အခန်း (၅၄၀)
Vol. 36 Ch. 540
မီးနဂါးလေး၏ ဒုတိယအကြိမ်မြောက် ဆောင်းခိုခြင်းသည် မကြာလှပေ။ သို့ပေမဲ့ အသွင်ပြောင်းလဲဖြစ်တည် ပြီးသည့်နောက်မှာတော့ အသိဉာဏ်ကို ရရှိခဲ့သည်အပြင် စကားပြောနိုင်သည့် စွမ်းရည်ကိုပါ ရရှိခဲ့သေး၏။ ထို့အရာမှာ မယုံကြည်နိုင်ဖွယ်ရာပင်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဤအရာမှာ သာမန်ဖြစ်သည်ဟု တွေးထင် မိ၏။ ထို့ပြင် ဤကောင်လေးသည် ရေတွက်လို့မရနိုင်အောင် များပြားသော သလင်းအမြူတေများကို အသုံးပြု၍ သားဖောက်ခဲ့ရသော သတ္တဝါဖြစ်သည်။ ထိုကဲ့သို့မှ ထူးခြားမနေလျှင် တို့ဖူးတစ်တုံးကိုယူ၍ ရိုက်သတ်ရန်သာ ကျန်တော့၏။
“ဒါက အသွင်ပြောင်းခြင်း တစ်ခုပဲလေ၊ ဒုတိယတိုက်ပွဲဝင်ပုံစံကကော ပြောင်းသေးလား” ကျွင်းချောင်ရှောင်း မေးလိုက်၏။
“ပြောင်းလဲပါတယ်” နဂါးလေးကပြောလိုက်သည်။
ကျွင်းချောင်ရှောင်း အပျော်လွန်သွား၏။ “ဒါဆိုရင် မြန်မြန် ငါ့ကို ထုတ်ပြတော့”
“သခင်”
မီးနဂါးလေးက ပြောလိုက်၏။ “ကျုပ်ရဲ့ တိုက်ပွဲဝင်ပုံစံကို ထုတ်သုံးမယ်ဆိုရင် အရမ်းကို ကြာရှည်တဲ့ အားပြတ်မှုကို ကြုံရလိမ့်မယ်”
ဤကောင်လေး၏ အသံသည် ကလေးဆန်လွန်း၏။ သို့ပေမဲ့ အသွင်အပြင်ကို မမြင်ရသေးလျှင်တောင်မှ အသက် ငါးနှစ်၊ ခြောက်နှစ်ကလေးတစ်ယောက်ကဲ့သို့ ခံစားရစေ၏။
“အဆင်ပြေတယ်၊ အဆင်ပြေတယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ငါနဲ့ ငါ့ရဲ့တပည့်တွေ အမြင်ကျယ်သွားအောင် ပြသပေးပါအုံး”
“ကောင်းပြီ”
နဂါးလေးသည် ပတ်ဝန်းကျင်တွင် ရှိနေသော တပည့်များအားကြည့်၍ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “မင်းတို့အားလုံး အနောက်ကို နည်းနည်းဆုတ်ထားကြ”
လီချင်းယန်၊ စုရှောင်မိုနှင့် တခြားသောသူများတို့သည် မြန်မြန်ဆန်ဆန်ပဲ အနောက်သို့ ဆုတ်လိုက်ကြသည်။ သူတို့သည် ပထမတစ်ကြိမ် နဂါးလေး တိုက်ပွဲဝင်ပုံစံအဖြစ် ပြောင်းလဲခြင်းကို မြင်ဖူးကြပြီးဖြစ်သည်။ ထို့ကြောင့် သတိအပြည့်နှင့် ဖြစ်နေကြသည်။
ချူရှိုးနန်နှင့် တခြားသောတပည့်သစ်များမှာတော့ ထိုအကြောင်းကို မသိကြပေ။ သူတို့သည် နောက်ဆုတ်လိုက် သည်ဆိုသော်လည်း ခြေလှမ်းအနည်းငယ်သာ ဆုတ်လိုက်ခြင်းဖြစ်သည်။ ပြီးနောက် သူတို့သည် တွေးလိုက်မိကြ ၏။ “ဒါက အရမ်းအန္တရာယ်များလား”
ဟူး ဟူး
ရုတ်တရက်ဆိုသလိုပဲ လေ့ကျင့်ရေးကွင်းပြင်ရဲ့ အလယ်တွင် နဂါးလေး၏ ခန္ဓာကိုယ်ဆီမှ မီးတောက်များ ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။ ချက်ချင်းဆိုသလိုပဲ မီးတောက်များသည် ခုနှစ်ပေမှ ရှစ်ပေနီးပါးခန့်အထိ မြင့်တက် သွားသည်။ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အပူလှိုင်းများသည် အရင်တစ်ကြိမ်ကထက် ပိုမို၍ အားကောင်း လာသည်။
