← Chapters

အခန်း (၅၃၅)

Vol. 36 Ch. 535

အခန်း (၅၃၅)

Vol. 36 Ch. 535

ဂိုဏ်းချုပ်၏ ညွှန်ကြားချက်ကို ရရှိပြီးသည့်နောက်မှာတော့ လီချင်းယန်သည် ကျောင်းသားသုံးဆယ့်ကိုးယောက် တို့၏ ဝင်ခွင့်ကိစ္စများနှင့် ပတ်သက်၍ သေသေချာချာ ပြုလုပ်ဆောင်ရွက်ပေးလိုက်၏။

“ဂိုဏ်းချုပ်ကျွင်း”

ဒေါက် ….။

ကျွင်းချောင်ရှောင်းသည် ဟုန့်လင်၏ ဦးခေါင်းအား အသာခေါက်ချလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဒီနေ့ကစပြီး မင်း ငါ့ကို ဂိုဏ်းချုပ်လို့ ခေါ်တော့”

“ကောင်းပါပြီ”

ဟုန့်လင်သည် သူ၏ ဦးခေါင်း၌ ထွက်ပေါ်လာသော ဘုကြီးကို အသာကိုင်၍ ပြောလိုက်သည်။ “ဂိုဏ်းချုပ်”

“ချင်းယန်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီတပည့်အသစ်တွေကို မင်း စီစဉ်စရာရှိတာတွေ စီစဉ်ပေးလိုက်”

“ကောင်းပါပြီ”

လီချင်းယန်သည် သူ၏ ဂျူနီယာများကို ခေါ်ဆောင်၍ အသစ်ပြန်လည် ဖန်တီးထားသော အဆောင်များတွင် နေရာချထားပေးလိုက်၏။ ၎င်းတို့အတွက် အခန်းနှင့် ဂိုဏ်းဝတ်စုံများကို စီစဉ်ပေးပြီးသည့်နောက်မှာတော့ သတိပေးလိုက်တော့သည်။ “မနက်ဖြန် မနက်ခင်း လေ့ကျင့်ရေး ကွင်းထဲမှာ စုစည်းမယ်”

“ကောင်းပါပြီ စီနီယာအစ်ကို”

ဟုန့်လင်က သွားဖြီးကာ ပြောလိုက်သည်။

လီချင်းယန် ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ကျောင်းထဲတွင် ရှိသည့် ကောင်းကင်ဘုံကျောင်းမှ ကျောင်းသားများ အားလုံးသည် ထိတ်လန့် တုန်လှုပ်စွာဖြင့် ဆွေးနွေးလျက်ရှိနေကြသည်။

“ငါတို့ လာတဲ့လမ်းမှာ တွေ့ခဲ့တဲ့ သံမဏိအရိုးဂိုဏ်းတပည့်တွေအကုန်လုံးက အရမ်းအားကောင်းတဲ့ အော်ရာတွေ ရှိနေတာပဲ။ သူတို့က စီနီယာ အစ်မ ကြာပန်းနီထက် ပိုပြီး အားကောင်းနိုင်တယ်။ အထူးသဖြင့် အတွင်းစည်းတပည့်တွေပဲ။ပြီးတော့ ဟိုတပည့်ကို အပြစ်ပေးရင်း ဘောလုံးနဲ့ကန်နေတဲ့ တပည့်က သိုင်းစစ်သူကြီး အဆင့် ရှိနိုင်တယ်။”

သံမဏိအရိုးဂိုဏ်းဆီသို့ ရောက်ရှိလာပြီးသည့်နောက်မှာတော့ ဤသခင်လေးများသည် သာမန်ထက်ပို၍ အရည်အချင်းရှိသော ဂိုဏ်းသားများအား မြင်၍ အံ့ဩနေခြင်းဖြစ်သည်။

အဆုံးသတ်မှာတော့ သူတို့သည် ဘာကောင်မှ မဟုတ်မှန်း သိရှိလိုက်ကြရ၏။

ကျွတ်။

ချူရှိုးနန်က အထင်သေးသလို ပြောလိုက်သည်။ “သံမဏိအရိုးဂိုဏ်းထဲမှာ ညံ့ဖျင်းတဲ့လူမရှိဘူးဆိုတာ ငါ မယုံနိုင်ဘူး”

