အခန်း (၅၃၃)
Vol. 36 Ch. 533
လောကကြီးတွင် အလွန်တရာ ဉာဏ်ကောင်းပြီး တော်လွန်းလှသော လူပေါင်းများစွာ ရှိကြ၏။ ထို့အတူပဲ အလွန်တရာညံ့ဖျင်းပြီး ဦးနှောက်သည်လည်း သုံးစား၍ မရသောသူများလည်း ရှိကြ၏။ ဟွာမန်ခန်းမထဲတွင် ရှိသော မိသားစုခေါင်းဆောင်များသည် ဥပမာပင်ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် ထိုလူလိမ် အပေါင်းအပါ၏ မျက်နှာဖုံးကို ဆွဲချွတ်ခဲ့၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် အဖြူရောင်ဝတ်စုံနှင့်လူငယ်မှာ ဂိုဏ်းချုပ်ကျွင်းသာဖြစ်ကြောင်း ယုံကြည်လျက်ရှိနေသေးသည်။
ဤအရာသည် ညံ့ဖျင်းလှသည်ပဲ မဟုတ်တော့ချေ။ အလွန်တရာ ဦးနှောက်မဲ့သည် အခြေအနေမျိုးသို့ပင် ရောက်ရှိနေ၏။
စဉ်းစားကြည့်မည်ဆိုလျှင် ၎င်းတို့သည် ညံ့ဖျင်းလှသည်တော့ မဟုတ်နိုင်ပေ။ တကယ်တမ်းမှာ မိမိ၏ အရှိန်အဝါနှင့် ဂုဏ်ထူးအား ယုံကြည်ကိုးစားလျက် ရှိနေကြသူများပင်ဖြစ်သည်။ သူတို့သည် အလိမ်ခံလိုက်ရသည့် အကြောင်းအရာကို လက်သင့်မခံနိုင်ပေ။ ထို့ကြောင့် ယခုဖြစ်နေကြသော အချက်အလက်များအားလုံးသည် အစစ်အမှန်ဖြစ်နေမည်ဟု ဆက်လက်၍ ယုံကြည်နေခြင်းသာ ဖြစ်ပေတော့၏။ သို့ပေမဲ့ အစစ်အမှန်တရား ဆိုသည်မှာ အလွန်တရာ ရက်စက်လွန်းလှ၏။
မိသားစုခေါင်းဆောင်တစ်ယောက်သည် ကျွင်းချောင်ရှောင်းကို လက်ညှိုးညွှန်ကာ မင်းသမီးလေး ကြာပန်းနီအား တိုင်ကြားလိုက်သည့် အခြေအနေမှာတော့ သူမသည် အသာလျှောက်လှမ်းလာပြီး ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ကောင်းကင်ဘုံမြို့ထဲမှာ ရှင့်အစား အယောင်ဆောင်တဲ့လူက ဒီလူပဲလေ၊ ဒါကြောင့် ဒီနေ့ လာဖမ်းတာ”
ဟွာမန်ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ ငြိမ်ငြိမ်သက်သက်ရှိနေကြသော မိသားစုခေါင်းဆောင် အားလုံးသည်လည်း ပါးစပ်အဟောင်းသားနှင့် ဆွံ့အနေမိကြ၏။ ဤတစ်ကြိမ်မှာတော့ မင်းသမီးလေး ကြာပန်းနီ သည် အဖြူရောင်ဝတ်စုံနှင့်လူငယ်ကို စကားပြောဆိုခြင်းမဟုတ်ပဲ သူတို့ အော်ဟစ်ဆဲဆိုနေသော လူငယ်အား စကားပြောဆိုနေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို အသာမြှောက်၍ လေထဲတွင်ဖမ်းယူလိုက်သည့် အမူအရာမျိုး ပြုလုပ်ပြီး အဖြူရောင်ဝတ်စုံနှင့်လူငယ်အား သူ၏ အနီးအနားသို့ ဆွဲယူလိုက်၏။ သူသည် အေးစက်စက် ပြောလိုက်၏။ “မင်းက တကယ့်ကို လူလိမ်အကြီးစားပဲ”
လူငယ်၏ ခြေထောက်များသည် တဆတ်ဆတ်နှင့် တုန်ခါလျက်ရှိသည်။ သူ၏ အရှေ့တွင် ရပ်တန့်လျက်ရှိသော လူငယ်သည် အစစ်အမှန် ကျွင်းချောင်ရှောင်း ဖြစ်လို့နေသည်။ သူသည်မှာတော့ ထိုအစစ်အမှန် ကျွင်းချောင်ရှောင်း၏ ရှေ့တွင် ဟန်ဆောင်မိလျှက်သားဖြစ်နေသည်။
“ဂိုဏ်း …. ဂိုဏ်းချုပ်ကျွင်း”
အဖြူရောင်ဝတ်စုံနှင့်လူငယ်က တုန်ရင်နေသည့်အသံဖြင့် ပြောလိုက်၏။ “ကျုပ် ….. ကျုပ်ဒီလို မရည်ရွယ်ပါဘူး”
