အခန်း (၅၅၁)
Vol. 37 Ch. 551
နောက်တစ်ရက်မှာတော့ တပည့်များသည် ထုံးစံအတိုင်း မနက်ပိုင်းလေ့ကျင့်ခန်းများကို ပြုလုပ်ပြီးသည့်နောက်မှာ တော့ ကျွင်းချောင်ရှောင်းသည် ကျန်းတယ်ကျွင်းမှာ အစီအရင်ဟောခန်းမ၏ ဟောခန်းသခင်ဖြစ်ကြောင်း ကြေညာလိုက်၏။ အစီအရင်ဖန်တီးခြင်းပါရမီတွင် ထူးချွန်လှသော ယန်လန်နှင့် တခြားသော တပည့်လေးယောက် တို့သည် အစီအရင်ခန်းမဆောင်၏ ပထမဦးဆုံး တပည့်များ ဖြစ်လာကြတော့သည်။
ဟုတ်ပေသည်။ လူအင်အားမှာ နည်းပါးလွန်းလှ၏။
“ဂိုဏ်းချုပ်”
အကြီးအကဲကျန်းက အကြံပြုလိုက်၏။ “ဒီအဘိုးကြီးတွေးမိတာက အစီအရင်ဖန်တီးခြင်း ပါရမီနဲ့ပတ်သက်ပြီးတော့ စမ်းသပ်မှုစာမေးပွဲတွေကို ဖန်တီးမှ ဖြစ်မယ်နဲ့တူတယ်၊ ဒါဆိုရင် အခြေခံကောင်းမွန်တဲ့ လူတော်တော်များများကို တွေ့ရှိနိုင်မယ်ထင်တယ်”
သိုင်းပညာပါရမီနှင့်ပတ်သက်၍ စမ်းသပ်မှုသည် သာမန်ပင်ဖြစ်၏။ သို့ပေမဲ့ လူတချို့သည် တခြားထူးချွန်သော ပါရမီများ ရှိသည်ကို ကောင်းကောင်းမသိရှိကြပေ။ တချို့ဆိုလျှင် သေသည်အထိပင် မသိရှိကြပေ။ ထို့ကြောင့် သေသေချာချာ စမ်းသပ်စစ်ဆေးလိုက်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
“ကောင်းတာပေါ့” ကျွင်းချောင်ရှောင်း သဘောတူလိုက်သည်။
နေ့လယ်စာ စားပြီးသည့်နောက်မှာတော့ တပည့်များသည် စုဝေးလာ ကြ၏။ အတွင်းစည်း၊ အပြင်စည်းတပည့် အားလုံးသောသူများသည် ကျန်းတယ်ကျွင်း၏ တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းကို ခံခဲ့ရသည်။ ပြောစရာပင်မလိုချေ။ အစီအစဉ်ဖန်တီးခြင်းပါရမီ ပိုင်ဆိုင်လာသော တပည့် ဆယ်ယောက်ကျော် ထပ်မံရရှိခဲ့သည်။ ၎င်းတို့သည် အကောင်းဆုံး မဟုတ်သော်လည်း လက်ခံနိုင်လောက်သည့် အတိုင်းအတာထဲတွင် ရှိနေသည်။
တစ်ယောက်ကို သင်ကြားပြသခြင်းနှင့် ဆယ်ယောက်ကို သင်ကြားပြသခြင်းသည် အတူတူပင်ဖြစ်သည်။ ကျန်းထယ်ကျွင်းသည် သူတို့အား အစီအရင်ခန်းမဆောင်အတွင်း ခေါ်ဆောင်ပြီး အစီအရင်ဖန်တီးခြင်းပညာရပ် များအား စတင်၍ လမ်းညွှန်ပေးတော့သည်။
ဂိုဏ်းချုပ်ကျွင်းသည်လည်း အတန်းအား လာရောက်၍ နားထောင်သည်။ သူသည် အစီအရင်ဖန်တီးခြင်း ပါရမီကို ပိုင်ဆိုင်သည်ဆိုသော်လည်း ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အစီအရင်ဖန်တီးခြင်းနှင့်ပတ်သက်၍ တစ်ခုမှ နားမလည်ချေ။ ထို့ကြောင့် အမြင်ကျယ်စေရန် မျှော်လင့်နေမိ၏။