ပြောပြီးသည့်နောက်မှာတော့ သူသည် အပြင်ခြံဝန်းဘက်သို့ လျှောက်ထွက်သွားသည်။

“သခင်လေးချူ ဘယ်သွားမလို့တုန်း”

“ငါနဲ့ ယှဉ်ပြိုင်မယ့်တာအို ရောင်းရင်တစ်ယောက်ကို သွားရှာမယ်လေ”

“……” အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြ၏။

“သခင်လေးချူ”

ထိုအချိန်မှာပဲ ဟုန်လင်သည် ထိပ်လန့်တုန်လှုပ်စွာ ဖြင့် ပြောလိုက်သည်။ “သတိထား”

ချူရှိုးနန်သည် ကြောင်သွားသည်။

ဘန်း ….။

သူ၏ မျက်နှာအား ဘောလုံးသည် လာရောက်ထိမှန်တော့သည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် လွင့်စင်ထွက်သွားသည်။

ဝုန်း

အားလုံးသည် သက်မချမိလိုက်ကြ၏။

“ချီးတဲ့မှ …. ချီးတဲ့မှ …”

အပြင်ဘက်ခြံဝန်းထောင့်တွင် ခွေခွေလေး ဖြစ်နေသော ချူရှိုးနန်သည် သူ၏နီရဲ၍ ရောင်ကိုင်းနေသော မျက်နှာအား အသာအုပ်ကိုင်၍ ဒေါသတကြီးဖြင့် ပြောလိုက်တော့သည်။ “ဘယ်လိုလုပ် ငါ့ကို ချောင်းပြီး တိုက်ခိုက်ရဲရတာလဲ။ဘာလို့ စည်းမျဉ်းစည်းကမ်းမရှိဘဲနဲ့ လုပ်ချင်တာတွေ လုပ်နေကြတာလဲ။”

“သခင်လေးချူ”

ဟုန့်လင် သည် တီးတိုးပြောလိုက်သည်။ “အဲဒီ သံမဏိအရိုးဂိုဏ်းသားတွေက အရမ်းအားကောင်းတယ်။သွားပြီးတော့ တိုက်ခိုက်လို့တော့ မဖြစ်ဘူး”

“ပေါက်ကရတွေ မပြောနဲ့။ ငါက ဘာလို့ အဲလောက် ညံ့ဖျင်းရမှာလဲ။ ငါသာ သွားပြီး စိန်ခေါ်ရင် ဂိုဏ်းရဲ့ အားအနည်းဆုံးလူကို ရှာပြီး စိန်ခေါ်မှာပေါ့။”

ဟင်။

ထိုအချိန်မှာပဲ ချူရှိုးနန်သည် တံခါးဝင်ပေါက်တွင် မတ်မတ်ရပ်လျက်ရှိသော တပည့်တစ်ယောက်အား မြင်လိုက်တော့သည်။ သူသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “ဟိုကောင်ကတော့ ဂိတ်စောင့်တပည့်တစ်ယောက် ဖြစ်နိုင်တယ်။ငါ့ရဲ့ စွမ်းရည်တွေကို စမ်းသပ်ဖို့အတွက် သူ့ကို အသုံးပြုရမယ်”

ပြောပြီးသည့်နောက် သူသည် မတ်တပ်ထရပ်ကာ လျှောက်သွားတော့သည်။

…….