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါ၍ ထိုသူ၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ဆွဲချွတ်လိုက်၏။ ဤလူမှာ အနည်းငယ်ဖောယောင်ယောင်မျက်နှာရှိသော လူငယ်တစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ ရုပ်ဆိုးလှသည်တော့ မဟုတ်ပေ။ ဂိုဏ်းချုပ်ကျွင်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင်တော့ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလွန်း၏။
“မင်းသမီးလေး”
ကျွင်းချောင်ရှောင်းသည် လူလိမ်၏ အင်္ကျီ ကုပ် အား ဆွဲယူကာ ပြောလိုက်၏။ “မြို့ထဲမှာရှိတဲ့ မိသားစုခေါင်းဆောင်တွေက ကျုပ်ကို လူလိမ်လို့ထင်တယ်၊ ကျေးဇူးပြုပြီး သက်သေပြပေးပါအုံး”
အချက်အလက်အားဖြင့် ၎င်းတို့အားလုံးသည် နားလည်ကြပြီဖြစ်သောကြောင့် သက်သေပြစရာပင် မလိုချေ။ မင်းသမီးလေးကြာပန်းနီသည် ရောက်ရှိလာပြီးနောက် မိသားစုခေါင်းဆောင်များ၏ စကားကိုနားထောင်ပြီးနောက် အကြမ်းဖျင်းအခြေအနေကို သုံးသပ်မိပြီးဖြစ်သည်။ သူမသည် ကျွင်းချောင်ရှောင်းပြောသည့်အတိုင်း လိုက်နာရန် ပြောလိုက်၏။ “ဒါက သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းပဲ၊ သူ့ရဲ့တခြားဂုဏ်ပုဒ်ကတော့ ကောင်းကင်ဘုံကျောင်းရဲ့ ဂုဏ်ပြုခံဆရာတစ်ယောက်ပဲ”
ဘုတ်
နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်မှာတော့ မိသားစုခေါင်းဆောင်အားလုံးသည် မြေပြင်ပေါ်သို့ လဲကျသွား ကြသည်။ သူတို့သည် အစစ်အမှန်ကို အတုဟုထင်ကြပြီး အတုအား အစစ်အမှန်လို ဆက်ဆံခဲ့ကြသည်။ အလွန်တရာ ညံ့ဖျင်းလွန်းခဲ့ကြသည်။
“ဂိုဏ်းချုပ်ကျွင်း”
မိသားစုခေါင်းဆောင်တစ်ယောက်က တုန်ရင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “ဒီလူညံ့က အမြင်အာရုံညံ့ပြီး မောက်မာမိခဲ့ပါတယ်၊ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ”
တခြားသောသူများသည်လည်း အလောတကြီးနှင့် လာရောက်၍ တောင်းပန်ကြတော့၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က အမြင်ကျဉ်းတဲ့လူတစ်ယောက်သာဖြစ်မယ်ဆိုရင် ဒီကလူတွေရဲ့ ဦးခေါင်းက ကိုယ်နဲ့ဆက်နေတော့မှာ မဟုတ်ဘူး”
အားလုံး၏ မျက်နှာများသည် ဖြူလျော်သွားကြ၏။ သူတို့၏ ကျောရိုးမကြီးတစ်လျှောက်လုံး စိမ့်တက်သွားကြ သည်။ တကယ်တမ်းသာပြုလုပ်မည်ဆိုပါက အားလုံးသည် သေဆုံးနှင့်သည်မှာ ကြာပြီဖြစ်သည်။
အားလုံးသည် ထပ်မံ၍ အလောတကြီးဖြင့် တောင်းပန်လိုက်ကြသည်။ သူတို့၏ နဖူးများသည် မြေပြင်နှင့်ထိလုမတတ်ပင် ဖြစ်နေ တော့သည်။
“ဒါပေမဲ့”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်ကဓားနဲ့သိုင်းဘုရင်စွမ်းအားတွေကို ထုတ်လွှတ်လိုက်တော့ စိတ်ဝိညာဉ်စွမ်းအင်တွေ တော်တော်ကုန်သွား တယ်၊ ဒါတွေကို ခင်ဗျားတို့လည်း မြင်တယ်မဟုတ်လား”
“…….”
