← Chapters

အခန်း (၅၃၈)

Vol. 36 Ch. 538

အခန်း (၅၃၈)

Vol. 36 Ch. 538

အတွင်းစည်းတပည့် အယောက်နှစ်ဆယ်။ လုချင်းချင်းတစ်ယောက်သာ မပါပေ။

သို့ပေမဲ့ ကျင်းဝူကူးသည် တခြား သူများကို ရွေးချယ်၍ ရသော်လည်း ရီရှင်းချန်ကို ရွေးချယ်လိုက်၏။

ဤအရာသည် ညအင်ပါယာအား အမှန်ပင် ဒေါသထွက်စေသည်။ သူသည် အတွင်းစည်းတပည့်များ အားလုံးထဲတွင် အားအနည်းဆုံးဟု တစ်ဖက်လူက ထင်နေသည်လား။ မဟုတ်ပေ။

တကယ်တမ်းမှာတော့ ကျင်းဝူကူးသည် ရီရှင်းချန်မှာ အလွန်တရာ အားကောင်း လှသော ပါရမီရှင်တစ်ယောက်မှန်း အလိုလို သိနေ၏။ သူ့အနေနှင့် ဤနေရာသို့ ရောက်ရှိလာသည် ဆိုခြင်းမှာ အားအကောင်းဆုံးလူကို စိန်ခေါ်ရန်ပင်ဖြစ်တော့သည်။

မည်မျှ ယောက်ျားပီသလိုက်သနည်း။ သတ္တိမှာလည်း အလွန်တရာ ကြီးမားလွန်း လှသည်။

“မင်း သေချာရဲ့လား” ရီချင်းရှန်သည် တီးတိုးမေးလိုက်၏။

ကျင်းဝူကူးက ပြောလိုက်၏။ “သိပ်သေချာတာပေါ့”

“ကောင်းပြီ” ရီချင်းရှန် လျှောက်ထွက်လာသည်။

“ဂျူနီယာ ညီလေးရီ”

စုရှောင်မို တီးတိုးပြောလိုက်၏။ “သက်တောင့်သက်သာလုပ်နော်၊ သူ့ကို ဒုက္ခိတမဖြစ်စေနဲ့”

“ဟုတ်တယ်”

လီဖေးက ပြောလိုက်၏။ “သူက ကောင်းကင်ဘုံကျောင်းက ကျောင်းသားတစ်ယောက်လေ၊ ဒီတော့ နည်းနည်းတော့ မျက်နှာသာပေးမှ ဖြစ်မယ်”

ရီချင်းရှန်သည် သိုင်းလေ့ကျင့်ရေးကွင်း အလယ်တွင် မတ်တပ်ရပ်ပြီး ကျင်းဝူကူးအား အထင်အမြင်သေးသလို ကြည့်လိုက်၏။ ဤအကောင်သည် သိုင်းစစ်သူကြီးအဆင့်နှစ်သို့ အခုမှ ဝင်ရောက်လာသူဖြစ်သည်။ မည်သို့သော သတ္တိမျိုးကို ပိုင်ဆိုင်ထား၍ သူ့အား လာရောက်စိန်ခေါ်နေသနည်း။ အနိုင်ကျင့်ခံရခြင်းဆိုသော စကားလုံးအား စာလုံးမပေါင်းတတ်သောကြောင့်ပင်ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် သေသေချာချာ တစ်ခုချင်းစီ သင်ပြပေးမှ ဖြစ်တော့မည်။

“မင်းစလို့ရပြီ”

ရီချင်းရှန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ သူ၏ အသံသည် ခံစားချက်မဲ့သည် လူသတ်သမားတစ်ယောက်ကဲ့သို့ အေးစက်လွန်းလှသည်။

“ကျေးဇူးပြုပြီး”