“သက်တန့်ရောင် သူတော်စင် ဖန်တီးခဲ့တဲ့ ဂိုဏ်းဆိုတော့ တကယ့်ကို သာမန်ထက်ပိုတာပဲ။ ငါ့အနေနဲ့ ရက်အနည်းငယ် အတွင်းမှာပဲ သိုင်းဆရာ ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားနိုင်တယ်။”

ဟယ်ဝူတီသည် မိမိဘာသာ တွေးတောလျက်ရှိနေသည်။

အထက်နယ်မြေမှ ရောက်ရှိလာသောသူ ဖြစ်သည်မို့ သူသည် ကျင့်ကြံခြင်းအရာ၌ အလွန်တရာ ပါရမီရှိလှ၏။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့် သုံညထိရောက်ရှိသွားခဲ့ပြီဆိုလျှင်တောင်မှ လက်ရှိ အဆင့်သို့ ရောက်ရှိရန် အချိန်သိပ်မယူခဲ့ရပေ။

ရီရှင်းချန် ထိပ်ဆုံးအခြေအနေ၌ ရှိခဲ့တုန်းကဆိုလျှင်ပင် သူ၏ ရှေ့၌ ဘာမှ မဟုတ်သည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။

များပြားလှသော ကိစ္စရပ်များကို အတွေ့အကြုံ ရရှိပြီးသား လူတစ်ယောက်သည်မို့ ဟယ်ဝူတီသည် ဤမျှ မြန်မြန်ဆန်ဆန်နှင့် အဆင့်တက်နေခြင်းသည် တစ်ခြားလူများကို သံသယဝင်စေနိုင်ပြီး သူ့အား ဒုက္ခရောက်စေမည်ကို သိရှိ၏။ ထို့ကြောင့် သူသည် သူ၏ အဆင့်ကို ဖုံးကွယ်ထားသည့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို အမှီပြု၍ အမြဲတမ်းအသုံးပြုထားလျက်ရှိသည်။

အားလုံး၏ အမြင်မှာတော့ သူ၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းဆရာ အဆင့်ခြောက်သာ ဖြစ်သည်။

သူသည် ဘာတစ်ခုမှကို မဖုံးကွယ်ဘဲ မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ကို မပြသချင်သလို နိမ့်ပါးလှသည့် ပါရမီအရည်အချင်းသာ ရှိသော နိမ့်ကျသည့် ကျင့်ကြံခြင်းအဆင့်ထိလည်း သိုဝှက်မထားချင်ပေ။ သူသည် ဦးနှောက်ရှိလှသူ ဖြစ်၏။

မဟုတ်ပါက ဂိုဏ်းချုပ်သည် သူ့အား အလွန်ထက်မြက်သည်ဟုလည်း တွေးနေနိုင်သလို အလွန်တုံးအသည်ဟုလည်း တွေးထင်သွားနိုင်သည်။

တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်၍ ထားနိုင်သော ကျင့်ကြံခြင်း နည်းစနစ်အား ဟယ်ဝူတီသည် အလွန် အပြင်းအထန် ပြန်လည်စဉ်းစား၍ ကျင့်ကြံခဲ့ရသူဖြစ်သည်။

အထက်နယ်မြေတွင် ကျင့်ကြံသင်ယူခဲ့ရသော သိုင်းနည်းစနစ်များအားလုံးသည် လက်ရှိ ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ အသုံးပြု၍ မရချေ။ ထို့ကြောင့် သူ့အနေနှင့် ကျင့်ကြံခြင်းနည်းစနစ်များကို အသုံးပြုချင်သည် ဆိုပါက အနည်းငယ် ပြန်လည်၍ ပြင်ဆင်ရပေလိမ့်မည်။

ဟယ်ဝူတီ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။

ဟေး

ရုတ်တရက်ဆိုသလိုပဲ အသံတစ်ခု ကြားလိုက်ရ၏။

“ဂိတ်စောင့် ငါတို့ နည်းနည်းလောက် လက်ရည်စမ်းလိုက်ကြရင် ဘယ်လိုလဲ”

“ဂိတ်စောင့်ဟုတ်လား”

ဟယ်ဝူတီကြောင်သွားသည်။ သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ချက်ချင်းဆိုသလိုပဲ မဲမှောင်သွားသည်။

“ဂျူနီယာညီလေး”

သူသည် ခေါင်းကိုလှည့်ကာ ပြောလိုက်သည်။ “မှတ်ထား ငါက နောက်ဆုံးတပည့်ပဲ။ ဂိတ်စောင့် မဟုတ်ဘူး”

