အခန်း (၅၄၈)
Vol. 37 Ch. 548
ကျွင်းချောင်ရှောင်းသည် တပည့်တစ်သောင်းခန့်ကို ခေါ်ယူဖို့ အနည်းဆုံးတစ်လလောက်ကြာမြင့်မည်ဟု တွက်ချက်ထားခဲ့သည်။
သို့ပေမဲ့ သူ့အနေနှင့် မှားယွင်းခဲ့သည်။
ရက်အနည်းငယ် အတွင်းမှာပဲ ကျင့်ကြံသူများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး ဂိုဏ်းသားသစ် အရေအတွက်သည် ပုံမှန်ထက် ပိုမိုများပြားစွာဖြင့် ဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့ကြတော့၏။
အာရုံတက်ချိန်မှာတော့ တောင်၏ ဂိတ်တံခါးဝတွင် သိုင်းကျင့်ကြံသူခုနှစ်ရာမှ ရှစ်ရာနီးပါးတို့သည် ရောက်ရှိနေကြပြီဖြစ်သည်။
၎င်းတို့၏ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်ကို ထည့်သွင်းမစဉ်းစားပါက လူတစ်သောင်းကို လွယ်လွယ်ကူကူနှင့် စုစည်းနိုင်မှာ ဖြစ်သည်။ သို့ပေမဲ့ ဤကဲ့သို့ မျက်နှာလွှဲခဲပစ် ဂိုဏ်းသားစုဆောင်းမှု ဟူသည်မှာ မရှိချေ။
နင်ညီအစ်ကိုတို့သည် ဂိုဏ်းချုပ်၏ ညွှန်ကြားချက်အတိုင်းတစ်ယောက်ချင်းစီကို သေသေချာချာ မေးမြန်းခဲ့သည်။ အဆုံးသတ်မှာတော့ လိုအပ်ချက်နှင့် ကိုက်ညီသော သိုင်းကျင့်ကြံသူ နှစ်ရာခန့်သာ ရှိခဲ့၏။
နောက်တစ်ရက်မှာတော့ ဂိုဏ်းအတွင်းသို့ ဝင်ရောက်ခွင့် ရရန် ရောက်ရှိလာကြသော လူအရေအတွက်သည် ခြောက်ရာမှ ခုနှစ်ရာ နီးပါးခန့်သို့ ရှိနေပြန်သည်။
ဤသို့ဖြင့် ငါးရက်လောက် ကြာပြီးသည့်နောက်မှာတော့ ဂိုဏ်းသားအရေအတွက်သည် အစအဦးပိုင်းမှ ၉၄၁၃ မှသည် ၉၉၉၉ အထိ ရောက်ရှိသွားခဲ့၏။
"လူတစ်ယောက်ပဲလိုတော့တာပဲ "
သတိပေးချက်ကို ကြားရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပလျက်ရှ်သည်။
"ဂိုဏ်းချုပ် ….အပြင်ဘက်မှာ ဂိုဏ်းချုပ်နဲ့ တွေ့ချင်လို့ အဘိုးအိုတစ်ယောက် လာပြီးတော့ စောင့်နေတယ်"
"ဂိုဏ်းကို ဝင်ချင်တဲ့သူလား"
"သူက ဂိုဏ်းထဲကိုဝင်ချင်တယ်လိုတော့ မပြောဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်ကို တွေ့ချင်တယ်လို့ပဲ ပြောတာ"
ကျွင်းချောင်ရှောင်းသည် အပြင်ဘက်သို့ လျှောက်ထွက်သွားလိုက်သည်။
ထိုအချိန်မှာတော့ သံမဏိအရိုးဂိုဏ်း ဝင်ရောက်ချင်ပြီး အရည်အချင်း မပြည့်မီခဲ့သော လူများသည် အစောကတည်းက ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လူသူ ကင်းရှင်းလျက်ရှိနေ၏။