ဟူး
ချူရှိုးနန်နှင့် တခြားသူများသည် လေပူများကို ရှုရှိုက်မိလိုက်၏။ သူတို့သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ခပ်ဝေးဝေး ဆီသို့ ဆုတ်ခွာလိုက်ကြသည်။ မဟုတ်လျှင် ခန္ဓာကိုယ်များကိုပါ မီးလောင်ကျွမ်းသွားနိုင်၏။
ကောင်းကင်ဘုံ …။
မီးတောက်များ၏ အပူချိန်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ တပည့်များအားလုံးသည် ခပ်ဝေးဝေးသို့ ဆုတ်ခွာသွားကြသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းမှာတော့ လက်နှစ်ဖက်ကို နောက်ပစ်၍ တည်နေရာထဲတွင် မတ်မတ်ရပ်လျက် ရှိနေသေးသည်။ သူသည် မီးဓာတ်အမျိုးအစား သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အပြင် ပဋိညာဉ်သားရဲ၏ သခင်လည်း ဖြစ်နေသေးသည်။ ထို့ကြောင့် သားရဲဆီမှ ထွက်ပေါ်လာသော အပူချိန်သည် မည်မျှပင် ပူပြင်းစေကာမူ သူ့အား မသက်ရောက်စေနိုင်ပေ။
“ဒီကောင်လေးရဲ့ မီးဓာတ်သဘာဝက အရမ်းအားကောင်းလွန်းတယ်”
ဟုတ်ပေသည်။ အလွန်တရာ အားကောင်းလွန်းလှ၏။ ဂိုဏ်းချုပ်ကျွင်းနှင့် နှိုင်းယှဉ်လို့ ရနိုင်အောင်ပင် အားကောင်း လွန်းလှ၏။ ထို့အပြင် ဆက်တိုက်ထုတ်ဖော်နေသေး၏။
ထိုအချိန်မှာတော့ ဤနေရာတွင်ရှိနေသော ကျောက်ပြား များသည် မီးကင်ထားသကဲ့သို့ ရဲရဲနီသွားသည်။ အချိန်မရွေး အရေပျော်ကျသွားမည့်ပုံပင် ပေါ်နေ၏။ ဒီထက် ဆက်လက်၍ မြင့်တက်သွားမည်ဆိုပါက အနီးအနားရှိ အဆောက်အဦများကိုပင် မီးကူးစက်ပြီး လောင်ကျွမ်းသွား စေနိုင်သည်။
“နောက်ဆုတ်”
သံမဏိအရိုးဂိုဏ်းတပည့်များသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အနောက်သို့ဆုတ်လိုက်ကြသည်။
ကျွင်းချောင်ရှောင်း သည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ပြီး လေ့ကျင့်ရေးတည်နေရာတစ်ခုလုံးကို မမြင်ရသည့် အတားအဆီးကြီးတစ်ခုကဲ့သို့ဖြစ်တည်လာပြီး ကာကွယ်ထားလိုက်တော့သည်။
မီးတောက်များသည် သီးခြားဖြစ်တည်ပြီးနောက်မှာတော့ အပူချိန်သည် ချက်ချင်းဆိုသလိုပဲ လျော့ကျသွား၏။
ထို့ကြောင့် တပည့်များ သည် စိတ်အေးသွားရ၏။ သို့ပေမဲ့ သူတို့နှလုံးသားထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှုများက ကြီးစိုး၍ သွားတော့သည်။ ဤအရာသည် စိတ်ဝိညာဉ်သားရဲတစ်ကောင်ဖြစ်သည် ဆိုသော်လည်း အလွန်အမင်း အားကောင်းမနေလွန်းဘူးလား။
ခဏလောက် ကြာပြီးသည့်နောက်မှာတော့ မီးတောက်များသည် ပြန်လည်၍ ကျုံ့ဝင်သွားတော့သည်။
“သခင်”
နဂါးလေး၏ ကလေးဆန်သော အသံသည် မီးတောက်များကြားမှ ထွက်ပေါ်လာသည်။ “ဒါက ကျုပ်ရဲ့ ဒုတိယမြောက် တိုက်ပွဲဝင်ပုံစံပါ”
ရွှီး