လူသုံးယောက်လျှောက်လာလျှင် တစ်ယောက်သည် ဆရာဖြစ်ရမည်ဆိုသည့် ဆိုရိုးစကားလည်း ရှိနေသေး၏။ ထိုသို့ဖြစ်ဖို့ဆိုလျှင် ပတ်ဝန်းကျင်တွင် ရှိရှိသမျှ အရာအားလုံးကို လေ့လာသင်ယူနိုင်သောသူသာ ဖြစ်ရမည်။ ကျွင်းချောင်ရှောင်းသည် လူလိမ်ဆီမှ ပညာရပ်များကို သင်ယူခဲ့ရ၏။ ထို့ကြောင့် ချက်ချင်း ထုတ်ဖော်အသုံးပြုခဲ့ လိုက်ခြင်းဖြစ်သည်။
မိသားစုခေါင်းဆောင်များမှာလည်း အတူတကွ ပူးပေါင်း၍ လုပ်ဆောင်ကြသည်။ အားလုံးသည် သူတို့၏ လက်ထဲတွင် ရှိနေကြသော ငွေလွှဲစာချုပ်များကို ယူ၍ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်စေရန် ထုတ်ပေးကြတော့သည်။ ဤအရာမှာ အတော်အတန် များပြားလွန်းလှ၏။ စုစုပေါင်း သုံးသန်းနီးပါးခန့်ပင်ရှိသည်။
ချီးတဲ့မှ၊ တကယ့်ကို စီးပွားဖြစ်တာပဲ.။
“ဂိုဏ်းချုပ်ကျွင်း”
မင်းသမီးလေး ကြာပန်းနီက တောင်းပန်သလို ပြောလိုက်၏။ “ဒီလူက ရှင့်ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီးတော့ ကောင်းကင်ဘုံမြို့က လူတွေကို လိမ်လည်ခဲ့တယ်လေ၊ ဒါကြောင့် ကျွန်မ အရေးယူပေးပါမယ်”
လူလိမ်သည် မင်းသမီးလေး ကြာပန်းနီအား အလွန်တရာ လေးစားမိ၏။ ကံကောင်းစွာဖြင့် သူသည် အသက်ရှင်လျက်ရှိနေပေတော့မည်။
“ဟင်း”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာဖြင့် ပြောလိုက်သည်။ “ကျုပ်က အခုအချိန်မှာ အရမ်းကို ကျော်ကြားနေပြီ၊ ဆိုရိုးစကားရှိတယ်မို့လား၊ ကျော်ကြားတဲ့လူတွေက ပြဿနာ တော်တော်များတယ်တဲ့၊ လူလိမ်တွေရဲ့ အသုံးချခံဖြစ်တာကို ရှောင်ရှားလို့ မဖြစ်နိုင်ဘူး”
စနစ် “......”
မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ “ဒီလူလိမ်ကို ပြင်းပြင်းထန်ထန် အပြစ်ပေး ပေးပါ့မယ်”
ပြီးနောက်သူမသည် လက်ကိုမြှောက်၍ စစ်သားများအား အဖြူရောင်ဝတ်စုံနှင့်လူငယ်အား ဆွဲခေါ်သွားရန် အမိန့် ပေးလိုက်တော့သည်။ လူလိမ်၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်သွား၏။ ကောင်းကင်ဘုံမြို့၏ ဥပဒေများမှာ အလွန်တရာ တင်းကျပ်လွန်း၏။
ဂိုဏ်းချုပ်ကျွင်း၏ နာမည်ကို အလွဲသုံးစားလုပ်၍ လူများအား လိမ်လည်ခြင်း ဆိုသည်မှာ ပြင်းပြင်းထန်ထန် အပြစ်ပေးမှုနှင့် ထိုက်တန်လှ၏။ သူ၏ လက်ကျန်ဘဝသည် ထောင်ထဲတွင်ပင် အဆုံးသတ်ကုန်ဆုံးသွားနိုင်၏။ ဤကဲ့သို့သာဖြစ်မည်မှန်းသိလျှင် သူသည် ပထမကတည်းက ဤသို့သော အပြုအမူကို ပြုလုပ်လိမ့်မည်မဟုတ်ချေ။
