အခန်း (၅၃၉)
Vol. 36 Ch. 539
အရှုံးမပေးနဲ့ ။ ငါဆိုလိုချင်တာက သံမဏိအရိုးဂိုဏ်းထဲကိုဝင် ငါမင်းကို လမ်းညွှန်ပြသပေးမယ်ဆိုတာပဲ။
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “အရှုံးမပေးရဘူး၊ မင်းက ဒီအခြေအနေကို သုံးသပ်ပြီးတော့ ပိုမိုပြီး အားကောင်းလာဖို့ ရှိတယ်၊ ဥပမာအားဖြင့် မင်းရှေ့မှာ ပိုပြီးအားကောင်းဖို့ ဖြစ်လာနိုင်တဲ့ လမ်းတစ်ခုရှိတယ်ဆိုရင် မင်းဒါကိုရွေးမလား၊ မရွေးဘူးလား”
ခွေးလေး... ငါဒီလောက် တိုက်ရိုက်ပြောရင် မင်းနားလည်သင့်ပြီ မဟုတ်လား။
“မရွေးပါဘူး”
ကျင်းဝူကူးသည် ဦးခေါင်းကို မော့ကာ ဆုံးဖြတ်ချက်ခိုင်မာသော အကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။ “ကိုယ့်လမ်းကိုယ်လျှောက်နိုင်ဖို့အတွက် အကောင်းဆုံး ကိုယ့်ဘာသာကိုယ် ကြိုးစားရမယ်”
ဘန်း ….
ကျွင်းချောင်ရှောင်းသည် ကျင်းဝူကူးအား ကန်ချလိုက်ပြီးနောက် တောင်အဆင်းလမ်းဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “သောက်ရူး... မြန်မြန်သွားလိုက်တော့၊ ငါမင်းမျက်နှာကို တစ်ခဏလေးတောင်မှ မကြည့်ချင်တော့ဘူး”
ချီးတဲ့မှ …. ။
သူ့အနေနှင့် ရေလာမြောင်းပေး လုပ်ခဲ့သည်မှာ တော်တော်များနေခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် ဦးနှောက်မရှိလှချေ။
“ဂိုဏ်းချုပ်ကျွင်း”
ကျင်းဝူကူးသည် မြေပေါ်မှ ထရပ်ပြီး ပြောလိုက်၏။ “ကျုပ် သံမဏိအရိုးဂိုဏ်းထဲကို ဝင်ချင်ပါတယ်၊ ကျေးဇူးပြုပြီး လက်ခံပေးပါ”
ဂိုဏ်းထဲသို့ လှည့်၍ ဝင်ရန်ပြင်နေသော ကျွင်းချောင်ရှောင်းသည် ပြန်၍ မလှည့်ကြည့်တော့ချေ။ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “မင်းပဲ ကိုယ့်လမ်းကိုယ်လျှောက်ချင်နေတာ မဟုတ်ဘူးလား”
“ဟုတ်ပါတယ်”
ကျင်းဝူကူးသည် လေးလေးနက်နက်ပြောလိုက်၏။ “ကိုယ့်လမ်းကိုယ်လျှောက်ဖို့အတွက်ဆိုရင် သံမဏိအရိုးဂိုဏ်း ထဲကိုဝင်ပြီးတော့ ဂိုဏ်းချုပ်ကျွင်းရဲ့သွန်သင်ပြသမှုကို ခံယူမှဖြစ်မယ်၊ ဒါဆိုရင် ကိုယ့်လမ်းကိုယ် လျှောက်နိုင်ဖို့အတွက် လမ်းတစ်ခု မဟုတ်ပဲ လမ်းပေါင်းတစ်သောင်း လောက်ကို ရွေးလို့ရတယ်”
ဤအကောင်သည် ညံ့ဖျင်းလှသည့်လူတစ်ယောက်တော့ မဟုတ်ချေ။
