အခန်း (၅၄၉)
Vol. 37 Ch. 549
အဆင့်ကိုး အစီအရင်ဘုရင်တစ်ယောက် ဂိုဏ်းထဲသို့ ဝင်ရောက်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အလွန်တရာ ဂုဏ်ယူသော ခံစားချက်ကို ရရှိနေသည်။
သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ သူ၏ မျက်နှာအား ပိတ်ရိုက်ခဲ့မိ၏။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် ဂိုဏ်း၏ဂုဏ်သိက္ခာကြီးမားမှုကြောင့် ရောက်ရှိလာခြင်း မဟုတ်ဘဲ လျိုဝမ်ရှစ်ကြောင့် ရောက်ရှိလာခြင်းပင် ဖြစ်၏။
လက်ရှိအခြေအနေမှာတော့ သံမဏိအရိုးဂိုဏ်းသည် အရှေ့တောင်ရန်ကျူးတစ်ခုလုံးတွင် အကျော်ကြားဆုံးသော ဂိုဏ်းတစ်ခု ဖြစ်လို့နေသည်။ သို့ပေမဲ့ ဟင်းချက်ပြိုင်ပွဲပြီးသည့်နောက်မှာတော့ တစ်စုံတစ်ယောက်သည် ဂိုဏ်း၏ ဂုဏ်သိက္ခာတွေ၊ အလားအလာတွေထက် အရေးကြီးသော အရာကို ပိုမို၍ စိတ်ဝင်စားလာသည်။
မည်သူက စိတ်ဝင်စားလာသနည်း။ ဤအဆင့်ကိုး အစီအရင်ဘုရင်ပင် ဖြစ်တော့သည်။
သူသည် နှစ်ပေါင်းရာချီ အသက်ရှင် နေထိုင်ခဲ့သည် ဆိုပေမဲ့ ဝါသနာမှာ နှစ်မျိုးနှစ်စားသာ ရှိ၏။
တစ်ခုသည် အစီအရင်များကို လေ့လာခြင်း ဖြစ်ပြီး ကျန်သည့်တစ်ခုမှာတော့ တစ်လောကလုံးတွင် ရှိသော အရသာရှိသည့် အစားအသောက်များကို စားသောက်ခြင်းပင် ဖြစ်တော့သည်။
သံမဏိအရိုးဂိုဏ်းတပည့် လျိုဝမ်ရှစ်သည် သုံးဆင့်လုံး အမှတ်ပြည့်ရသည်ကို သိရှိပြီးသည့်နောက်မှာတော့ သူသည် အလွန်တရာ စိတ်ဝင်စားမိ၏။
သူသည် စားဖိုမှုးပြိုင်ပွဲများသို့ သွားလေ့သွားထ မရှိချေ။ အဘယ့်ကြောင့်ဆိုသော် အရင်တုန်းက သွားခဲ့ဖူးသော်လည်း ဗိုလ်ဆွဲသည့် လူများ လုပ်သည့် အစားအစာများကို စားကြည့်ချိန်တွင် သူ စိတ်ကျေနပ်မှုကို မရရှိခဲ့ချေ။ ထို့ကြောင့်ပင် စားဖိုမှူးပြိုင်ပွဲများကို မသွားခဲ့သည်မှာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
ယခု သံမဏိအရိုးဂိုဏ်းဆီသို့ လာခဲ့ခြင်းမှာ ထိုအမှတ်ပြည့်ရရှိခဲ့သော မိန်းကလေး ပြုလုပ်ခဲ့သည့် အစားအစာများကို စားချင်သောကြောင့်ပင် ဖြစ်တော့သည်။
အစားအစာအတွက် သူသည် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