ကျန်းတယ်ကျွင်းသည် အမှန်ပင် စိတ်ရှည်လှသူ ဖြစ်သည်။ သူသည် အစီအရင် ဖန်တီးခြင်း ပညာရပ်များအားလုံးကို အပေါ်ယံသင်ကြားသည်သာ မဟုတ်ပေ။ အခြေခံ အသေးစိတ်ကစ၍ စတင်ရှင်းပြလျက်ရှိသည်။
ထိုသူ၏ ရှင်းပြချက်များကို နားထောင်ပြီးသည့်နောက်မှာတော့ ယန်လန်သည် အစီအရင် ဖန်တီးခြင်းပညာရပ်တွင် တံခါးသစ်တစ်ချပ် ပွင့်သွားသကဲ့သို့ပင် ခံစားနေမိ၏။ နှစ်နာရီခန့် ကြာပြီးသည့် နောက်မှာတော့ ကျန်းတယ်ကျွင်းသည် သူ၏ ခြောက်ကပ်နေသော လည်ချောင်းကို ပြန်လည်၍ စိုစွတ်သွားစေရန် ရေနွေးတစ်ခွက် ကောက်မေ့လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “နားမလည်တာရှိရင် လွတ်လွတ်လပ်လပ် မေးလို့ရတယ်”
“အကြီးအကဲကျန်း”
ရှန့်ကွမ်းရှင်းရောင်သည် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ဒီတပည့် နားမလည်တဲ့အရာ ရှိပါတယ်”
ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားမိ၏။ ဘာလို့ သူမ ဒီကိုရောက်နေတာလဲ၊ အစီအရင်ဖန်တီးခြင်း ပညာရပ်မှာလည်း ပါရမီ ပါနေတာပဲလား။
သိုင်းပညာနှင့် အစီအရင်ဖန်တီးခြင်း ပညာရပ် နှစ်ခုလုံးသည် ဦးနှောက်ကို အလွန်အလုပ်ပေးရသော အရာများ ဖြစ်သည်။ ရှန့်ကွမ်းရှင်းရောင်သည် ထိုသို့ များပြားလှသည့် ပညာရပ်များကို စဉ်းစားရသည်ကို ကြိုက်နှစ်သက် လှသူဖြစ်၏။ ထို့ကြောင့် အစီအရင်ဖန်တီးခြင်းပါရမီတွင် ထူးချွန်နေမည်ဆိုလည်း အံ့အားသင့်စရာတော့ မဟုတ်ချေ။
“အကြီးအကဲကျန်း”
ကျွင်းချောင်ရှောင်းသည် မြန်မြန်ပဲ ပြောလိုက်မိ၏။ “သေပြီပဲ”
“ပြောပါ”
ကျန်းတယ်ကျွင်းသည် ချီးကျူးသလို ပြောလိုက်မိ၏။ သူသည် ယခုမှ သင်ကြားပြသခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူမှာ အလျှင်အမြန်ပင် ပြန်လည်၍ မေးခွန်းထုတ်နေသည်။ ဤမိန်းကလေးသည် အမှန်တကယ်ပင် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်နေလိမ့်မည်။ သင်ကြားပြသရာတွင် အလွန်မြတ်နိုးသူ တစ်ယောက်ဖြစ်မှန်း သိသာလှ၏။
ရှန့်ကွမ်းရှင်းရောင်က မေးလိုက်သည်။ “အကြီးအကဲကျန်း... ခုနတုန်းက ပြောခဲ့တဲ့ အစီအရင်ဖန်တီးခြင်း ပညာရပ်ရဲ့ အသုံးပြုပုံတွေက...”