သို့ပေမဲ့ လူတော်တော်များများသည် ဖြစ်ပျက်လာမည့် အကြောင်းအရာများကို မစဉ်းစားကြချေ။ တစ်စုံတစ်ခုကို ပြုလုပ်ပြီးသည့်နောက်မှာတော့ နောင်တတရားဖြင့်သာ ရှင်သန်နေထိုင်သွားတတ်သည့် လူမျိုးများပင်ဖြစ်၏။ ဤအရာသည် လောက၏နိယာမပင်ဖြစ်တော့သည်။
“မင်းသမီးလေး”
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ဒီလူက ကျုပ်ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး ကျုပ်အဖြစ် အယောင်ဆောင်ခဲ့တာလေ၊ ဒီတော့ ကျုပ်ကိုယ်တိုင် အပြစ်ပေးချင်တယ်”
“ဒါက”
မင်းသမီးလေး ကြာပန်းနီသည် အချိန်အတော်ကြာ ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “ဒါဆိုလည်း ကောင်းပြီ”
“မဟုတ်ဘူး”
အဖြူရောင်ဝတ်စုံနှင့်လူငယ်က ထအော်လိုက်၏။ “မင်းသမီးလေး... ကျေးဇူးပြုပြီး ကျုပ်ကို ကောင်းကင်ဘုံမြို့ဆီ ပြန်ခေါ်သွားပါ၊ ကျုပ် ဘယ်လိုပြစ်ဒဏ်မျိုးကို ဖြစ်ဖြစ် လိုလိုချင်ချင်နဲ့ ခံယူပါမယ်”
သူသည် ကောင်းကင်ဘုံမြို့ဆီသို့ ရောက်ရှိသည်ဆိုပါက အနည်းဆုံးတော့ အသက်ရှင်နိုင်သေး၏။ ဤကဲ့သို့သော များပြားလှသည့် မိစ္ဆာဂိုဏ်းများကို သတ်ဖြတ်ခဲ့သည့်၊ ကြမ်းတမ်းလှသည့် လူတစ်ယောက်လက်ထဲသို့ ရောက်ရှိသွားမည်ဆိုပါက ကျိန်းသေပေါက် ဆိုးရွားသည့် သေဆုံးခြင်းတရားနှင့် ကြုံရမှာသေချာသည်။
မင်းသမီးလေး ကြာပန်းနီသည် သူ့အားလျစ်လျှူရှု၍ သူနှင့် ဖမ်းဆီးထားသော အဖော်များအား လွှတ်ပေးလိုက်ရန် အမိန့်ပေးလိုက်သည်။
အယောင်ဆောင်သည့်အဖွဲ့ထဲတွင်ပါဝင်သော မိသားစုခေါင်းဆောင်ရမ်သည်မှာ အစစ်အမှန် ရမ်မိသားစု၏ ခေါင်းဆောင်တစ်ယောက်မဟုတ်ပေ။ ထိုသို့ဆိုလျှင် အစစ်အမှန်တစ်ယောက်သည် ဘယ်သို့ရောက် သွားသနည်း။ သူတို့သည် ထိုသူအားဖမ်းဆီး၍ ချုပ်နှောင်ထားခဲ့ခြင်းပင်ဖြစ်သည်။
မင်းသမီးလေး ကြာပန်းနီသည် ထိုကိစ္စများကို သေသေချာချာ ဆက်လက်၍ ရှင်းလင်းခဲ့သည်။ ဤလူလိမ် အဖွဲ့သည် အလွန်တရာပင် ကျွမ်းကျင်လွန်းလှသည်။ နှစ်ယောက်သည် မိသားစုခေါင်းဆောင်များအဖြစ် အယောင်ဆောင်၍ တခြားသူများအား ငွေပေးစေရန် စဦးမြူစွယ်သည့်အလုပ်ကို ပြုလုပ်ခဲ့ကြသေးသည်။
“မင်းသမီးလေး... ကျုပ်အပြစ်ကို ဝန်ခံပါတယ်၊ ကျုပ်ကို အပြစ်ပေးပါ၊ ကျေးဇူးပြုပြီး”
ကျွင်းချောင်ရှောင်းသည် အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ ဦးခေါင်းအား လက်ဝါးစောင်းနှင့် ရိုက်ချလိုက်တော့ သည်။ ထိုသူသည် မေ့မျောသွားတော့၏။
သူပြောလိုက်မိ၏။ “အစောကြီးကတည်းက ကြောက်တတ်ရင် ဘာလို့ ငါ့နာမည်ကို အလွဲသုံးစားလုပ်ပြီး တခြားသူတွေကို လိမ်ရတာလဲ”
.........
