← Chapters

အခန်း (၅၃၁)

Vol. 36 Ch. 531

အခန်း (၅၃၁)

Vol. 36 Ch. 531

ယနေ့မှာတော့ ကျွင်းချောင်ရှောင်းသည် သူသိရှိခဲ့သော အသိပညာများ၏ ဘောင်ထက်ကျော်လွန်ကာ အမြင်ကျယ် ခဲ့ပြီဖြစ်၏။ သူအနေနှင့် ဤမျှများပြားလှသော နည်းလမ်းများနှင့် ပိုက်ဆံရှာ၍ ရနိုင်သည်ကို မသိခဲ့ချေ။

“မဆိုးဘူး၊ မဆိုးဘူး”

အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် ငွေလွှဲစာချုပ်ထဲတွင်ရှိသော ဂဏန်းရှစ်လုံးစာ ပိုက်ဆံများအား လှမ်း၍ ကြည့်ပြီး နောက် ပြောလိုက်၏။ “သံမဏိအရိုးဂိုဏ်းနဲ့ တကယ့်ကို ရေစက်ပါတယ်၊ ကျုပ်တပည့်အဖြစ် လက်ခံလိုက်မယ်”

အစစ်အမှန်မှာတော့ ပိုက်ဆံနှင့်ရေစက်ပါခြင်းသာ ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

မိသားစုခေါင်းဆောင်တစ်ယောက်သည် မြန်မြန်ဆန်ဆန်ပင် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ကျုပ်ကလည်း တစ်စုံတစ်ယောက်ကိုလွှတ်ပြီး မွေးစာရင်း ယူခိုင်းထားပါတယ်၊ ကျေးဇူးပြုပြီး စောင့်ပေးနိုင်မလား”

အဖြူရောင်ဝတ်စုံနှင့်လူငယ်က ခေါင်းညိတ်လိုက်၏။

ထို့ကြောင့် များပြားလှသော မိသားစုများသည် တစ်ယောက်ပြီးတစ်ယောက် အောက်ထပ်သို့ဆင်းသွားပြီး ၎င်းတို့၏ ကျေးကျွန်များကို ခေါ်ယူ၍ အိမ်သို့ပြန်၍ မွေးစာရင်းစာရွက်များကို ယူလာရန် မြန်မြန်ဆန်ဆန်ပဲ စေခိုင်းလိုက်ကြတော့သည်။

ခဏလောက်ကြာပြီးသည့် နောက်မှာတော့ ၎င်းတို့၏ တိုက်ရိုက်သွေးမျိုးဆက်များ၏ မွေးစာရင်းစာရွက်များကို ယူဆောင်လာကြသည်။ ၎င်းတို့သည် မိသားစုခေါင်းဆောင်ရမ်၏ အတုကိုခိုး၍ ထိုစာရင်းများ၏အောက်တွင် ငွေလွှဲစာချုပ်များကို ပြည့်သိပ်အောင် ထိုးထည့်ကာ လှမ်းပေးလိုက်ကြ၏။ တချို့ဆိုလျှင် ငွေတစ်သောင်း၊ တချို့ဆိုလျှင် ငွေနှစ်သောင်း၊ တချို့မှာဆိုလျှင် ငွေငါးသောင်းတောင် ထည့်သွင်းထား၏။

သံမဏိအရိုးဂိုဏ်းသည် လက်ရှိတွင် ကျော်ကြားနေပြီဖြစ်သည်။ ဤမိသားစုခေါင်းဆောင်များအားလုံးသည် ၎င်းတို့၏ တိုက်ရိုက်တပည့်များ အနေဖြင့် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ခွင့်ရရန် မျှော်လင့်နေမိ၏။ ထို့ကြောင့်ပင် သူတို့အားလုံး ရှိရှိသမျှသော ပိုက်ဆံအားလုံး သုံးဖြုန်းရမည်ဆိုလျှင်ပင် ကိစ္စမရှိဟု သဘောထား ကြ၏။