ထင်မှတ်ထားသည့်အတိုင်းပင် သူမသည် အမှန်ပင် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများနှင့် လူတစ်ယောက်နှင့် ဖြစ်လို့ နေ၏။ ကျန်းတယ်ကျွင်းသည် သေသေချာချာ စိတ်ရှည်ရှည်နှင့် သူမအား ရှင်းပြလျက်ရှိသည်။
“အကြီးအကဲကျန်း... ကျွန်မဆီမှာ နောက်ထပ်မေးခွန်း ရှိပါသေးတယ်”
“ပြောပါ”
နှစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျန်းတယ်ကျွင်းသည် အစီအရင်ဟောခန်း၏ တံခါးမကြီးကို ကိုင်ကာ အပြင်ဘက်သို့ ယိုင်တိယိုင်တိုင်နှင့် လမ်းလျှောက်လာခဲ့သည်။ သူ၏ နားထဲမှာတော့ ရှန့်ကွမ်းရှင်းရောင်၏ အဆုံးမဲ့သော မေးခွန်းများသည် ပဲ့တင်ထပ်လျက်ရှိနေသည်။ သူ၏ ဦးခေါင်းတစ်ခုလုံးသည် ပေါက်ကွဲထွက်တော့မလို ခံစား နေမိ၏။ ဤတပည့်မှာ အမှန်တကယ်ပင် ဆိုးရွားလွန်းလှ၏။
ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို ကြုံတွေ့ခဲ့ပြီးပြီဖြစ်သော ကျန့်ရာနှင့် နင်ညီအစ်ကိုတို့မှာတော့ အကြီးအကဲကျန်း၏ အသွင်အပြင်ကို မြင်လိုက်သည်နှင့် တပြိုင်နက် တစ်ယောက်နှင့်တစ်ယာက် ဖက်၍ ငိုချင်စိတ်ပင် ပေါက်နေမိကြသည်။
အဆင့်ကိုး အစီအရင်ဆရာသည် ဦးနှောက်တွေတစ်ခုလုံး ချာချာလည် သွားသည်အထိ ရှန်ကွမ်းရှင်းရောင်၏ မေးခွန်းထုတ်ခြင်းကို ခံခဲ့ရသည်။ သူတို့ ယခုထိ အသက်ရှင် ကျန်ရှိနေသည်မှာ အလွန်တရာ ကံကောင်းခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
..........
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ထဲတွင် ခဏတာ လေ့ကျင့်ပြီးသည့်နောက်မှာတော့ စမ်းသပ်မှုမျှော်စင်ဆီသို့ သွားလိုက်သည်။ နောက်ဆုံးမှာတော့သူသည် စာကြည့်ခန်းထဲဆီသို့ ပြန်၍ ဝယ်ယူရရှိနိုင် သောပစ္စည်းများကို စတင်၍ ကြည့်ရှုလိုက်၏။ ပထမဆုံး သူသည် AK-47 ငါးလက်ကို ဝယ်ယူလိုက်၏။
ပြီးနောက် မတူညီသည့်အဆင့်အမျိုးမျိုးနှင့် ပင်ကိုယ်စွမ်းရည်စိတ်ဝိညာဉ်အမြစ် ပြောင်းလဲခြင်းဆေးရည်အား ဝယ်ယူလိုက်၏။ ထိုဆေးရည်များသည် ဂိုဏ်း၏ သိုင်းပြိုင်ပွဲတွင် ဆုရသူများအား ဆုပေးရန်ပင် ဖြစ်တော့၏။ သူ့အနေနှင့် အလယ်အလတ်စတိုးထဲသို့ ဝင်၍ ဂိုဏ်းစုဆောင်းမှတ်များနှင့် အလောင်းအစား ပြုလုပ်ရန် စိတ်မကူးရဲ သေးချေ။ ထို့ပြင် လက်ရှိအချိန်တွင် သူသည် အဆင့်မြင့်ကျင့်ကြံခြင်း အရင်းအမြစ်များအားလုံးကို ဖြည့်စွက်ပေးရန် လိုအပ်နေသေး၏။