ကျင်းဝူကူးသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ သူပြောပြီးပြီးချင်းမှာပဲ သူ၏ မျက်စိသူငယ်အိမ်များသည် ရုတ်တရက် ကျုံ့ဝင်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏မျက်လုံးထဲတွင် ရီချင်းရှန်၏ ကြီးမားလှသော လက်သီးကျဆင်းလာသည်ကိုသာ မြင်လိုက်ရ၍ဖြစ်သည်။ အလွန်တရာ မြန်ဆန်လွန်းသောကြောင့် သူ့အနေနှင့် ရှောင်ရှားရန် အခွင့်အရေးပင် မရခဲ့ပေ။

ဘုန်း

သိုင်းလေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးတွင် ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာ၍ မြေပြင်တွေမှာလည်း တုန်ခါသွားကြသည်။ ဖုန်များ တစ်ထောင်းထောင်းပင် ဖြစ်ကုန်သည်။

ချူရှိုးနန်၊ ဟုန့်လင်နှင့် တခြားသောသူများ အားလုံးသည် မျက်လုံးပြူးသွားကြ၏။ သူတို့၏ အမြင်ထဲမှာတော့ ကျင်းဝူကူးသည် မြေပေါ်တွင်လဲလျက်ရှိသည်။ ရီချင်းရှန်သည် ကျင်းဝူကူး၏ လည်ကုပ် ကို လက်တစ်ဖက်ဖြင့် ဖမ်းကိုင်၍ အေးစက်စက် ပြောလိုက်သည်။ “ကောင်လေး... ဒီလောက်နည်းပါးလှတဲ့ အားအင်လေးနဲ့ ငါ့ကိုစိန်ခေါ်ဖို့ ဘယ်သူကမင်းကို သတ္တိပေးထားတာလဲ”

အလွန်တရာအားကောင်းလှပေသည်။

လှုပ်ရှားမှုတစ်ကွက်ထဲ နှင့် ကျောင်း၏ သူရဲကောင်းစာရင်းအဆင့်တစ်ဆယ် တွင်ချိတ်သော စီနီယာအား မြေပေါ်သို့လဲကျအောင် တိုက်ခိုက်ခဲ့သည်။

ကျင်းဝူကူး၏ မျက်နှာသည် ပျက်ယွင်း သွား၏။ သူ၏နှလုံးသားထဲမှတော့ အကြိတ်အခဲများ ဖြစ်လို့နေသည်။ ထိုအချိန်မှာတော့ ရီချင်းရှန်သည် သူ၏ရှေ့၌ လူ့ဘီလူးကြီးတစ်ကောင်လို ဖြစ်လို့နေသည်။ သူ့မှာတော့ အားနည်းလွန်းလှသည့် ပုရွက်ဆိတ်လေးတစ်ကောင် လိုပင်။

ရီချင်းရှန်သည် သူ၏လက်ကို အသာမြှောက်၍ ကျင်းဝူကူးအား ခြေထောက်မှဆွဲကိုင်၍ မြေပြင်နှင့် ရိုက်ချ လိုက်တော့၏။

ဘုန်း ဘုန်း ဘုန်း

မြေပြင်တစ်ခုလုံး တုန်ခါလျက်ရှိနေသည်။ ထွက်ပေါ်လာသောအသံများသည် တပည့်သစ်များ၏ နှလုံးသားများ အား တုန်ခါသွားစေသည်။

ဤစီနီယာသည် အနည်းငယ်တော့ ရက်စက်ကြမ်းတမ်းလွန်းလှ၏။ အစောပိုင်းတုန်းက လက်ရည်ချင်းယှဉ်ပြိုင်ရန် အခြားသောတပည့်များကို လိုက်ရှာခဲ့သည့် ချူရှိုးနန်သည် နောက်ဆုံးတပည့်နှင့် ရင်ဆိုင် တွေ့ခဲ့သည်ကို ကံကောင်းသည်ဟုပင် ထင်မှတ်နေသည်။ တကယ်တမ်း သူသည်သာ ရီချင်းရှန်အား သွားရောက် စိန်ခေါ်ခဲ့မည်ဆိုပါက ယခုထက်ဆိုးသည့်အခြေအနေမျိုးကို ရင်ဆိုင်ရမှာ သေချာ၏။