ကျွင်းချောင်ရှောင်းသည် အသာကြိတ်၍ ခေါင်းခါနေမိ၏။ ဒီလူတွေက တကယ်သနားစရာပဲ။

အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် မွေးစာရင်းစာရွက်ကိုယူ၍ တစ်ခုချင်းလှန်လှောကြည့်လိုက်၏။ “ခင်ဗျားတို့ တိုက်ရိုက်တပည့်တွေက သံမဏိအရိုးဂိုဏ်းနဲ့ ရေစက်ပါတယ်၊ ဒါကြောင့် ကျုပ်က အားလုံးကို လက်ခံ လိုက်မယ်”

အားလုံးပျော်ရွှင်သွားကြသည်။

“ဂိုဏ်းချုပ်ကျွင်း”

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပြောလိုက်၏။ “ခင်ဗျားက စောဏတုန်းက တပည့်ဆယ်ယောက်ပဲ လက်ခံမယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ မဟုတ်ရင် နဂါးခေါင်း အရှေ့ဘက်လှည့်နေတာဆိုတော့ ပြဿနာတွေ တက်နိုင်တယ်ဆို၊ ဘာလို့ အခု လူတွေအများကြီးကို တစ်ခါတည်း လက်ခံလိုက်ရတာလဲ”

အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် မျက်မှောင်အသာကုတ်လိုက်၏။

မိသားစုခေါင်းဆောင်ရမ်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည် “ကောင်လေး... မင်းက ဒီကိုပြဿနာလာရှာတာလို့ ငါထင်နေပြီ”

တခြားသောမိသားစုခေါင်းဆောင်များအားလုံးသည်လည်း စိတ်တိုသွားကြသည်။ သူတို့အနေနှင့် တိုက်ရိုက် မျိုးဆက်များအားလုံး သံမဏိအရိုးဂိုဏ်းထဲ ဝင်ရောက်ခွင့်ရရှိရန် ပိုက်ဆံများ သုံးဖြုန်းခဲ့ရသည်ဆိုသည်မှာ လွယ်ကူလှသည်မဟုတ်ပေ။ ဂိုဏ်းချုပ်ကျွင်းသာ စိတ်အလိုမကျ၍ တပည့်ဆယ်ယောက်သာ ခေါ်ယူမည်ဆိုလျှင် သူတို့အတွက် ပြဿနာရှိနိုင်၏။

“မဟုတ်ဘူး မဟုတ်ဘူး”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ လူတစ်ယောက်ဆိုပြီးတော့ ကြားထားတာလေ၊ ဒီလိုမျိုး ကိုယ့်စကားကို ပြန်ပြီးတော့ ရုတ်သိမ်းတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူးလေ”

စနစ်သည် ပြိုလဲသွား၏။ “သူများကို မချေမငံ ဆက်ဆံနေတာလား၊ ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာလား၊ တကယ့်ကို ထူးခြားတဲ့နည်းစနစ် တစ်ခုကို ငါသင်ယူနိုင်ခဲ့ပြီ၊ လက်ခံသူတော်တယ်”

မိသားစုခေါင်းဆောင်ရမ်သည် ပို၍ ဒေါသထွက်သွားသည်။ သူတစ်စုံတစ်ခုကို ထုတ်ဖော်ပြောရန် ပြင်နေတုန်းမှာပဲ အဖြူရောင်ဝတ်စုံနှင့်လူငယ်က သူ့အား အသာလက်ပြ၍ သွားစိကာ ပြုံးလိုက်သည်။ “သူငယ်ချင်းလေး၊ မင်းအထင်မှားနေပြီလို့ထင်တယ်”

“အထင်မှားနေပြီ ဟုတ်လား”

ကျွင်းချောင်ရှောင်း မေးလိုက်သည်။ “ဘယ်လိုမျိုးလဲ”

ကောင်လေး... မင်းဘယ်လောက်ထိ လိမ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။