ကွေ့လင်မြို့၏ အပြင်ဘက်တွင်တော့ မင်းသမီးလေး ကြာပန်းနီသည် မြို့၏ဂိတ်တံခါးဆီသို့ သူ့အား လိုက်ပါ ပို့ဆောင်ခဲ့၏။
“မင်းသမီးလေး”
ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါအမူအရာ ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က ကျုပ်ရဲ့နာမည်ကို အသုံးပြုပြီး တခြားသူတွေကို လိမ်တယ်ဆိုရင် ကာကွယ်နိုင်မယ့် နည်းလမ်းရှိသေးလား”
သူသည် ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို ကိုယ်တိုင်ကြုံခဲ့ရပြီးဖြစ်၏။ ထို့ကြောင့် တခြားသောသူများသည် သူ၏ နာမည်ကို အသုံးပြု၍ မိန်းကလေးများအား ဗိုက်ကြီးအောင် ပြုလုပ်လျှင် သူ့အတွက် ပြဿနာ အလွန်ကြီးမားပေလိမ့်မည်။ ကြိုတင်ကာကွယ်ထားရန် သူစဉ်းစား၍လည်း မရပေ။
မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။ “ကောင်းကင်ဘုံမြို့မှာ အနီရောင်အဆင့် အမိန့်တစ်ခုကို ထုတ်ဖော်လိုက်မယ်လေ၊ ဂိုဏ်းချုပ်ကျွင်းအစား အယောင်ဆောင်တဲ့လူတွေအားလုံး ကြီးမားတဲ့ရာဇဝတ်မှုကို ကျူးလွန်တယ်လို့ သတ်မှတ်ပြီး အပြစ်ပေးမယ်”
လက်ရှိအခြေအနေမှာ ဖြေရှင်းနည်းသည် ဤတစ်ခုသာရှိတော့၏။ ဂိုဏ်းချုပ်ကျွင်း၏ ပုံအား ရေးဆွဲ၍ နေရာအနှံ့ တွင်ချိတ်ဆွဲထားလျှင်လည်း အသုံးမဝင်လှချေ။ အဘယ်ကြောင့်ဆိုသော် လူလိမ်များသည် ဂိုဏ်းချုပ်ကျွင်း၏ ရုပ်ပုံ နှင့်တစ်ထပ်တည်းတူအောင်ပြုလုပ်၍ ဆက်လက်လိမ်လည်နိုင်နေသေးသည်။
ကျွင်းချောင်ရှောင်းသည် လိုရင်းကို ထပ်ကာ ပြောလိုက်၏။ “မင်းသမီးလေး... သံမဏိအရိုးဂိုဏ်းထဲကို တကယ်ပဲ ဝင်ဖို့ အစီအစဉ်မရှိဘူးလား။ မိန်းကလေး... ငါမင်းကို နောက်ထပ် အခွင့်အရေးတစ်ကြိမ်ပေးမယ်”
မင်းသမီးလေး ကြာပန်းနီက ယဉ်ကျေးစွာ ပြုံး၍ ပြောလိုက်သည်။ “ကျွန်မရဲ့အဖေက တံခါးပိတ် ကျင့်ကြံနေတယ်၊ သူတံခါးပိတ်ကျင့်ကြံနေတာကနေ ထွက်လာမှ ရှင့်ရဲ့ဂိုဏ်းကို ဝင်လို့ရဖို့ ခွင့်ပြုချက်တောင်းရအုန်းမှာ”
“မင်းသမီးလေးက တကယ့်ကို သမီးကောင်း ပီသတာပဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒါဆိုရင်လည်း ကျုပ်အရင်ဆုံး ထွက်သွားပါတော့မယ်”
ပြောပြီးသည့်နောက်မှာတော့သူသည် အဖြူရောင်ဝတ်စုံနှင့်လူအား လက်တစ်ဖက်ဖြင့်ဆွဲမကာ လျှိုဝမ်ရှစ်နှင့်အတူ ထွက်ခွာသွားလိုက်သည်။
မင်းသမီးလေးကြာပန်းနီသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်ရှုရန်သာ တတ်နိုင်တော့သည်။ သူမသည် အကူအညီမဲ့စွာဖြင့် ရေရွတ်လိုက်တော့သည်။ “ကျွန်မလည်း သံမဏိအရိုးဂိုဏ်ကို ဝင်ချင်တယ်၊ ဒါပေမဲ့ ကောင်းကင်ဘုံမြို့က ဦးစီးဦးဆောင် စီမံဖို့ လူတစ်ယောက်ကို လိုအပ်နေသေးတယ်လေ”