ညအင်ပါယာသည် စကားသိပ်ပြောတတ်သော လူမျိုးမဟုတ်ပေ။ အကြိမ် အနည်းငယ်လောက် ရိုက်နှက်ပြီး သည့်နောက်မှာတော့ ကျင်းဝူကူးသည် လေ့ကျင့်ရေးကွင်းပြင်အလယ်ထဲတွင် လဲလျောင်းလျက် ရှိနေတော့သည်။ သူ၏ ပါးစပ်ထဲမှ အမြှုပ်များ ထွက်လျက်ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တဆတ်ဆတ်နှင့် တွန့်လိမ် နေ၏။ သူ၏ချောမောလှသော မျက်နှာတစ်ခုလုံးသည် ဝက်ခေါင်းကဲ့သို့ ရောင်ကိုင်းနေပြီဖြစ်သည်။

စုရှောင်မိုသည် ခေါင်းကို ယမ်းခါလိုက်၏။ “ညီငယ်လေး... မင်း ငါ့ကိုရွေးမယ်ဆိုရင်တောင်မှ ဒီလိုမျိုး ပက်ပက်စက်စက် ရိုက်နှက်ခံရမှာ မဟုတ်ဘူး၊ ရှုံးတယ် ဆိုရင်တောင်မှ သက်တောင့်သက်သာနဲ့ ရှုံးသေးတယ်”

“ဂိုဏ်းချုပ်”

ရီချင်းရှန်သည် အသာလှည့်ကာ ပြောလိုက်၏။ “ဒီလို အမှိုက်တွေ လာပြီး စိန်ခေါ်တာမျိုးကို တပည့် မတိုက်ခိုက်ချင်ဘူး၊ ဒါက ကျင့်ကြံဖို့အတွက် အချိန်ကို ဖြုန်းနေတာနဲ့ အတူတူပဲ”

ဟုန့်လင်၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။ သူရဲကောင်းစာရင်းတွင် အဆင့်တစ်ဆယ်ချိတ်သော ကျင်းဝူကူး သည်ပင် ပြန်လည်တိုက်ခိုက်ဖို့အခွင့်အရေးမရဘဲနှင့် ထိုကဲ့သို့ ရိုက်နှက်ခံခဲ့ရသည်။ အကယ်၍ ထိုသူရဲကောင်း စာရင်းနံပါတ်တစ်တွင်ရှိသော စီနီယာ ရောက်ချလာပြီး တိုက်ခိုက်မည်ဆိုလျှင်လည်း ကျိန်းသေပေါက် ရှုံးနိမ့်မှာ သေချာသည်။

ကောင်းကင်ဘုံမြို့ထဲတွင် ချောင်းနေသောကျားနှင့် ပုန်းနေသောနဂါးများ ရှိသည်ဟု ပြောဆိုကြသည်။ သို့ပေမဲ့ လက်ရှိကြည့်ရသည်မှာ သံမဏိအရိုးဂိုဏ်းတွင်သာ တကယ်ရှိနေခြင်း ဖြစ်ပေလိမ့်မည်။

“အဖေ …. အမေ ကျွန်တော် နေရာရွေးမှန်ခဲ့ပြီ”

.........

ပက်ပက်စက်စက် ရိုက်နှက်ခံနေရသော ကျင်းဝူကူးသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် အချိန်အတော်ကြာ လဲလျောင်းနေလျက်ရှိသည်။ စုရှောင်မိုနှင့် တခြားသူများအားလုံးသည်လည်း ထိုသူတို့အား လျစ်လျှူရှု၍ လုပ်စရာရှိသော ကိစ္စရပ်များကို သွားရောက်လုပ်ဆောင်ခဲ့တော့သည်။

ကျင်းဝူကူးသည် မြေပေါ်တွင် တစ်ယောက်တည်း ထီးထီးကြီး ကျန်ခဲ့တော့သည်။

“ဒါက ငါ့ရဲ့သံမဏိအရိုးဂိုဏ်း တပည့်တွေပဲ”