အဖြူရောင်ဝတ်စုံနှင့် လူငယ်က ပြောလိုက်သည်။

“ဒီမိသားစုတွေရဲ့ တိုက်ရိုက်မျိုးဆက်တွေက ကျုပ်တို့ သံမဏိအရိုးဂိုဏ်းနဲ့ လိုက်ဖက်ညီတဲ့ ဓာတ်ငါးပါ သဘာဝ ပိုင်ဆိုင် နေတယ်လေ၊ ဒါကြောင့် နဂါးခေါင်းအရှေ့ဘက်လှည့်တဲ့ ပြဿနာကို ဖြေရှင်းပြီးဖြစ်သွားတာ၊ ပြောရမယ်ဆိုရင် ဓာတ်ငါးပါးထဲမှာ ယင်ရယ်၊ ယန်ရယ်၊ ကောင်းကင်ရယ်၊ မြေကြီးရယ်...”

ထိုသူသည် ကြီးကျယ်၍ များပြားလှသော စကားလုံးများကို ပြောဆိုခဲ့သည်။ စိတ်ပညာရပ်ပိုင်းဆိုင်ရာ အသုံးအနှုန်း၊ အယူအဆများပင် ပါဝင်နေသေး၏။

ဂိုဏ်းချုပ်ကျွင်းသည် ဆွံ့အနေမိ၏။ ချီးတဲ့မှ၊ ဒီလောက်ကောင်းလိုက်တဲ့ပါရမီ …. ဒီကောင် လူလိမ်ဖြစ်ဖို့ မွေးဖွားလာတာပဲ။

“ရောင်းရင်းလေး”

အဖြူရောင်ဝတ်စုံနှင့်လူငယ်က ပြောလိုက်သည်။ “မင်းဆီမှာ မေးစရာရှိသေးလား”

ဟမ့်

မိသားစုခေါင်းဆောင်ရမ်သည် အေးစက်စက်ဖြင့်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက ကြီးမားတဲ့ မိသားစုကြီးက ဆင်းသက်လာတာလေ၊ ဒါကြောင့် သူနဲ့လိုက်ပြီးနှိုင်းယှဉ်ပြီး ကိုယ့်ကိုကိုယ် နှိမ့်ချမနေပါနဲ့၊ ကျုပ်သာဆိုရင် သူ့ကို အစောကြီးကတည်းက ကန်ထုတ်လိုက်တာ ကြာပေါ့”

“အတိအကျပဲ”

တခြားတစ်ယောက်ကလည်း ကျွင်းချောင်ရှောင်းကို ကြည့်ကာပြောလိုက်သည်။ “ကောင်လေး၊ မင်းဒီနေရာမှာ ပြဿနာဆက်လုပ်မယ်ဆိုရင် ဟွာမန်ခန်းမထဲကနေ ကန်ထုတ်ခံရမယ်”

ဟင်း... ဤလူများအားလုံးသည် မျှော်လင့်ချက်မဲ့နေပြီဖြစ်၏။

“ဂိုဏ်းချုပ်ကျွင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက ဓားနဲ့သိုင်းဘုရင်လို့ ကြားတယ်လေ၊ ဒီတော့ ခင်ဗျားရဲ့ စွမ်းရည်တချို့ကို ထုတ်ဖော်ပြသပေးပါလား”

ကောင်းပြီ။ ဤအကောင်သည် သူ့အစား အယောင်ဆောင်ခဲ့သည်။ ထို့ကြောင့် ကောင်းကောင်းပြန်လည်၍ ပညာပြရပေလိမ့်မည်။

မိသားစုခေါင်းဆောင်ရမ်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ဟိတ်ကောင်... မင်းကိုမင်း ဘာလို့ထင်နေတာလဲ၊ ဂိုဏ်းချုပ်ကျွင်းက ဘာလို့မင်းရဲ့ရှေ့မှာ စွမ်းရည်တွေကို ထုတ်ဖော်ပြသရမှာလဲ”

