အခန်း (၅၄၅)
Vol. 37 Ch. 545
အစီအရင်လို အရာမျိုးသည် အလွန်တရာ ဆန်းကြယ်လွန်းလှ၏။ အရိုးရှင်းဆုံး သီးခြားဖြစ်တည်ခြင်းအစီအရင် ဆိုလျှင်တောင်မှ အလွန်တရာ ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များကို ပြုလုပ်ပြီး ဖန်တီးရခြင်းဖြစ်သည်။
ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် အစီအရင်ဆရာတစ်ယောက်ကို လေ့ကျင့်ပေးနိုင်ရန် အစီအစဉ် ရှိလို့နေ၏။
သူသည် အစီအရင် ပင်ကိုယ်စွမ်းရည်ဆေးရည်ကို အမှီပြု၍ လွယ်လွယ်ကူကူ အဆင့်တက်လာသည် ဆိုသော်လည်း ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သည်မို့ အချိန်တိုင်း သူတစ်ယောက်တည်းနှင့် အရာအားလုံးကို ပြုလုပ်မရနိုင်ချေ။
“အင်း… စတိုးထဲမှာ အစီအရင် ပင်ကိုယ်စွမ်းရည်ဆေးရည်သာ ရှိမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ”
စနစ်က ပြောလိုက်၏။ “Refresh လုပ်ရင်တော့ ရနိုင်ပါတယ်”
“ချီးတဲ့မှ … ငါ့ကို ဂိုဏ်းစုဆောင်းမှတ်တွေကုန်အောင် ထပ်လုပ်နေပြန်ပြီ”
သို့ပေမဲ့ ယနေ့တွင် တပည့်တစ်ရာကျော်လောက်ကို လက်ခံရယူပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းစုဆောင်းမှတ်တစ်ရာကျော်ကို ထပ်မံရရှိခဲ့သည်။ ထို့ကြောင့် အကန့်အသတ်ကို ရောက်လုနေသည်။
ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် စတိုးအား ဆွဲ၍ ဖွင့်လိုက်တော့သည်။ ဓားတစ်သောင်းကျမ်းအား ဝယ်ယူပြီးသည့်နောက်တွင် အလယ် အလတ်စတိုး၌ ထပ်မံဝယ်ယူစရာ ဘာမှ မရှိတော့ချေ။ ထို့ကြောင့် သူသည် စတိုးအား Refresh လုပ်ရန် ဆုံးဖြတ် လိုက်တော့၏။
“ဒင်”
“ဂိုဏ်းစုဆောင်းမှတ် - ၉၈၉၀ / ၁၀၀၀၀”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းရှည်ကြီးချကာ တီးတိုးရေရွတ်လိုက်၏။ “ငါ ကောင်းမွန်တဲ့အရာ တစ်ခုခုကို ရဖို့ မျှော်လင့်မိတယ်”
ဤအရာနှင့်ပတ်သက်၍ သူသည် အမြဲတမ်း မရေရာ မသေချာသလို ခံစားမိ၏။ အမြဲတမ်း လောင်းကစားလုပ်ရ သလို ခံစားမိပြီး ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်ကြီးမားခြင်းစသော ခံစားချက်များကို အစဉ်အမြဲလို ရရှိနေ၏။
ချီးတဲ့မှ ….
အရာအားလုံးကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပြိုလဲသွားမိ၏။ “ဘာတစ်ခုမှလည်း သုံးလို့ရတာ မရှိဘူး”
စဦးစတိုးတွင် ကောင်းမွန်သည့်ပစ္စည်းများ ရှာ၍ မတွေ့နိုင် ဆိုသည်ကို သူနားလည်မိ၏။ သို့ပေမဲ့ သူ၏ ကံတရား မှတ်သည် ငါးမှတ်အထိ တိုးလာခဲ့ပြီးဖြစ်သည်။ ထိုသို့ဆိုလျှင်တောင်မှ အလယ်အလတ်စတိုးတွင် ဘာတစ်ခုမှ ကောင်းသည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။ အမှန်အကန်ပင် ကံဆိုးလှချေ၏။
သူ့အနေနှင့် စတိုးအား ဆက်လက်၍ Refresh လုပ်ချင်သည်ဆိုလျှင် ပစ္စည်းတစ်ခုခုကို ဝယ်ယူမှဖြစ်မည်။ ပြောရမည်ဆိုလျှင် ဤတစ်ကြိမ်တွင် အနည်းဆုံး ဂိုဏ်းစုဆောင်းမှတ် ထောင့်တစ်ရာကို သုံးဖြုန်းရပေမည်။
ကျွင်းချောင်ရှောင်းသည် ရင်နာလို့နေ၏။ ရင်တင်မက သွားလည်း နာလို့နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သည်လည်း နာလို့နေသည်။
“လှိုင်းနဲ့လေတွေကို မတွေ့ကြုံရဘဲနဲ့ ဘယ်လိုလို့ သတ်တန့်ဆိုတာကို မြင်ရမှာလဲ၊ ငါ့ကိုယုံစမ်းပါ၊ မင်းလုပ်နိုင်ပါတယ်”
ဂိုဏ်းစုဆောင်းမှတ်ကို အသုံးပြုခြင်းကသာလျှင် စနစ်ဆီမှ ပစ္စည်းများကို ရရှိလိမ့်မည်ဖြစ်ကြောင်း စနစ်သည် ကောင်းကောင်းသိ၏။ ထို့ကြောင့် လက်ခံသူအား အားပေးစကား ပြောလိုက်၏။ ဤတစ်ကြိမ်မှာတော့ သူသည် အလွန်တရာ ရင်နာစရာကောင်းလှသော စကားလုံးများနှင့် မတိုက်ခိုက်တော့ချေ။
“ချီးတဲ့မှ၊ ငါဒီမိစ္ဆာကောင်ကို ယုံလို့မဖြစ်ဘူး”
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စတိုးကို ထပ်မံ၍ သေသေချာချာကြည့်လိုက်၏။ နောက်ဆုံးမှာတော့ သူသည် အံကိုကြိတ်ကာ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ခေါင်းလိမ်းဆီတစ်ပုလင်းအား ဝယ်ယူလိုက်တော့သည်။ ဂိုဏ်းစုဆောင်းမှတ်မှာ တစ်ထောင်တိတိ ကုန်ကျ၏။ ထိုဆေးပုလင်း၏ အကျိုးအာနိသင်မှာ ခေါင်းတစ်ခုလုံး ပျက်စီးပြားကပ်သွားသည်ဆိုလျှင်တောင်မှ ဆံပင်ပုံစံ မပြောင်းလဲချေ။
ဟူး
ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှူပြီးနောက် စတိုးအား ထပ်မံ၍ Refresh လုပ်လိုက်သည်။
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၈၇၉၀ / ၁၀၀၀၀”
ချီးတဲ့မှ ….။
သေသေချာချာ ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် နံရံနှင့်ခေါင်း ပြေး၍ တိုက်ချင်စိတ်ပင် ပေါက်မိနေသည်။ သူသည် ငိုချင်စိတ်ဖြစ်နေသည်ဆိုသော်လည်း မျက်ရည်များကတော့ ကျဆင်းမလာခဲ့ချေ။