ကျွင်းချောင်ရှောင်းသည် ကျင်းဝူကူးပေါ်သို့ ကျနေသော နေရောင်များအား အသာကာပေးလိုက်ပြီး ဦးခေါင်းကို ငုံ့ကာ ပြောလိုက်၏။ “မင်း မြင်ပြီလား”

“မြင်… မြင်ပါပြီ”

ကျွင်းဝူကူးသည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။

“အရမ်းအားကောင်းတယ်”

သူသည် ရှုံးနိမ့်ပြီး ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရသည်ဆိုသော်လည်း သတ္တိတော့ မကြောင်ပေ။ ထိုအစား သူ၏ မျက်နှာပြင်ပေါ်မှာတော့ အလွန်တရာ စိတ်လှုပ်ရှားသည့်အမူအရာများ ပေါ်ပေါက်နေသည်။ သူသည် အသားနာ သည်ကိုနှစ်သက်သည့် သူတစ်ယောက်ပင် ဖြစ်နေသည်လား။

မဟုတ်ပေ။ ကျင်းဝူကူးသည် အစစ်အမှန် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ သူသည် ရှုံးနိမ့်သွားသည်ဆိုသော်လည်း သူ၏ အစစ်အမှန် အားအင်အဆင့်ကို နားလည် နိုင်ခဲ့၏။ သူသည် ပိုမို၍ အားကောင်းချင်စိတ်များ ထိုးထွက်လာတော့သည်။ လူတချို့သည် ဤကဲ့သို့သော ရိုက်နှက်ခံရပြီးသည့် နောက်မှာတော့ ပြန်လည်မထနိုင်တော့လောက်အောင် စိတ်နှလုံးများ ထိခိုက်ပြီး ဘဝတစ်ခုလုံး ကျိုးပျက်သွား တော့သည်။ သို့ပေမဲ့ တချို့သောသူများမှာတော့ သတ္တိများဖြစ်လာပြီး ပြန်လည်၍ နိုးထနိုင်ခဲ့သသည်။ သူသည် ဒုတိယအမျိုးအစား လူတစ်ယောက် ဖြစ်လေသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒါဆိုရင် ပြန်လည်အားကောင်းလာတဲ့အထိ ဂိုဏ်းထဲမှာ နေဖို့အတွက် မင်းကို ခွင့်ပြုတယ်၊ ဒဏ်ရာတွေ ပြန်ပြီး ကောင်းသွားရင် ဆက်ပြီးတော့ စိန်ခေါ်ပေါ့”

“ကျေး …. ကျေးဇူးအများကြီးတင်ပါတယ်”

ကျင်းဝူကူးသည် ဖျစ်ညှစ်ကာ ပြုံးလိုက်၏။ လူတစ်ယောက်တည်း ကို စိန်ခေါ်ခြင်းသည် ဤသို့ခရီးထွက်လာခြင်း၏ ရည်ရွယ်ချက်မဟုတ်ဘဲ သူရည်ရွယ်ထားသည်မှာ မတူညီသော ယှဉ်ပြိုင်ဘက်များကို စိန်ခေါ်၍ တိုက်ခိုက်ရန်ပင် ဖြစ်သည်။ သူ့အနေနှင့် အလုံးစုံ ရိုက်နှက်ဖိနှိပ်ခြင်းကို ခံခဲ့ရသည်ဆိုလျှင်တောင်မှ မတ်မတ်ပြန်၍ ထနိုင်ရမည်။ သိုင်းကျင့်ကြံသူတစ်ယောက် အနေနှင့် ဘယ်တော့မှ အရှုံးပေး၍ မဖြစ်ချေ။

.......