လူငယ်လေးတစ်ယောက်၏ ဦးခေါင်းသည် မီးတောက်များဆီမှ ထွက်ပေါ်လာသည်။ ထိုသူသည် အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်လောက်ခန့်ရှိပြီး အလွန်တရာသွယ်လျသော မျက်နှာသွင်ပြင်လေးကို ပိုင်ဆိုင်သည်။ ကျွင်းချောင်ရှောင်းသည် ရယ်လိုက်၏။ ဤကောင်လေး၏ ပထမပုံစံမှာ လူသားခန္ဓာကိုယ်ရှိပြီး ခေါင်းမှာတော့ ကြမ်းတမ်းလှသော သားရဲတစ်ကောင်၏ အသွင်သဏ္ဍာန်မျိုး ဖြစ်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ ဒုတိယ တိုက်ပွဲဝင်ပုံစံသည် လူသားတစ်ယောက်၏ ဦးခေါင်းအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ ထိုအရာသည် ကျိန်းသေပေါက်အောင်မြင်မှုပင်ဖြစ်သည်။
ဘုတ်
ထိုအချိန်မှာပင် နဂါးလေးသည် ရှေ့သို့လှမ်းတက်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်များထဲမှ ပေါ်ထွက်လာသည်။ ဂိုဏ်းချုပ်ကျွင်း၏ မေးရိုးများသည် အောက်ဘက်သို့ ပြုတ်ကျသွား၏။
အဝေးတွင် ရပ်တန့် လျက်ရှိသော သံမဏိအရိုးဂိုဏ်းတပည့်များ အားလုံးသည်လည်း မျက်လုံးပြူးသွားသည်။
သူတို့ မည်သည့်အရာကို မြင်လိုက်သနည်း။ ဤကဲ့သို့သော အချိန်တိုအတွင်း အဘယ်ကြောင့် မျက်နှာ အမူအရာများ ပြောင်းလဲသွားရ သနည်း။
အဘယ်ကြောင့်ဆိုသော် နဂါးလေးသည် အလွန်တရာကြည့်ကောင်းလှစွာဖြင့် ရှေ့သို့လှမ်းတက်လိုက် သည်ကို သူတို့အားလုံး မြင်လိုက်ကြရ၏။ ၎င်း၏ ခန္ဓာကိုယ်တွင် ဖုံးလွှမ်းထားသော မီးတောက်များကို ဖယ်ရှား လိုက်၏။ သို့ပေမဲ့ မူရင်းခန္ဓာကိုယ်ပေါ်လာချိန်မှာတော့ သားရဲတစ်ကောင်၏ ခန္ဓာကိုယ်အတိုင်းပင် ဖြစ်လျက် ရှိသည်။
ရင်ဘတ်တစ်ခုလုံးတွင် အမွှေးအမျှင်များနှင့် ဖုံးလွှမ်းလျက်ရှိပြီး ချင်ပန်ဇီ မျောက်ကြီးတစ်ကောင်လိုပင် ဖြစ်သည်။ လက်နှစ်ဖက်မှာ အလွန်တရာ ကြီးမားလှပြီး ရှည်လျားလှသည့် လက်သည်းများရှိနေသည်။ ဤအရာသည် လူသားတစ်ယောက်၏ လက် ကျိန်းသေပေါက် မဟုတ်ပေ။ လက်သည်းရှည်ကြီးများ ရှိနေသောကြောင့်ဖြစ်၏။
ခြေနှစ်ဖက်မှာတော့ အဆိုးဆုံးဖြစ်သည်။ S ပုံသဏ္ဍာန်မျိုးဖြစ်ပြီး ခြေထောက်တွင် ကျားသစ်ကဲ့သို့ အမွှေးများလည်း တည်ရှိနေသည်။ ဤအရာသည် လူသားခြေထောက်မဟုတ်ပေ။ ကျားသစ်တစ်ကောင်၏ ခြေထောက်များ ဖြစ်သည်။ ခြေထောက်နှစ်ခု၏ ကြားထဲတွင်တော့ မီးများတောက်လောင်လျှက် ရှိနေ၏။ ထို့အပြင် ဖင်နေရာတွင် အမြီးတစ်ခုရှိနေပြီး မြေပေါ်သို့ တွဲလောင်းကျလျက် ရှိသည်။
“ဒါက မင်းရဲ့ ဒုတိယမြောက် တိုက်ပွဲဝင်ပုံစံလား”
“အမှန်ပါပဲ”