“နောက်ဆုံးတပည့်ဟုတ်လား”

“ငါတို့ ဝင်လာတဲ့အချိန် နောက်ဆုံးမှ တံခါးပိတ်ရတာကို နောက်ဆုံးတပည့်လို့ခေါ်တာလား”

ဟား ဟား ဟား။

ချူရှိုးနန်သည် မည်သို့မှ မနေနိုင်တော့ဘဲ အားရပါးရ ထရယ်လိုက်သည်။ “ဒါကနောက်ဆုံးတပည့်ပဲ”

“ဒါက ငါ့ကို လှောင်နေဝာာလား။ ဂျူနီယာညီလေး ….”

တပည့်အသစ်သည် သူ့အား လှောင်ပြောင်လျက်ရှိသည်။ ထိုအရာသည် သည်းခံနိုင်လောက်သည့် အရာ မဟုတ်ပေ။

ဟယ်ဝူတီသည် ရှေ့သို့ လှမ်းတက်သွားပြီး ချူရှိုးနန်၏ လည်ပင်းအင်္ကျီကုပ် အား သူ၏ လက်ကြီးဖြင့် ဆွဲကိုင်ကာ လက်သီးဖြင့် အားရပါးရ ထိုးနှက်တော့သည်။

ဘုန်း …. ဘုန်း

လက်သီးချက်တစ်ခုချင်းစီတိုင်းသည် အလွန်တရာ ကြမ်းတမ်းလွန်းလှ၏။

အဝေးတစ်နေရာတွင် မတ်တပ်ရပ်လျက်ရှိသော ဟုန့်လင် နှင့် အားလုံးတို့သည် ထိတ်လန့်တုန်လှုပ်သောကြောင့် မေးရိုးများပင် ပြုတ်ကျလုမတတ်ဖြစ်ကြသည်။

သံမဏိအရိုးဂိုဏ်း၏ နောက်ဆုံး တံခါးပိတ်ခြင်းကို တာဝန်ယူရသော တပည့်သည်ပင် ဤမျှအားကောင်းလျက် ရှိနေ၏။

ဟမ်။

အဓိကဟောခန်းထဲမှ လျှောက်ထွက်လာသော ကျွင်းချောင်ရှောင်းသည် ဟယ်ဝူတီ အား ကြည့်ကာ ပြောလိုက်သည်။ “ဒီကောင်လေးရဲ့ အော်ရာတွေက နည်းနည်း အားကောင်းလာတာပဲ”

ဂိုဏ်းထဲတွင် တပည့်တွေ အများအပြားရှိသောကြောင့် သူသည် အားလုံးအား အချိန်ပြည့် မကြည့်ရှုနိုင်ပေ။ ထို့ကြောင့် တပည့်တော်တော်များများ၏ သိုင်းကျင့်ကြံခြင်းအဆင့်များအား သေချာမသိပေ။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “ဂျူနီယာညီဟယ်က အခု သိုင်းဆရာ အဆင့်ခြောက်အဆင့်ကို ရောက်ရှိသွားပြီ။”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “သူတိုးတက်လောက်တာ ဒီလောက်မြန်လား”

သိုင်းကျင့်ကြံခြင်း နည်းစနစ်နှင့် ပစ္စည်းပစ္စယများအားလုံးကို ပံ့ပိုးထားသည်ဆိုသော်လည်း တစ်စုံတစ်ယောက် အနေနှင့် မှတ်ဉာဏ်များ ပျောက်ဆုံးပြီး ကြိုးစားချိန်တွင် ထိုသို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် အဆင့်တက်နေသည်ဆိုသည်မှာ သံသယဖြစ်စရာ ကောင်းလွန်းလှ၏။

စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ ဒီတပည့်က ရှီရှင်းချန်နဲ့ တူတူပဲ။ သူက နတ်ဘုရားအဆင့် အထက်ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံတဲ့ပုံပေါ်တယ်။”

“ဒီလိုဖြစ်နိုင်တယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ မျက်မှန်အား ထုတ်ယူ၍ ဟယ်ဝူတီအား ကြည့်ရှုလိုက်တော့သည်။