"လောလောဆယ် ကျင့်ကြံခြင်းအပေါ်ပဲ အာရုံစိုက်ထားတာ ပိုကောင်းမယ်"
ကျွင်းချောင်ရှောင်းပြောလိုက်၏။
ဓားနှင့်သိုင်းဘုရင်ဆိုသည်မှာ အဆုံးသတ်မဟုတ်သေးချေ။ သူ၏ အစစ်အမှန် ရည်ရွယ်ချက်သည် ဓားနှင့်သိုင်း အင်ပါယာပင် ဖြစ်တော့၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်းပေါ်တွင် စိတ်ကို အာရုံပို့ထားလိုက်တော့သည်။
သံမဏိအရိုးဂိုဏ်းသားများမှာလည်း ပိုမိုအားကောင်းလာစေရန် စတင်၍ ကြိုးစားလျက် ရှိနေကြတော့သည်။ ဂိုဏ်းမှ ပေးအပ်ထားသော ဂိုဏ်းအရင်းအမြစ်များကို လက်ခံရရှိပြီးသည့်နောက်မှာတော့ သူတို့သည် နောက်ကောက်မကျကျန်ခဲ့ရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။
ဘန်း ဘန်း …။
လေ့ကျင့်ရေးအခန်းထဲမှာတော့ သိုင်းစစ်သူကြီး အဆင့်ရှစ်သို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်သော ရှောင်ကျီသည် အပေါ်ပိုင်းဗလာကျင်းလျက် အားအင်စမ်းသပ်ခြင်းစက်အား လက်သီးနှင့် ထိုးလျက်ရှိနေသည်။ သူ၏ အားအင် အဆင့်သည် ဂျင်လေးသိန်းခွဲရှိ၏။
ဘန်း
နောက်ဆုံးလက်သီးချက်ကို ထိုးလိုက်ပြီးသည့်နောက်မှာတော့ လက်သီးချက်၏ အားအင်အဆင့်သည် ဂျင်း လေးသိန်းခုနှစ်သောင်းကို ဖော်ပြလျက်ရှိသည်။ ဤအရာသည် အဆုံးစွန်သော အကန့်အသတ်အားအင်ဟု ဆိုရမည်။
ဟူး ဟူး
ရှောင်ကျီသည် အသက်ကို ပြင်းပြင်းထန်ထန် ရှူလျက်ရှိ၏။ ကြီးမားလှသော ချွေးစက်ကြီးများသည် သူ၏ မျက်နှာပေါ်မှ ကျဆင်းလျက်ရှိသည်။ အလွန်တရာ သန်မာလှသော ကြွက်သားများသည် ခန္ဓာကိုယ်ပေါ်တွင် အမြောင်းမြောင်းလိုက် ထွက်ပေါ်လျက်ရှိပြီး အလွန်တရာ ကြည့်ကောင်းလွန်းလှ၏။
"တစ်နှစ်နဲ့သုံးလတောင် ကျန်သေးတာပဲ"
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်၏။ မုယုံရှင်း နှင့် သဘောတူညီထားသော သုံးနှစ် ဆိုသည့် အချိန်ကာလသည် တစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ရှောင်ကျီသည် ဘယ်တော့မှ မမေ့ခဲ့ချေ။ သူ့အနေနှင့် သူပိုင်ဆိုင်ခဲ့သော ဂုဏ်သိက္ခာများကို ပြန်ရယူရန် လိုင်လီနတ်ဂိုဏ်းဆီသို့သွား၍ စိန်ခေါ်ရပေမည်။
..........
