အခန်း (၅၅၂)
Vol. 37 Ch. 552
ရီချင်းရှန်သည် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်သည်။ ဤကဲ့သို့ မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်ခဲ့ခြင်းမှာ များပြားလှသော အရင်းအမြစ်များနှင့် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်များသည် ဒုတိယအဆင့်မျှဖြစ်သည်။ အရေးအကြီးဆုံးအရာသည် ထိုက်ရွှမ်ကျမ်းပင်ဖြစ်သည်။ သူသည် ထိုက်ရွမ်ကျမ်းအား အဆင့်ငါးသို့ ရောက်အောင် နားလည်နိုင်ခဲ့ပြီဖြစ်သည်။
ဤကျင့်ကြံခြင်းနည်းစနစ်သည် ထိုက်ရွမ်အဘိုးကြီး ဖန်တီးခဲ့သော နည်းစနစ်ဖြစ်သောကြောင့် အလွန်တရာ အစွမ်းထက်လွန်းလှ၏။ အဆင့်တစ်ခုကို နားလည်ပြီးသည့်နှင့် ကျင့်ကြံခြင်းအဆင့်သည် တိုးမြှင့်လာသည်နှင့်အမျှ ကျင့်ကြံခြင်းနှုန်းသည်လည်း ပိုမို မြန်ဆန်လာခဲ့သည်။
ဟုတ်ပေသည်။ ဤနည်းစနစ်တွင် ကောင်းကင်မှ ငြင်းပယ် ရလောက်အောင် အကျိုးသက်ရောက်မှုတစ်ခုလည်း ရှိနေသေး၏။
ထိုအရာမှာ စိတ်ဝိညာဉ်အမြစ်ကို တိုးတက်စေခြင်းပင်ဖြစ်သည်။ ရီချင်းရှန်သည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်ကို အမှီပြုပြီးသည့်နောက်မှာတော့ အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ခဲ့ပြီးဖြစ်၏။
“ငါ့အနေနဲ့ ထိုက်ရွမ်ကျမ်းကို အဆင့်ခုနှစ်အထိရောက်အောင် နားလည်နိုင်ခဲ့ပြီဆိုရင် ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ်က သူတော်စင်အမြစ်ကို ပြောင်းလဲသွားမှာပဲ၊ တကယ်လို့အဆင့်ကိုးအထိသာ နားလည်သွားရင် ငါ့ရဲ့စိတ်ဝိညာဉ်အမြစ် က အရင်အဆင့်ကို ပြန်ရပြီ”
ရီချင်းရှန်၏ မျက်လုံးများသည် စိတ်အားတက်ကြွမှုများနှင့် တောက်ပလာလျက်ရှိသည်။ နှစ်နှစ်နီးပါးအတွင်း သူ၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းစစ်သူကြီးအဆင့်သို့ ရောက်ရှိခဲ့သည်။ ထို့ပြင် သူ၏ စိတ်ဝိညာဉ်အမြစ်သည်လည်း အထူးအဆင့်သို့ ရောက်ရှိခဲ့၏။ ထိုသို့သော အမြန်နှုန်းသည် သူပြန်လည်မွေးဖွားပြီးသည့်နောက်မှာတော့ မထင်ထားခဲ့သော ကိစ္စပင်ဖြစ်လို့နေသည်။
တပည့်များထဲတွင် ညအင်ပါယာသည် သံသယရှိစရာ မလိုအောင်ပင် အားအကောင်းဆုံးဖြစ်၏။ သို့ပေမဲ့ သူသည် အမြန်ဆုံးတော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းအဆင့်တွင် ပိုမိုမြန်ဆန်အောင် ကျင့်ကြံနိုင်သူမှာ ဟယ်ဝူတီပင်ဖြစ်လို့နေ၏။ ထို့အပြင် ၎င်းသည် နတ်ဘုရားအဆင့်နှင့်အထက် ပင်ကိုယ်စွမ်းအင်စိတ်ဝိညာဉ် အမြစ်ကို ပိုင်ဆိုင်သူလည်းဖြစ်သည်။ ထိုတင်မကသေးပေ။ လက်ရှိ သေမျိုးကမ္ဘာရှိ သိုင်းကျင့်ကြံသူများ နားမလည် နိုင်သော တခြားကျင့်ကြံခြင်းနည်းစနစ်များကိုလည်း တက်ကျွမ်းနေသေး၏။