“ချင်းယန်”
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းအတွင်းသို့ လှည့်ဝင်သွားပြီး ပြောလိုက်သည်။ “ဝင်ခွင့်ဖောင် ယူခဲ့”
သူရဲကောင်းစာရင်း၏ အဆင့်တစ်ဆယ်တွင် ချိတ်လျက်ရှိသော ကျင်းဝူကူးသည် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ပြီး ၉၀၀၃ မြောက်တပည့် ဖြစ်လာခဲ့တော့သည်။
ဤလူ၏ ပင်ကိုယ်စွမ်းရည်နှင့် ဇွဲသတ္တိသည် မဆိုးပေ။ ဂိုဏ်း၏ ပြုစုပျိုးထောင်မှုအောက်တွင် ကျိန်းသေပေါက် တိုးတက်လာပေလိမ့်မည်။
သို့ပေမဲ့ ထိုသူ ဂိုဏ်းထဲသို့ ဝင်ရောက်လာခြင်းသည် လီချင်းယန်၊ ရှောင်ကျီနှင့် တခြား သောသူများအတွက် ဆိုးရွားသည့် ဇာတ်လမ်းအစပင် ဖြစ်လာတော့သည်။ အဘယ်ကြောင့်ဆိုသော် အနာဂတ်တွင် ဤဂျူနီယာညီလေးသည် သူတို့အား စိန်ခေါ်မှုများကို ပြုလုပ်၍ ခဏ ခဏ လာရောက်၍ တိုက်ခိုက်မှု ပြုလုပ်လျက်ရှိတော့သည်။ အကြိမ်တိုင်း သေမလိုနီးပါးအထိ အရိုက်ခံရသည်ဆိုလျှင်တောင်မှ ခဏ လောက် ကျင့်ကြံပြီးသည့်နောက်တွင် ပြန်လည်၍ စိန်ခေါ်တော့သည်။ ဤကဲ့သို့ စိန်ခေါ်ရသည့်ကိစ္စတွင် မောပန်း မှုဟူ၍ပင် မရှိတော့သည်အထိ ဖြစ်နေတော့သည်။
မနက်စောစောစီးစီးမှာတော့ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းရှေ့တွင် မတ်မတ်ရပ်လျက် လက်နှစ်ဖက်ကို နောက်ပစ်လျက်ထားသည်။ တပည့်တစ်သောင်းနီးပါးတို့သည် ညီညီညာညာဖြင့် ရပ်တန့်လျက်ရှိပြီး သံမဏိကဲ့သို့ ခိုင်မာလှသည့် အော်ရာများကို ထုတ်ဖော်နေ၏။
ပထမတုန်းက သူသည် ဂိုဏ်းထဲတွင် တစ်ယောက် တည်းသာရှိ၏။ သို့ပေမဲ့ နှစ်နှစ်တောင် မပြည့်သေးသော အတိုင်းအတာ တစ်ခုအတွင်းမှာတော့ ဂိုဏ်းထဲတွင် များပြား လှသည့် ပါရမီရှင်များဖြင့် ဂုဏ်ယူလောက်စရာအခြေအနေမျိုးအထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
စောင့်နေ၊ ဒီကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ငါ ကျွင်းချောင်ရှောင်းနဲ့ ငါ့ရဲ့သံမဏိအရိုးဂိုဏ်းက ရေတွက်လို့ မရအောင် များပြားတဲ့ ကျင့်ကြံသူတွေရဲ့ အလေးပြု ကိုးကွယ်ခြင်းကို ခံရမယ်။
“အားလုံးပဲ သတိ”
သူအော်လိုက်သည်။ “ကကြရအောင်”
မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဆောင်းဘောက်သည် ပွင့်လာပြီးသည့်နောက် နတ်ဘုရားတေးဂီတသည် ထွက်ပေါ် လာတော့သည်။
ရှက်ရွံစရာကောင်းလှသော ကခုန်မှုမျိုးကို ပြုလုပ်ပြီးသည့်နောက်မှာတော့ တပည့်များသည် စတင်၍ ကျင့်ကြံကြတော့သည်။ ယခုမှ ဂိုဏ်းထဲသို့ဝင်ရောက်လာသော ကျင်းဝူကူးသည် ကြွက်သားတည်ဆောက်ခြင်း အခန်းကို တွေ့ကြုံပြီးသည့်နောက်မှာတော့ သူ၏ အသားအနာခံချင်သည့် စိတ်ဓာတ်များ တိုးပွား လာတော့၏။
စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်း ဆီသို့ ပြန်လည်ရောက်ရှိလာတော့သည်။ သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဘာလို့ တခြားပါရမီရှင်ကိုးယောက်က လာပြီး စိန်မခေါ်ရတာလဲ”
ကျင်းဝူကူး တစ်ယောက်တည်းနှင့်ပင် အလွန်တရာ ကောင်းနေပြီဖြစ်သည်။ ထို့ကြောင့် တခြားသောသူများသည်လည်း ကျိန်းသေပေါက် ထူးချွန်ပေလိမ့်မည်။
စနစ်က ပြောလိုက်သည်။ “ကျောင်းရဲ့ပါရမီရှင်တပည့်တွေ အများကြီးကို ခေါ်သွားတာတောင် မလုံလောက်သေးဘူးလား၊ လက်ခံသူက ရှိတာလေးနဲ့ပဲ ရောင့်ရဲသင့်တယ်”
“ဒါကတော့ ဟုတ်တယ်”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ငါ့အနေနဲ့ တပည့် ၉၉၇ ယောက်လိုသေးတယ်၊ ဒီတော့ ချင်းယန်မြို့ဆီသွားပြီး လိုတဲ့အရေအတွက် ပြည့်အောင် ခေါ်လိုက်ရမလား”
ဝါး
ထိုအချိန်မှာပဲ အသိုက်ထဲတွင် ကွေးကွေးလေးရှိနေသော မီးနဂါးလေးသည် သန်းဝေရင်းနှင့် ဖြေးညှင်းစွာ မျက်လုံးပွင့်လာတော့သည်။ သူ၏ မျက်လုံးများသည်တော့ ကြက်သွေးရောင်ပင် ဖြစ်လို့နေသည်။
“ဒီကောင်လေး နိုးလာပြီ”
ကျွင်းချောင်ရှောင်း ပျော်သွား၏။ သူ၏ ပဋိညာဉ်သားရဲ အနည်းငယ်ထဲတွင် ဤမီးနဂါးလေးသည် အကြမ်းဆုံး ဖြစ်၏။ ထို့ကြောင့် နိုးထလာသည်ဆိုသည်နှင့် ကြီးမားလှသည့် အပြောင်းအလဲတစ်ခု ဖြစ်မှာသေချာသည်။
ဝှစ်
နဂါးလေးသည် မျက်လုံးပွင့်ပွင့်ချင်းမှာပဲ သူ၏ အသားအရည်များသည် ပိုမို၍ နီရဲလာပြီး အချိန်မရွေး မီးထတောက် တော့မည် အခြေအနေမျိုးပင်။
နောက်ဆုံးအချိန်က အတွေ့အကြုံကို ရရှိပြီးပြီဖြစ်သော ဂိုဏ်းချုပ်ကျွင်းသည် နဂါးလေးအား အသာကောက်ချီ၍ အပြင်ဘက်ရှိ သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ ပြေးတော့သည်။
ကွင်းထဲ၌ ချချခြင်းမှာပင် အလွန်တရာ တောက်ပလှသော မီးတောက်များသည် ဖြစ်တည်လာပြီး အနည်းဆုံး ပေ ငါးဆယ်၊ ခြောက်ဆယ်အထိသို့ မြင့်တက်သွားသည်။ ညအချိန်ဖြစ်သောကြောင့် အလွန်တရာ တောက်ပလွန်း သောမီးတောက်များသည် တောင်ခြေမှပင် ရှင်းရှင်းလင်းလင်း မြင်နေရ၏။
“မကောင်းတော့ဘူး၊ မကောင်းတော့ဘူး၊ မီးလောင်နေပြီ၊ မီးလောင်နေပြီ”
တပည့်သစ်များ အားလုံးတို့သည် မီးတောက်ကိုမြင်ချိန်မှာတော့ အလွန်တရာ စိတ်လက်ပူပင်မိသွားသည်။ သူတို့သည် အဆုတ်ကွဲလုမတတ် အော်ဟစ်လိုက်ကြတော့သည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသော တခြားသော တပည့်များသည် နိုးထလာကြတော့သည်။ သူတို့သည် ညအိပ်ဝတ်စုံများနှင့် အခန်းထဲမှ ထွက်လာ ကြတော့သည်။ သူတို့ရှေ့တွင်ရှိသော မီးတောက်ကြီးကို ကြည့်လိုက်ကြသည်။ ပြီးနောက် သူတို့သည် မည်သည့် စကားကိုမျှ မဆိုပဲ ရေပုံးများကို သွား၍ ခပ်ယူလာတော့သည်။
သို့ပေမဲ့ ထိုသူတို့သည် ကွင်းပြင်ဆီသို့ ရောက်ရှိ လာချိန်မှာတော့ မီးတောက်ကြီးသည် ဘေးဘက်ရှိ အဆောက်အဦများကို မသက်ရောက်ပဲ ထီးထီးကြီးဖြစ်နေကြောင်း မြင်လိုက်ရတော့ ဆွံ့အသွားမိကြ၏။
“ဒါ … ဒါဘာတွေဖြစ်နေတာလဲ”
ရုတ်တရက်ဆိုသလိုပဲ မီးတောက်ကြီးသည် မည်ကဲ့သို့ ဖြစ်တည်လာသနည်း “ဒါက မီးပုံပွဲကျင်းပနေခြင်းများလား”
တပည့်သစ်များသည် အူကြောင်ကြောင်နှင့် ဖြစ်နေသည်ဆိုသော်လည်း စုရှောင်မိုနှင့် တခြားသူများမှာတော့ လုပ်စရာရှိသည့် အလုပ်များကို လုပ်လျက်ရှိသည်။
ဘာတွေလုပ်နေသနည်းဆိုတော့ ၎င်းတို့သည် တန်းများအားစိုက်ထူကာ ကြိုးများနှင့်ချည်၍ မနေ့ညတုန်းက လျှော်ခဲ့သော အဝတ်အစားများကို ထုတ်ကာလှမ်းနေခြင်းပင် ဖြစ်တော့သည်။ အကျိုးသက်ရောက်မှုမှာ အလွန်တရာ ကောင်းမွန်လွန်းလှ၏။ အချိန်တိုအတွင်းမှာပင် ရှိသမျှသော အဝတ်တို့သည် ခြောက်သွားကြ၏။
နောက်ဆုံးအကြိမ် နိုးထလာတုန်းက မီးနဂါးလေးခန္ဓာကိုယ်မှ မီးတောက်များသည် နှစ်မီတာ မှ သုံးမီတာအထိ မြင့်တက်ခဲ့၏။ ယခု ထပ်မံနိုးထလာချိန်မှာတော့ ၎င်းထုတ်ဖော်လိုက်သော မီးတောက်များသည် ဆယ်မီတာ အထက်ကိုပင် ပိုမိုမြင့်မားနေသည်။ ဆိုလိုရသည့် အဓိပ္ပာယ်သည် ဒုတိယအဆင့် အသွင်ပြောင်းလဲခြင်းသည် သာမန်ထက်ပို၍ အားကောင်းလိမ့်မည်မှာ သေချာသည်။
ဂိုဏ်းချုပ်ကျွင်း၏ မျက်လုံးများသည်လည်း တောက်ပ သွားသည်။ သူ၏ စိတ်ကူးအရဆိုလျှင် နဂါးလေး၏ ခန္ဓာကိုယ်သည် ပိုမို၍ ကြီးမားလာရမည်။ မီးနဂါးတစ်ကောင်၏ ခန္ဓာကိုယ်အရွယ်အစားမျိုး ဖြစ်တည်လာပြီး ဂိုဏ်း၏ ဂိတ်တံခါးအဝင်ဝတွင်သွား၍ ထားမည်ဆိုပါက အခြားသူများ ဂိုဏ်းထဲသို့ ဝင်ရောက်ရန် တွန့်ကနဲဖြစ်သွားနိုင်သည့် သတ္တဝါမျိုး ဖြစ်လာလိမ့်မည်။
ဟူး … ဟူး။
တောက်ပသည့် မီးတောက်များသည် ဆက်တိုက်ပင် ကျွမ်းလောင်လျက်ရှိသည်။ ပြီးနောက် မီးတောက်များသည် တဖြည်းဖြည်းဖြင့် ယုတ်လျော့လာတော့သည်။ ကံဆိုးစွာဖြင့် ၎င်း၏ ခန္ဓာကိုယ်သွင်ပြင်သည် အများကြီး မပြောင်းလဲခဲ့ချေ။ ပုံမှန်အရင်ကထက်ပင် ပို၍ သေးငယ်သွားသေးသည်။
ကျွင်းချောင်ရှောင်းသည် အနည်းငယ် စိတ်ပျက်မိသွားကြ၏။ သို့ပေမဲ့ ဤကောင်လေးအသွင်ပြောင်းလဲသည်ကို စဉ်းစားမိသွားချိန်မှာတော့ အားအင်အဆင့်သည် ကျိန်းသေပေါက်တိုးလာမည်ဟု မျှော်လင့်နေမိသေးသည်။
“ဒါက”
ချုရှိုးနန်၊ ဟုန့်လင်နှင့် အခြားသောသူများတို့သည် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားကြတော့သည်။ မီးတောက်များ အနည်းငယ်ယုတ်လျော့သွားသည့် အချိန်မှာတော့ ကင်းလိပ်ချော နှင့်တူသော သတ္တဝါတစ်ကောင် ရုတ်တရက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ဤအရာသည် သူတို့ လုံးဝမထင်မှတ်ထားသော ကိစ္စပင် ဖြစ်သည်။ ကင်းလိပ်ချော နှင့် မီး ဘာမှ သက်ဆိုင်သည် မဟုတ်ပေ။ မီးလောင်နေသော ကင်းလိပ်ချောဟု တွက်ချက်ရမည်လား။
“စီနီယာအစ်ကို”
ဟုန့်လင်က မေးလိုက်သည်။ “ဒါဘာလဲ”
ပုံပန်းသွင်ပြင်အရဆိုလျှင် မီးနဂါးလေး၏ ပုံပန်းသွင်ပြင်သည် မြွေနှင့် ခြေလက်လေးဘက်ရှိသော မြင်းတစ်ကောင် တို့ ပေါင်းစပ်ထားသည့် အသွင်မျိုးဖြစ်သည်။ ထို့ကြောင့် သူတို့အနေနှင့် မည်သည့် သတ္တဝါမျိုးဖြစ်မှန်း ဆုံးဖြတ်ရန် ခက်ခဲလွန်းနေ၏။
အမ်း
စုရှောင်မိုသည် ခဏလောက်စဉ်းစားကာပြောလိုက်၏။ “ဒါက ဂိုဏ်းချုပ်ရဲ့ ပဋိညာဉ်သားရဲလေ၊ ဒါကို မြွေမြင်းသတ္တဝါလို့ မင်းတို့ ခေါ်လို့ရတယ်”
“မြွေမြင်းသတ္တဝါ ဟုတ်လား”
အားလုံးဆွံ့အသွားမိ၏။ “နေအုံး ….. ဒီကောင်လေးက ဂိုဏ်းချုပ်ရဲ့ ပဋိညာဉ်သားရဲမဟုတ်လား”
“ဟုတ်တယ်”
“ဒါမဖြစ်နိုင်ဘူး၊ ဂိုဏ်းချုပ်က အရမ်းကို ရှားပါးတဲ့ ဓားနဲ့ သိုင်းဘုရင်တစ်ယောက်လေ၊ ဘယ်လိုလုပ်ပြီး ဒီလောက် ညံ့ဖျင်းပြီး ဆိုးရွားလှတဲ့ ပဋိညာဉ်သားရဲကို ပိုင်ဆိုင်ရမှာလဲ”
တပည့်သစ်များ၏ မျက်လုံးထဲမှာတော့ သူတို့၏ ဂိုဏ်းချုပ်သည် ပဋိညာဉ်သားရဲတစ်ကောင်သာရှိမည်ဆိုလျှင် အလွန်တရာကြီးမားပြီး ခန့်ညားလှသော ကျား (သို့မဟုတ်) ခြင်္သေ့သားရဲတစ်ကောင် ဖြစ်ရပေလိမ့်မည်။ ထိုမှသာလျှင် သံမဏိအရိုးဂိုဏ်းချုပ်ဆိုသည့် ဂုဏ်ပုဒ်နှင့် လိုက်ဖက်ညီလိမ့်မည် မဟုတ်လား။
ဝေါင်း
ထိုအချိန်မှာပဲ နဂါးလေးသည် ဦးခေါင်းကို မော့ကာ အော်ဟစ်လိုက်၏။ စွမ်းအင်လှိုင်းများသည် သာမန်မျက်စိ ရှေ့တွင် ဖြစ်တည်လာပြီး ရေလှိုင်းများကဲ့သို့ တရိပ်ရိပ်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ အလွန် အားကောင်းလှသော အော်ရာများသည် ထိုအသံဆီမှ ဖြစ်တည်လာပြီး အားလုံး၏ အမူအရာများသည် ပြောင်းလဲ သွားခဲ့ကြသည်။ ဤဘာမှန်းမသိသည့် သတ္တဝါသည် အလွန်တရာ အားကောင်းလွန်းနေ၏။
“သခင်”
ရုတ်တရက်ဆိုသလိုပဲ မီးနဂါး၏ ပါးစပ်ဆီမှ ကလေးတစ်ယောက်၏ အသံမျိုး ထွက်ပေါ်လာသည်။ “ကျုပ် ဒုတိယအကြိမ် အသွင်ပြောင်းခဲ့ပြီ”
ဤကောင်လေးသည် တကယ်ပင် စကားပြောလျက်ရှိသည်။ သားရဲများအကြောင်းကို အနည်းငယ် နားလည်သော ဟုန့်လင်က မယုံကြည်နိုင်ဟန်ဖြင့် ထအော်လိုက်သည်။ “စိတ်ဝိညာဉ်သားရဲ၊ ဒါ စိတ်ဝိညာဉ်သားရဲပဲ”
စိတ်ဝိညာဉ်သားရဲများဆိုသည်မှာ အသိဉာဏ်ရှိသော သတ္တဝါမျိုးကို ဆိုလို၏။ သားရဲများသည် ဤအဆင့်သို့ ရောက်ရှိပြီးသည့်နောက်မှာတော့ အသိဉာဏ်ရှိယုံပင်မကပဲ လူသားစကားမျိုးကိုပင် ပြောဆိုနိုင်ကြသည်။ ဆိုလိုသည်မှာ မီးနဂါးလေးသည် ဒုတိယအကြိမ်မြောက် အသွင်ပြောင်းလဲပြီးနောက် အစစ်အမှန် စိတ်ဝိညာဉ် သားရဲဖြစ်သွားပေါ်ပုံသည်။ အားအင်အဆင့်သည် သိုင်းစစ်သူကြီးအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သည်။
ချူရှိုးနန်နှင့် တခြားသူများအားလုံးသည် အလုံးစုံဆွံ့အလျက်ရှိသည်။ သူတို့အထင်မြင်သေးခဲ့သော သားရဲသည် စိတ်ဝိညာဉ်သားရဲ ဖြစ်လို့နေ၏။