အားလုံးသည်လည်း သူ့အား ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ ဤနေရာတွင် ဂိုဏ်းချုပ်ကျွင်းသာ မရှိပါက သူတို့သည် ထိုပြဿနာရှာနေသည့်အကောင်အား ဆွဲချုပ်၍ အပြင်ဘက်ဆီသို့ လွှင့်ပစ်လိုက်မှာ သေချာသည်။

အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် အသာပြုံး၍ ပြုံးလိုက်သည်။ “ကျုပ်က စွမ်းရည်တွေကို အသုံးပြုပြီးတဲ့အချိန်မှာ စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားတတ်တယ်လေ၊ ဒါကြောင့် ပြန်လည်ကောင်းမွန်စေဖို့ ဆေးပင်တွေ တော်တော်များများ လိုအပ်တယ်၊ ဒီလိုဆေးပင်တွေကို အသုံးပြုရတာလည်း ပိုက်ဆံကုန်တာမို့လို့ တခြားသူတွေကို ထုတ်ဖော်ပြသဖို့ မဖြစ်နိုင်ဘူး”

ဟင်း ဟင်း … ပေါ်သွားမှာကို ကြောက်နေပြီမဟုတ်လား။

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီး ငွေလွှဲစာချုပ် တစ်သန်းတန်အား စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ “တကယ်လို့ ဂိုဏ်းချုပ်ကျွင်းသာ ကျုပ်ကို မျက်စိဖွင့်၊ နားဖွင့်ဖြစ်အောင် ပြုလုပ်ပေးနိုင်မယ်ဆိုရင် ဆေးပင်တွေ ဝယ်ယူဖို့အတွက် ပိုက်ဆံတစ်သန်းကို ကျုပ်ပေးမယ်”

ကောင်လေး မင်းငါ့ကို ဆက်လိမ်လေ၊ လာခဲ့စမ်း၊ လာခဲ့စမ်း၊ ငါမင်းကို ငွေတစ်သန်းပေးမယ်၊ မင်းဘယ်လို ဆက်ပြီးတော့ ဟန်ဆောင်မလဲဆိုတာ ကြည့်မယ်။

အဖြူရောင်ဝတ်စုံနှင့်လူငယ်၏ မျက်လုံးများသည် လင်းလက်သွား၏။ ငွေတစ်သန်းဆိုသည်မှာ သူ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

ကျွင်းချောင်ရှောင်းအား ကန်ထုတ်ချင်စိတ်ဖြစ်နေကြသော မိသားစုခေါင်းဆောင် အားလုံး၏ မျက်နှာပေါ်တွင်တော့ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်သွားသည်။ ဤကောင်လေးသည် ပိုက်ဆံ ငွေတစ်သန်းကိုပင် အမှုမဲ့ အမှတ်မဲ့ လှမ်းပစ်ပေးလျက်ရှိသည်။ ၎င်း၏မိသားစုမှာ ရိုးရှင်းသည့်မိသားစု ဖြစ်ပုံမပေါ်ပေ။ ကြီးမားသည့်မိသားစုကြီးတစ်ခုခု၏ သခင်လေးတစ်ယောက်ယောက်ဖြစ်နိုင်၏။

“ဂိုဏ်းချုပ်ကျွင်း”

မိသားစုခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။ “အားလုံး မျက်စိပွင့် နားပွင့်ဖြစ်သွားအောင် လုပ်ပြပေးပါ့လား”

အားလုံးကလည်း စိတ်အားထက်သန်စွာဖြင့် ကြည့်ရှုလိုက်ကြသည်။ အားလုံး၏ရှေ့တွင် ရပ်တန့်လျက်ရှိသော ဂိုဏ်းချုပ်ကျွင်းသည် ဓားနှင့်သိုင်းဘုရင် တစ်ယောက်ဖြစ်၏။ နှစ်ငါးထောင်ထဲမှ တစ်ယောက် ပေါ်မလာခဲ့သော လူမျိုးလည်းဖြစ်၏။ သူတို့အနေနှင့် ထိုသို့သောသူ၏ အော်ရာများကို တွေ့ခွင့်ရခြင်းမှာ အလွန်တရာ ကံကောင်းခြင်းဟုပင် ဆိုလောက်သည်။