"ဂျူနီယာညီမလေး"
မြူတွေဆိုင်းလျက်ရှိသော လိုင်လီနတ်ဂိုဏ်း၏ အတွင်းမှာတော့ အမျိုးသမီးတပည့်တစ်ယောက်သည် တဝုန်းဝုန်းနှင့် ကျဆင်းနေသော ရေတံခွန်ကြီးနားသို့ ရောက်ရှိလာကာ ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းက အလားအလာနဲ့ပတ်သက်ရင် ထိပ်ဆုံးသုံးခုစာရင်း ဝင်တယ်တဲ့"
ကျင့်ကြံလျက်ရှိသော မုယုံရှင်းသည် မျက်လုံးကို ဖွင့်ကာ ပြောလိုက်၏။ "တကယ်လား"
"ဘာအဆင့်မှ မရှိခဲ့တဲ့ ဂိုဏ်းတစ်ခုက ရုတ်တရက်ကြီး ဒီလိုအလားအလာမျိုးကို ပိုင်ဆိုင်တယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ"
အမျိုးသမီးတပည့်သည် ဇဝေဇဝါဖြစ်လို့နေ၏။
မုယုံရှင်းက ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းက နတ်စမ်းချောင်းဂိုဏ်းကိုတောင် တစ်ဖက်သတ်ကြီး အနိုင်ရအောင် တိုက်ခိုက်နိုင်ခဲ့တာ သူတို့က မရိုးရှင်းဘူး"
"ဒါနဲ့ ဂျူနီယာ ညီမလေး၊ မင်းရဲ့ အရင်စေ့စပ်ထားတဲ့ ကောင်လေးက သံမဏိအရိုးဂိုဏ်းကလို့ ကြားတယ်"
"ဟုတ်တယ်"
မုယုံရှင်းပြောလိုက်သည်။
"အလားအလာနဲ့ပတ်သက်ရင် ထိပ်ဆုံးသုံးခုထဲမှာရှိတဲ့ ဂိုဏ်းတစ်ခုကို ရောက်နေတာဆိုတော့ ဒီကောင်လေး တော်တော် ကံကောင်းတာပဲ"
"စီနီယာအစ်မ"
မုယုံရှင်း ပြောလိုက်သည်။ "ကျွန်မ ကျင့်ကြံချင်သေးတယ်"
"ဒါဆိုလည်း မနှောက်ယှက်တော့ပါဘူး"
သူမသည် ပြုံးကာ ပြောလိုက်၏။ "အရင်သွားလိုက်ပါအုံးမယ်"
သူမထွက်ခွာသွားပြီးသည့်နောက်မှာတော့ မုယုံရှင်းသည် တီးတိုးရေရွတ်လိုက်မိ၏။
"တစ်နှစ်နဲ့ သုံးလတောင် ကျန်သေးတယ်၊ ဒါပေမဲ့ အဲကာလတွေပြီးသွားရင် ရှင်နဲ့ ကျွန်မရဲ့ကြားမှာရှိတဲ့ အဖုအထစ် တွေက လုံးဝကို ပြီးစီးသွားမှာပဲ"
.........
