အခန်း (၅၂၉)
Vol. 36 Ch. 529
အဘယ်ကြောင့် ဂိုဏ်းအသိအမှတ်ပြုဗဟို သည် ရုတ်တရက် ဆိုသလိုပဲ သံမဏိအရိုးဂိုဏ်း၏ အလားအလာကို ကြေညာခဲ့သနည်း။
အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းက သဘောတူခဲ့သောကြောင့် ဖြစ်သည်။
သူသည် သိုသိုသိပ်သိပ်နေချင်သည်မဟုတ်လား။ အဘယ်ကြောင့် ထိုသတင်းကို ပျံ့နှံ့နေချင်သနည်း။
သိုသိုသိပ်သိပ်နေချင်သည်ဆိုသည်မှာ ပြသနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ လက်ရှိ အခြေအနေတွင် သူသည် ဓားနှင့် သိုင်းဘုရင် ဖြစ်သောကြောင့် သိုင်းအုပ်စိုးသူဟု ဝင်ရောက်ခါနီး သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူ နှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နေနိုင်သူဖြစ်သည်။
သူ့အနေနှင့် ကြီးမားသော ဂုဏ်ဒြပ်ကို ပိုင်ဆိုင်လာပြီဟုပင် ဆိုရမည်။ ထို့အပြင် သူသည် ကောင်းကင်ဘုံကျောင်း၏ ဂုဏ်ပြုခံဆရာတစ်ယောက်လည်း ဖြစ်နေသည်။
အရှေ့တောင်ရန်ကျုးတစ်ခုလုံးတွင် သူ့အား ရန်ပြုရဲသူရရှိမည်ဟု ကျွင်းချောင်ရှောင်း မထင်မိချေ။ အစစ်အမှန်အားဖြင့် မည်သူမှ သူ့အား ပြသနာရှာမည် မဟုတ်ပေ။
သံမဏိအရိုးဂိုဏ်းသည် အလားအလာနှင့် ပတ်သက်၍ ထိပ်ဆုံး သုံးဦးစာရင်းဝင်ပြီးနောက်မှာတော့ နတ်ဆုံး မိစ္တာဂိုဏ်းမှ လူအားလုံးသည် ထိတ်လန့်တုန်လှုပ်နေကြသည်။
သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းမှ ကျင့်ကြံသူများအားလုံးသည်လည်း ထိုစကားကို ရရှိချိန်မှာတော့ အလန့်တကြားနှင့် ဖြစ်သွားကြ၏။
အလားအလာနှင့် ပတ်သက်၍ ထိပ်ဆုံးသုံးခု ဆိုသည်မှာ တကယ့်ကို မယုံကြည်နိုင်သော အလားအလာနှင့် အကန့်အသတ်ကို ပိုင်ဆိုင်သည့် သူများပင် ဖြစ်သည်။
"ဂိုဏ်းခွဲမှူး"
ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်သည်။
"ကောင်းကင်ဘုံမြို့ဆီကနေ လာတဲ့ သတင်းအရဆိုရင် သံမဏိအရိုးဂိုဏ်းချုပ်က ကောင်းကင်ဘုံကျောင်းရဲ့ ဂုဏ်ပြုခံဆရာလည်းဖြစ်တယ်..."
သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းမှ ခေါင်းဆောင်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွားသည်။
သူသည် အရင်တုန်းက ဟောင်ယန်နိုင်ငံအတွင်းတွင်ရှိသော မိစ္ဆာဂိုဏ်းများ၏ ကိုယ်စား သံမဏိအရိုးဂိုဏ်းကို ဖျက်ဆီးပစ်ရန် ဦးစီးဦးဆောင်နှင့် ပြုလုပ်ခဲ့၏။ ထို့အပြင် သိုင်းစစ်သူကြီးတစ်ယောက်ကိုပါ စေလွှတ်ခဲ့သေးသည်။
တစ်ဖက်လူများသည် သူတို့အား အနိုင်ယူနိုင်ခဲ့သည့်အပြင် သိုင်းဘုရင် ထိပ်ဆုံးတစ်ယောက်ကိုပင် ထိတ်လန့်တုန်လှုပ်အောင် ခြောက်ရွံ့ခဲ့သေး၏။ ပုံမှန်အားဖြင့်ဆိုလျှင် သူသည် ဌာနချုပ်တွင် ရှိနေသော ကျွမ်းကျင်သူများကို ခေါ်ဆောင်၍ ပြန်လည် ကလဲ့စားချေရပေလိမ့်မည်။
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထိုအကြံအစည်ကို အတင်း ပယ်ချခဲ့ရပြီဖြစ်၏။
ပြောနေစရာပင် မလိုအပ်ပေ။ အလားအလာနှင့် ပတ်သက်လျှင် ထိပ်ဆုံးသုံးခုအတွင်းတွင် ဝင်သော ဂိုဏ်းဆိုသည်မှာ ဂိုဏ်းအသိအမှတ်ပြု ဗဟိုလ်နှင့် ထောက်ပံ့ကာကွယ်ခြင်းကို ခံရသော ဂိုဏ်းမျိုးဖြစ်သည်။
ထို့အပြင် ကောင်းကင်ဘုံကျောင်းမှ ဂုဏ်ပြုခံဆရာလည်း ဟူသည့် ဂုဏ်ပုဒ်သည် သူတို့အား နှစ်ခါပြန်စဉ်းစားစေသည့် အကြောင်းအရာလည်း ဖြစ်စေတော့၏။
"ပြီးတော့"
ကျွမ်းကျင်သူတစ်ယောက်က ထပ်ပြောလိုက်သည်။ "ကောင်းကင်ဘုံမြို့မှာ ရှိတဲ့ မိသားစုကြီး ရှစ်မြို့ရဲ့ တိုက်ရိုက်မျိုးဆက်တွေ အကုန်လုံးက သံမဏိအရိုးဂိုဏ်းထဲကို ရောက်သွားကြပြီ။"
သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းမှ အကြီးအကဲများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွားကြသည်။
ဤဂိုဏ်းသည် သူ့အနေနှင့်ရန်ပြုတိုက်ခိုက်၍ ရသည့် ဂိုဏ်းတစ်ခု မဟုတ်တော့ပေ။
ကျန်းယန်နိုင်ငံ၏ အုပ်ချုပ်သူတစ်ယောက်ဖြစ်သော ကျိုးချောင်ရှင်းသည်လည်း ထိုသတင်းကို လက်ခံရရှိခဲ့၏။
ဂိုဏ်း၏ အလားအလာနှင့် ပတ်သက်သည့် အဆင့်များကို မြင်ပြီးသည့်နောက် သူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "သူတို့က တကယ်ပဲ အလားအလာနဲ့ပတ်သက်ရင် ထိပ်ဆုံးသုံးခုထဲကို ဝင်တာလား"
"အုပ်ချုပ်သူ"
ဗျူဟာမှူးတစ်ယောက်က ပြောလိုက်သည်။ "ဂိုဏ်းအသိအမှတ်ပြု ဗဟို က သူတို့ကို ဒီလောက်မြင့်မားတဲ့ သုံးသပ်ချက်တွေ ပေးခဲ့တယ်။ သူတို့ဂိုဏ်းက တကယ့်ကို အလားအလာနှင့် ပတ်သက်ပြီး ကြီးမားတာပဲ။သူတို့ကိုသာ ဆက်ပြီး ဖွံ့ဖြိုးတိုးတက်စေဖို့ ခွင့်ပြုပေးလိုက်မယ်ဆိုရင် ကျန်းယန်နိုင်ငံ အနေ နဲ့ ချင်းယန်နိုင်ငံကို သိမ်းပိုက်နိုင်ဖို့ဆိုတာ အရမ်းခက်သွားလိမ့်မယ်။"
ကျိုးချောင်ရှင်းသည် ပိုမို၍ မျက်မှောင်ကုတ်မိလာသည်။
သူသည် ကြီးမားလှသော နိုင်ငံတော်အသစ်ကြီးတစ်ခုကို တည်ဆောက်ရန်အတွက် ရည်မှန်းချက်ကြီးတစ်ခု ရှိနေသည်။ ချင်းယန်နိုင်ငံသည်လည်း သူ၏ ရည်မှန်းချက်နိုင်ငံထဲတွင် ပါဝင်နေ၏။ လက်ရှိအခြေအနေမှာတော့ ထိုနိုင်ငံတွင် အလားအလာနှင့် ပတ်သက်၍ ထိပ်ဆုံးသုံးခုစာရင်းတွင် ရှိနေသော ဂိုဏ်းတစ်ခု ရှိနေသည် ဆိုသည်မှာ သူ့အတွက် ခက်ခဲမှုပင် ဖြစ်လာသည်။
အလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ရန်လား။
ကျိုးချောင်ရှင်းသည် ဤကဲ့သို့သော သတ္တိမျိုး မရှိချေ။ သူ့အနေနှင့် ကောင်းကင်မြို့ထဲတွင် ရှိသော များပြားလှသည့် ကလန်ကြီးများ၏ အန္တရာယ်ကိုလည်း စိုးရွံ့နေသေး၏။
"ချီးတဲ့မှ"
ကျိုးချောင်ချင်း သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဒီလိုမှန်းသိရင် ချင်းယန်နိုင်ငံကို အစောကြီးကတည်းက ဝင်ပြီး တိုက်ခဲ့ပါတယ်။"
လက်ရှိအခြေအနေတွက် ဤကဲ့သို့သော အခြေအနေဖြစ်လာသည်ဆိုသောကြောင့် သူ့အနေနှင့် စောဒကတက်နေလည်း အသုံးမဝင်တော့ချေ။
သံမဏိအရိုးဂိုဏ်း၏ သတင်းအချက်အလက်သည် အရှေ့တောင်ရန်ကျူးတစ်ခုလုံးအား ထိတ်လန့်တုန်လှုပ်သွားစေ၏။
များပြားလှသော ဂိုဏ်းများနှင့် ကျင့်ကြံသူများအားလုံးသည်လည်း ထိုသတင်းကို သိရှိချိန်မှာတော့ အလုံးစုံ ဆွံ့အနေမိကြသည်။
တကယ်ဆိုလျှင် ထိုကဲ့သို့သော ထိပ်လန့်တုန်လှုပ်မှုမျိုးသည် အစောကြီးကတည်းက ဖြစ်တည်ခဲ့မှာ ဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် အားလုံးကို စေသနာထားရှိသောကြောင့် သိုသိုသိပ်သိပ်နေသည်ဆိုသော အကြောင်းပြချက်ဖြင့် ဖုံးကွယ်ထားရန် ကြိုးစားခဲ့သောကြောင့်ပင် ဖြစ်၏။
………...