“ဒီလိုဆိုမှတော့ ကျုပ်က ဒီရောင်းရင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် လက်ကိုအသာယမ်းခါပြီးတော့ ငွေလွှဲစာချုပ်အား လှမ်းယူလိုက်တော့၏။

ချီးတဲ့မှ …. တကယ်ယူတာပဲဟ။

စနစ်က ပြောလိုက်သည်။ “အစောကြီးကတည်းက ကြီးကြီးကျယ်ကျယ်နဲ့ ဘာလို့ ပိုက်ဆံတွေ သွားပေးနေရတာလဲ၊။တစ်ခါတည်း ထရိုက်လိုက်ရင် ပြီးပြီ မဟုတ်ဘူးလား၊ မင်းက ရူးနေတာလေ”

လက်ခံသူသည် အစစ်အမှန်ပင် ရူးနေသူတစ်ယောက် ဖြစ်ပေလိမ့်မည်။ လူလိမ်အား ဖော်ထုတ်ဖို့အတွက် ပိုက်ဆံ များပင် သွား၍ပေးနေသေးသည်။

..............

အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ “အားလုံးပဲ... ဒီမှာရှိတဲ့လူတွေကို ထိခိုက် မနာကျင်စေချင်တာမို့ ကျုပ်က ကျုပ်ရဲ့အော်ရာတွေကို နည်းနည်းပဲ ထုတ်လွှင့်ပေးမယ်”

အားလုံးစိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုလိုက်ကြသည်။ သို့ပေမဲ့ သူတို့အားလုံးသည် အနောက်သို့ အနည်းငယ် ဆုတ်လိုက်ကြသည်။

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ အလွန်တရာ ကျယ်ပြောပြီး ခမ်းနားလှသော အော်ရာနှစ်ခုသည် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထား သောလူငယ်၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည်။ တစ်ခုသည် ထူထဲလှပြီး၊ တစ်ခုမှာတော့ ထက်ရှလှ၏။

အားလုံးသည် ပါးစပ်အဟောင်းသားဖြင့် တုန်လှုပ်သွားကြသည်။ ဓားနှင့်သိုင်းဘုရင်ပီသစွာပင် ထွက်ပေါ်လာသော အော်ရာများသည် အလွန်တရာ အားကောင်းလွန်းသည်။

ကျွင်းချောင်ရှောင်းသည်လည်း ဆွံ့အသွား၏။

ဒီလူလိမ်၊ သူကလည်း ဓားနဲ့သိုင်းဘုရင်ပဲလား၊ မဟုတ်၊ မဟုတ်သေးဘူး၊ ငါစိတ်ဝိညာဉ်စွမ်းအင်တွေကို အာရုံ ဖြန့်ကျက်ပြီး ကြည့်ကြည့်မယ်၊ တွေ့ပြီ ဒီအခန်းထဲမှာပဲ အော်ရာတွေက အားကောင်းတာ၊ အပြင်ဘက်ကို စိမ့်မထွက်သွားဘူး၊ လမ်းပေါ်မှာရှိတဲ့ သိုင်းကျင့်ကြံသူတွေက ဒီအော်ရာတွေကို သတိမပြုမိဘူး၊ ကြည့်ရတာ ဒီကောင်က ဓားနှင့်သိုင်းဘုရင်အော်ရာတွေကို ဖန်တီးနိုင်တဲ့ တချို့သော နည်းလမ်းတွေကို သုံးထားတာ ဖြစ်ရမယ်၊ ဒီနေရာမှာ လှည့်ကွက်အနည်းငယ် ရှိကို ရှိရမယ်။

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ အခန်းထဲတွင်ရှိသော အော်ရာများသည် ပြန်လည်အားပျော့သွားသည်။

အဖြူရောင်ဝတ်စုံနှင့်လူငယ်က ပြောလိုက်သည်။ “ရောင်းရင်းလေး စိတ်ကျေနပ်ရဲ့လား”