ရီချင်းရှန်သည် ကြမ်းတမ်းလှသည် ဆိုသော်လည်း အဓိက အသက်သေစေနိုင်သော နေရာများကို ရှောင်ရှား၍ တိုက်ခိုက်သွားခဲ့သည်။ နှစ်ရက်ခန့် ကြာပြီးသည့်နောက်မှာတော့ ကျင်းဝူကူးသည် ပြန်လည်ကောင်းမွန်လာခဲ့ပြီး ဖြစ်သည်။

“ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါ”

လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ သူသည် လက်သီးဆုပ်ကာ ပြောလိုက်၏။ စုရှောင်မိုသည် လှေကားထစ် လက်ရမ်းတွင်ထိုင်ကာ ပြောလိုက်၏။

“ဒဏ်ရာက ပြန်ကောင်းမွန်လာပြီးပြီးချင်း ထပ်ပြီးစိန်ခေါ်တယ်ဆိုတော့ ဒီကောင် ရူးများနေတာလား”

“ကျေးဇူးပြုပြီး လုပ်ပါ”

ထျန်းချီသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ နောက်ဆုံးမှာတော့ အသေးစိတ် ဖော်ပြနေစရာပင် မလိုချေ။ ကျင်းဝူကူးသည် ထျန်းချီ၏ ပြိုင်ဘက်တစ်ယောက် မဟုတ်ပေ။ ကံကောင်းစွာဖြင့် သူသည်ဆိုးဆိုးရွားရွား ရိုက်နှက် မခံရပေ။ သို့ပေမဲ့ သူသည် လုံကျိရန်အား ထပ်မံစိန်ခေါ်ခဲ့၏။

ဘန်း

တိုက်ပွဲစသည်နှင့်တပြိုင်နက် လက်တောင်မလှုပ်ရှားရသေးချေ။ နောက်ဘက်သို့ လွှင့်စင်၍ ရှုံးနိမ့်သွားခဲ့တော့ သည်။

“တောင်းပန်ပါတယ်”

လုံကျိရန်သည် လက်သီးကို အသာရုတ်ကာ ပြောလိုက်၏။ “အားနည်းနည်း များသွားတယ်”

ဘန်း …. ဖောင်း ဘန်း ဖောင်း …။

ကျင်းဝူကူးသည် ဆက်လက်၍ စိန်ခေါ်လျက်ရှိသည်။ အဆုံးသတ်မှာတော့ သူသည် ဆယ့်ကိုးပွဲတိတိ စိန်ခေါ်ခဲ့ပြီး ဆယ့်ကိုးပွဲလုံး ရှုံးနိမ့်ခဲ့သည်။ အားလုံး ရှင်းရှင်းလင်းလင်း ရှုံးနိမ့်ခြင်းပင်ဖြစ်ရမည်။

ချူရှိုးနန်၊ ဟုန့်လင်နှင့် တခြား သူများအားလုံးသည် အတွင်းစည်းတပည့်များမှာ အလွန်တရာ အားကောင်းသောသူများ ဖြစ်ကြောင်း နားလည် လိုက်မိ၏။

“မင်းဆက်ပြီးတော့ စိန်ခေါ်ချင်သေးလား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

ကျင်းဝူကူးသည် မနည်း ရုန်းကန်ထကာ ခေါင်းကို မတ်မတ်ထားပြီး ပြောလိုက်သည်။ “တိုက်ခိုက်မယ်”

“လီထျန်းထျန်း”

“ရှိပါတယ်”

“သူနဲ့တိုက်ခိုက်လိုက်”

“ကောင်းပါပြီ”

အတွင်းစည်းတပည့်များနှင့် မလုံလောက်ပါက အပြင်စည်းတပည့်များလည်း အဆင်သင့်ရှိလို့နေသည်။ လီထျန်းထျန်းသည် သိုင်းစစ်သူကြီးအဆင့်သို့ အခုမှ ဝင်ရောက်လာစဖြစ်သည်။ သူ၏ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်သည် ကျင်းဝူကူးလောက် မကောင်းလှဘူးဆိုသော်လည်း ကျင်းဝူကူးအား ပြန်လည် မတိုက်ခိုက် နိုင်သည်အထိ ရိုက်နှက်နိုင်နေ၏။