ကျင့်ကြံခြင်းအဆင့် - သိုင်းဆရာ အဆင့်ကိုး။

စိတ်ဝိညာဉ်အမြစ်- အထူးနတ်ဘုရားစွမ်းအင် စိတ်ဝိညာဉ်အမြစ်။

အားအင်အဆင့် - ဂျင်သုံးသောင်း။

ပင်ကိုယ်စွမ်းရည်အမြစ် ဆိုသည့်နေရာကို ကြည့်လိုက်ချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် အံ့အား သင့်သွားသည်။

“နတ်ဘုရားအဆင့်ထက် မြင့်တဲ့ စိတ်ဝိညာဉ်အမြစ်ဆိုတာ ရှိသေးတာလား”

စနစ်က ပြောလိုက်သည်။ “ကြယ်‌ကြွေကုန်းမြေတိုက်ကြီးရဲ့ စိတ်ဝိညာဉ်အမြစ်တွေရဲ့ အမြင့်ဆုံးအဆင့်က နတ်ဘုရား စိတ်ဝိညာဉ်အမြစ်ပဲ။”

“ဒါဆိုရင် အထူးနတ်ဘုရား အဆင့်ဆိုတာ ဘာကို ဆိုလိုတာလဲ”

“သူက လက်ခံသူလိုပဲ ဖြစ်လိမ့်မယ်။ဒီကမ္ဘာက မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “သူကလည်း ဝိညာဉ်ကူးပြောင်းလာတာ ဟုတ်လား”

“ဒီလိုမျိူ အထူးနတ်ဘုရား စိတ်ဝိညာဉ်အမြစ်ဆိုတာ အထက်နယ်မြေတွေမှာပဲ ရှာဖွေတွေ့ရှိနိုင်တာ။သူက ကျိန်းသေပေါက် အထက်ကမ္ဘာတစ်ခုခုက ဖြစ်လိမ့်မယ်”

ကျွင်းချောင်ရှောင်း တိတ်ဆိတ်သွားမိ၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ ရောက်ရှိလာခဲ့တာ ကြာမြင့်ပြီးသည့်နောက်မှာတော့ သူသည် တစ်ခြားနေရာတွင်လည်း များပြားလှသော ဂြိုလ်များရှိကြောင်း သိရှိနားလည်ပြီးဖြစ်၏။

ကျယ်ပြောလှသော စကြာဝဠာကြီးတွင် အထက်အဆင့် ဂြိုလ်များအားလုံး တည်ရှိနေပြီး ထိုအရာအားလုံးကို အထက်ကမ္ဘာဟု ခေါ်ဆိုကြသည်။

စနစ်မှ ပေးခဲ့သော အဓိက တာဝန်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ပြိုင်စံရှား ဂိုဏ်းတစ်ခု ဖြစ်ရန်ဆိုသည်ကပင် တော်သေးသည်ဟု ဆိုရမည်။

စကြာဝဠာတစ်ခုလုံးတွင် အားအကောင်းဆုံး ပြိုင်စံရှား ဂိုဏ်းတစ်ခုဆိုပါက သူ့အနေနှင့် ဘာမှ လုပ်မနေဘဲ သေသည့်အချိန်ထိ ထိုင်နေလိုက်ရုံသာ ရှိတော့သည်။

“ဒါ မဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သက်ကာ ပြောလိုက်သည်။ “သူ့ရဲ့ အော်ရာတွေက သိုင်းဆရာအဆင့်ခြောက်ပဲရှိတာ သူက ဘာလို့ သိုင်းဆရာ အဆင့်ကိုး ဖြစ်နေရတာလဲ”