ဤအဆင့်ကိုးအစီအရင်ဘုရင်သည် အလွန်တရာ ဆန်းကြယ်သော တည်ရှိမှုဟု ဆိုရမည်။
အသက်အရွယ် ကြီးရင့်သူများသည် အနည်းနှင့် အများဆိုသလို ထူးဆန်းကြ၏။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း၏ နှလုံးသားမှာတော့ နာကျင်လျက်ရှိနေသည်။ တစ်ဖက်လူသည် သံမဏိအရိုးဂိုဏ်း၏ ကျော်ကြားခြင်း ကြောင့် ရောက်ရှိလာခြင်း မဟုတ်ဘဲ တုတု ပြုလုပ်ခဲ့သော အစားအစာများကို စားချင်သောကြောင့် ရောက်ရှိလာခြင်း ဖြစ်နေ၏။ နာကျင်ဖွယ်ရာ ကောင်းလွန်းလှသည်။
"မဟုတ်သေးဘူး"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "တုတုက ငါ့တပည့်ပဲလေ။သူမက အဆင့်ကိုး အစီအရင်ဘုရင်တစ်ယောက်ကို ဆွဲဆောင်နိုင်တယ်ဆိုရင် ဒါက ငါ့ကြောင့်လို့ပဲ ပြောရမှာပေါ့"
မိမိကိုယ်ကို ဖြေသိမ့်ပြီးသည့်နောက် သူသည် ချက်ချင်းဆိုသလိုပဲ စိတ်ဓာတ်တွေ ပြန်လည်တက်ကြွလာ၏။
"စီနီယာ"
သူသည် စားပွဲဆီသို့ လျှောက်သွားပြီး ဝင်ခွင့်ဖောင်အား ယူလိုက်သည်။ "နာမည် သိပါရစေ။"
ဂိုဏ်းသည် လူတစ်ယောက် လိုအပ်နေ၏။ ယခုရောက်ရှိလာသော လူမှာ အဆင့်ကိုး အစီအရင်ဘုရင်တစ်ယောက်ဖြစ်နေ၏။ ထို့ကြောင့် တစ်ချက်ကလေးမှ မစဉ်းစားဘဲ လူသစ်ခေါ်ဆောင်ရမည် ဖြစ်သည်။
ဒီမှာဆက်နေမလား ထွက်ခွာသွားမလားဆိုသည်ကို သူမစိုးရိမ်ပေ။ အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ပြီးလျှင် ဘဝတစ်ခုလုံး သံမဏိအရိုးဂိုဏ်းသားတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
အဘိုးအိုသည် လက်နှစ်ဖက်ကို နောက်ပစ်၍ ဂုဏ်ယူစွာ ပြောလိုက်သည်။
"ကျန်းတယ်ကျွင်း"
ဤနာမည်ကို ကြားတော့ ကျွင်းချောင်ရှောင်းသည် မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ရင်သွားတော့သည်။
လျိုဝမ်ရှစ်၏ အဖေသည် အိုးရန်ကျွင်းဖြစ်သည်။ ထိုအရာကို သူ လက်ခံနိုင်သည်။ သို့ပေမဲ့ ယခု ရောက်ရှိလာသော လူမှာလည်း ကျန်းတယ်ကျွင်း ဖြစ်နေသည်။ အဘယ့်ကြောင့် ကျွင်းတွေက များပြားလွန်းနေရသနည်း။
"ကောင်းပြီ စီနီယာ ကျန်းတယ်ကျူး"
"တောင်းပန်ပါတယ် …. နာမည်က ကျန်းတယ်ကျွင်းပါ..."