တခြားသော အပြင်စည်းဂိုဏ်းတပည့်များ အားလုံးသည်လည်း စိန်ခေါ်မှုကို လက်ခံခဲ့ ကြသည်။ ကျင်းဝူကူးမှာတော့ အမြဲတမ်းရှုံးနိမ့်လျက် ရှိနေတော့သည်။ ပို၍ ဆိုးရွားသည်မှာ သူသည် သိုင်းဆရာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူများကိုပင် ရှုံးနိမ့်ခဲ့ခြင်းပင်ဖြစ်သည်။

ဘုန်း

သူသည်အလွန်တရာနာကျင်လှသော ခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း အပြင်ဘက်ဂိတ်တံခါး၏ လှေကားရင်းတွင် အားပျော့စွာဖြင့် ထိုင်လျက်ရှိသည်။ တိုက်ခိုက်လိုသော စိတ်ဆန္ဒနှင့် အမြဲပြည့်နှက်လျက်ရှိသော သူ၏မျက်လုံး များမှာတော့ အရောင်အဆင်းမဲ့လျက် ရှိနေပြီဖြစ်သည်။

လူတစ်ယောက်၏ စိတ်နှလုံးများ အားကောင်းလွန်းသည် ဆိုခြင်းမှာလည်း အကန့်အသတ်နှင့်ရှိ၏။

“ကျွန်တော်”

ကျင်းဝူကူးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ နာကျင်စွာ ပြောလိုက်၏။ “ကျွန်တော်က ဒီလောက် အားနည်းတာလား”

“ဒါက မင်းအားနည်းတာ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် အသာလျှောက်ကာ ကျင်းဝူးကူး၏ ဘေးတွင် ထိုင်လိုက်၏။ ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ စီးကရက်ကို ထုတ်ယူ၍ အခိုးအငွေ့များ မှုတ်ထုတ်ကာ စတိုင်ကျကျ ပြောလိုက်၏။ “သူတို့က အရမ်းအားကောင်းလွန်းနေတာ”

သံမဏိအရိုးဂိုဏ်းတပည့်များသည် ဆိုးရွားသော ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်ရှိသည်ဆိုလျှင်တောင်မှ အလွန်တရာ များပြားလှသော အရင်းအမြစ်နှင့် ပစ္စည်းပစ္စယများ အကူအညီဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းသော ကျင့်ကြံသူများ ဖြစ်လာကြသည်။ ထိုသို့သော လူများကို ကောင်းကင်ဘုံကျောင်းမှ သာမန်ပါရမီရှင် များသည် မည်သို့ အနိုင်ယူနိုင်မည်နည်း။

“ဟုတ်တယ်”

ကျင်းဝူကူးသည် ဦးခေါင်းကို ငုံ့ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ တပည့်တွေအကုန်လုံးက အားကောင်းလွန်းတယ်၊ ကျုပ် ထပ်ပြီးတော့ လေ့ကျင့်ဖို့ သတ္တိတွေ မရှိလောက်သည်အထိ သူတို့က အားကောင်းလွန်းတယ်”

ကျွင်းချောင်ရှောင်းသည် ထိုသူ၏ ပခုံးကို အသာပုတ်ကာ ပြောလိုက်သည်။ “မင်းက အားနည်းတယ်ဆိုတာ ဆရာတစ်ယောက်ယောက်ရဲ့ လမ်းညွှန်မှုကို လိုအပ်နေလို့ပဲ၊ မဟုတ်ရင် မင်းရဲ့ ချိုးဖြတ်လို့မရတဲ့ ဇွဲသတ္တိအရဆိုရင် တခြားသောသူတွေအားလုံးထက် ပိုပြီး အားကောင်းလာလိမ့်မယ်”

ကျင်းဝူကူးသည် ရုတ်တရက်နားလည်သလိုလို ၊ နားမလည် သလိုလို ဖြစ်သွားသည်။ ပြီးနောက် ပြောလိုက်၏။ “ဆရာကျွင်း… အခုက ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး လက်လျော့ဖို့ ပြောနေတာလား၊ လက်မလျော့ဖို့ ပြောနေတာလား”

All Chapters