ချီးတဲ့မှ အခုလိုမျိုး အော်ရာလေး ခဏလောက်ထုတ်လွှတ်လိုက်တာနဲ့ တစ်သန်းရသွားတယ်၊ ပိုက်ဆံဆိုတာ ဘယ်လောက်ရှာရလွယ်ကူသလဲ။

“ဒါမင်းပဲ လျှာရှည်ပြီး သွားပေးတာမဟုတ်ဘူးလား လက်ခံသူ” စနစ်က ထပ်ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာ ထပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို အားကောင်းပြီးတော့ ချီးကျူးစရာကောင်းတယ်၊ ကျုပ်ကို လမ်းညွှန်ပြသပေးနိုင် မလား သိချင်မိတယ်”

သူသည် ဤလူလိမ်အား အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိ၏။ သို့ပေမဲ့ အားလုံး၏ရှေ့တွင် လူလိမ်ဖြစ်ကြောင်းကို တဖြည်းဖြည်းနှင့် ထုတ်ဖော်ရသည်က ပို၍ စိတ်ဝင်စားစရာကောင်းသည် မဟုတ်လား။

အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းလိုက်၏။ တစ်ဖက်လူမှာ လမ်းညွှန်ပြသမှုကို လိုချင်သည်ဟု ကြားချိန်မှာတော့ သူ၏မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။

“ကောင်လေး”

မိသားစုခေါင်းဆောင်ရမ်သည် စားပွဲကို ထုနှက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည် “မင်းလွန်နေပြီ”

တခြားသောသူများသည်လည်း မည်သို့မျှ သည်းမခံနိုင်ချေ။ ဂိုဏ်းချုပ်ကျွင်း ဒေါသဖြစ်ပြီး ထွက်ခွာသွားမည်ကို သူတို့ စိုးရွံ့နေကြ၏။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားတို့ အားလုံးက ဉာဏ်ပညာရှိတဲ့လူတွေကြီးပဲ၊ ဒီရှေ့မှာရှိတဲ့လူက လူလိမ်တစ်ယောက်လို့ ခင်ဗျားတို့ မထင်ဘူးလား”

“ပေါက်ကရ”

အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် ထအော်လိုက်၏။

ဝှစ် … ဝှစ်

စောနကလေးတင် ပြန်လည်ရုတ်သိမ်းလိုက်သော ဓားနှင့်သိုင်းဘုရင်အော်ရာများသည် ပြန်လည်ဖြစ်တည်လာသည်။ ပထမအချိန်ကထက် ပိုမိုအားကောင်းလွန်း၏။

အားလုံးသည် ထိတ်လန့်တုန်လှုပ်သွား၏။ ဂိုဏ်းချုပ်ကျွင်း ဒေါသ ထွက်နေပြီဖြစ်ကြောင်း သူတို့ သိရှိလိုက်ရသည်။

“ကောင်လေး”

မိသားစုခေါင်းဆောင်ရမ်သည် အေးစက်စွာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းကို ဒေါသထွက်စေတယ်ဆိုတာ သေလမ်းရှာတာနဲ့ တူတူပဲ၊ မြန်မြန် တောင်းပန်လိုက်တော့”

ကျွင်းချောင်ရှောင်းသည် ထိုလူအား လျစ်လျှူရှုပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ကာ စစ်ဆေး လိုက်၏။ ဤအဆောက်အဦထဲမှာပဲ အော်ရာများဖြစ်တည်နေပြီး အပြင်ဘက်ကလူများ တစ်ချက်လေးမှ သတိမပြုမိချေ။ ပြောရမည်ဆိုလျှင် ဤလူ၏ လှည့်စားမှုသည် အကွာအဝေး အကန့်အသတ်ထဲတွင် တည်ရှိနေ၏။

ဟင်း

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ကျုပ်ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘူး၊ ကျုပ်က သံမဏိအရိုးဂိုဏ်းချုပ်ပဲ”

All Chapters