ရီချင်းရှန်သည် တစ်စုံတစ်ယောက် သူ့ထက်ပို၍ မြန်ဆန်အောင် ကျင့်ကြံနိုင်သည်အား ဂရုမစိုက်ပေ။ သူဂရုစိုက် သည်မှာ အကန့်အသတ် အတိုင်းအတာတစ်ခုလုံးတွင် ပိုမို၍ အားကောင်းလာစေရန်ဖြစ်သည်။ ထိုမှသာ သူသည် လက်စားချေနိုင်ပေလိမ့်မည်။ အရင်ဘဝက ရှိခဲ့သော အမုန်းတရားများသည် အလွန်တရာ ကြီးမားလွန်းလှ၏။ ထိုအရာများသည် သူ၏လက်ရှိကျင့်ကြံခြင်းအတွက် စိတ်အားတက်ကြွစေရန် အထောက်အပံ့ဖြစ်လို့နေသည်။
“ဂိုဏ်းချုပ်”
နောက်တစ်ရက်မှာတော့ ရီချင်းရှန်သည် ပြောလိုက်သည်။ “တပည့်က သူရဲကောင်းစာရင်းအတွက် အရည်အချင်းစစ် တိုက်ပွဲကို ပါဝင်ချင်တယ်”
“အရည်အချင်းစစ်တိုက်ပွဲ ဟုတ်လား” ကျွင်းချောင်ရှောင်း ဇဝေဇဝါဖြစ်သွား၏။
စနစ်က ရှင်းပြလိုက်၏။ “အသက်ပြည့်တဲ့ လူငယ်တိုင်းအားလုံးက သူရဲကောင်းစာရင်းအတွက် အရည်အချင်းစစ်တဲ့ တိုက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်လို့ရတယ်၊ အဲမှာ ဗိုလ်စွဲတဲ့လူနဲ့ ဒုတိယရတဲ့လူက အရည်အချင်း ပြည့်မီတယ်လို့ သတ်မှတ်တယ်”
“ဘာကို အရည်အချင်း ပြည့်မီတာလဲ”
ကျွင်းချောင်ရှောင်းမေးလိုက်၏။
စနစ်က ပြောလိုက်သည်။ “အရည်အချင်း ပြည့်မီတယ်ဆိုတာ သူရဲကောင်းစာရင်းထဲမှာရှိတဲ့ ပါရမီရှင်တွေကို စိန်ခေါ်ဖို့ အရည်အချင်းကို ပြောတာပဲ”
သူရဲကောင်းစာရင်းတွင် ကောင်းကင်၊ မြေကြီးနှင့် သေမျိုးစာရင်းဟူ၍ ရှိနေသည်။ ထိုသို့သောစာရင်းထဲတွင် အားကောင်းသူ သို့မဟုတ် ပိုမို၍ ကျင့်ကြံခြင်းအဆင့် မြင့်မားသူများသည် အချိန်နှင့်အမျှ နေရာပြောင်းလဲလျက် ရှိနေသည်။ ဤစာရင်းသည် တစ်နှစ်တစ်ခါ ပြန်လည်၍ သုံးသပ်လျက်ရှိ၏။ အမြန်ဆန်ဆုံးနည်းလမ်းဖြင့် ထိုသူများ အား ကျော်ဖြတ်နိုင်ဖို့ ဆိုသည်မှာ စိန်ခေါ်တိုက်ခိုက်ခြင်းပင် ဖြစ်သည်။ သို့ပေမဲ့ စိန်ခေါ်တိုက်ခိုက်မည်ဆိုလျှင် အရည်အချင်း မရှိဘဲ စိန်ခေါ်တိုက်ရိုက်၍ မရချေ။ ထို့ကြောင့် အရည်အချင်းစစ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရခြင်း ပင်ဖြစ်တော့သည်။
ရီချင်းရှန်သည် သူ၏ အရင်ဘဝက နောင်တတရားများကို ပြန်လည်ဖြည့်ဆည်းချင်နေမိ၏။ ထို့ကြောင့် သူသည် သူရဲကောင်းစာရင်းမှ လူများကို စိန်ခေါ်နိုင်သော အရည်အချင်းကို ရရှိချင်နေ၏။