ဟား ဟား ဟား ဟား
မဲမှောင်နေသော တောင်ကြားထဲမှာတော့ အလွန်တရာ စိတ်ပျက်ဖွယ်ရာ ကောင်းလှသော ထူးဆန်းသည် ရယ်သံ တစ်ခု ထွက်ပေါ်နေသည်။ ပြီးနောက် အစိမ်းရောင်ဆံပင်များနှင့် လူတစ်ယောက်သည် ထွက်လျှောက်လာ၏။ အထဲကို ကြည့်လိုက်မည်ဆိုလျှင် အဆင့်မြင့်သားရဲများ၏ အလောင်းသည် တစ်ဒါဇင်ကျော်ခန့် ရှိနေပြီး ၎င်းတို့၏ အလောင်းများသည် အရိုးနှင့်အရေပဲ ကျန်အောင် ခြောက်ကပ်လျက်ရှိနေ၏။
ထို့အပြင် အနားပတ်ဝန်းကျင်တွင် လူသားအလောင်းများလည်း တည်ရှိနေ၏။ တစ်စုံတစ်ခုသော စွမ်းရည်နှင့် စုပ်ယူခြင်းခံထားရ၍ အားလုံးသော အလောင်းတို့သည် ခြောက်ကပ်လျက်ရှိနေ၏။ ထို့ကြောင့်ပင် ထိုအလောင်း ပိုင်ရှင်များ၏ ကျင့်ကြံခြင်းအဆင့်များသည် မည်မျှရှိသည်ဆိုသည်ကိုပင် မှန်းဆ၍ မဖြစ်နိုင်တော့ချေ။ သတ်ဖြတ်လိုက်သူမှာ ဤအစိမ်းရောင်ဆံပင်နှင့်လူ ဖြစ်ပြီး ထိုသူသည် မတွေ့တာ အချိန်ကြာမြှင့်လှပြီဖြစ်သော အစိမ်းရောင်မာဖလာနှင့် ရောင်းရင်းပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်ပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းထဲ၌ ပြန်လည်၍ အားမွေးနေ၏။ ပြီးနောက် အကြောင်းပြချက်တစ်ခုကို ရှာကာ ဂိုဏ်းတွင်မနေတော့ဘဲ တောထဲတောင်ထဲသို့ သွားကာ ကျင့်ကြံတော့၏။ ဤအတောအတွင်း သူသည် ဝါးမြိုခြင်းစွမ်းရည်နှင့်ပတ်သက်ပြီး အလွန်တရာ ကောင်းမွန်သော နားလည်မှုကို ရရှိခဲ့သည်။
အစောပိုင်းတုန်းက သစ်ပင်များကို စုပ်ယူသည်မှတဆင့် သားရဲများကို စုပ်ယူသည့်အခြေအနေသို့ ရောက်ရှိလာ သည်။ နောက်ဆုံးမှာတော့ သိုင်းပညာရှင်များကိုပင် စုပ်ယူလာနိုင်ခဲ့၏။ သူ၏တိုးတက်မှုအဆင့်သည် အလွန်တရာ ကြီးမားလှ၏။ လက်ရှိအချိန်တွင် သိုင်းစစ်သူကြီးအဆင့်သို့ ချိုးဖြတ်ရောက်ရှိရုံတင်မက အဆင့်ရှစ် သိုင်းစစ်သူကြီး ပင် ဖြစ်လို့နေ၏။
"ကျွင်းချောင်ရှောင်း"
တိုင်လုသည် မုန်းတီးစွာဖြင့် ပြောလိုက်၏။ "ကျုပ်က ခင်ဗျားနဲ့ ခင်ဗျားတပည့်ကို နှစ်ကြိမ်တိုင် ရှုံးခဲ့တယ်၊ ဒီတစ်ခါတော့ ထပ်ပြီး ရှုံးမှာ မဟုတ်တော့ဘူး၊ ပြီးတော့ မျိုးရိုးနာမည်ရီဆိုတဲ့ကောင် … မကြာခင် မြေပေါ်မှာ ဒူးထောက်ပြီး ငါ့ကို အသက်ချမ်းသာပေးပါလို့ တောင်းပန်ရတဲ့အထိ နှိပ်စက် ရိုက်နှက်ပြမယ်"
သူ့အနေနှင့် ကျွင်းချောင်ရှောင်း၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်ကို ခံနိုင်သေး၏။ ထို့အပြင် တစ်ဖက်လူသည် အလွန် တရာ ကြမ်းတမ်းလှပြီး ဂိုဏ်းချုပ်တစ်ယောက်ပင် ဖြစ်လို့နေ၏။ သို့ပေမဲ့ ရီချင်းရှန်၏ ရိုက်နှက်ခြင်း ခံရသည်ကိုတော့ ဘယ်လိုမှ သည်းမခံနိုင်ချေ။
ဝှစ် ဝှစ် ဝှစ်