လေပြေညှင်းတွေ တိုက်ခိုက်နေပြီး ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် မတ်မတ်ရပ်နေသည်။ သူ၏ ပုံပန်းသွင်ပြင်မှာ အသက်ခြောက်ဆယ်မှ ခုနှစ်ဆယ် နီးပါးခန့် ရှိပြီး ခေါင်းတစ်ခု လုံးရှိ ဆံပင်များသည် မဲနက်လျက်ရှိပြီး သူ့ကို ကြည့်ရသည်မှာ အသက်ကြီးရင့်ပုံ မပေါ်ပေ။
"မင်းက ကျွင်းချောင်ရှောင်းလား"
သူ၏ အသံသည် ကျယ်လောင်ပြီး စူးရှလှ၏။ တစ်ချက်ကြည့်လိုက်သည်နှင့် အသက်သုံးဆယ် လေးဆယ်ခန့်သာ ရှိမည့်ပုံ ပေါ်နေသည်။ ထိုသူသည် သူ့ကိုယ်သူ အလွန်တရာ ဂရုစိုက်တတ်တဲ့သူ ဖြစ်ပေလိမ့်မည်။
"မှန်ပါတယ်"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ဘာလို့ သံမဏိအရိုးဂိုဏ်းကို လာရတာလဲ"
အဘိုးအိုက ပြောလိုက်သည်။
"မင်းတို့ဂိုဏ်းက တစ်လောကလုံးမှာ ရှိတဲ့ သူရဲကောင်းတွေကို ခေါ်ယူနေတယ်လို့ ကျုပ်ကြားခဲ့တယ်။ ဒီအဘိုးကြီးကလည်း ဂိုဏ်းထဲကိုဝင်ခွင့် ရချင်တယ်လေ။"
ညီအစ်ကိုတို့သည် မျက်မှောင်ကုတ်သွားသည်။ ဂိုဏ်းသို့ဝင်ချင်သည်ဆိုလျှင် ဘာလို့ အစောကတည်းက မပြောသနည်း။ဤနေရာသို့ ရောက်လာပြီးသည့်နောက် ဂိုဏ်းချုပ်နှင့် တွေ့ချင်သည် ဟုသာ တသွင်သွင် ပြောဆိုနေခဲ့သည်။ မောက်မာလှသည့် လူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းက နာမည်မရှိတဲ့ လူတွေကို လက်မခံပါဘူး။စီနီယာက ဘယ်လိုမျိုး ထူးခြားချက်တွေ ရှိလဲ သိချင်မိတယ်။"
သူသည် စိတ်ဝိညာဉ် စွမ်းအင်များကို အာရုံဖြန့်ကျက်ကြည့်လိုက်၏။ သို့ပေမဲ့ တစ်ဖက်လူ၏ ကျင့်ကြံခြင်း အဆင့်သည် ဘာဖြစ်မှန်း သူ မသိပေ။
ဖြစ်နိုင်ချေ နှစ်ခုသာ ရှိသည်။
ပထမတစ်ခုသည် ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားခြင်းဖြစ်မည်။ ဒုတိယအဆင့်မှာတော့ ကျင့်ကြံခြင်းအဆင့် မရှိခြင်းသာ ဖြစ်မည်။
ဒုတိယအမျိုးအစားဆိုလျှင် သူ အားနာနာနှင့် ငြင်းပယ်ရလိမ့်မည်။ မည်မျှ အသက်အရွယ်ရှိသည်ဖြစ်စေ ၊ လာရာလမ်းမှ လှည့်ပြန်ရန် တောင်းဆိုရလိမ့်မည်။
အဘိုးအိုက ပြောလိုက်သည်။ “ဒီ အဘိုးကြီးက သိုင်းကျင့်ကြံခြင်း နည်းစနစ်မှာတော့ ကျွမ်းကျင်တာ မဟုတ်ဘူး။ဒါပေမဲ့ အစီအရင်နဲ့ ပတ်သက်ပြီး နည်းနည်းသိတယ်။သံမဏိအရိုးဂိုဏ်းက အစီအရင်ဆရာတွေ လိုအပ်နေတယ်ဆိုရင် ဒီအဘိုးကြီးက အစီအရင် အကြီးအကဲအဖြစ် ရထူးကို မဝံမရဲနဲ့ ရယူလိုက်ချင်တယ်"
နင်ညီအစ်ကိုတို့၏ နှုတ်ခမ်းများသည် တုန်ခါသွားကြသည်။
ဂိုဏ်းထဲသို့ မဝင်ရောက်သေးခင်မှာပဲ အကြီးအကဲတစ်ယောက် ဖြစ်ချင်နေသည်။ ဤလူကြီးသည် အမှန်ပင် မောက်မာလှ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အစီအရင်ကို နားလည်လား ၊ နားမလည်ဘူးလားဆိုတာကို စကားလုံးတွေနဲ့ သုံးသပ်လို့ မရဘူး။စီနီယာရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာ မူတည်ပါတယ်။"
ရွှစ်။
စားပွဲပေါ်သို့ ရွှေရောင် အနားကွတ်များနှင့်ပြုလုပ်ထားသော ကျောက်စိမ်းပြားတစ်ခု ကျဆင်းလာတော့သည်။
အဘိုးအိုက ပြောလိုက်သည်။ "ဒါက ဒီအဘိုးကြီးရဲ့ အစီအရင် ဆရာတစ်ယောက် ဖြစ်ကြောင်း သက်သေပြချက်ပဲ"
နင်ညီအစ်ကိုတို့သည် ခေါင်းကို ငုံကာ ကြည့်လိုက်သည်။ သူတို့၏ အမူအရာများသည် ချက်ချင်းဆိုသလိုပဲ ပြောင်းလဲသွားခဲ့သည်။ အဆင့်ကိုး အစီအရင်ဘုရင်ဟု ရေးသားထားသည်ကို သူတို့ မြင်လိုက်ကြရ၏။
"အစီအရင်ဘုရင် ဟုတ်လား။ပြီးတော့ အဆင့်ကိုး"
နင် ညီအစ်ကို တို့သည် တစ်လောကလုံးသို့ လှည့်လည် သွားလာခဲ့သူများ ဖြစ်သည်။ထို့ကြောင့် သူတို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အစီအရင်ဆရာများ များပြားစွာ ရှိသည်ဆိုသော်လည်း အဆင့်ကိုး အစီအရင် ဘုရင်ဆိုသူမှာ ရှားပါးလှကြောင်း သိရှိပြီဖြစ်သည်။
"ဒီ ကျောက်စိမ်းပြားက အတုလား"
ကျွင်းချောင်ရှောင်း အသံပို့ လွှတ်လိုက်၏။ စွန်းပုကုံးသည် ဂိုဏ်းထဲသို့ မဝင်ရောက်ချိန်မှာ ကောင်းကင်အင်ပါယာ၏ ဆက်ခံသူဆိုသော ကတ်ပြားကို ပင် ယူဆောင်လာသေး၏။ ထို့ကြောင့် တစ်ဖက်လူသည် လူလိမ်ဖြစ်နေမည်ကို သူ စိုးရိမ်မိ၏။
နေတုရှင်းသည် ကျောက်စိမ်းပြားအား အသာကောက်ကိုင်ပြီး စိတ်ဝိညာဉ်စွမ်းအင်များနှင့် ကြည့်ရှုလိုက်သည်။ ပြီးနောက် အသံပို့ လွှတ်လိုက်သည် "ဂိုဏ်းချုပ် … ဒါက အစစ်ပါ"
အစီအရင်ဋ္ဌာနမှ ထုတ်ပေးလိုက်သော အစီအရင် ကတ်ပြားသက်သေပြချက်ပင် ဖြစ်နေတော့သည်။
ဤအရာထဲတွင် သေးငယ်သော အစီအရင်များ ပါဝင်နေသည်။ စိတ်ဝိညာဉ်စွမ်းအင်များနှင့် အသာ အသက်သွင်းကြည့်လိုက်မည်ဆိုလျှင် ဤအရာသည် အစစ်လား ၊ အတုလား ဆိုသည်ကို တစ်ခါတည်း သိရှိနိုင်၏။
အတုပြုလုပ်ရန် မဖြစ်နိုင်သလောက်ပင်။
ထို့အပြင် အစီအရင်ဋ္ဌာနနှင့် ဂိုဏ်းအသိအမှတ်ပြု ဋ္ဌာနတို့သည် ထိုကဲ့သို့သော ကတ်ပြားများကို ထုတ်ပေးမည်ဆိုလျှင် အလွန်တင်းကြပ်သော စည်းကမ်းများကို ထားရှိကြ၏။ ထို့ကြောင့် အတုပြုလုပ်နိုင်မည်ဆိုလျှင်တောင် မည်သူမှ ပြုလုပ်ရဲမည် မဟုတ်ချေ။
"ဂိုဏ်းချုပ်ကျွင်း"
အဘိုးအိုကြီးက ပြုံးလိုက်သည်။ “မင်း ကျုပ်ကို မယုံဘူးဆိုလို့ ရှိရင် ဒီအဘိုးကြီးက မင်းကြည့်ဖို့အတွက် အစီအရင်တစ်ခုကို ဖန်တီးပြမယ်"
"ကောင်းတာပေါ့"
ကျွင်းချောင်ရှောင်းသည် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။ ဤကျောက်စိမ်းပြားသည် လမ်းမှာ ကောက်လာသည့် အရာဖြစ်လျှင် မည်သို့ လုပ်မည်နည်း။
အဘိုးအိုက ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဒီအဘိုးကြီးက ဘယ်လို အစီအရင်မျိုးကို စီစဉ်ပေးရမလဲ"
"ဒါက "
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်သည်။ "အကြီးအကဲနင် … အစီအရင် ဘုရင်တွေ အတွက် ဘယ်လို အစီအရင်မျိုးကို ဖန်တီးခိုင်းသင့်လဲ"
သူသည် အစီအရင်တစ်ယောက်ဖြစ်သော်လည်း ဆန်းကြယ်ဂိတ်တံခါး၃၂ ခုထဲကိုသာ လေ့လာခဲ့ဖူး၏။ ထို့အပြင် သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အစီအရင် နည်းစနစ်များအား တစ်ခုချင်းစီ တိတိကျကျ သင်ကြားခဲ့ဖူးသူ မဟုတ်ပေ။ ထို့ကြောင့် ဘာတစ်ခုမှ မသိဘူးဆိုရမည်။
"ဂိုဏ်းချုပ်"
နင်တုရှင်း က အသံပို့လွှတ်လိုက်၏။ "အဆင့်မြင့် မိုးကြိုးစုစည်းမှု အစီအရင်တစ်ခု လုပ်ခိုင်းလိုက်ပါ့လား"
အစီအရင်ဆရာများသည် တစ်ခုအလိုက် ခွဲခြားထား၏။ ထို့အတူ အစီအရင်များသည်လည်း အတူတူပင် ဖြစ်သည်။ အဆင့်မြင့် မိုးကြိုးစုစည်းမှု အစီအရင် ဆိုသည်မှာ အစီအရင်ဘုရင်အဆင့်သာ ဖန်တီး၍ ရသော အရာဖြစ်၏။
ဟုတ်ပေသည်။
ဤသို့ အဆင့်ခွဲခြားထားမှုသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ နိယာမအရ ဆိုလိုခြင်း ဖြစ်သည်။
ကျွင်းချောင်ရှောင်းမှာတော့ အစီအရင် ပင်ကိုယ်စွမ်းရည် နိယာမ ပြောင်းလဲခြင်း အစီအရင် ပင်ကိုယ်စွမ်းရည်ကို အသုံးပြုပြီး သူ၏ အဆင့်အား ပြောင်းလဲခြင်းဖြစ်သည်။ သို့ပေမဲ့ သူ၏ အဆင့်သည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ကို ဖန်တီးနိုင်သော အဆင့်ဖြစ်၏။
နှိုင်းယှဉ်ရမည်ဆိုလျှင် သူ၏ အစီအရင် ဖန်တီးမှုနှင့် စိတ်ဝိညာဉ် ဖန်တီးနိုင်မှု အစီအရင်များသည် ဘုရင်တစ်ယောက်၏ အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ပြောရမည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းသည် ဓားနှင့် သိုင်းဘုရင်တစ်ယောက်သာ မဟုတ်ပေ။ အစီအရင်ဘုရင်တစ်ယောက်လည်း ဖြစ်နေသည်။
ကျွင်းချောင်ရှောင်းက တီးတိုးပြောလိုက်သည်။ "ဘယ်သူ့ကိုမှ ထုတ်မပြောဘဲ သိုသိုသိပ်သိပ်နေမှ ဖြစ်မယ်"
"စီနီယာ …… ဒါဆိုရင် မိုးကြိုးစုစည်းခြင်း အစီအရင်ကို အရင်ဆုံး ဖန်တီးကြရအောင်။"
အဘိုးအိုသည် ခေါင်းကို ခါယမ်းကာ ပြုံးလိုက်၏။
"ဂိုဏ်းချုပ်ကျွင်းက ဒီအဘိုးကြီးကို မယုံကြည်တဲ့ပုံပဲ။ကောင်းပြီ"
သူသည် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ကျုပ်က အရည်အချင်းကို ပြသရတာပေါ့"
ရွှီ။
အလင်းတန်းများသည် သူ၏ အင်္ကျီလက်ထဲမှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ သူနှင့် မီတာ အနည်းငယ် ကွာဝေးသည့် နေရာဆီသို့ ဖောက်ဝင်သွားတော့သည်။ ထိုအရာသည် စက်ဝိုင်းပုံသဏ္ဍာန် ဖြစ်တည်လျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာများကို ကြည့်ရှုပြီးသည့်နောက်မှာတော့ သေးငယ်သည့် ရွှေရောင် အလံလေးများ ဖြစ်သည်ကို မြင်လိုက်ရ၏။
"ဒါတွေက အစီအရင် အလံတွေပဲ"
စနစ်က ပြောလိုက်သည်။
"အစီအရင်ကို ဖန်တီးဖိုအတွက် အသုံးပြုရတဲ့ အရာတွေပဲလေ"
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ "ပစ်လ့ွှတ်လိုက်တဲ့ ပုံကို ကြည့်ရတာ အရမ်းကို ကျွမ်းကျင်တာပဲ"
ရွှီ။
အဘိုးကြီးသည် သစ်သားတုတ်တစ်ချောင်းကို ကောက်ယူ၍ လက်တစ်ဖက်ဖြင့် အသာဝှေ့ယမ့်လိုက်၏။ ပြီးနောက် တစ်ခုခုကို စတင်ကာ ဆွဲတော့သည်။
အာရုံစူးစိုက်မှုအပြည့်နှင့် ဆရာတစ်ယောက် စုတ်တံကို ကိုင်ကာ ပန်းချီတစ်ခုခုကို ရေးဆွဲနေသည့် ဟန်ပန်မျိုး…….။ အလွန်ကျွမ်းကျင်လွန်းလှ၏။
ထိုကဲ့သို့ တွေးတောနေကြသည်မှာ နင်ညီအစ်ကိုများ ဖြစ်တော့သည်။
ရွှီ … ရွှီ။
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ အစီအရင်အလံတိုင်များ၏ အတွင်းမှာတော့ အလွန်တရာ ရှုပ်ထွေးလှသော အစီအရင် ပုံသဏ္ဍာန်များ ဖြစ်တည်လာတော့သည်။
အစီအရင်ဆရာတစ်ယောက်အနေနှင့် ဂိုဏ်းချုပ်ကျွင်းသည်လည်း ထိုအရာကို ကောင်းကောင်းသိ၏။ သူသည် ကြိတ်ကာ အံ့အားသင့်လျက်ရှိသည်။ "ဒါက အရမ်းကို ကြမ်းတမ်းပြီးတော့ အားကောင်းလွန်းတယ်။ အစီအရင်တွေထဲမှာ နဂါးနဲ့ ဖီးနစ်တွေ ကခုန်နေပြီ။ သူကကျိန်းသေပေါက် အစီအရင်ဆရာ ဖြစ်ရမယ်။"
အင်း။
နောက်ဆုံးသော မျဉ်းကြောင်းကို ချိတ်ဆက်ပြီးသည့်နောက်မှာတော့ အဘိုးအိုသည် သူ၏ လက်ထဲရှိ သစ်သားတုတ်ချောင်းကို အသာလွှင့်ပစ်လိုက်တော့၏။ ပြီးနောက် သူသည် ခေါင်းကိုမော့ ရင်ကိုကော့၍ တကယ့်ဆရာကြီးတစ်ယောက်၏ ဟန်ပန်မျိုး ပြုလုပ်လိုက်သည်။
ဒွီ
ချက်ချင်းဆိုသလိုပဲ အစီအရင် အလံများမှ စွမ်းအင်များထွက်ပေါ် ဖြစ်တည်လာပြီး တခုနှင့်တစ်ခု ချိတ်ဆက်သွားတော့သည်။ တောင်၏ ဂိတ်တံခါးရှေ့တွင် တောက်ပစွာဖြင့် လင်းလက်လာ၏။
ရွှီ
အလင်းအတားအဆီးများသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ချက်ချင်းဆိုသလိုပဲ အစီအရင်တစ်ခု ဖြစ်တည်လာခဲ့သည်။
"ကောင်းလိုက်တာ"
ကျွင်းချောင်ရှောင်းသည် မနေနိုင်တော့ဘဲ လက်ခုပ်ထတီးလိုက်တော့သည်။
အစီအရင်ကို ဤကဲ့သို့ ချောမွေ့အောင် ဖန်တီးနိုင်ခဲ့သည် ဆိုကတည်းက ဤလူသည် အစစ်အမှန် ပါရမီရှင်တစ်ယောက်ပင် ဖြစ်ရမည်။
"ဂိုဏ်းချုပ်ကျွင်း"
အဘိုးအိုက ပြောလိုက်သည်။ "မိုးကြိုးစုစည်းခြင်း အစီအရင်က ဖန်တီးပြီးသွားပြီ။ ဒီတော့ တစ်ယောက်ယောက်ကို ပိုပြီးတော့ စမ်းသပ်ကြည့်ရအောင်။"
"အကြီးအကဲတို့"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အစီအရင်ထဲကို ဝင်ပြီးတော့ စစ်ဆေးကြည့်ရအောင်"
နင်ညီအစ်ကိုတို့၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြ၏။
အဆင့်မြင့် မိုးကြိုးစုစည်းခြင်း အစီအရင်ဆိုသည်မှာ အဆင့်မြင့် တိုက်ခိုက်ရေး အစီအရင်တစ်ခုဖြစ်သည်။ သူတို့ ထိုအထဲသို့ ဝင်သွားလျှင် ကျိန်းသေပေါက် ဒုက္ခရောက်ပေလိမ့်မည်။
အစီအရင်ဆရာများအား ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် လူတိုင်းက လေးစားအားကျရသည်ဆိုသည်မှာ အဘယ့်ကြောင့် ဆိုသော် သိုင်းဘုရင်များ၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်၍ ရထားသော အဆင့်မြင့် အစီအရင် ကို ဖန်တီးနိုင်သောကြောင့်ပင် ဖြစ်၏။ ထိုသို့သောဆရာများနှင့် ရန်သူဖြစ်မည်ဆိုလျှင် ထိုသူများသည် မိမိ၏ အိမ် ပေါက်ဝတွင် အမြဲတမ်း အစီအရင်များ လာရောက် ဖန်တီးနေပေလိမ့်မည်။ ထိုအရာမှာ တွေးကြည့်နေရုံနှင့်ပင် ကြက်သီးထစရာ ကောင်းလွန်းလှ၏။
နင်တုရှင်းသည် ပြိုလဲတော့မလို ဖြစ်သွား၏။ "အစောကြီးကတည်းက သိရင် အကာအကွယ် အစီအရင်တစ်ခု ပြုလုပ်ပေးဖို့ ပြောပါတယ်"
သို့ပေမဲ့ တစ်ခြားနည်းလမ်းလည်း မရှိတော့ပေ။ သူ့အနေနှင့် ကိုယ့်သေတွင်းကို တူးမိပြီဖြစ်၏
ဘုတ် …။
ဘုန်း။
နင်ညီအစ်ကိုတို့သည် ချက်ချင်းဆိုသလိုပဲ လျှောက်ဝင်သွားလိုက်၏။ အထဲတွင် မိုးကြိုးပစ်သံများ ကြားလိုက်ရပြီးသည့်နောက် အစီအရင်တစ်ခုလုံးသည် တုန်ရင်သွား၏။
ကျွင်းချောင်ရှောင်းသည် ဆက်လက် မကြည့်နိုင်တော့ဟန်ဖြင့် ခေါင်းကို လှည့်လိုက်မိသည်။ အစီအရင်ထဲသို့ ဝင်သွားသော နင်ညီအစ်ကိုတို့၏ အဖြစ်သည် ဆိုးရွားလွန်းလှသည်။
"စီနီယာရဲ့ အစီအရင်ပေါ်မှာ နားလည်နိုင်မှုက ချီးကျူးစရာပဲ"
"ဂိုဏ်းချုပ်ကျွင်း"
အဘိုးအိုက ပြောလိုက်၏။ "အကြီးအကဲတစ်ယောက်ဖြစ်ဖို့ ကျုပ် အရည်အချင်း ပြည့်မီပြီလား"
"ပြည့်မီပါတယ်"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "လောလောဆယ် အစီအရင်ဟောခန်းရဲ့ ဟောခန်းသခင်လုပ်လေ"
သေချာပေသည်။
သူသည် အစွမ်းကုန်ကြိုးစား၍ ဂိုဏ်း၏ ဂုဏ်သိက္ခာကိုကြီးကျယ်ခမ်းနား တိုးတက်အောင် ပြုလုပ်ပြီးသည့်နောက်မှာတော့ အဆင့်ကိုး အစီအရင် ဘုရင်တစ်ယောက်ပင်လျှင် ဂိုဏ်းထဲသို့ ဝင်ရောက်ရန် စိတ်ဆန္ဒရှိလာ၏
လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ ပျော်ရွှင်သော ခံစားချက်ကို ရရှိစေသည်။
အဘိုးအိုက တီးတိုးရေရွတ်လိုက်၏။ "ဟို ဟင်းချက်တဲ့ မိန်းကလေးရဲ့ အစားအသောက်တွေကို စားသောက်ရမယ်ဆိုရင် ဟောခန်းသခင်တစ်ယောက် ဖြစ်ရလည်း မဆိုးပါဘူး"
ဟမ်။
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ တွေဝေသွားမိ၏။
“ဟား ဟား ဟား” စနစ်ဆီမှ ရယ်သံသည် သူ၏ နားထဲသို့ ပဲ့တင်ထပ် ဝင်ရောက်လာတော့သည်။ “ဂိုဏ်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်သိက္ခာ ဟုတ်လား။”