သူသည် ဂိုဏ်းချုပ် စည်းတံဆိပ်အား ရိုက်နှက်ပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ "အကြီးအကဲကျန်း ဒီနေ့ကစပြီး ခင်ဗျားက သံမဏိအရိုးဂိုဏ်းသား တစ်ယောက်ဖြစ်သွားပါပြီ"
ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဒါဆိုရင် ဒီအဘိုးကြီးက စာဖိုမှူးပြိုင်ပွဲမှာ အနိုင်ရတဲ့လူကို မြင်ချင်တယ်။"
အဘိုးကြီး … ခင်ဗျားရဲ့ စကားက ကျုပ်ရဲ့ ရင်ကို ဘယ်လောက်ထိ ထိခိုက်သွားစေလဲဆိုတာကို သိရဲ့လား။ အနည်းဆုံး သံမဏိအရိုးဂိုဏ်းကို ဝင်ပြီးတဲ့နောက်မှာ သံမဏိအရိုးဂိုဏ်းအကြောင်းကိုစိတ်ဝင်စားပေးလို့ မရဘူးလား...။
ဝှစ်။
မိုးကြိုးစုစည်းခြင်း အစီအရင် ဖယ်ရှားလိုက်တော့သည်။
နင်တုရှင်းနှင့် နင်တုဆွေ တို့နှစ်ယောက်လုံးသည် မြေပေါ်တွင် လဲလှောင်းလျက်ရှိသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် မဲတူးလျက်ရှိပြီး ဆံပင်များမှာလည်း ထောင်ထလျက်ရှိသည်။
အဆင့်မြင့် သိုင်းဘုရင်နှစ်ယောက်ကို ဤကဲ့သို့ အခြေအနေမျိုးဖြစ်အောင် ပြုလုပ်နိုင်သည်ဆိုလျှင် အစီအရင်ဘုရင်တစ်ယောက်၏ အစီအရင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်ကို သိရှိနိုင်၏။
"ဂိုဏ်းချုပ်"
လျိုဝမ်ရှစ်သည် သူမ၏ လက်အား ရင်ကာဖြင့် သုတ်လိုက်သည်။ ပြီးနောက် ဟောခန်းထဲသို့ လျှောက်ဝင်လာပြီး မေးလိုက်၏။ "ကျွန်မကို ရှာတယ်ဆို"
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ "ဒါက အခုမှ ဂိုဏ်းထဲကို ဝင်ရောက်လာတဲ့ စီနီယာလေ။သူက မင်းချက်ထားတာတွေကို စားချင်နေတာ"
လျိုဝမ်ရှစ်သည် ကျန်းတယ်ကျွင်းကို ကြည့်ကာ သူ၏ နှုတ်ခမ်းများသည် ကော့တက်သွားသည်။ "ဂိုဏ်းချုပ် … စားဖို့ အချိန်ရောက်တော့မယ်လေ။တပည့်က လုပ်စရာတွေ အများကြီး ရှိသေးတယ်"
သံမဏိအရိုးဂိုဏ်းသည် လက်ရှိအချိန်တွင် တပည့် ပေါင်းတစ်သောင်းထိ ရှိနေပြီဖြစ်၏။
အိုးရန်ကျွင်းသည် ဘေးတစ်ဖက်မှ ကူညီနေသည်ဆိုသော်လည်း အစားအသောက်များ ချက်ပြုတ်ရာ အချိန်မျိုးတွင် အလုပ်များလှသောကြောင့် တစ်ခြားသူအား အချိန်မပေးနိုင်ပေ။
"ဒါ ဟုတ်တယ်"
ကျွင်းချောင်ရှောင်း ပြောလိုက်သည် "သွားပြီးတော့ မင်း အလုပ်ကို အရင်လုပ်လေ။ပြီးမှ ငါတို့ စကားပြောကြတာပေါ့"
"ကောင်းပြီ"
လျိုဝမ်ရှစ်သည် စားသောက်ခန်းဆီသို့ ပြန်သွားတော့သည်။
"အကြီးအကဲကျန်း"
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ "စားဖို့ အချိန်ရောက်တော့မယ်။ အားလုံးနဲ့ အတူတူ စားကြတာပေါ့။"
ကျန်းတယ်ကျွင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ကျွမ်းကျင်တဲ့ စားဖိုမှူးတွေ ချက်ပြုတ်တယ်ဆိုတာက ဒီအဘိုးကြီး အစီအရင် ဖန်တီးတာနဲ့ အတူတူပဲ"
"သာမန်ပြုလုပ်လိုက်တဲ့ မိုးကြိုးအစီအရင်တောင်မှ အရမ်းစွမ်းအားကောင်းတယ်မလား။ အဲလိုပဲ။ စားဖိုမှူးတွေကလည်း ဒီလိုပဲ ဖြစ်နေရမယ်"
အင်း
ဆိုလိုသည်မှာ စောနတုန်းက သူ ပြုလုပ်ခဲ့သည့် မိုးကြိုး အစီအရင် ဆိုသည်မှာ သူ သံမကာ လျှံကာ ပြုလုပ်လိုက်သော အစီအရင်ဟု ဆိုလိုသည်လား။ ဤထက် ပိုမိုအားကောင်းသည့် အစီအရင်မျိုးကို ဖန်တီးနိုင်သည်ဟု ဆိုလိုနေသည်လား။
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။
"အကြီးအကဲကျန်း ခင်ဗျား မသိသေးပါဘူး။တုတုရဲ့ အစားအစားတွေက အများကြီး ချက်တယ်ဆိုရင်တောင်မှ အရသာရှိတယ်။ သီးသန့် ချက်ပြုတ်စရာမလိုဘူး"
ကျန်းတယ်ကျွင်းပြောလိုက်သည်။ "ဒါဆိုလည်း ဒီအဘိုးကြီး မြည်းကြည့်ရမှာပေါ့"
သူ၏ မျက်လုံးများကို ကြည့်လိုက်လျှင် အလွန်တရာ ဇဝေဇဝါဖြစ်နေသည်ဟု မြင်သာနိုင်၏။ ထို့အပြင် ဂိုဏ်းထဲတွင် ဤမျှများပြားလှသော တပည့်များ ရှိနေသည်။ ချက်ပြုတ်ခြင်း အလုပ်သည် အလွန်တရာ ကြီးမားပေလိမ့်မည်။ ထို့ကြောင့် မြန်မြန်ဆန်ဆန်နှင့် ပြုလုပ်ရသော အစားအစာများသည် အရသာတွင် လိုအပ်ချက်များ ရှိနေနိုင်၏။
စားသောက်ခန်းထဲမှာတော့ တပည့်များ အလွန်တရာ များပြားလာသည့် အတွက်ကြောင့် လီချင်းယန်သည် အကြိမ်ပေါင်းများစွာ စားသောက်ခန်းအား ချဲ့ထွင်ခဲ့ရသည်။
လက်ရှိ အချိန်တွင်မှာတော့ တပည့်တစ်သောင်းလောက် ဝင်ရောက်စားသောက်၍ ရသည့် နေရာကြီးတစ်ခု ဖြစ်နေတော့၏။
သံမဏိအရိုးဂိုဏ်းသည် လက်ရှိတွင် အလွန်တရာ ကျယ်ပြန့်ပြီး ကြီးမားသည့် အဆောက်အဦးများ နှင့် ပြည့်နက်နေသည်။ တပည့်များသည် အားရပါးရပြုံးကာဖြင့် စားသောက်ခန်းထဲသို့ ဝင်လာကြသည်။
သိုင်းနည်းစနစ်များကို ကျင့်ကြံရခြင်းသည် သံသယဝင်စရာမလိုအောင်ပင် ပျင်းရိသည့်အရာဖြစ်သည်။ ထိုသို့သော ပင်ပန်းမှု၊ ပျင်းရိမှု ၊ဒုက္ခများ အားလုံးသည် အလွန်အရသာရှိသော အစားအသောက်များကို စားသောက်ခြင်းဖြင့် ဖယ်ပျောက်နိုင်၏။
ကျွင်းချောင်ရှောင်းသည် စားသောက်ခန်း၏ စနစ်အား ပြန်လည်ပြင်ဆင်လိုက်၏။
သူ အရင်ကမ္ဘာမှာ နေထိုင်စဉ်တုန်းကလို တပည့်များအနေနှင့် စားသောက်စရာများကို ယူဆောင်မည်ဆိုလျှင် မိမိ၏ ကိုယ်ပိုင် ပန်းကန်များ ယူဆောင်သွားရန် သူ အမိန့်ချမှတ်ထား၏။
ကျန်းတယ်ကျွင်းသည်လည်း စောစော ရောက်ရှိလာခဲ့သည်။
ခွက်များ ၊ပန်းကန်ပြားများ စားပွဲပေါ်တွင် တင်ထားသည်ကို မြင်တော့ သူ၏ ဦးခေါင်းကို ခါယမ်းလိုက်သည်။
ဤဟင်းပွဲများသည် အလွန်တရာ ကြီးမားလှသော အိုးကြီးများဖြင့် တစ်ပေါင်းတစ်စုတည်း ချက်ပြုတ်ထားသည့် ဟင်းပွဲများ ဖြစ်ပုံပေါ်သည်။ ထိုသို့ချက်ပြုတ်လေ အစားအသောက်၏ အရသာသည် ကျဆင်းလေပင် ဖြစ်၏။
"အကြီးအကဲကျန်း"
ကျွင်းချောင်ရှောင်းသည် ပန်းကန်ပြားကို ကောက်ယူကာ ပြုံး၍ ပြောလိုက်သည်။ "ခင်ဗျားက သံမဏိအရိုးကို စပြီးဝင်ရောက်တဲ့ အချိန်ဆိုတော့ ကျုပ်ကိုယ်တိုင် အစားအသောက်တွေကို ထည့်ပေးမယ်"
ဤအရာသည် ကျွင်းချောင်ရှောင်းတစ်ယောက် ဂိုဏ်းအတွက် ပါရမီရှင်နှင့် ပညာရှင်များကို မည်မျှ တောင်းတနေသည်ဖြစ်ကြောင်း သိသာနိုင်၏။
ကျန်းတယ်ကျွင်းသည် ထမင်း ဟင်းသုံးခွက်နှင့် ဟင်းရည်တစ်ခွက်တို့ကို ကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။ "အရသာမဲ့တဲ့ အစားအစာတွေက ဒီအဘိုးကြီးရဲ့ ဘဝမျှော်လင့်ချက်တွေကို ပျောက်ဆုံးစေမှာပဲ..."
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။
ဤအဖိုးကြီးသည် အမှန်တကယ်ပဲ မာနကြီးလွန်းလှသည်။
"အကြီးအကဲကျန်း"
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။ "ဒီအစားအစာတွေရဲ့ အရည်အသွေးကို အသွင် အပြင်နဲ့ သုံးသပ်လို့ မရဘူး။စားပြီးတော့မှ သုံးသပ်တာ ပိုပြီး မျှတမယ်ထင်တယ်"
"ကောင်းပါပြီ"
ကျန်းတယ်ကျွင်းသည် တူကို ကောက်ယူကာ ပြောလိုက်သည်။ "ဒီအဘိုးကြီးက မဖြစ်မနေ စမ်းကြည့်ရမှာပေါ့"
ပြောပြီးသည့်နောက် သူသည် ခရမ်းသီးတစ်ဖတ်ကို ကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ပြီးနောက် သေသေချာချာ အရသာခံလိုက်၏။
ပြီးနောက် ဖြည်းဖြည်းချင်းဝါးသည်။ ဖြည်းဖြည်းချင်း မြိုချပြီး ဖြည်းဖြည်းချင်း အရသာခံသည်။
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ကျန်းတယ်ကျွင်းသည် တူအား တုန်ရင်နေသော လက်အစုံဖြင့် အောက်သို့ ပြန်ချလိုက်သည်။ "ငါ ဘာစားခဲ့တာလဲ"
ဤအရာသည် ကျိန်းသေပေါက် ဟင်းပွဲတစ်ခု မဟုတ်ပေ။ သူသည် ချက်ချင်းဆိုသလိုပဲ တူကို ကောက်ယူကာ ခရမ်းသီးအား ထပ်မံ စားတော့သည်။ သူစားလေ ပိုမို၍ နှစ်သက်လာလေဖြစ်သည်။
သူ့အနေနှင့် ရက်အတော်ကြာ စားသောက်ခဲ့ရသော လူတစ်ယောက်ကဲ့သို့ အငမ်းမရ စားသောက်တော့၏။
"စီနီယာအစ်ကို"
စုရှောင်မိုသည် တီးတိုးပြောလိုက်၏။ "ဂိုဏ်းချုပ်က တကယ့်ကို ကြင်နာတတ်တာပဲ။ မစားရမသောက်ရတာ ဘယ်လောက်ကြာနေပြီမှန်းမသိတဲ့ သူတောင်းစားကြီးကို တောင်မှ ဒီထဲကို ခေါ်လာတယ်"
"ပေါက်ကရတွေ မပြောနဲ့"
လီချင်းယန်က ပြောလိုက်သည်။ "ဒါက အဆင့်ကိုး အစီအရင်ဘုရင်ပဲ"
စုရှောင်မို မျက်လုံး ပြူးသွားသည်။
သူသည် အစီအရင် နှင့် ပတ်သက်၍ များများစားစား မသိသော်လည်း အစီအရင် ဘုရင်များ အကြောင်းကိုတော့ ကြားဖူး၏။ ထိုသို့သော သူမျိုးသည် အားလုံးသော လူများ၏ လေးစားအားကျမှုကို ခံရသော သူမျိုး ဖြစ်သည်။ အဘယ့်ကြောင့် ယခု သတောင်းစားကြီးတစ်ယောက်ကဲ့သို့ အငမ်းမရ စားသုံးနေရသနည်း။
တစ်ခြားသော တပည့်များသည်လည်း တီးတိုး ဆွေးနွေးလျက်ရှိနေသည်။
ကျန်းတယ်ကျွင်းသည် ရက်အနည်းငယ် ထမင်းမစားရသေးသောကြောင့် ဤကဲ့သို့ စားသောက်နေခြင်း မဟုတ်ပေ။
အလွန်အရသာ ရှိလှသော အစားအသောက်များကို စားသုံးပြီးသည့်နောက်မှာတော့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ခြင်းသာဖြစ်၏။
လျိုဝမ်ရှစ်၏ ဟင်းပွဲများသည် အလွန်အရသာရှိသည်ဟု စုရှောင်မို၊ လီဖေးနှင့် တစ်ခြားသူများအားလုံး သိရှိကြသည်ဆိုသော်လည်း အစားအသောက်နှင့် ပတ်သက်၍ သူတို့ အနေနှင့် နက်နက်ရှိင်းရှိင်း သိရှိကြသူ မဟုတ်ပေ။
ကျန်းတယ်ကျွင်းမှာတော့ အလွန်တရာ ခြားနားလှသည်။ သူသည် အစစ်အမှန် အစားအသောက်ကို ရူးသွပ်သူ ဖြစ်သည်။ ဤဟင်းပွဲသုံးပွဲနှင့် ဟင်းရည်တစ်ခွက်ကို စားသောက်ပြီးသည့်နောက်မှာတော့ သူသည် ဦးခေါင်းကို မော့ကာ သက်ပြင်းချလိုက်သည်။
“စားပြီးတဲ့နောက်မှာ ခန္ဓာကိုယ်ရဲ့ အရေပြားတစ်ခုချင်းစီ မွေးညှင်းတစ်ခုချင်းစီတိုင်းက ဟင်းအရသာနဲ့ ချတ်ဆက်သွားသလို ခံစားရတယ်။ ဒါ … ဒါမျိုးကမှ အစားအသောက်ရဲ့ ဝိညာဉ်တွေပဲ။ ဒီအဘိုးကြီးက ဒါကို မျှော်လင့်နေတာ။ဒါကို အရသာခံခဲ့ရတဲ့အတွက် လုံလောက်တဲ့ ကံကောင်းမှုကြီး ရပြီလို့ ထင်တယ်။ဒီဘဝကြီးမှာ နောင်တတရားဆိုတာတောင် မရှိတော့ဘူး"