ထိုအချိန်မှာပဲ လူတစ်စုသည် တောင်ကြားထဲမှ ထွက်ပေါ်လာ၍ တိုင်လုအား ဝိုင်းရံထားလိုက်တော့သည်။ သူတို့၏ ဝတ်စုံအား ကြည့်လိုက်မည်ဆိုလျှင် အလောင်းများ၏ ဝတ်စုံများနှင့် ဆင်တူနေသည်ကို သိရှိနိုင်၏။
"အကြီးအကဲ"
တပည့်တစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ဒီကောင်လေးက စီနီယာကျိုးနဲ့ တခြားလူကို သတ်ဖြတ်ခဲ့တာလေ"
သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေသော အကြီးအကဲသည် အေးစက်စက်ကြည့်ကာ ပြောလိုက်၏။ "ကောင်လေး၊ မင်းငါတို့ တိုင်ရင်ဂိုဏ်းက လူတွေအကုန်လုံးကို သတ်ပစ်ခဲ့တယ်၊ မင်းအသက်ရှင်ရတာ ပင်ပန်းနေ ပြီလား"
ဝှစ် ဝှစ်
မြက်ပင်ကဲ့သို့ အစိမ်းရောင်ဓာတ်သဘာဝအမျှင်များ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ နွယ်ကျိုးများကဲ့သို့ တစ်ခုပြီးတစ်ခုရစ်ပတ်ကာ ကြီးမားသော လက်ကြီးတစ်ခု ဖြစ်တည်လာတော့သည်။ ပြီးနောက် တစ်ဖက်လူများ အား ရိုက်ချလိုက်တော့သည်။
"မကောင်းတော့ဘူး"
အား အား
တိတ်ဆိတ်နေသော တောတောင်ထဲမှာတော့ ရုတ်တရက် ထိတ်လန့်တကြားအော်ဟစ်လိုက်သံများ ထွက်ပေါ် လာသည်။ ငှက်များ၊ သားရဲတိရစ္ဆာန်များအားလုံးသည်လည်း ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားကြသည်။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ တိုင်လုသည် ထိုနေရာမှ လှမ်းလျှောက်၍ ထွက်လာတော့သည်။
သူ့အား အစောပိုင်းတုန်းက ဝန်းရံထားခဲ့ကြသော တပည့်နှင့် အကြီးအကဲအားလုံးသည် ခြောက်ကပ်နေသော အလောင်းကောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီပဲ ဖြစ်သည်။ ၎င်းတို့၏ ချီလေပွေထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည် စုပ်ယူခြင်းကို ခံလိုက်ရ၏။
"ငါ့အနေနဲ့ ထပ်ပြီးတိုးတက်ဖို့အတွက် သိုင်းဆရာတစ်ယောက် ဝါးမြိုပစ်ဖို့ မလုံလောက်တော့ဘူး၊ အနည်းဆုံး သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံသူကို ရှာဖွေမှရတော့မယ်။ ကျွင်းချောင်ရှောင်း၊ ခင်ဗျားနဲ့ခင်ဗျားတပည့်တွေရဲ့ တိုးတက်မှုက ကျုပ်ရှေ့မှာတော့ ဘာမှ မဟုတ်ဘူး"
ဘန်း …
လေ့ကျင့်ရေးအခန်းထဲမှာတော့ ရီချင်းရှန်သည် အားအင်စမ်းသပ်ခြင်းစက်အား လက်သီးဖြင့် ထိုးလိုက်၏။ စက်ပေါ်မှာတော့ ဂျင်းခြောက်သိန်းဟူသော အားအင်အဆင့်သည် ဖော်ပြလျက်ရှိသည်။
ချီးတဲ့မှ….
အလွန်တရာအားကောင်းလှသော အော်ရာများကို ခံစားမိပြီးနောက်မှာတော့ စုရှောင်မိုသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ "ဂျူနီယာညီလေးရီ... မင်းက သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသွားပြီလား"