အခန်း (၅၅၀)
Vol. 37 Ch. 550
ကျန်းတယ်ကျွင်း၏ဝိညာဉ်သည် အိုးကြီးထဲမှ ချက်ပြုတ်ထားသော အစားအသောက်၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။
သူသည် အစစ်အမှန် အစားအသောက်ကို ခုန်မင်သူ တစ်ယောက်ဖြစ်၏။
လျိုဝမ်ရှစ်၏ ချက်ပြုတ်မှုစွမ်းရည်သည် မည်မျှ ကောင်းမွန်သည်ဖြစ်ကြောင်း ဤအရာက ပြသလျက်ရှိသည်။ သူမသာ သေသေချာချာ တစ်ခုချင်း ပြင်ဆင်၍ ဖြည်းဖြည်းချင်းသာ ချက်ပြုတ်သွားမည်ဆိုလျှင် ကျန်းတယ်ကျွင်း၏ ဝိညာဉ်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ထွက်ပေါ်၍ စကြာဝဠာ ?အာကာသထဲသို့ပင် ရောက်ရှိသွားပေလိမ့်မည်။
"ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့ကစပြီး ငါ ကျန်းတယ်ကျွင်းက သံမဏိအရိုးဂိုဏ်းသားတစ်ယောက် ဖြစ်သွားပြီ"
ကျန်းတယ်ကျွင်းသည် လျိုဝမ်ရှစ်ပြုလုပ်ထားသော အစားအစာကို နှစ်လိုဖွယ် စားသောက်ပြီးသည့်နောက်မှာတော့ သူသည် ကျိန်းသေပေါက် သံမဏိအရိုးဂိုဏ်းသားတစ်ယောက် အဖြစ်သို့ ခံယူလိုက်ပြီဖြစ်သည်။
ဟမ်။
ကျန်းတယ်ကျွင်း၏ ဝိညာဉ်သည် လေထဲ၌ လွင့်မျောလျက်ရှိသည်။ သို့ပေမဲ့ သူ၏ မျက်လုံးများသည် တံခါးဝဆီသို့ ရောက်ရှိသွားချိန်မှာတော့ အေးစက်စက် ပြောလိုက်သည်။ "ဝေချင်းဖန်"
အထဲသို့ လျှောက်ဝင်လာသော အကြီးအကဲဝေသည် အံအားတသင့်ဖြင့် ပြောလိုက်သည်။
"ကျန်းတယ်ချောင်"
“ကျန်းတယ်ချောင် ဟုတ်လား"
ကျွင်းချောင်ရှောင်း၏ လက်များသည် တုန်ရင်သွား၏။ ပြီးနောက် သူသည် အသံပို့လွှတ်ကာ ပြောလိုက်သည်။ "ကျန်းတယ်ကျွင်း မဟုတ်ဘူးလား"
အကြီးအကဲဝေက ပြောလိုက်သည်။ "အရင်တုန်းကတော့ ကျန်းတယ်ချောင်ပဲ။နောက်ပိုင်းမှာတော့ ကျန်းတယ်ချောင်ဆိုတဲ့ နာမည်က မကောင်းဘူးလို့ ထင်လို့ ကျန်းတယ်ကျွင်းလို့ ပြောင်းလိုက်တာ"
"ချီးတဲ့မှ … ဒီလို အရာမျိုးလည်း ရှိတယ်လား"
ပြောရမည်ဆိုလျှင် အကြီးအကဲ ကျန်း အကြီးအကဲဝေကို ကြည့်နေသော အကြည့်မှာ အသိအကျွမ်းဟောင်းတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။ မျက်လုံးထဲမှာတော့ အလွန်တရာ နာကျည်းသည့် အရိပ်အယောင်များ ရှိနေသည်။ ထိုအရာသည် လန့်ရှင်းရွဲ့ ၏ အကြည့်နှင့် တူညီလျက်ရှိသည်။ ဤအဖိုးကြီးသည်လည်း အကြီးအကဲဝေ၏ ရည်းစားဟောင်း ဖြစ်ခဲ့သည်လား။
"ကောင်းကင်ဘုံ"
အကြီးအကဲဝေသည် အမျိုးသမီးများနှင့် မဟုတ် အမျိုးသားများနှင့်ပါ ရည်းစားထားခဲ့သူ ဖြစ်ရမည်။ သောက်ကျိုးနည်းလှချေသည်တကား။
ဟမ့် …
ကျန်းတယ်ကျွင်းသည် အေးစက်စက် ပြောလိုက်၏။ "မင်းက သံမဏိအရိုးဂိုဏ်းထဲမှာ ရောက်နေမယ်လို့ ငါမထင်မိဘူး"
"ဒီလောက် နှစ်တွေ ကြာနေတာ အတိတ်တုန်းက ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး မုန်းနေတုန်းပဲလား"
ကျန်းတယ်ကျွင်းသည် အံကို ကြိတ်ကာ ပြောလိုက်၏။ "မုန်းတာထက် ပိုတယ်။ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး"
ဤကဲ့သို့ စကားများကို ပြောဆိုလေ ကျွင်းချောင်ရှောင်း၏ စိတ်ထဲမှာတော့ ဤအဖိုးကြီးနှစ်ယောက်၏ အတိတ်က ပတ်သက်မှုများမှာ သူ ခန့်မှန်းထားသလို ဖြစ်နေကြောင်း အတည်ပြုမိလာလေ ဖြစ်သည်။
အကြီးအကဲဝေသည် သက်ပြင်းချကာ ပြောလိုက်၏။ "ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ"
ဟမ့်
ကျန်းတယ်ကျွင်းသည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "အရင်တုန်းက မင်းရဲ့ ပေါက်တက်ကရ စကားတွေကိုသာ ငါ နားထောင်ပြီး အဲဒီလူနဲ့ အတူတူ ဂိုဏ်းတည်ထောင်တဲ့လူရှိရင် သေတောင် သေနေလောက်ပြီ"
"အဲဒီလူဟုတ်လား"
မည်သူနည်း။
အကြီးအကဲဝေ၏ မျက်လုံးများသည် နာကျင်မှုများနှင့် ပြည့်နက်သွား၏။ "ပြီးခဲ့တာတွေ ပြီးပါစေတော"
"သံမဏိအရိုးဂိုဏ်းကို ဝင်ခဲ့တဲ့ အစီအရင်ဆရာတစ်ယောက် ရှိတယ်လို့ ငါ ကြားခဲ့တယ်။အဲဒါ မင်းပဲ ဖြစ်နေတာကိုး။အခုကြည့်ရတာ ငါတို့ နှစ်ယောက်လုံးက တစ်မိုးအောက်ထဲမှာ ရောက်နေတာ ဒါက ကံကြမ္မာရေစက်လို့ ပြောလို့ရတယ်"
ကျန်းတယ်ကျွင်းက ပြောလိုက်၏။ “သံမဏိအရိုးဂိုဏ်းထဲမှာ သိုင်းအုပ်စိုးသူတစ်ယောက်ရှိတယ်လို ကောလဟာလတွေ ကြားထားတာ မင်းဖြစ်နေတာကိုး။ဒီလိုမှန်းသိရင် ကျိန်းသေပေါက် ဒီထဲကို ဝင်မှာ မဟုတ်ဘူး"
"ဂိုဏ်းချုပ်ကျွင်း"
သူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ "ဒီလူနဲ့ ကျုပ်က ရန်ငြိုးရှိတယ်။ဒီတော့ ဒီအဘိုးကြီးက ဂိုဏ်းကနေ နှုတ်ထွက်ပါမယ်"
စောနကလေးတင် သူသည် ဘဝတစ်ခုလုံး သံမဏိအရိုးဂိုဏ်းသားဖြစ်မည်ဟု ပြောခဲ့၏။ ယခု ချက်ချင်းဆိုသလိုပဲ ထွက်ခွာရန် ပြောနေပြန်သည်။ အသက်ကြီးသောလူများသည် အပြောင်းအလဲ မြန်ဆန်လွန်းလှ၏။
"ဒါက"
ဂိုဏ်းချုပ်ကျွင်းသည် ခဏလောက်စဉ်းစားကာ ပြောလိုက်သည်။ "စီနီယာရဲ့ ဆုံးဖြတ်ချက်ကို ကျုပ်လေးစားပါတယ်။”
သူတို့နှစ်ယောက်သည် တည့်လှသည့် ပုံစံမျိုးမရှိချေ။ ထို့ကြောင့် ထိုနှစ်ယောက်ကို တူညီသည့် ဂိုဏ်းထဲမှာ ထားမည်ဆိုလျှင် ပြဿနာ ရှိနိုင်၏။ ထို့အပြင် ထွက်ခွာသွားချင်သည်ဆိုမှတော့ သူ ကျိန်းသေပေါက် ထွက်ခွာခွင့် ပေးရပေလိမ့်မည်။
"ကျောက်စိမ်းဖြူ ဟင်းရည်လာပြီ"
ထိုအချိန်မှာပဲ လျိုဝမ်ရှစ်၏ အသံသည် ထွက်ပေါ်လာသည်။
အားဟိုင်၊ ရီဟိုင်နှင့် တစ်ခြားသော တပည့်များသည် အငွေ့တထောင်းထောင်း နှင့် မွှေးပျံ့လွန်းသော ဟင်းရည် အိုး များအား ကိုင်၍ လျှောက်ထွက်လာကြ၏။
ကျောက်စိမ်းဖြူဟင်းရည်။
ဤအရာသည် တရုတ် ဟင်းလျာ စာအုပ်ထဲမှ ဟင်းပွဲတစ်ခု ဖြစ်ပြီး မင်ခေတ်တွင် ဖန်တီးခဲ့သော ဟင်းပွဲတစ်ခုလည်း ဖြစ်၏။ လျိုဝမ်ရှစ်သည် ထိုအရာကို အောင်မြင်အောင် ပြုလုပ်ပြီးသည့် နောက်မှာတော့ သူမ၏ စီနီယာနှင့် ဂျူနီယာများ စားသောက်နိုင်ရန် အထူးပြင်ဆင် ပေးခဲ့ခြင်း ဖြစ်သည်။
"အနံ့က မွှေးနေတာပဲ။"
ထွက်ခွာသွားရန် ပြင်နေသော ကျန်းတယ်ကျွင်းသည် လေထဲမှာ ရှိသော အမွှေးနံ့ကို ရှူရှိက်လိုက်၏။ ပြီးနောက် သူ၏ မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နက်လာသည်။
အားဟိုင်သည် သူ၏ ရှေ့သို့ ဟင်းရည် ပန်းကန်အား ချထားသည့်နောက်မှာတော့ သူသည် ချက်ချင်း ဇွန်းကို ကောက်ယူကာ ဟင်းရည် အရသာကို ခံလိုက်၏။
ဘုတ် ဘုတ်။
ချက်ချင်းဆိုသလိုပဲ အနောက်သို့ ခြေတစ်လှမ်းဆုတ်သွား၏။ သူ၏ မျက်နှာပေါ်တွင် ရှိသော ကြွက်သားများသည် အေးခဲသွားသည်။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ပြောလိုက်သည်။ "ဒီဟင်းရည်က ကောင်းကင်ပေါ်မှာ ရှိသင့်တဲ့ ဟင်းရည်ပဲ။ဘယ်လိုလုပ် လူ့ပြည်ကို ရောက်လာတာလဲ"
ဤအရာသည်လည်း အကုန်လုံးကို စုပေါင်း၍ ချက်ပြုတ်ထားသော အိုကြီးတစ်ခုထဲမှ ထည့်လာသော ဟင်းရည်ပဲ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ကျောက်စိမ်းဖြူဟင်းရည်သည် လျိုဝမ်ရှစ် ကိုယ်တိုင်ချက်ပြုတ်ပြီးနောက်မှာတော့ အလွန်တရာ ကောင်းမွန်လှပြီး အရသာမှာ လျှာဖျားထဲမှ စိမ့်ဝင်ခံစားမိနေစေသည်။
အစားအသောက်နှင့် ပတ်သက်၍ ကျွမ်းကျင်သူ ဖြစ်သောကြောင့် ကျန်းတယ်ကျွင်း၏ ဝိညာဉ်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ စကြာဝဠာဆီသို့ ရောက်ရှိသွား၏။
"ဂိုဏ်းချုပ်"
ပြီးနောက် သူသည် ခိုင်မာသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ကျုပ် … ကျန်းတယ်ကျွင်းက သံမဏိအရိုးဂိုဏ်းက လူတစ်ယောက်ပဲ။ကျုပ် ဘဝတတစ်ခုလုံး ဒီဂိုဏ်း နဲ့ ဂိုဏ်းချုပ်ကို စွန့်ခွာသွားမှာ မဟုတ်ဘူး"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
စောနကလေးတင် ဂိုဏ်းမှ ထွက်ခွာရန် ပြောနေသည်။ အခု ဂိုဏ်းမှာ ပြန်၍ နေမည်ဟု ဆိုနေပြန်သည်။ ဤအဖိုးကြီးသည် စိတ်ရောဂါများ ရှိနေသည်လား။ စိတ်ရောဂါဆိုလျှင်တောင်မှ အစားအသောက်နှင့် ပတ်သက်၍ မခုခံနိုင်သည့် ရောဂါ ပင် ဖြစ်ပေလိမ့်မည်။
….....
ကျန်းတယ်ကျွင်းသည် ပုလဲကျောက်စိမ်းဖြူ ဟင်းရည်ကို အရသာခံပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်၏။
ဤမျှ ကောင်းမွန်သော အစားအသောက်များသည် သူ၏ အမုန်းတရားများကို ဖယ်ရှားနိုင်သည်အထိ ကောင်းမွန်လှ၏။
"အကြီးအကဲဝေ"
စားသောက်ခန်းထဲမှ ထွက်ပြီးသည့် နောက်တွင် ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ "အဲလူက ဘယ်သူတုန်း"
အကြီးအကဲဝေက ပြောလိုက်သည်။ "ဂိုဏ်းချုပ်လိုပဲ အိမ်မက်တွေနဲ့ လူတစ်ယောက်လေ။"
"ခင်ဗျားတို့တွေ ဂိုဏ်းတစ်ခု တည်ထောင်ခဲ့တာလား"
"အမှန်ပါပဲ"
"ပြီးတော့ရော"
အကြီးအကဲဝေသည် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “အတိတ်က ကိစ္စတွေက ပြန်စဉ်းစားဖို့တောင် မကောင်းပါဘူး။”
ကျွင်းချောင်ရှောင်းသည် နားလည်မှု ရှိစွာဖြင့် ဆက်၍ မမေးတော့ချေ။ သူသည် စာကြည့်ခန်းထဲသို ပြန်ရောက်ပြီးသည့်နောက်မှာတော့ စနစ်အား ထုတ်ဖော်လိုက်တော့သည်။
တပည့် အရေအတွက်သည် တစ်သောင်းထိ ပြည့်သွားပြီဖြစ်သောကြောင့် ဂိုဏ်းအား အဆင့်မြှင့်တင်ရန် လိုအပ်ချက်နှင့် ကိုက်ညီသွားခဲ့ပြီဖြစ်သည်။
ထို့အပြင် တပည့်သည် အမြင့် ဆုံး အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သောကြောင့် ဂိုဏ်းတာဝန်သည်လည်း အသက်ဝင်လာခဲ့သည်။ တပည့်များသည် ထိုအရာများကို ပြည့်စုံအောင် ပြုလုပ်နိုင်မည်ဆိုလျှင် ဂိုဏ်း၏ အဆောက်အအုံ သည် အဆင့်မြှင့်တင်၍ ရပေလိမ့်မည်။
ဆိုလိုသည်မှာ အရာအားလုံးသည် ဂိုဏ်း၏ ကောင်းချီးပင် ဖြစ်ပေတော့သည်။
ပို၍ အရေးကြီးသည်မှာ ဂိုဏ်း၏ တာဝန်များ ထွက်ပေါ်လာခြင်းသည် ဂိုဏ်းစုဆောင်းမှတ်များ ထပ်မံ၍ တိုးတက်သွားတော့မည့် အရိပ်လက္ခဏာပင် ဖြစ်၏။
"တပည့်တွေကို တာဝန်တွေ အရင်လုပ်ခိုင်းရမယ်။ဂိုဏ်းရဲ့ အဆောက်အအုံ အဆင့်မြှင့်တင်ပြီးတဲ့နောက်မှာ ဂိုဏ်းကိုလည်း အဆင့်မြှင့်တင်ရမယ်။"
ကျွင်းချောင်ရှောင်း တီးတိုး ရေရွတ်လိုက်မိ၏။
ယခု အခြေအနေနှင့် ဘာကို လုပ်ရမည်ဆိုသည်ကို စဉ်းစားရန်သာ ရှိတော့၏။ သူ့အနေနှင့် ဂိုဏ်းအား အဆင့်မြှင့်တင်မည်ဆိုပါက စာရေးကျိုး ဆီသို့ သွား၍ နာမည်တစ်ခါတည်းပြောင်းရန် စဉ်းစားနေမိ၏။
ဟုတ်ပေသည်။
ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သူသည် အလွန်တရာ လှပပြီး ခန့်ညားလှသော ဂိုဏ်းတစ်ခု၏ နာမည်ကို သူ လိုချင်မိ၏။ သို့ပေမဲ့ လက်ရှိ သူ၏ ဂိုဏ်းနာမည်မှာတော့ သံမဏိအရိုးဂိုဏ်းဟူ၍ ဖြစ်သည်။ စာဖတ်သူများ မပြောနှင့် ဂိုဏ်းချုပ်ကျွင်းကိုယ်တိုင်ပင် သူ၏ သံမဏိအရိုးဂိုဏ်းဆိုသည့် နာမည်ကို မကြိုက်လှချေ။
သို့ပေမဲ့ သူ့အနေနှင့် ဂိုဏ်း၏ နာမည်ကို ပြောင်းလဲရန်တော့ အချိန် မရသေးချေ။ ဂိုဏ်းအား ဖွံ့ဖြိုးတိုးတက်အောင် အလုံးစုံ ကြိုးစားနေရသေး၏။
ဂိုဏ်း၏ နာမည်များနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် သေသေချာချာ တွေးတောလျက်ရှိသည်။ နောက်ဆုံးမှာတော့ သူသည် ထိုအရာကို လျစ်လျူရှုထားရန်သာ ဆုံးဖြတ်ချက်ချလိုက်၏။
တပည့်များသည် တာဝန်များကို လက်ခံရရှိလျက်ရှိသည်။
တပည့်အသစ်များအားလုံးသည် အဆင့်နိမ့် တာဝန်များကို လက်ခံရယူပြီး အဆင့်မြင့် တပည့်များမှာတော့ အဆင့်မြင့် တာဝန်များကို လက်ခံရရှိနေ၏။
သံမဏိအရိုးဂိုဏ်းတစ်ခုလုံးသည် အရင်ကထက် ပိုမို၍ လှုပ်ရှား သက်ဝင်သွားသည်။
ကျန်းတယ်ကျွင်းသည် ဂိုဏ်းထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ လျိုဝမ်ရှစ် ချက်ပြုတ်သော အစားအစာများကို အရသာရှိရှိနှင့် စားသုံးလျက်ရှိသည်။
သူသည် အလွန်တရာ စိတ်ကျေနပ်မိ၏။ ထို့ကြောင့် စဦး ကမ်းလှမ်းလိုက်၏။ “ဂိုဏ်းချုပ် ကျုပ်က ဂိုဏ်းထဲကို ဝင်ပြီးပြီးဆိုတော့ လုပ်စရာတွေရှိရင် ကျုပ်ကို ပြောပါ။”
“အကြီးအကဲ ကျန်း”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်ဆီမှာ အစီအရင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ တပည့်တစ်ဦးရှိသေးတယ်။ဒီတော့ သူတို့ကို သွားပြီးတော့ သင်ပြပေးပါ"
"ပြသနာမရှိပါဘူး"
ကျန်းတယ်ကျွင်းသည် အဆင့်သင့် သဘောတူညီလိုက်သည်။
ထိုအရာသည် ယန်လန်နှင့် တစ်ခြားသောသူများအား အလွန်အမင်း စိတ်အား တက်ကြွစေ၏။ ထို့အပြင့် အကြီးအကဲကျန်း သည် အဆင့်ကိုး အစီအရင် ဘုရင်တစ်ယောက် မဟုတ်လား။
ထိုသို့သောလူ၏ သင်ကြားပြသမှုကို ရရှိသည်မှာ ၎င်းတို့၏ ဘဝတစ်သက်တာ အတွက် ကောင်းချီးတစ်ခုပင် ဖြစ်ပေလိမ့်မည်။
ဒင်။
“တပည့်သည် ဂိုဏ်းတာဝန်များကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့သည်။ ထိုသူသည် ဂိုဏ်းစုဆောင်းမှတ် သုံးဆယ် ၊ ဂိုဏ်းအောင်မြင်မှု အမှတ် ငါးဆယ် ရရှိခဲ့သည်။”
ဒင်။
“ဂိုဏ်းစုဆောင်းမှတ် ၄၉၂၀/၁၀၀၀၀။”
ဒင်
“ဂိုဏ်းအောင်မြင်မှု အမှတ် ၂၂၅၀/၁၀၀၀၀။”
တစ်ချို့သော တပည့်များသည် ဂိုဏ်းတာဝန်များကို အစောကတည်းက ပြည့်စုံအောင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ကိုင်ကာ ပြောလိုက်သည်။ “နောက်ထပ် ဂိုဏ်းစုဆောင်းမှတ်တွေက ထပ်ပြီးတော့ တိုးလာဦးမှာပဲ။ ငါ့အနေနဲ့ အခု ရှိနေတဲ့ ဂိုဏ်းစုဆောင်းမှတ်တွေကို အရင်ကြိုပြီး သုံးရမယ်။”