← Chapters

အခန်း (၅၃၀)

Vol. 36 Ch. 530

အခန်း (၅၃၀)

Vol. 36 Ch. 530

သံမဏိအရိုးဂိုဏ်း၏ လက်ရှိဂုဏ်သိက္ခာအရဆိုလျှင် အရှေ့တောင်ရန်ကျူးတစ်ခွင်လုံးတွင် မည်သူကမျှ သူတို့အား ရန်စရဲမည် မဟုတ်ချေ။ သို့ပေမဲ့ တစ်စုံတစ်ယောက်သောသူသည် ကျွင်းချောင်ရှောင်း အယောင်ဆောင်လို့နေ၏။

ထိုတင်မကသေးချေ။ ဤသေးငယ်လှသောမြို့လေးတွင် မိမိကိုယ်ကို ဂိုဏ်းချုပ်ကျွင်းဟု ကြွေးကြော်ထားသော သူသည် ၎င်းအားတွေ့ခွင့်ရရန် ငွေတေးလ်တစ်သောင်းကို တောင်းဆိုသည်သာမက လွတ်လွတ်လပ်လပ်ပင် တပည့်များကိုပါ ခေါ်ယူလျက်ရှိနေသည်။ မည်မျှဆိုးရွားလိုက်သည့်ကောင်နည်း။

ကျွင်းချောင်ရှောင်းသည် ဒုတိယထပ်ကို ရောက်ချိန်မှာတော့ ဟောခန်းထဲတွင် အလွန်တရာများပြားလှသော စားပွဲများ ခင်းကျင်းထားသည်ကို မြင်လိုက်ရ၏။ အတွင်း၌ လူလေးဆယ်မှ ငါးဆယ်နီးပါးခန့် ထိုင်လျက်ရှိပြီး တစ်ယောက်လျှင် ငွေတေးလ် တစ်သောင်းဆိုလျှင် ဤမျှများပြားသောသူများအတွက်ဆို ကြီးမားသော အမြတ်ငွေကို ရရှိတော့မည်ဖြစ်၏။

“ချီးတဲ့မှ …. ဒါကစီးပွားရေးအခွင့်အလမ်း အသစ်ပဲ”

အနာဂတ်တွင် သူသည် ပိုက်ဆံလိုအပ်နေသည်ဆိုပါက ထိုကဲ့သို့ လှည့်လည်သွားလာကာ ပိုက်ဆံကောက်ခံခြင်းကို ပြုလုပ်မှဖြစ်မည်။

ကျွင်းချောင်ရှောင်းသည် နေရာလွတ်တစ်ခုကို ရှာဖွေပြီးသည့်နောက် ထိုင်ချလိုက်တော့သည်။

မြို့ထဲတွင်ရှိသော ကျွမ်းကျင်သူများအားလုံးသည် အမှတ်မထင် သူ့အား လှည့်ကြည့်လိုက်ကြ၏။ “ဒီကောင်လေးကို ကြည့်ရတာ မရင်းနှီးဘူး၊ ဒီမြို့က ဖြစ်ပုံ မပေါ်ဘူး”

“ရောင်းရင်းလေး”

မိသားစုခေါင်းဆောင်များသည် တီးတိုးပြောလိုက်၏။ “မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ”

သူ၏ အထင်အရဆိုလျှင် ဂိုဏ်းချုပ်ကျွင်းနှင့်တွေ့ဆုံရန်အတွက် ငွေတေးလ်တစ်သောင်းကို အသုံးပြုနိုင်သူမှာ ငွေကြေးအင်အားအရ အားကောင်းလှသောသူပင်ဖြစ်ပေလိမ့်မည်။

“ကျွင်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မဟုတ်သေးဘူး၊ ဒီနိမ့်ကျလှတဲ့ သူရဲ့နာမည်က လီပိုင်လို့ ခေါ်ပါတယ်”

စနစ်က ပြောလိုက်သည်။ “ဘယ်ကလီပိုင်တုန်း”

ခေါင်းဆောင်ရမ်သည် ဤကောင်လေး၏ မူမမှန်သော အသွင်အပြင်ကို မြင်ပြီးသည့်နောက်မှာတော့ လျစ်လျှူရှုပြီး ငြိမ်ငြိမ်သက်သက်ဖြင့် ဂိုဏ်းချုပ်ကျွင်းအား စောင့်မျှော်လျက်ရှိတော့သည်။

ကျွင်းချောင်ရှောင်းသည် မည့်သည့် စကားမှ ဆက်မဆိုချေ။ စားပွဲပေါ်တွင် တင်ထားသော နေကြာစေ့များကို ကောက်ယူ၍ စတင်ကာ စားလျက် ရှိ၏။

ဖျောက် ဖျောက်

နေကြာစေ့ကိုက်ခွဲသံသည် တိတ်ဆိတ်ငြိမ်သက်နေသော ဒုတိယထပ်တွင် ကျယ်လောင်စွာ ထွက်ပေါ်နေ၏။

စားပွဲဝိုင်းတွင် ထိုင်နေကြသော တခြားသောသူများသည် မျက်မှောင်ကုတ်လိုက်ကြသည်။ ဤကလေးသည် အမှန်ပင် ယဉ်ကျေးမှု မရှိလှချေ။ ဂိုဏ်းချုပ်ကျွင်း၏ ဘေးနားတွင်ရှိသော ခေါင်းဆောင်ရမ်သည် သူ၏ခုံကို အသာ ရွေ့သွားလိုက်၏။ သူ၏ မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင်များ တည်ရှိနေသည်။

“အားလုံးပဲ”

ထိုအချိန်မှာတော့ ကြည်လင်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။ “စောင့်ဆိုင်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

တတိယထပ်လှေကားမှ ဆင်းသက်လာသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်သူသည် စက္ကူယပ်တောင် အား အသာခတ်ရင်း ဆင်းသက်လာသည်။ ထိုသူ၏ ခါးမှာတော့ သေသပ်လှပသော ကျောက်စိမ်းပြားလေးတစ်ခု ရှိနေ၏။ ထိုကျောက်စိမ်းပြားပေါ်တွင် သံမဏိအရိုးဂိုဏ်းဟု ထွင်းထုထားသည်။

“ဂိုဏ်းချုပ်ကျွင်း”

မြို့ထဲတွင်ရှိသော ဆရာကြီးများ အားလုံးသည် မတ်တပ်ထရပ်လိုက်ကြသည်။ သူတို့အားလုံးသည် ဂိုဏ်းချုပ်ကျွင်း နှင့် ဝတ်စုံချင်း တူညီနေသည့်လူအား တစ်ချက်ကြည့်လိုက်ကြသည်။

ချီးတဲ့မှ

“ဒီကောင်က ငါ့အယောင်ဆောင်ရုံမကဘူး၊ ငါ့အဝတ်အစားကိုပါ လိုက်ဝတ်ထားတာပဲ”

သို့ပေမဲ့ သွင်ပြင်အမူအရာမှာတော့ အနည်းငယ် ကြောင်အအနိုင်၏။ သူ့ကဲ့သို့တော့ မချောမောလှချေ။

စနစ် “…...”

များပြားလှသော မိသားစုထဲမှာရှိသော ကလန်ခေါင်းဆောင်များသည် မတ်တပ်ထရပ်လိုက်သည်။

လက်ရှိတွင် ဟောခန်းတစ်ခုလုံးတွင် ထိုင်နေသူဟု ကျွင်းချောင်ရှောင်းသာ ရှိတော့သည်။ ထို့ကြောင့် သူသည် အားလုံး၏ အမုန်း တရားများပါသော မျက်လုံးဖြင့် ကြည့်ရှုခြင်းကို ခံခဲ့ရ၏။

လူမြင်ကွင်းတွင် နေကြာစေ့အား တစ်တောက်တောက်နှင့် စားသုံးနေခြင်းအား လူတိုင်းသည်းခံနိုင်ခဲ့ကြသည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းရောက်လာသည်ကိုတောင်မှ တည်နေရာတွင်ထိုင်၍ မလေးမစား ပြုလုပ်နေခြင်းမှာ အလွန်တရာ ဆိုးရွားလှ၏။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်သည် မျက်ခုံးကိုပင့်ကာဖြင့် စိတ်အလိုမကျသော အရိပ်အယောင် ကို ပြသလိုက်သည်။ သို့ပေမဲ့ သူသည် အလွန်တရာယဉ်ကျေးသော အမူအရာဖြင့် ပြောလိုက်သည်။ “အားလုံးပဲ၊ ကျေးဇူးပြုပြီးထိုင်ပါ”

ထိုင်ချလိုက်စဉ်မှာပဲ သူတို့အားလုံးသည် ကျွင်းချောင်ရှောင်းကို အေးစက်စက်နှင့် လှမ်းကြည့်ရန် မမေ့လျော့ ခဲ့ပေ။ ဤကဲ့သို့သော ရိုင်းစိုင်းလှသည့် လူတစ်ယောက်သည် အဘယ်ကြောင့် ဟွာမန်ခန်းမထဲသို့ ဝင်ရောက်လာခဲ့ သနည်း။

ဖျောက်

နေကြာစေ့ကိုက်ခွာသံသည် တည်နေရာထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။ မိသားစုခေါင်းဆောင်ရမ် သည် မည်သို့မျှ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် မတ်တပ်ထရပ်၍ ဆူငေါက်လိုက်တော့သည်။

“သခင်လေးလီ... ဒီလိုတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာ နေကြာစေ့စားချင်တယ်ဆိုရင် အပြင်ဘက်ကို ထွက်စားပါ၊ တခြားလူတွေကို မနှောက်ယှက်ပါနဲ့”

“ဘာကြီး”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို အသာမော့ကာဖြင့် တခြားသောနေကြာစေ့တစ်ခုကို ကိုက်ခွာရင်း ပြောလိုက်သည်။ “ဒီပေါ်မှာတင်ထားတဲ့ဟာတွေက စားလို့မရဘူးလား”

“……..” အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြ၏။

စားပွဲပေါ်တွင်ရှိသော နေကြာစေ့နှင့် သစ်သီးများသည် အလှပြရုံ သက်သက်မဟုတ်ပေ။ စားလို့လည်း ရပေသည်။ သို့ပေမဲ့ ဤအရာများအား အရှက်မရှိ မည်သူက စားနေမည်နည်း။

“ဂိုဏ်းချုပ်ကျွင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက သမာသမတ် ရှိပြီးသားပါ”

အဖြူရောင်ဝတ်စုံနှင့်လူငယ်က ပြုံးလိုက်သည်။ “ဒီရောင်းရင်းက ဗိုက်ဆာနေတာဖြစ်ဖို့များတယ်၊ ဒီနေရာမှာ တစ်စုံတစ်ခုကို စားသုံးတာက ပြဿနာကြီးတော့ မဟုတ်ပါဘူး၊ အားလုံးပဲ စိတ်ထဲထားမနေပါနဲ့”

ဂိုဏ်းချုပ်ကျွင်း၏ စကားများသည် ကျိုးကြောင်းဆီလျော်လွန်းလှ၏။

မိသားစုခေါင်းဆောင်ရမ်သည် အသာထိုင်ချ လိုက်၏။ ပြီးနောက် ကျွင်းချောင်ရှောင်းကို လှမ်းကြည့်လိုက်သည်။

“အားလုံးပဲ”

အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် ကျယ်လောင်စွာ ပြောလိုက်၏။

“ကျွင်းက အမှတ်မထင်နဲ့ ကွေ့လင်မြို့ကို ဖြတ်သန်းသွားခဲ့တယ်၊ အဲအချိန်မှာ ကောင်းကင်ပေါ်မှာရှိတဲ့ ခရမ်းရောင် အော်ရာတွေက တောက်ပနေတာကို မြင်ခဲ့ရတယ်လေ၊ ဒါကြောင့် ဒီနေရာမှာ ပါရမီရှင်တွေ မွေးဖွားမဲ့ နေရာဆိုတာကို ကောင်းကောင်းသိတယ်၊ ဒီလိုအချက်အလက်တွေကြောင့်ပဲ တပည့်ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တာပဲ”

အားလုံးပျော်ရွှင်မိသွားကြသည်။ ကွေ့လင်မြို့သည် ကြီးမားလှသည်မဟုတ်ပေ။ ကောင်းကင်ဘုံမြို့၏ စီမံခန့်ခွဲမှု အောက်တွင် တည်ရှိနေပြီး သူတို့တွင် မြို့တော်ဝန် ဟူ၍ပင် မရှိချေ။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်း ဆီမှ ဂုဏ်ပြုချီးကျူးစကားကို လက်ခံရရှိချိန်မှာတော့ ကြီးမားလှသော ကောင်းချီးကို ရရှိသကဲ့သို့ပင် ခံစားမိနေကြ၏။

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ပြောလိုက်၏။ ဒီအကောင်က ဘယ်လိုမြှောက်ပင့်ရမလဲဆိုတာ သိတာပဲ။

စနစ်က ပြောလိုက်သည်။ “ဘယ်လိုမြှောက်ပင့်ပြောဆိုရမလဲဆိုတာ မသိရင် ဘယ်လိုလုပ် လူတွေကို မျောက်တွေလို့ သဘောထားပြီး လိမ်လည်လှည့်စားလို့ရမှာလဲ”

ဤအရာမှာ အဓိပ္ပာယ်ရှိလှ၏။ သို့ပေမဲ့ ဤနတ်ဘုရား၏ နာမည်ကို အသုံးပြု၍ လူတွေကို လှည့်စားရဲသည် ဆိုသည်မှာတော့ အသက်ရှင်လျက် ရှိနေသည်ကပင် ကံကောင်းသည်ဟု ဆိုရမည်။

အင်း

အဖြူရောင်ဝတ်စုံနှင့် လူငယ်က ပြောလိုက်၏။ “သံမဏိအရိုးဂိုဏ်းက ကွေ့လင်မြို့ထဲမှာ တပည့်ဆယ်ယောက်ပဲ လက်ခံနိုင်တာဆိုးတယ်”

အားလုံးကြောင်အသွားကြသည်။ သူတို့သည် အပေါ်ထပ်ကို တက်ခွင့်ရဖို့ ငွေတေးလ်တစ်သောင်းကို လိုလိုချင်ချင်နှင့်သုံးစွဲခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ကျွင်း၏ မျက်နှာကို မြင်ခွင့်ရချင်၍ ဖြစ်ပြီး သူတို့၏ တပည့်များ၊ မျိုးဆက်များကိုလည်း သံမဏိအရိုးဂိုဏ်းတွင် ဝင်ရောက် လေ့ကျင့်ခွင့် ရချင်သောကြောင့်ဖြစ်၏။

ယခုအချိန်တွင် လူလေးဆယ်၊ ငါးဆယ်လောက်ရှိမည်ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် တပည့် ဆယ်ယောက်သာ လက်ခံနိုင်သည်။ ပြဿနာတက်ပေတော့မည်။

“ဂိုဏ်းချုပ်ကျွင်း”

မိသားစုခေါင်းဆောင်ရမ်က ပြောလိုက်သည်။ “ဒီထက်ပိုပြီး လူတွေခေါ်လို့ မရတော့ဘူးလား”

အဖြူရောင်ဝတ်စုံနှင့် လူငယ်က ခေါင်းကိုခါယမ်းလိုက်သည်။ “သံမဏိအရိုးဂိုဏ်းက တပည့်တွေကို လက်ခံတဲ့အချိန်မှာ အချိန်မှန်၊ နေရာမှန်ကို အလေးထားတယ်၊ ဓာတ်ငါးပါး ဆိုတဲ့အချက်အလက်တွေပါ အပါအဝင်ပေါ့၊ ကျုပ်က အခုလေးတင် ကံကြမ္မာဖတ်ခြင်းအလုပ်ကို ပြုလုပ်ခဲ့ပြီးပြီ၊ ကွေ့လင်နိုင်ငံက ဖုန်းရွှေနှင့်ပတ်သက်ရင် အလွန်ကောင်းမွန်တဲ့ တည်နေရာမှာ တည်ရှိတယ်။ ဒါပေမဲ့ နဂါးခေါင်းက အရှေ့ဘက်ကို ဦးညွတ်နေတယ်လေ၊ ဒါကြောင့် ကျုပ်တို့အနေနဲ့ တပည့်ဆယ်ယောက်ကိုပဲ လက်သင့်ခံနိုင်တယ်၊ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လို့ မဖြစ်ဘူး”