လူငယ်လေးတစ်ယောက်ရုပ်သွင်ရှိနေသော နဂါးလေးသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ဒါက ကျုပ်ရဲ့ ဒုတိယမြောက် တိုက်ပွဲဝင်ပုံစံလေ”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် ပို၍ တုန်ရင်သွား၏။ ပထမတစ်ခေါက် အသွင်ပြောင်းတုန်းက လူသား တစ်ယောက်၏ ခန္ဓာကိုယ်နှင့် တိရစ္ဆာန်ဦးခေါင်းဖြစ်သည်။ ဒုတိယတစ်ခေါက် အသွင်ပြောင်းလဲမှုမှာတော့ လူသားတစ်ယောက်၏ ခေါင်းနှင့် တိရစ္ဆာန်ခန္ဓာကိုယ်ဖြစ်နေသည်။
ဤအရာသည် အသွင်ပြောင်းသွားခြင်းလား၊ အသွင်မပြောင်းတာလား ဟုပင် မသဲကွဲတော့ချေ။ မည်ကဲ့သို့ သတ်မှတ်ရမည်နည်း။
“ကောင်းကင်ဘုံ ….ဒါက လူလား၊ သားရဲလား”
နဂါးလေး၏ ဒုတိယမြောက် တိုက်ပွဲဝင်ပုံစံကိုမြင်တော့ ချုရှိုးနန်နှင့် တခြားသူများအားလုံးသည် မျက်လုံးပြူးသွား ကြသည်။ ဤသားရဲသည် စကားပြောဆိုနိုင်သည်ဆိုသည်ကို သူတို့ ကောင်းကောင်းနားလည်ပေး၏။ သို့ပေမဲ့ လူသားတစ်ယောက်၏ ဦးခေါင်းနှင့် တိရစ္ဆာန်ခန္ဓာကိုယ် အဖြစ် အဘယ့်ကြောင့် တွဲလျက်ရှိနေရသနည်း။
နဂါးလေးသည် သူ၏ဦးခေါင်းကိုမော့ကာ ပြောလိုက်သည်။ “ကျုပ် တိုက်ခိုက်ချင်တယ်”
သူ၏ တိုက်ပွဲဝင်ပုံစံ အသက်ဝင်သွားပြီဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်ထဲရှိ သွေးများသည် ပွက်ပွက်ဆူလျက် ရှိသည်။ သူသည် အားရပါးရ တိုက်ခိုက်ချင်နေမိ၏။
“ဒါဆိုရင် မင်းဘာလို့ အကြီးအကဲကျန်ကို မတိုက်ခိုက်တာလဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“မဟုတ်သေးဘူးလေ”
အဝေးတစ်နေရာတွင် ရပ်လျက်ရှိသော ကျန့်ရာသည် အလောတကြီးဖြင့် ပြောလိုက်သည်။ “ဒီမွန်းစတားလေးနဲ့ ကျုပ်မတိုက်ခိုက်ရဲဘူး”
သူ့အနေနှင့် နဂါးလေး၏ ပထမတိုက်ပွဲဝင်ပုံစံကိုပင် အနိုင်ရရှိခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် ဒုတိယမြောက် တိုက်ပွဲဝင်ပုံစံဆိုလျှင် ပို၍ ဆိုးရွားသွားပေလိမ့်မည်။
“ဒီလိုလုပ်ရအောင်”
ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်သည်။ “အကြီးအကဲနင်ညီအစ်ကိုနဲ့ အကြီးအကဲကျန် သုံးယောက်ပေါင်းပြီးတော့ ကျုပ်ရဲ့ပဋိညာဉ်သားရဲကို တိုက်ခိုက် ကြည့်ပါလား”
“ဒါက …”
နင်ညီအစ်ကိုတို့၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ သူတို့သည် နဂါးလေး၏ အားအင်အဆင့် ဘာလဲဆိုသည်ကို သေချာမသိကြချေ။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသောအော်ရာများအရ ကျိန်းသေပေါက် အလွန်တရာ အားကောင်းပေလိမ့်မည်။ ထို့ကြောင့် သိုင်းဘုရင်သုံးယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် အထက်စည်းမှ တိုက်ခိုက် နိုင်လိမ့်မည် မဟုတ်သည်ကို ကောင်းကောင်း သိကြသည်။
“သခင်”
နဂါးလေးသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “သူတို့သုံးယောက်က အားနည်းလွန်းတယ်၊ ဒီထက်ပိုပြီး အားကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်မှ ဖြစ်မယ်”
ဟင်း ….
အလွန်တရာ မောက်မာလွန်းလှ၏။ သူ၏ပဋိညာဉ်သားရဲ ပီသလွန်းပေသည်။
“ဒီလိုဆို”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းနဲ့ငါ၊ သခင်နဲ့သားရဲ တိုက်ခိုက်ကြတာပေါ့”
“ကျုပ်သဘောတူပါတယ်” ကျန့်ရာသည် အလျင်အမြန် ဝင်ပြောလိုက်၏။
နင်တုရှင်းနှင့် နင်တုစွေ တို့သည်လည်း သဘောထားများကို ထုတ်ဖော် ပြောကြားလိုက်၏။ “ဂိုဏ်းချုပ်နဲ့ ပဋိညာဉ်သားရဲတို့ တိုက်ခိုက်မယ်ဆိုရင် ကျိန်းသေပေါက် အရမ်းကြည့်ကောင်းတဲ့ ပွဲတစ်ခု ဖြစ်မှာပဲ”
မကောင်းကျောင်းပို့ ဆိုသည်မှာ အမှန်ပင် ဖြစ်သည်။ ဂိုဏ်းချုပ်ကျွင်း ဟိုဘက်မှာ ရှိတယ်။ အဲဘက်သွား .. အဲဘက်သွား ..။
မဟုတ်သေးဘူး”
နဂါးလေးက ပြောလိုက်သည်။ “သခင် ကျုပ်ကို နိုင်မှာမဟုတ်ဘူး”
ချီးတဲ့မှ ဒီကောင်အဲလောက်ကြီးတောင် အားကောင်းလွန်းတာလား။
သူတစ်ခုခု ပြန်လည်ပြောရန် ပြင်နေတုန်းမှာပဲ နဂါးလေးက ပြောလိုက်၏။ “ဂိုဏ်းချုပ်… ဒီအနီးအနားမှာ သိုင်းအုပ်စိုးသူတစ်ယောက်ယောက် ရှိလား။ ကျုပ် အဲလိုလူမျိုးနဲ့ တိုက်ခိုက်ချင်တယ်”
ဂိုဏ်းချုပ်ကျွင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
“ဓားနဲ့သိုင်းဘုရင်ဖြစ်တဲ့ ငါလိုလူကိုတောင် မျက်လုံးထဲ မထည့်မှတော့ မင်းအနေနဲ့ သိုင်းအုပ်စိုးသူ တစ်ယောက်ကိုရှာပြီး တိုက်ခိုက်တာ အသင့်တော်ဆုံးဖြစ်လိမ့်မယ် …. ကောင်းပြီ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ကျန်းယန်နိုင်ငံရဲ့ ဝိညာဉ်ချောင်းဂိုဏ်းမှာ သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ယောက်ရှိတယ်”
“ကောင်းပြီ”
နဂါးလေးက ပြောလိုက်သည်။ “ဒါဆို သူ့ကိုသွားပြီး စိန်ခေါ်ရအောင်”
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။ “မင်းရဲ့ဒုတိယမြောက် တိုက်ပွဲဝင်ပုံစံက ဘယ်လောက်ကြာမှာလဲ”
“နှစ်နာရီပါ”
“ဒါဆို မသွားတော့ဘူးကွာ။ ဝိညာဉ်ချောင်းဂိုဏ်းဆီသို့သွားတဲ့ ခရီးက တော်တော့ကို ဝေးတယ်၊ ဟာရီကိန်းဝံပုလွေကို စီးသွားမယ်ဆိုရင်တောင် ငါတို့အနည်းဆုံး ခြောက်နာရီကနေ ဆယ်နာရီလောက် ကြာလိမ့်မယ်”
ရွှီး
နဂါးလေးသည် ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်း၏ ရှေ့၌ပေါ်လာသည်။ ပြီးနောက် သူ၏ ကြီးမားလှသော လက်ကြီးနှင့်သခင်အား ပွေ့ဖက်ပြီး ကျားသစ်ကဲ့သို့ ခြေထောက်ကို မြေပေါ်သို့ ဆောင့်နင်းကာ မြားတစ်စင်း ပစ်လွှတ်လိုက်သကဲ့သို့ ကောင်းကင်ပေါ်သို့ ခုန်ပျံ၍ ပျံသန်းသွားတော့သည်။
ချက်ချင်းဆိုသလိုပဲ တည်နေရာ တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ဂိုဏ်းချုပ်သည် ပဋိညာဉ်သားရဲ၏ ဖမ်းဆီးချုပ်နှောင်၍ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရ၏။ ကြည့်နေတုန်းမှာပဲ အလင်းတန်း တစ်ခုကဲ့သို့ လှစ်ခနဲ ပျောက်ကွယ်သွားသည်။
အချိန်အတော်ကြာပြီးသည့်နောက် တစ်စုံတစ်ယောက် က ထ၍ အော်လိုက်သည်။ “ဒီသားရဲက ပျံနိုင်တယ် ဟုတ်လား”