစု တိုက်ရိုက်သွေးမျိုးဆက် ဆယ်ယောက်တို့၏ ကျန်သော ဟင်းကိုးပွဲမှာတော့ ဒိုင်လူကြီးများသည် ဆက်လက်၍ အမှတ်ပေးခြင်းကိုပင် မပြုလုပ်နိုင်တော့ဘဲ လျှိုဝမ်ရှစ် ၏ ဟင်းပွဲပေါ်တွင်သာ အာရုံရှိနေသည်မို့ အမှတ်သုညသာ ရရှိခဲ့ကြသည်။

ထို့ကြောင့် လေလံဆွဲမည့်သူတို့အနေနှင့် ထိုဟင်းပွဲ ကိုးပွဲကို ကျိန်းသေပေါက် မစားသုံးချင်ကြပေ။ လျှိုဝမ်ရှစ်နှင့်အတူ ထွက်ခွာသွားရန်ပြင်နေသော ဂိုဏ်းချုပ်ကျွင်းသည် အစီအစဉ်တစ်ခု ကျန်သေးသည်ဟူသော အိုးရန်ကျွင်း၏ စကားကို ကြားချိန်မှာတော့ နေရာတွင် ရပ်၍ စိတ်ဝင်တစားနှင့် စောင့်နေလျက်ရှိ၏။

မကြာခင်မှာပဲ ရှန်မိသားစု၏ အကြီးအကဲသည် စင်မြင့် ပေါ်သို့ တက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “အားလုံးပဲ မစောင့်နိုင်တော့ဘူးလို့ ထင်မိပါတယ်၊ အခုအချိန်မှာ နောက်ဆုံးပွဲမှာ ဗိုလ်ဆွဲခဲ့တဲ့ ဟင်းပွဲကို တရားဝင် စပြီး လေလံတင်ပါမယ်၊ စတင်ကြေးကတော့ ငွေတစ်သောင်းပဲဖြစ်ပါတယ်”

“ငွေတစ်သောင်း ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွားသည်။ မည်သူကများ ဟင်းတစ်ပွဲ၏ တစ်လုပ်စာ ကို စားသုံးရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ညီမျှသော ပိုက်ဆံကို ပေးမည်နည်း။

ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ အံ့အားသင့်လျက်ရှိနေ၏။ လေလံပွဲ စတင်ချိန်မှာတော့ မိသားစုကြီးများဆီမှ များပြားလှသော ကျင့်ကြံသူများ သည် ဈေးနှုန်းကို တိုးမြှင့်၍ ပေးကြတော့သည်။ အချိန်တိုအတွင်းမှာပင် ငွေတစ်သောင်းမှသည် ငွေတစ်သိန်းဆီသို့ တိုးမြှင့်သွား၏။

“…” ဂိုဏ်းချုပ်ကျွင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်လျက်ရှိသည်။

ဟင်းပွဲ၏ တစ်လုပ်စာကို စားသုံးရန် အတွက် ငွေတစ်သိန်းပင် ပေးနေလေသည်။ ကောင်းကင်ဘုံမြို့မှ လူများသည် အလွန်တရာ ချမ်းသာလွန်းသည်ပဲ ဖြစ်ရမည်။ သာမန်အချိန်များဆိုလျှင် ဟင်းပွဲတစ်ပွဲကို စားသုံးရန်အတွက် မည်သူကမျှ ငွေတစ်သိန်းကို အသုံးပြု ကြမည် မဟုတ်ပေ။

သို့ပေမဲ့ လျှိုဝမ်ရှစ်၏ ဟင်းပွဲသည် ရှိသမျှသောဒိုင်များ အားလုံး၏ အမှတ်ပြည့်ပေးခြင်းကို ခံခဲ့ရသည်။ ထိုဒိုင် ဆယ်ယောက်လုံးမှာတော့ အစားအသောက်နှင့်ပတ်သက်၍ အလွန်တရာ ကျွမ်းကျင်လှသောသူများဖြစ်သည်။ ထိုသူတို့မှ အမှတ်ပြည့်ပေးထားသော ဟင်းပွဲတစ်ခုဖြစ်သည်မို့ ကျိန်းသေပေါက် အရသာရှိပေလိမ့်မည်။ ထို့ကြောင့်ပင် ငွေအများကြီးပေး၍ စားသုံးရသည်မှာ ထိုက်တန်သည်ဟု သတ်မှတ်ကြသည်။

ဟင်းပွဲကို ပထမဦးဆုံး စားသုံးခွင့်ရသော ကျင့်ကြံသူသည် ငွေတစ်သိန်းကို လက်ထဲမှာကိုင်ရင်း ဆောင့်ကြွားကြွားနှင့် အပေါ်ကို တက်လာတော့သည်။ သူသည် ဇွန်းသေးသေးလေးကိုယူ၍ တစ်ကိုက်စာ စားလိုက် တော့သည်။ ပြီးနောက် နေရာမှာတင် မတ်မတ်ရပ်လျက် အာရုံခံစားလျက် ရှိနေတော့သည်။ သူ၏ ဝိညာဉ်များ သည် ဘုံကိုးဆင့်ဆီသို့ လွှင့်တက်သွားသလိုပင် ခံစားမိလိုက်၏။

ကောင်းကင်ဘုံ

ခဏလောက်ကြာတော့ ထိုကျင့်ကြံသူသည် အော်ဟစ်လိုက်၏။ “တကယ့်ကို အရသာရှိလွန်းတာပဲ၊ မဖြစ်သေးဘူး၊ မဖြစ်သေးဘူး၊ ငါနောက်ထပ်လေလံပွဲကို နိုင်အောင်လုပ်ပြီးတော့ စားမှဖြစ်မယ်”

ထိုသူ၏ အမူအရာကို မြင်ရချိန်မှာတော့ ချမ်းသာလှသော ကျင့်ကြံသူများအားလုံးသည် ထိုဟင်းပွဲကို စားသုံးရန် အတွက် စိတ်ဝင်စားလာမိကြသည်။ နောက်ဆုံးမှာတော့ ထိုဟင်းပွဲကို လေလံဆွဲ၍ ဝင်ရောက်စားသုံးကြသူမှာ လူဆယ်ယောက်ကျော်ရှိကြပြီး စုစုပေါင်းအားဖြင့် ငွေနှစ်သန်းပင် ရရှိခဲ့၏။

“…” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်လျက်ရှိနေသည်။ တုတု၏ဟင်းသည် စားသောက်ဆိုင်တစ်ခု ဖွင့်နိုင်သည်အထိ အလွန်တရာ ကျော်ကြားလျက်ရှိနေပြီဖြစ်သည်။ ထိုဟင်းပွဲကိုသာ စားသောက်ဆိုင်ဖွင့်၍ ရောင်းချမည်ဆိုပါက လူများတန်းစီ၍ပင် ဝယ်စားမှာ ကျိန်းသေနေသည်။

လျှိုဝမ်ရှစ်၏ ဟင်းပွဲမှာ အလွန်တရာ တန်ဖိုးကြီးလှသည်ကို မြင်ပြီးနောက် ပွဲစီစဉ်သူသည် အရင်ပြိုင်ပွဲများတွင် လျှိုဝမ်ရှစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဟင်းပွဲများကိုပါ ထပ်မံ၍ လေလံတင်တော့သည်။

ပထမဦးဆုံး ဟင်းနှစ်ပွဲသည် အနည်းငယ်အေးစက်နေပြီဆိုသော်လည်း အနံ့နှင့် အရသာမှာ မပြောင်းလဲသေးချေ။ ထို့ကြောင့် ကျင့်ကြံသူများသည် ပင်ပန်းမှုမရှိဘဲ အားတက်သရောဖြင့် လေလံဆွဲပြီး ထိုအစားအစာကိုပါ မြည်းစမ်း ကြတော့၏။

………

“ဂိုဏ်းချုပ်ကျွင်း”

ရှန်းမိသားစု၏ အကြီးအကဲသည် သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေးကာ ပြောလိုက်သည်။

“စားဖိုမှူးပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ဗိုလ်ဆွဲခဲ့သူ ချက်ပြုတ်ခဲ့တဲ့ ဟင်းပွဲကို လေလံတင်တယ်၊ အကျိုးအမြတ်က ပွဲစီစဉ်သူနဲ့ ငါးဆယ်- ငါးဆယ်ပဲလေ၊ ဒီတော့ ခင်ဗျားရဲ့ တပည့်အတွက် ခင်ဗျားက သုံးသန်း ရတယ်”

ပြောရမည်ဆိုလျှင် လျှိုဝမ်ရှစ်၏ ဟင်းပွဲသည် ငွေခြောက်သန်းတိတိဖြင့် ရောင်းချခဲ့ရခြင်းပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်း၏ ပါးစပ်အဟောင်းသားဖြစ်နေ၏။ တုတုက နေ့တိုင်း ဂိုဏ်းထဲမှာ ငါတို့ကို ချက်ပြုတ်ကျွေးမွေးနေတာလေ၊ ဒီဈေးနှုန်းအတိုင်းဆိုရင် ငါတို့ကတော့ အကြွေးတွေ လည်ပင်းနှစ်နေပြီ၊ မဖြစ်သေးဘူး၊ မဖြစ်သေးဘူး၊ ဒီပုံစံအတိုင်းဆိုရင် စားသောက်ဆိုင်ကို မြန်မြန် ဖွင့်မှပဲဖြစ်တော့မယ်။

လျှိုဝမ်ရှစ်သည် စားဖိုမှူးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ယှဉ်ပြိုင်ရသည့် သုံးဆင့်လုံးတွင် အမှတ်ပြည့်လည်း ရရှိခဲ့သေး၏။ ထို့အပြင် လျှိုဝမ်ရှစ်ချက်ပြုတ်ခဲ့သော ဟင်းသုံးပွဲသည် မိုးလောက်မြင့်မားသည့် ဈေးနှုန်းဖြင့် ရောင်းချ ခံလိုက်ရသည်။

ထိုသတင်းသည် အချိန်တိုအတွင်း ကောင်းကင်ဘုံမြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ သံသယရှိစရာပင်မလိုချေ။ ဤဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်လောက်သာရှိသော မိန်းကလေးသည် အရှေ့တောင် ရန်ကျူးတစ်ခုလုံးတွင် သမိုင်းရေးထိုးမှတ်တမ်းတင်လောက်ရသည်အထိ အစွမ်းပြခဲ့ပေတော့သည်။

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အိုးရန်မိသားစုမှ တိုက်ရိုက်သွေးမျိုးဆက်များမှာတော့ ဆိုးရွားလှသည့် အခြေ အနေနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုသူတို့သည် တစ်မှတ်မှ မရခဲ့သောကြောင့် အားလုံး၏ ရယ်သွမ်းဖွဲ့ခြင်းကို ခံနေရ တော့သည်။ အိုးရန်မိသားစုမှာ လက်ရှိအချိန်တွင် အလုံးစုံ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုရပေမည်။

……….

နောက်တစ်ရက်မှာတော့ မြို့ထဲတွင်ရှိသော ကျင့်ကြံသူများအားလုံးသည် စားဖိုမှူးပြိုင်ပွဲနှင့်ပတ်သက်၍ ဆွေးနွေး တုန်းပင်ဖြစ်သေးသည်။

ဂိုဏ်းချုပ်ကျွင်းသည် လျှိုဝမ်ရှစ်နှင့် အိုးရန်ကျွင်းတို့ကို ခေါ်ယူ၍ ကောင်းကင်ဘုံမြို့ဆီမှ ထွက်ခွာသွားခဲ့သည်။ သူတို့သည် ပြိုင်ပွဲအတွက် လဝက်လောက် အချိန်ဖြုန်းခဲ့သည်ဖြစ်သောကြောင့် ဂိုဏ်းသို့ ပြန်ရန် အချိန်ကျေရာက်ပြီဖြစ်၏။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် နားမလည်ချေ။

“ဘာလို့ ကောင်းကင်ဘုံကျောင်းက တပည့်တွေကို သွားပြီးတော့ ဂိုဏ်းသားအဖြစ် မခေါ်တာလဲ၊ ဒီအတိုင်းပဲ တစ်ယောက်ကိုမှ မခေါ်ဘဲ ထွက်သွားတော့မလို့လား”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “တချို့ကိစ္စတွေကို အတင်းဖိအားပေးလို့ မဖြစ်ဘူးလေ၊ ရေစက်ပေါ်မှာလည်း မူတည်သေးတာပေါ့”

“ဪ” လျှိုဝမ်ရှစ် ခေါင်းညိတ်လိုက်၏။

သူတို့သုံးယောက်သည် လမ်းမှတဆင့် မြို့၏ ဂိတ်တံခါးဆီသို့ သွားကြသည်။ လမ်းမှာတော့ များပြားလှသော ကျင့်ကြံသူများသည် သူတို့အား လေးလေးစားစားဖြင့် ကြည့်နေကြ၏။ အဆင့်ကိုး နိုင်ငံလေးဆီမှ ဂိုဏ်းချုပ်သည် ကောင်းကင်ဘုံမြို့တွင် နေထိုင်ခဲ့သည့် ရက်အတွင်း အားလုံးက ချီးကျူးရလောက် သော အရာများအားလုံးကို ပြုလုပ်ခဲ့သည်။

“ဆရာကျွင်း”

ထိုအချိန်မှာပဲ အနောက်ဘက်ဆီမှ ပြေးလွှားလာသော ဟုန့်လင်၏ အော်သံသည် ထွက်ပေါ်လာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ရပ်ကာ ပြောလိုက်၏။ “မင်းတို့ ဒီနေ့ သင်ခန်းစာ မရှိဘူးလား”

ဟူး ဟူး

ဟုန့်လင်သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏ ဒူးပေါ်သို့ လက်များတင်ကာ ကိုယ်ကိုကိုင်းညွှတ်ပြီး အသက်ကို မနည်းရှူလိုက်ရ၏။ ပြီးနောက် ပြောလိုက်သည်။ “ဆရာ ဆရာကျွင်း ..… ကျွန်တော်သံမဏိအရိုးဂိုဏ်းထဲကို ဝင်ချင်တယ်”

ပတ်ဝန်းကျင်တွင်ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် အံ့အားသင့်မိသွားကြသည်။ ထိုသူသည် ဟုန့်မိသားစုမှ တိုက်ရိုက်သွေးမျိုးဆက်တစ်ယောက်ဖြစ်သည်။ ဟုန့်မိသားစုဆိုသည်မှာ‌ ကောင်းကင်ဘုံမြို့၏ မိသားစုရှစ်ခုထဲမှ တစ်ခုအပါအဝင်ဖြစ်၏။ အားအင်အရဆိုလျှင် အဆင့်လေးဂိုဏ်းတစ်ခုထက် အားမနည်း လှချေ။ သို့ပေမဲ့ ၎င်းသည် ဂိုဏ်းတစ်ခုထဲသို့ ဝင်ရောက်ရန် စဦးတောင်းဆိုလျက်ရှိနေသည်။

“မင်းဘာလို့ ဝင်ချင်ရတာလဲ”

ကျွင်းချောင်ရှောင်းမေးလိုက်၏။ ဟုန့်လင်သည် သူ၏ အသက်ရှုသံများကို ထိန်းချုပ်ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။

“ဆရာကျွင်းနောက်ကို လိုက်ပြီးရင် ကျွန်တော် တကယ့် အစစ်အမှန် စွမ်းရည်တွေကို သင်နိုင်မယ်ထင်လို့ပါ”

“ပြီးတော့ကော”

“ဆရာကျွင်းနောက်ကို လိုက်ပြီးရင် အရမ်းအားကောင်းတဲ့ လူတစ်ယောက်ဖြစ်ချင်လို့ပါ”

“ပြီးတော့ရော”

“ဆရာကျွင်းနောက်ကို လိုက်ပြီးရင် အစားကောင်း ၊ အသောက်ကောင်းတွေ စားချင်လို့ပါ”

ခွီး

လျှိုဝမ်ရှစ်သည် ပါးစပ်ကိုအုပ်၍ ရယ်လိုက်၏။

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “သံမဏိအရိုးဂိုဏ်းထဲကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့က ဘယ်မျိုးရိုးကနေ ဆင်းသက်လာပြီး ဘယ်လိုလူတွေပဲ ဖြစ်ဖြစ် သံမဏိအရိုးဂိုဏ်းကို ဝင်ပြီးရင်တော့ သာမန်တပည့်တွေပဲ ဖြစ်လိမ့်မယ်”

“နားလည်ပါတယ်” ဟုန့်လင် အော်လိုက်၏။ သူသည် မနေ့ကထဲက သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ရန် စီစဉ်ပြီးဖြစ်သည်။ သူ၏ အဖေနှင့် ပြန်လည်ဆွေးနွေးချိန်မှာတော့ သူ၏ အကြံအစည်များအား မိသားစုသည် မတားဆီးဘဲနှင့် အားပေးလျက်ပင်ရှိနေသေး၏။

“မင်းက အခု ကျောင်းရဲ့ ကျောင်းသားတစ်ယောက်လေ”

“ဆရာကျွင်း… ကျွန်တော် ကျောင်းအုပ်ကြီးဆီကနေ အစောကြီးကတည်းက ကျောင်းဆင်းခွင့်လက်မှတ် တောင်းပြီးသွားပါပြီ”

“ဒီလိုအရာလည်း ရှိတယ်လား” ကျွင်းချောင်ရှောင်းပြောလိုက်သည်။

“ဒါကြောင့် သံမဏိအရိုးဂိုဏ်းထဲ လိုက်ပါခွင့်ပြုပါ”

“ကောင်းပြီ”

ဟုန့်လင်သည် လက်သီးကိုဆုပ်ကာ လျှိုဝမ်ရှစ်ဘက်လှည့်၍ ပြောလိုက်သည်။ “စီနီယာအစ်မလေး… ကျေးဇူးပြုပြီး ဂျူနီယာမောင်လေးရဲ့ ဦးညွတ်မှုကို လက်ခံပေးပါ”

ဤအကောင်သည် မည်သူ့ကို မည်ကဲ့သို့ မြှောက်ပင့်ရမှန်း အစစ်အမှန်သိရှိလို့နေ၏။

“ဆရာကျွင်း…”

မြို့၏ ဂိတ်တံခါးဆီမှ တခြားသော အသံများ ထွက်ပေါ်လာတော့သည်။ ကျူးရင်ဟောခန်းမှ ကျောင်းသားများ အားလုံးသည် ပြေးလာပြီး ပြောလိုက်ကြ၏။ “ကျွန်တော်တို့လည်း သံမဏိအရိုးဂိုဏ်းကို ဝင်ချင်ပါတယ်”

ထိုသူများထဲတွင် ချူရှိုးနန်သည်လည်း အပါအဝင်ပင်ဖြစ်သည်။ ပထမတုန်းက သူသည် ငြင်းပယ်ခဲ့၏။ သို့ပေမဲ့ မနေ့က သူ၏အဖေသည် သူ့အား အိမ်တော်သို့ ခေါ်ခဲ့သည်။ ပြီးနောက် ကြာပွတ်ကို ကိုင်ကာ ငြင်ငြင်သာသာ ၊ နူးနူးညံ့ညံ့ ဖြင့်ပြောခဲ့သည်။ “ငါ့သား သံမဏိအရိုးဂိုဏ်းထဲကို ဝင်ရမယ်”

ကြာပွတ်ကို ကိုင်ထားသည် ဆိုမှတော့ မည်မျှကြင်နာသောအကြည့်ဖြင့် ကြည့်ပြီး ညှင်သာသော စကားများကို ဆိုဆို ထိတ်လန့်ရသည်မှာ သဘာဝပင်ဖြစ်သည်။ ထို့ကြောင့်ပင် ချူရှိုးနန်သည် သံမဏိအရိုးဂိုဏ်းထဲ ဝင်ရန် စိတ်ပိုင်းဖြတ်ခဲ့ရ၏။

ကောင်းကင်ဘုံမြို့ထဲတွင်ရှိသော မိသားစုများ၏ ပါရမီရှိလှသော တိုက်ရိုက်သွေးမျိုးဆက်များ အားလုံးသည် သံမဏိအရိုးဂိုဏ်းထဲကို ဝင်ချင်သည်ဆို၍ အော်ဟစ်ခဲ့ကြ၏။ ထို့ကြောင့် ဖြတ်သွားဖြတ်လာ ပတ်ဝန်းကျင်ရှိ သိုင်းကျင့်ကြံသူများအကုန်လုံးသည် ဆွံ့အလျက်ရှိနေသည်။

“ဘာလို့ မင်းတို့ ဝင်ချင်ကြတာလဲ”

“ဆရာကျွင်းနောက်ကို လိုက်ရင် ကျိန်းသေပေါက် ထူးချွန်ပြီး ထက်မြက်လာလိမ့်မယ်လို့ ထင်လို့ပါ” ကျူးရင်ဟောခန်းထဲတွင်ရှိသော ကျောင်းသားများအားလုံးသည် သံပြိုင်‌အော်ဟစ်လိုက်ကြသည်။

“ဒီလိုဆိုမှတော့”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

“မြန်မြန် တန်းစီကြ”

ကျူးရင်ဟောခန်းမှ ကျောင်းသား သုံးဆယ့်ကိုးယောက်တို့သည် တန်းစီလျက် ရှိနေကြသည်။ ကျွင်းချောင်ရှောင်း သည် ကောင်းကင်ဘုံမြို့ဆီသို့ လှမ်းကြည့်၍ ပြုံးကာပြောလိုက်သည်။

“ကျောင်းအုပ်ကြီး စစ်တု၊ ကျွန်တော် ခင်ဗျားရဲ့ ကျောင်းသားတွေကို ခေါ်သွားတော့မယ်”

ကျောင်းထဲတွင်ရှိနေသော စစ်တုဟောင်ယွင်သည် အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ သူသည် ကျွင်းချောင်ရှောင်းအား ဂုဏ်ပြုခံဆရာတစ်ယောက်အနေဖြင့် ကျောင်းသားများကို ရက်အနည်းငယ် သင်ပေးရန် တောင်းဆိုခဲ့၏။ သို့ပေမဲ့ ရက်အနည်းငယ် သင်ပြပြီးသည့်နောက်မှာတော့ သူ၏ ကျောင်းသားများအားလုံးကို ခေါ်ဆောင်သွားခဲ့ပြီးဖြစ်သည်။

“မိသားစုကြီးတွေက ခေါင်းဆောင်တွေ”

ကျွင်းချောင်ရှောင်းသည် ထပ်၍ ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားတို့ရဲ့ တိုက်ရိုက်သွေးမျိုးဆက်တွေကို လေ့ကျင့်ဖို့အတွက် ဂိုဏ်းဆီခေါ်သွားမယ်၊ အနာဂတ်မှာ သူတို့က ထူးချွန်မလာဘူးဆိုရင် အချိန်မရွေး ကျုပ်ဆီလာပြီး ပြဿနာရှာလို့ရတယ်”

“ဂိုဏ်းချုပ်ကျွင်း”

မြို့၏ တံခါးပေါက်ဆီမှ လေးနက်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။ “ကျုပ်သားက မောက်မာလွန်းတယ်၊ အနာဂတ်မှာ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ”

“ဒါက ချူမိသားစုခေါင်းဆောင်မဟုတ်လား” အားလုံးသည် အံ့အားသင့်မိသွားကြ၏။

“နှုတ်ဆက်ပါတယ်”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် မိသားစုကြီးများမှ တိုက်ရိုက်မျိုးဆက်များနှင့်အတူ ကောင်းကင်ဘုံမြို့ဆီမှ ထွက်ခွာလာခဲ့တော့သည်။ မိသားစုကြီးများမှ ခေါင်းဆောင်တို့သည် ၎င်းတို့၏ သွေးမျိုးဆက်များအား တရားဝင် လိုက်ပါ မပို့ဆောင်ကြသော်လည်း ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက် ထုတ်လွှတ်၍ တိုက်ရိုက် သွေးမျိုးဆက်များ တဖြည်းဖြည်းနှင့် ထွက်ခွာပျောက်ကွယ်သွားသည်ကို ကြည့်ရှုလျက်ရှိသည်။

သူတို့သည် တီးတိုး ရေရွတ်လိုက်ကြသည်။ “ဒီဆုံးဖြတ်ချက်က မှန်မယ်လို့ မျှော်လင့်မိတယ်”

All Chapters