“ကောင်းတဲ့အရာတွေ ဘာတစ်ခုမှတောင် မရှိဘူး၊ ကံတရားမှတ်တွေ တက်လာတော့ကော ဘာလုပ်ရမှာလဲ”
စနစ်က ပြောလိုက်သည်။
“စိတ်ဓာတ်မကျနဲ့၊ ဒီနေရာမှာ ဆက်ပြီးတော့ Refresh လုပ်လို့ရတယ်၊ ကောင်းမွန်တဲ့ပစ္စည်းတွေကို ကျိန်းသေပေါက် ရမယ်”
“ငါက အရူးမလို့ မင်းကို ဆက်ပြီး ယုံရတော့မှာလား” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ သူ့အနေနှင့် ဆက်ပြီး မဝယ်ချင်တော့ပေ။ Refresh လည်း ဆက်၍ မလုပ်နိုင်ဟု ခံစားမိနေ၏။
“လက်ခံသူအနေနှင့် အလယ်အလတ်စတိုးက ပစ္စည်းတွေ ထပ်မံလိုချင်တယ်ဆိုရင် ဒီနေရာကို မဖြစ်မနေ ထပ်ပြီးတော့ Refresh လုပ်ရမှာပဲ၊ မဟုတ်ရင် ဒီမှာရှိတဲ့ပစ္စည်းတွေ ဘယ်လိုလုပ်ပြီး ပြောင်းသွားမှာလဲ” စနစ်က ပြောလိုက်၏။
“ဒါက အဓိပ္ပာယ်ရှိတယ်၊ ကောင်းပြီ ဒီတစ်ကြိမ် ထပ်လုပ်ရမယ်”
ကျွင်းချောင်ရှောင်းသည် ဘက်စုံအသုံးပြုနိုင်သော ဆံပင်လေမှုတ်စက်အား ဝယ်ယူလိုက်၏။ ဤအရာသည် ဆံပင်များကို ခြောက်အောင် မှုတ်လို့ရသည်သာမက တခြားအမွေးများကိုလည်း ခြောက်အောင် ပြုလုပ်၍ရ၏။
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၇၆၉၀ /၁၀၀၀၀”
ဂိုဏ်းချုပ်ကျွင်းသည် တတိယအကြိမ်မြောက် စနစ်အား Refresh လုပ်လိုက်၏။ သူ၏ မျက်လုံးများသည် မျက်ရည် များနှင့် ဝိုင်းလျက်ရှိနေ၏။ အချိန်ခဏအတွင်း ဂိုဏ်းစုဆောင်းမှတ် နှစ်ထောင့်သုံးရာကို အသုံးပြုလိုက်ပြီး စိတ်ပျက် စရာကောင်းလှသည့် နေ့စဉ်သုံးပစ္စည်း နှစ်မျိုးကို ဝယ်ယူခဲ့ရသည်။ ကံဆိုးစွာဖြင့် တတိယအကြိမ်မြောက် Refresh လုပ်သည့်အချိန်တွင် သူသည် စိတ်ပျက်မှုကို မခံစားရတော့ချေ။
ပထမဦးဆုံးအတန်းမှာပင် အလွန်တရာ အသုံးဝင်သောပစ္စည်းတစ်ခု ပေါ်လာသည်။ ထိုအရာသည် အစီအရင် မျှဝေခြင်းလက်ကောက် ဖြစ်နေ၏။
“မျှဝေတာ ဟုတ်လား”
အသေးစိတ်အား နှိပ်ကြည့်လိုက်၏။ အစီအရင်မျှဝေခြင်းလက်ကောက် ဝတ်ဆင်ထားပြီးသည့်နောက်မှာတော့ လက်ခံသူ ဖန်တီးခဲ့သော အစီအရင်များအားလုံးကို မျှဝေခံရသူသည် ထိန်းချုပ်နိုင်စွမ်းရှိ၏။
“ဒါက အစီအရင်နဲ့ပတ်သက်တဲ့ နိယာမနဲ့ ဥပဒေသတွေကို မျှဝေလို့ရမယ်လို့ ငါထင်ထားတာ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒါကလည်း အသုံးမဝင်ဘူး”
“ဒါက အသုံးဝင်တယ်”
စနစ်ကပြောလိုက်သည်။ “လက်ခံသူအပြင်ဘက်ကို ရောက်နေတဲ့အချိန်မှာ ဂိုဏ်းအကာအကွယ် အစီအရင်ကို နေ့စဉ်ဖွင့်ဖို့၊ ပိတ်ဖို့ အလုပ်ကိုလုပ်လို့မရဘူး၊ ဒီတော့ တပည့်တစ်ယောက်ယောက်နဲ့အတူ အစီအရင်မျှဝေခြင်းလက်ကောက်ကို အသုံးပြုပြီး မျှဝေ ထားမယ်ဆိုရင် အခြေအနေပေါ်မူတည်ပြီးတော့ ဂိုဏ်းအကာအကွယ်အစီအရင်ကို ပိတ်ချင်သလိုပိတ်၊ ဖွင့်ချင်သလို ဖွင့် လုပ်လို့ရတယ်”
“ဒါက အဓိပ္ပာယ်ရှိတယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ ဂိုဏ်းအကာအကွယ်အစီအရင်သည် စတိုးဆီမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ထိုအရာကို အသက်သွင်းဖို့ဆိုသည်မှာ ဂိုဏ်းစုဆောင်းမှတ် ကုန်ဆုံး၏။ နေ့စဉ်နေ့တိုင်း ဖွင့်လှစ်ထားရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် အရေးကြုံလာပါက ဂိုဏ်းအကာအကွယ်အစီအရင်အား အသက်သွင်းရပေလိမ့်မည်။
“ငါဝယ်လိုက်မယ်” သူသည်ဂိုဏ်းစုဆောင်းမှတ်တစ်ထောင်အား အသုံးပြု၍ အစီအရင်မျှဝေခြင်း လက်ကောက်အား ဝယ်ယူလိုက်တော့ သည်။ အလွန်တရာသေးငယ်ပြီး သပ်ရပ်လှသော လက်ကောက်တစ်စုံ သည် သိုလှောင်လက်စွပ်ထဲသို့ ရောက်ရှိလာ ၏။ ထိုလက်ကောက်၏ တစ်ခုမှတော့ အဓိကဟု ရေးထွင်းထားပြီး တစ်ခုမှာတော့ မျှဝေခံ ဟု ရေးထွင်းထားသည်။
ကျွင်းချောင်းရှောင်းသည် အဓိကလက်ကောက်အား ကောက်ဝတ်ထားပြီးသည့်နောက်မှာတော့ တီးတိုး ရေရွတ် လိုက်၏။ “ကျန်တဲ့လက်ကောက်ကို ငါဘယ်သူ့ကို ပေးရမလဲ”
ပထမဦးဆုံး သူသည် လီချင်းယန်ကို တွေးထားမိ၏။ သို့ပေမဲ့ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်သည် နောက်ထပ်အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ကို လက်ကောက်ပေးရသည်မှာ နဲနဲတော့ ကြောင်တောင်တောင်နိုင်ပြီး ရှက်ရွံ့စရာကောင်းလှ၏။
“ချင်းချင်းကတော့ ရှိမှာမရှိဘူး၊ ရှိရင် သူမကိုပေးရမယ်” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။
“ဂိုဏ်းချုပ်”
လီလိုရှုသည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာပြီးနောက် ပြောလိုက်သည်။ “မိုးဆွေဟောခန်းကို လေ့ကျင့်ဖို့ ကြွက်သားတည်ဆောက်ခြင်းအခန်းတွေ ထပ်ပေးလို့ရမလား”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွားသည်။ အထူးတာဝန်များကို ထမ်းဆောင်ရသည့် အချိန်များ မှလွဲ၍ ဤအမျိုးသည် ဂိုဏ်းထဲတွင် နေ့စဉ်နေ့တိုင်း ရှိလို့နေ၏။ ဂိုဏ်းအကာအကွယ် အစီအရင်ကို ဖွင့်ခြင်း၊ ပိတ်ခြင်းအတွက် သူမကို ရွေးချယ်ရသည်မှာ ကောင်းမွန်သော ရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။
“ဟောခန်းသခင်လီ”
ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်၏။ “ကျုပ်ဆီမှာ လက်ကောက်တစ်ခုရှိတယ်၊ ခင်ဗျားကြိုက်တယ်ဆိုရင် ယူလိုက်လေ”
လီလိုရှုကြောင်သွား၏။ “ကျွန်မကို လက်ကောက်တစ်ခု ပေးတာလား”
“ဘာလို့လဲ၊ ပြဿနာရှိလို့လား” ကျွင်းချောင်ရှောင်းက မေးလိုက်၏။
“ဟုတ်တာပေါ့၊ ရှိတယ်လေ”
လီလိုရှုက ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ဓလေ့ထုံးစံတစ်ခုရှိတယ်၊ အမျိုးသားတစ်ယောက်က သူ့ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက်ဆိုရင် အမျိုးသမီးတစ်ယောက်ကို လက်ကောက်ပေးတတ်တယ်”
“ဒီလို ထုံးတမ်းစဉ်လာလည်း ရှိတာလား” ကျွင်းချောင်ရှောင်း ကြောင်သွားသည်။
လီလိုရှုသည် မျက်လုံးလေး ပေကလပ်၊ ပေကလပ်ဖြစ်ကာ ပြုံး၍ ပြောလိုက်၏။ “ဂိုဏ်းချုပ်က ကျွန်မကို လက်ကောက်ပေးတယ်ဆိုတော့ ကျွန်မအပေါ်မှာ ခံစားချက်တွေ ရှိနေလို့လား”
“မရှိပါဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လုံးဝမရှိဘူး”
လီလိုရှုသည် ပြုံးကာပြောလိုက်၏။
“ဒါဆိုရင် ဂိုဏ်းချုပ် အနေနဲ့ ကိုယ်ခံစားချက်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကိုပဲ ပေးသင့်တယ်လေ”
“ကျင့်ကြံခြင်း လောကကလူတွေက ဒီလိုဓလေ့ထုံးစံတွေကို ဂရုမစိုက်သင့်ဘူး၊ ပြီးတော့ ငါက ခင်ဗျားအရင် တခြားတစ်ယောက်ကိုလည်း ပေးခဲ့သေးတယ်၊ သူကလည်း ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ဂရုမစိုက်ခဲ့ပါဘူး” ကျွင်းချောင်ရှောင်းပြောလိုက်သည်။
“ဘယ်သူ့ကိုပေးခဲ့တာလဲ”
“လုချင်းချင်းလေ”
“လုချင်းချင်း”
လီလိုရှုသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “သူမလက်ထဲက လက်ကောက်က ဂိုဏ်းချုပ်ပေးခဲ့တဲ့ဟာလား”
“ဟုတ်တာပေါ့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လီလိုရှုက တွေးလိုက်၏။ “လုချင်းချင်းက သာမန်ထက်ထူးခြားတဲ့ မိသားစုဆီက ဆင်းသက်လာတာ ဆိုရင်တောင်မှ လက်ကောက်နဲ့ ပတ်သက်တဲ့ ဓလေ့ထုံးစံကို ကောင်းကောင်းသိတယ်၊ ဒီဟာကို လက်ခံလိုက်တယ်ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ”
“အချိန်ဖြုန်းမနေနဲ့၊ မြန်မြန် ဒါကိုဝတ်လိုက်တော့”
ကျွင်းချောင်ရှောင်းသည် လက်ကောက်အား လှမ်းပစ်ပေးပြီး လက်ကောက်၏ လုပ်ဆောင်မှုအကြောင်းကို သူမအား ပြောပြလိုက်၏။
“ကျွန်မသိပြီ၊ ဂိုဏ်းချုပ် ဘာလို့ အကြောင်းအရာမရှိဘဲ လက်ကောက်ပေးရသလဲဆိုတာ စဉ်းစားနေတာ”
လီလိုရှုသည် လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်ခဲ့သည်မို့ ဓလေ့ထုံးစံများကို ဂရုစိုက်တတ်သူမဟုတ်ချေ။ သူသည် သေသပ်လှပသော လက်ကောက်အား ပျော်ပျော်ကြီး ကောက်၍ ဝတ်လိုက်တော့သည်။ ပြောစရာပင် မလိုချေ။ အစီအရင်မျှဝေခြင်း လုပ်ငန်းစဉ်သည် အသက်ဝင်သွားခဲ့သည်။ လီလိုရှုသည် အဓိကဟောခန်းထဲမှ လျှောက်ထွက်ပြီးနောက် အတွေးတစ်ချက်နှင့်ပင် ဂိုဏ်းအကာအကွယ်အစီအရင်အား အသက်သွင်းနိုင်ခဲ့ပြီ ဖြစ်သည်။
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၆၆၈၀ / ၁၀၀၀၀”
ရွှီး
အစီအရင်သည် ပိတ်သွား၏။ အစီအရင်သည် ထပ်မံပွင့်လာ၏။
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၆၆၇၀ / ၁၀၀၀၀”
လီလိုရှုသည် အကြိမ်အနည်းငယ်လောက် ထပ်မံ၍ စမ်းသပ်လိုက်သည်။ ကျွင်းချောင်ရှောင်းသည် အလောတကြီးနှင့် အဓိကဟောခန်းထဲမှ ပြေးထွက်လာပြီး ပြောလိုက်၏။ “ဟောခန်းသခင်၊ ဟောခန်းသခင်လီ၊ ဒီဂိုဏ်းအကာအကွယ်အစီအရင်က ကြုံသလိုလျှောက်ပြီး အသက်သွင်းလို့ မဖြစ်ဘူး၊ မဟုတ်ရင် ကျုပ်၊ ကျုပ်ရဲ့ကယ်လိုရီတွေ လောင်ကျွမ်းသွားလိမ့်မယ်”
“ဂိုဏ်းချုပ်... ကယ်လိုရီဆိုတာ ဘာလဲ”
............
နှင်းတွေဖုံးလွှမ်းလျက်ရှိသော တောင်ထိပ်ကြီးတစ်ခု အပေါ်မှာတော့ လုချင်းချင်းသည် အသာရပ်တန့်နေသည်။ သူမသည် အဖြူရောင်ဂိုဏ်း၏ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် တည်နေရာကြီးတစ်ခုလုံးနှင့် တစ်သားတည်း ဖြစ်နေပုံပင်။ ဘယ်လောက်မှန်းမသိသော အချိန်ကာလတစ်ခုကို ကြာရှည်ပြီးသည့်နောက်မှာတော့ သူမသည် တည်နေရာတစ်ခုဆီသို့ အကြည့်ရောက်နေရာမှ အသာလွှဲ၍ သူမ၏ လက်ကောက်ဆီသို့ အမှတ်မထင် ကြည့်လိုက် မိသည်။
သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ပြီးတဲ့နောက်မှာ လက်ကောက်ရဲ့အသုံးဝင်မှုက ပျောက်ကွယ်သွားခဲ့ပြီး လုချင်းချင်းသည် လက်ကောက်ကို အသာချွတ်လိုက်၏။ မူလအားဖြင့် သူမသည် လက်ကောက်အား သိုလှောင် လက်စွပ်ထဲသို့ သိမ်းဆည်းထားရန် ပြင်လိုက်၏။ သို့ပေမဲ့ ခဏလောက် တွန့်ဆုတ်ပြီးသည့်နောက်မှာတော့ သူမ၏ လက်ကောက်ဝတ်၌ ပြန်လည်၍ ဝတ်ဆင်လိုက်တော့သည်။
ပြီးနောက်မှာတော့ အလွန်တရာ ကျက်သရေရှိလှသော နတ်မိမယ်တစ်ပါးသည် နှင်းများဖုံးလွှမ်းလျက်ရှိနေသော လုကျိုးဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားတော့၏။