တောနက်ထဲမှာတော့ ကျွင်းချောင်ရှောင်းနှင့် လျိုဝမ်ရှစ်တို့သည် ဟာရီကိန်းဝံပုလွေကြီးကို စီးနင်းကာ ဖြည်းဖြည်းချင်း ခရီးဆက်လျက်ရှိသည်။
အိုးရန်ကျွင်းနှင့် ဟုန့်လင်တို့သည် များပြားလှသော ရထားလုံးများကို ဌားရမ်းပြီး သူတို့၏ နောက်မှ အသာလိုက်ပါလာလျက်ရှိ၏။
"ဇိမ်ကျလိုက်တာ"
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို ဆန့်တန်းကာဖြင့် အော်ဟစ်လိုက်သည်။
ကောင်းကင်ဘုံမြို့ဆီသို့ လာရောက်ရာခရီးတွင် လျိုဝမ်ရှစ်သည် စာဖိုမှူးပြိုင်ပွဲ၌ ဗိုလ်ဆွဲခဲ့သည့်အပြင် များပြားလှသော ပါရမီရှင် တပည့်များကိုလည်း ခေါ်ယူနိုင်ခဲ့သေးသည်။ ထို့ကြောင့် သူသည် အလွန်တရာ စိတ်ကောင်းဝင်မိနေ၏။
သို့ပေမဲ့ သဘောမတွေ့စရာတစ်ခုလေးတော့ ရှိသေးသည်။
ရက်ပေါင်းများစွာမှာတော့ သူသည် သီးခြားတာဝန်တစ်ခုတည်းကိုသာ အောင်မြင်ခဲ့ပြီး ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ သာ ရရှိသေးသည်။
စနစ်က ပြောလိုက်သည်။ "လက်ခံသူက တဖြည်းဖြည်းနဲ့ လောဘကြီးလာတာပဲ"
ဒင်။
"လက်ခံသူသည် ဖုံးကွယ်ထားသည့် တာဝန်ကို ပြည့်စုံသည့်အတွက် ဂုဏ်ယူပါသည်။ ကြီးမားစွာ ဂုဏ်သတင်းတိုးလာခြင်း အတွက် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ အားရရှိသည်။”
ဒင်။
“ဂိုဏ်းစုဆောင်းမှတ် ၉၇၀၂/၁၀၀၀၀”
ဒင်
“လက်ခံသူသည် ဖုံးကွယ်ထားသည့် တာဝန်ကို ပြည့်စုံသည့်အတွက် ဂုဏ်ယူပါသည်။ အထူးအဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်တစ်ပုလင်းအား ရရှိသည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးပါပြီ။”
စနစ်သည် ဆွံ့အလျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အလားအလာနဲ့ ပတ်သက်ရင် ထိပ်ဆုံးသုံးခုစာရင်းထဲကို ဝင်တဲ့သတင်းက အရှေ့တောင်ရန်ကျူးတစ်ခုလုံးကို ပျံ့နှံ့သွားပြီနဲ့ တူတယ်။"
အရှေ့တောင်ရန်ကျူးတင်မဟုတ်ပေ။ တကယ်တမ်း သတင်းသည် ကြီးကြီးမားမား ပျံ့နှံ့လျက်ရှိပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးသို့ပါ ရောက်ရှိနေပြီဖြစ်၏။
ထိုကဲ့သို့သော ဂုဏ်သတင်းတိုးတက်မှုမှာလည်း လက်ခံနိုင်သော အကြောင်းအရာရှိသည်။
"ဂိုဏ်းချုပ်"
လျိုဝမ်ရှစ်က ပြောလိုက်သည်။ "မြန်မြန်သွားကြရအောင်"
အချိန်အတော်ကြာ ထွက်လာခဲ့ပြီးသည့်နောက်မှာတော့ သူမသည် သူမ၏ စီနီယာအစ်ကိုအစ်မများ၏ အာဟာရဓာတ်များနှင့် ပတ်သတ်၍ စိတ်ပူလျက်ရှိနေတော့သည်။ အားလုံးသည် လက်ရှိအချိန်တွင် ခန္ဓာကိုယ်အလေးချိန်များပင် ကျလျက်ရှိနေသည်ဟု သူမတွေးထင်နေမိ၏။
ပြောနေစရာပင် မလိုပေ။
လျိုဝမ်ရှစ် မရှိသောကြောင့် သံမဏိအရိုးဂိုဏ်းတပည့်များသည် အလုံးစုံ စိတ်ဆင်းရဲမှုကို ခံစားနေရသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့၏ ဒုတိယစီနီယာအစ်ကို ချက်ပြုတ်သော ဟင်းလျာများသည် အာလူးကို အစိမ်းဝါးစားသည်ကပင် ပိုမို၍ စားကောင်းနေသေး၏။
များပြားလှသော တပည့်များအားလုံးသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် ဆောင့်ကြောင့် ထိုင်ကာ အားရပါးရဖြင့် အော်ငိုလျက်ရှိနေကြသည်။ "တုတု မြန်မြန် ပြန်လာပါ"
"အလျင်မလိုနဲ့ … အလျင်မလိုနဲ့"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ငါတို့ ဒီလိုမျိုး ထွက်ခွာလာခွင့်ရတယ်ဆိုတာ ရှားရှားပါးပါးပဲလေ။လမ်းတစ်လျှောက်မှာ ရှိတဲ့ ရှုခင်းတွေကို ကြည့်ပြီး အေးအေးဆေးဆေးနဲ့ သွားကြတာပေါ့။
ကျွင်းချောင်ရှောင်းသည် တကယ်ပင် အလျင်မလိုပေ။
သူသည် မြို့များသို ဖြတ်သန်းသွားသည့် အချိန်တွင် အထဲသို့ သွား၍ လှည့်ပတ်လျက် လေ့လာသင့်သည်များကို လေ့လာလေ့ရှိသည်။
အထူးသဖြင့် သံမဏိအရိုးဂိုဏ်းအကြောင်း ကျင့်ကြံသူများ ပြောဆိုနေသည်ကို ကြားသည့်အချိန်မှာတော့ သူ၏ မျက်နှာသည် ဝင်းလက်သွားပြီး ဂုဏ်ယူဝံ့ကြွားနေမိတော့၏။
ဘာကြောင့်မှန်းမသိသော်လည်း ကျော်ကြားမှုကို ခံစားရပြီးနောက် သူသည် အလွန်တရာ သဘောခွေ့လျက်ရှိနေတော့သည်။
"ဂိုဏ်းချုပ်ကျွင်းက ငါတိုမြို့ကို လာတာပဲ"
ရုတ်တရက် အော်သံတစ်ခုသည် ထွက်ပေါ်လာသည်။
အွင်း။
သူသည် သိုသိုသိပ်သိပ် နေချင်သူဖြစ်သည်။ သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ ရောက်ရှိလာပြီဖြစ်ကြောင်း အားလုံး သိရှိနေပြီဖြစ်၏။
ဂိုဏ်းချုပ်ကျွင်းသည် သူ၏ တောက်ပြောင်နေသော ဆံနွယ်များအား အသာသပ်တင်၍ ယုံကြည်ချက်ရှိစွာဖြင့် ဟန်ရေးပြလိုက်တော့သည်။
ဒီမှာလေ … ဒီမှာ … ငါက ကျွင်းချောင်ရှောင်းလေ။သက်ရှိ ရှိသမျှလူအကုန်လုံး ငါ့ကို ကြည့်ကြ။
အစောတုန်းက အော်ပြောနေသော ကျင့်ကြံသူက ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက ဟွာမန်ခန်းမမှာ တပည့်တွေကို လက်ခံနေတယ်။အားလုံး မြန်မြန်သွားပြီး ကြည့်ကြတော့"
"သွားကြ သွားကြ"
လမ်းပေါ်မှာရှိသော ကျင့်ကြံသူများသည် စိတ်ဓာတ်တက်ကြွစွာဖြင့် ထိုဟွာမန်ခန်းမဆိုသည်ကို ပြေးကြတော့သည်။
ကျွင်းချောင်ရှောင်း ကြောင်သွားသည်။ သူသည် လမ်းပေါ်တွင် ထင်ထင်ရှားရှား ရပ်နေခြင်းဖြစ်သည်။ အဘယ်ကြောင့် ဟွာမန်ခန်းမထဲသို့ ရောက်ရှိသွားရသနည်း။
"နေအုံး"
ဂိုဏ်းချုပ်ကျွင်း၏ မျက်နှာသည် ချက်ချင်းဆိုသလိုပဲ မဲမှောင်သွားသည်။ "ငါ့အစား အယောင်ဆောင်တဲ့လူ လာပြန်ပြီလား။သူက တပည့်သစ်တောင် ခေါ်နေသေးတာပဲ..."
"ဟွာမန်ခန်းဆောင်"
ဤနေရာသည် မြို့ထဲတွင် စားရန် ၊ သောက်ရန်နှင့် ကစားရန် အလွန်တရာ ကျော်ကြားလှသော နေရာဖြစ်သည်။
လက်ရှိအခြေအနေမှာတော့ ထိုခန်းမဆောင်၏ အရှေ့ဘက်မှာတော့ များပြားလှသော သူများနှင့် ပြည့်နက်နေလျက်ရှိသည်။ လူပေါင်းတစ်သောင်းတို့သည် ပြည့်ကျပ်ညှပ်စွာဖြင့် ရှိနေတော့၏။
ထိုထဲတွင် ကျင့်ကြံသူများလည်း ပါဝင်သလို သာမန်လူများလည်း ပါဝင်နေ၏။ အားလုံးသည် ဒုတိယထပ်သို့ အလွန်တရာ လေးစားသည့်အကြည့်များဖြင့် ကြည့်လျက်ရှိနေကြသည်။
စားသောက်ခန်း၏ ဝင်ပေါက်မှာတော့ အမဲရောင် ဝတ်စုံများကို ဝတ်ဆင်ထားသော လူလေးယောက်တို့သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လျက်ရှိသည်။ ၎င်းတို့၏ ဟန်များသည် သက်တော်စောင့်များကဲ့သို့ပင်။
"ဒီ နိမ့်ကျလှတဲ့ အဘိုးကြီးက ရွှမ်မိသားစုရဲ့ ခေါင်းဆောင်ပါ။ အပေါ်ကို တက်ပြီးတော့ ဂိုဏ်းချုပ်ကျွင်းနဲ့ တွေ့လို့ ရမလား သိချင်မိတယ်။"
သတ်လတ်ပိုင်းလူတစ်ယောက်သည် လေးလေးစားစားနှင့် မေးမြန်းလိုက်သည်။
"ခင်ဗျားအနေနဲ့ ဂိုဏ်းချုပ်ကျွင်းနဲ့ သွားတွေ့ချင်တယ်ဆိုရင် ငွေတစ်သောင်းပေး" အမဲရောင် ဝတ်စုံနဲ့လူသည် ဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။
"ပြသနာမရှိပါဘူး ပြသနာမရှိပါဘူး" ရွှမ်မိသားစုခေါင်းဆောင်သည် အလောတကြီးနှင့် ငွေတစ်သောင်းကို ထုတ်ပေးလိုက်တော့သည်။
"ဝင်သွား"
အမဲရောင်ဝတ်စုံနှင့် လူများသည် တံခါးရှေ့တွင် တစ်လျှောက်လုံး စောင့်ကြပ်လျက်ရှိကြသည်။ သူတို့သည် အလွန်တရာ မောက်မာသည့် ဟန်ပန်ဖြင့် ဦးခေါင်းများကို မော့ထားကြ၏။
"ဂိုဏ်းချုပ်ကျွင်းကို တွေ့ချင်တယ်ဆိုရင် ငွေတစ်သောင်းပေးမှ အထဲဝင်ခွင့်ပေးမယ်"
"အလားအလာနဲ့ပတ်သက်ရင် ထိပ်ဆုံးသုံးခုထဲကို ဝင်နိုင်တဲ့ ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ကို မြင်ရဖို့အတွက် ပိုက်ဆံလေးနည်းနည်းပေးရတယ်။"
"သူက ဓားနဲ့ သိုင်းဘုရင်လေ။ပြီးတော့ ကောင်းကင်ဘုံကျောင်းရဲ့ ဆရာတစ်ယောက်လည်း ဖြစ်သေးတယ်။ငွေငါးသောင်းဆိုရင်တောင်မှ လူတွေ လာပေးကြမှာပဲ။ပြေးပြီး လာကြည့်ကြမှာ"
လမ်းပေါ်တွင် ရှိနေသော ကျင့်ကြံသူများအားလုံးသည် ဆွေးနွေးလျက်ရှိနေကြသည်။
ထိုအချိန်မှာတော့ မိသားစု၏ခေါင်းဆောင်များသည် ငွေတစ်သောင်းကို အသီးသီးပေးအပ်ပြီး ဟွာမန်ခန်းမထဲသို့ ဝင်ရောက်သွားကြတော့၏။
ပိုက်ဆံမပေးနိုင်သော ကျင့်ကြံသူများမှာတော့ အပြင်မှာသာ ရပ်၍ ကြည့်ရှုနေကြတော့သည်။
သူတို့အနေနှင့် ဂိုဏ်းချုပ်ကျွင်း၏ မျက်နှာကို မြင်ရလျှင် အလွန်တရာ ကံကောင်းသည်ဟု စဉ်းစားနေကြ၏။
"လမ်းဖယ် …. လမ်းဖယ်"
ကျွင်းချောင်ရှောင်းသည် လူအုပ်ကြားထဲမှ အသာ ဖြစ်ညှစ်၍ ထွက်လာတော့သည်။ လူများမှာ အလွန်များပြားလွန်းသာကြောင့် သူသည် ဝင်ပေါက်တံခါးဆီသို့ မသွားနိုင်ပေ။ ညှပ်လျက်ရှိ၏။ ထို့ကြောင့် အော်လိုက်သည်။ "ဒီမှာ ပိုက်ဆံဘယ်သူ ကျနေတာလဲ။"
"ကျုပ် .. ကျုပ် …”
“ကျုပ်ပဲ"
အနီးနားမှာရှိသော လူများအားလုံးသည် ခေါင်းငုံ့၍ ရှာကြတော့၏။
ကျွင်းချောင်ရှောင်းသည် ထိုအခွင့်အရေးကို အရယူ၍ လူကြားထဲမှ အသာတိုးထွက်ကာ ဟွာမန်ခန်းမဆောင်၏ တံခါးဆီသို့ အောင်အောင်မြင်မြင်နှင့် ရောက်ရှိသွားတော့သည်။
သို့ပေမဲ့ သူ အထဲကို ဝင်ရန်ပြင်လိုက်ချိန်မှာတော့ အမဲရောင် ဝတ်စုံနှင့် လူတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရ၏။ "ကောင်လေး အထဲကို ဝင်ပြီးတော့ ဂိုဏ်းချုပ်ကျွင်းနဲ့ တွေ့မယ်ဆိုရင် ငွေတစ်သောင်းအရင် ပေးရမယ်...."
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
ချီးတဲ့မှ … ငါက ငါ့ကို အထဲဝင်ပြီး သွားကြည့်ဖို့ ပိုက်ဆံပေးရအုံးမယ်။ဘာတွေဖြစ်နေတာလဲ။
"ရော့ ယူယူ"
ကျွင်းချောင်ရှောင်းသည် ငွေတစ်သောင်းကို အသာပစ်ပေးပြီးနောက် ဟွာမန်ခန်းမထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပြီဖြစ်၏။
သူသည် စိတ်ထဲမှာတော့ ဒေါသထွက်လျက်ရှိသည်။
သူက ငါ့အယောင်ဆောင်တဲ့အပြင် တပည့်သစ်ခေါ်တဲ့အလုပ်ကိုပါ လုပ်နေတဲ့လူဆိုတော့ ဘယ်လောက်ထိ သတ္တိရှိလဲဆိုတာ သိချင်သေးတယ်။