အချိန်မှန်၊ နေရာမှန်၊ ဓာတ်ငါးပါး ဟုတ်လား၊ အရှေ့ဘက်ကို ညွှန်ပြနေတယ်၊ နဂါးခေါင်းလှည့်တာမျိုးလား။

ဤလူသည် တကယ့်ကို ကျင့်ကြံခြင်းလောကတွင်ရှိသော ကျွမ်းကျင်လှသည့် လူလိမ်ပင်ဖြစ်လိမ့်မည်။

“ကျုပ်သိပြီ” အားလုံးသည် ဉာဏ်အလင်းပေါက်သွားကြ၏။

မိသားစုခေါင်းဆောင်ရမ်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။

“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ဗဟုသုတနဲ့ ပြည့်စုံတာပဲ၊ ကျုပ် .. ရမ် …. ချီးကျူးမိတယ်”

“...”

အစ်ကိုကြီး ဒါကိုလည်း ခင်ဗျားယုံတယ်ပေါ့၊ ခင်ဗျားဦးနှောက်ကို ခွေးစားသွားပြီလား။

အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် ရှင်းရှင်းလင်းလင်း ပြောလိုက်၏။ “တပည့်လက်ခံတဲ့အချိန်မှာ ကျုပ်က သူတို့ရဲ့ မွေးသက္ကရာဇ်တွေကို အဓိကထားပြီး ကြည့်ရှုတယ်၊ ဒါမှ သံမဏိ အရိုးဂိုဏ်းထဲ ဝင်ဆန့်နိုင်လား၊ လက်သင့်ခံနိုင်တဲ့အရည်အချင်းရှိလား ဆိုတာကို ကြည့်ရှုတာပဲ”

ချီးတဲ့မှ … တကယ့်ကို ကျိန်းသေပေါက် အကြမ်းစားလူလိမ်ပဲ။

ကျွင်းချောင်ရှောင်းသည် ထ၍ ပါးပိတ်ရိုက်ချင်စိတ်ပင် ပေါက်နေသည်။ သို့ပေမဲ့ သူသည် ဆက်လက်အောင့်အီး၍ သည်းခံထားသည်။ ဤအကောင်သည် မည်မျှ ဟန်ဆောင်ကောင်းနေမည်ကို သူသိချင်နေမိ၏။

စနစ်က ပြောလိုက်သည်။ “လက်ခံသူ သူ့ဆီကနေ သင်ယူချင်စိတ် မရှိဘူးလား”

ဟုတ်ပေသည်။ ဤလူလိမ်၏ စွမ်းရည်သည် အလွန်တရာ ကောင်းမွန်လှ၏။ ထို့ကြောင့် ဤအရာများကိုသာ သူလေ့လာထားမည်ဆိုလျှင် အနာဂတ်၌ တပည့်ခေါ်ယူရာတွင် အသုံးပြု၍ ရနိုင်သည်။

ထူးဆန်းလှချေသည်။ အစစ်အမှန်သည် အတုအယောင်ဆီမှ ပညာရပ်များကို သင်ယူချင်စိတ်ဖြစ်နေသည်။ သောက်ကျိုးနည်းလှချေသည် တကား။

“ဂိုဏ်းချုပ်ကျွင်း”

မိသားစုခေါင်းဆောင်ရမ်က ပြောလိုက်၏။ “ကျုပ်က မိသားစုတိုက်ရိုက်မျိုးဆက်တွေရဲ့ မွေးသက္ကရာဇ်တွေကို ယူဆောင်လာတယ်၊ ကျေးဇူးပြုပြီး ကြည့်ပါအုံး၊ သံမဏိအရိုးဂိုဏ်းနဲ့ ရေစက်ပါလား သိချင်မိတယ်”

ကျွင်းချောင်ရှောင်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဤသို့ ဟိုသွား၊ ဒီသွား သွားသည့်နေရာတွင် မိသားစု တိုက်ရိုက်မျိုးဆက်များ၏ မွေးသက္ကရာဇ်ကို ယူဆောင်လာသူဟူ၍ ရှိသည်လား။

နေပါအုံး …. ဒီမွေးစာရင်းတွေရဲ့အောက်မှာ ငွေလွှဲစာချုပ်တွေ ရှိနေတာပါလား၊ ငါနားလည်ပြီ၊ ငါနားလည်ပြီ။

သံမဏိအရိုးဂိုဏ်းနှင့် ရေစက်ပါလားဆိုသည်ကို ကြည့်ရှုချင်သည်မဟုတ်ပေ။ ထိုသို့သောစာရင်းများ၏ အောက်တွင်ရှိသော ငွေလွှဲစာချုပ်များကို လိုအပ်နေသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။

အဖြူရောင်ဝတ်စုံနှင့် လူငယ် သည် ခေါင်းဆောင်ရမ်ဆီမှ မွေးသက္ကရာဇ် အား အသာလှမ်းယူ၍ လျှင်မြန်စွာဖြင့် ငွေလွှဲစာချုပ်များ အား အင်္ကျီလက်ထဲသို့ ထိုးထည့်လိုက်သည်။ အလွန်တရာ မြန်ဆန်လွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် စိတ်ထဲ၊ နှလုံးသားထဲမှ အစစ်အမှန်ပင် ချီးကျူးမိလိုက်သည်။

“မိသားစုခေါင်းဆောင်ရမ်”

အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် မွေးစာရင်းကို အသာကောက်ယူ၍ လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားမိသားစုရဲ့ ဒီတိုက်ရိုက်တပည့်နှစ်ယောက်က သံမဏိအရိုးဂိုဏ်းနဲ့ လိုက်ဖက်ညီတယ်၊ ကျုပ် သူတို့ကို ဂိုဏ်းထဲခေါ်သွားမယ်”

“ကျေးဇူးပါပဲ ခေါင်းဆောင်ကျွင်း” မိသားစုခေါင်းဆောင်ရမ်သည် ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။

တခြားလူများသည် သူ့အား မနာလိုစွာဖြင့် ကြည့်ရှု လိုက်ကြ၏။ သံမဏိအရိုးဂိုဏ်း၏ တိုက်ရိုက်တပည့်ဖြစ်သည်ဆိုသည်မှာ အနာဂတ်တွင် အကန့်အသတ်မဲ့သော အောင်မြင်မှုကို ပိုင်ဆိုင်ရမည်ဆိုခြင်းပင်ဖြစ်၏။

“ဂိုဏ်းချုပ်ကျွင်း”

မိသားစုခေါင်းဆောင်တစ်ယောက်က ပြောလိုက်၏။ “ကျုပ်သားရဲ့ မွေးသက္ကရာဇ်ကလည်း ဒီမှာပါ၊ ကျေးဇူးပြုပြီး ကြည့်ပါအုံး”

သူသည် ထိုစာရင်းစာရွက်အား လက်လှမ်းပေးလိုက်သည့် အချိန်မှာတော့ အောက်ဘက်တွင် ငွေလွှဲစာချုပ် အနည်းငယ်ကို မသိမသာလေး ထည့်၍ ပေးလိုက်သည်။

ဤနည်းလမ်းမှာ ရိုးရှင်းလှသည်။ ထိုအဖြစ်အပျက်ကို လူပေါင်းများစွာက ရှင်းရှင်းလင်းလင်း မြင်နေရ၏။

“...” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ တပည့်သစ်ခေါ်ဆောင်ချိန်တွင်လည်း ဤကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြု၍ လာဘ်ငွေစားလျက်ရှိသည်။

ချီးတဲ့မှ … ဒီလိုမျိုးလုပ်လို့ရတယ်ဆိုတာကို ငါဘာလို့ မတွေးခဲ့မိတာလဲ။

All Chapters