“သူက ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားနိုင်တဲ့ နည်းစနစ်တစ်ခုခုကို အသုံးပြုထားတာ ဖြစ်ရမယ်။” စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “တကယ်လို့ ငါ့ရဲ့ စိတ်ဝိညာဉ်ဖြန့်ကျက် အာရုံခံနိုင်ခြင်းကနေ ဖုံးကွယ်ထားနိုင်တဲ့ ကျင့်ကြံခြင်း နည်းစနစ်ဆို အရမ်းကို ဆန်းကြယ်လိမ့်မယ်။ ဂိုဏ်းရဲ့ ဂုဏ်သတင်းက ကြီးမားလာတယ်ဆိုပေမယ့် တစ်ခြားသူတွေ အတွက် သံသယဖြစ်စရာရှိနေပြီ။ ဒီတော့ ငါနဲ့ ငါရဲ့ တပည့်တွေ သာ ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားနိုင်တယ်ဆိုရင် အခြားသူတွေအတွက် ထိပ်လန့်တုန်လှုပ်စရာ မဟုတ်တော့ဘူး။ သံသယဝင်စရာ မရှိတောာ့ဘူး”

အချိန်တိုအတွင်း အလိုအမင်း အားကောင်းလာခြင်းသည် အဓိက အင်အားစုကြီးများ၏ မေးခွန်းထုတ်ခြင်းကို ခံရနိုင်သည်။

သူတို့ အနေနှင့် မည်သည့် ပြဿနာမှ မရှိသည်မှာ တစ်ခြားသူများ၏ အာရုံစူးစိုက်မှုကို အလုံးစုံ မခံရသေးသောကြောင့်ပင်ဖြစ်သည်။ အနာဂတ်တွင် သူတို့၏ ဂုဏ်သတင်းသည် ပိုမို၍ မြင့်မားလာတော့မှာ ဖြစ်သည်။ ထိုသို့ဆိုလျှင် တစ်ခြားသော သူများ၏ အာရုံစူးစိုက်မှုကို အထူးခံရနိုင်၏။

ဂိုဏ်း၏ တပည့်များအနေနှင့် ကျင့်ကြံခြင်း အဆင့်ကို လက်ခံနိုင်လောက်သော အဆင့်အဖြစ် ဖိနှိပ်ထားနိုင်သည် ဆိုလျှင် ထိခိုက်ခံစားရသည်ထက် အကျိုးကျေးဇူးက ပို၍ များပြားပေလိမ့်မည်။

……..

ဂိတ်တံခါး၏ ရှေ့မှာတော့ ဂိုဏ်း၏ အားအနည်းဆုံးလူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် စဉ်းစားခဲ့သော ချူရှိုးနန်သည် ပြာနှမ်းနေအောင် ရိုက်နှက်ခံရသည်။ သူသည် အသက်ရှင်ချင်စိတ် မရှိတော့သည်အထိပင် ရိုက်နှက် ခံခဲ့ရခြင်း ဖြစ်သည်။

ဤအရာသည်မှာလည်း ထိုက်တန်သည်ဟု ဆိုရမည်။

အဘယ်ကြောင့်ဆိုသော် လူပေါင်းများစွာ ရှိသည့် အထဲမှ ဟယ်ဝူတီကို တွေ့အောင် ရှာဖွေခဲ့မိ၏။

ဟယ်ဝူတီ၏ ကျင့်ကြံခြင်းအဆင့်သည် ဂိုဏ်းထဲတွင် အမြင့်မားဆုံးမဟုတ်သော်လည်း ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်မှာတော့ ကျိန်းသေပေါက် အကောင်းဆုံး ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်း အဆင့်သည် တစ်ဆင့် နိမ့်နေသည်ဆိုလျှင်တောင်မှ ဤမောက်မာလှသော သခင်လေးအား ကျောင်းမှန်းကန်မှန်းသိသွားအောင် ကောင်းကောင်း ပညာပြနိုင်၏။

“အရမ်းကောင်းတယ်”

အဓိက ဟောခန်း၏ရှေ့တွင် မတ်တပ်ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် အားရပါးရ ပြုံး၍ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဟယ်ဝူတီ ဒီကို ခဏလာပါအုံး”

ဂိုဏ်းချုပ်၏ မျက်နှာပေါ်ရှိ အလွန်ထူးဆန်းသော အပြုံးကို မြင်လိုက်ချိန်မှာတော့ ဟယ်ဝူတီသည် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်မိ၏။

All Chapters