ဟွာတောင်တန်းတွင်ရှိသော သိုင်းပညာတာအို ဆွေးနွေးပွဲအချိန်တုန်းက အရည်အချင်းစာမေးပွဲတစ်ခုဟုသာ သဘောထားမည်ဆိုလျှင် သူသည် ကျန့်ရှန်းစစ်အား အနိုင်ယူနိုင်ခဲ့သောကြောင့် ကျန့်ရှန်းစစ်နေရာဖြစ်သော ရှစ်ဆယ့်ကိုးယောက်မြောက်နေရာအား အစားထိုး ရယူနိုင်စွမ်းရှိနေသည်။
“အရည်အချင်းစစ် စာမေးပွဲက ဘယ်နားမှာလဲ” ကျွင်းချောင်ရှောင်း မေးလိုက်၏။
ရီချင်းရှန်က ပြောလိုက်သည်။ “အဆင့်ခြောက်နိုင်ငံတိုင်းမှာ ပြုလုပ်တယ်၊ တစ်လကိုတစ်ခါ စာရင်းပေးလို့ရတယ်”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သူသည် သူရဲကောင်းစာရင်းတွင် မပါဝင်နိုင်ဟု ဆိုလျှင်တောင်မှ သူ့တပည့်များအား သူရဲကောင်းစာရင်းတွင် ပါဝင်စေချင်မိ၏။ ထိုမှသာလျှင် သံမဏိအရိုးဂိုဏ်း၏ ဂုဏ်သတင်းသည် ပိုမို၍ တိုးတက်လာမည် မဟုတ်လား”
“ဂိုဏ်းချုပ်... ကျွန်တော်” ရီချင်းရှန်သည် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်၏။
ဒင်
“သီးခြားတာဝန် အသက်ဝင်”
တာဝန် လာပြီလား။
ကျွင်းချောင်ရှောင်းသည် စနစ်အား ဖွင့်ကြည့်လိုက်တော့သည်။ အကြောင်းအရာမှာ “တပည့်များအနေဖြင့် သူရဲကောင်းစာရင်းမှ လူများကို စိန်ခေါ်နိုင်ရန် အရည်အချင်း ပြည့်မီရမည် - ၅/၅”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“ငါ့ရဲ့ သံမဏိအရိုးဂိုဏ်း အတွင်းစည်းတပည့်များ အားလုံးက အရည်အချင်းစစ် တိုက်ပွဲကို ဝင်ပြီး ပြိုင်ရမယ်”
.........
နောက်တစ်ရက်မှာတော့ လီချင်းယန်နှင့် အတွင်းစည်း တပည့်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြတော့သည်။ ဂိုဏ်းချုပ်ကျွင်း သည် အဆင့်ခြောက်နိုင်ငံတစ်ခုစီ ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်းရှိသော လူများကို ရွေးချယ်ရာတွင် လူနှစ်ယောက် တစ်စုအဖြစ် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် သူတို့သည် နှစ်ယောက်တစ်ဖွဲ့အား ဖြင့် လူစုခွဲသွားခြင်းပင်ဖြစ်သည်။
ရှောင်ကျီနှင့် ရီချင်းရှန်တို့သည် ကျန်းယန်နိုင်ငံဆီသို့ သွား၏။ လီချင်းယန်နှင့် ထျန်းချီတို့မှာတော့ ဟွာယန်နိုင်ငံသို့ သွားပြီး စုရှောင်မိုနှင့် လီဖေးတို့မှာ တင်းယန်နိုင်ငံဆီသို့ သွားကြ၏။ လုံကျိရန်နှင့် လင်းရန်ရှုတို့သည် လုံရန်မြို့ဆီသို့ ဦးတည်သွားခဲ့၏။
အဆင့်ခြောက်နိုင်ငံများတွင်သာမက တခြားအရည်အချင်းပြည့်မီသော မြို့များ တွင်လည်း ထိုသို့သော အရည်အချင်းစစ် တိုက်ပွဲများကို ပြုလုပ်လျက်ရှိနေ၏။ တစ်လတစ်ခါ ကျင်းပပေးသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး မြို့၏ မြို့တော်ဝန်မှ တာဝန်ယူထားသည်။
ရှောင်ကျီနှင့် ရီချင်းရှန်တို့သည် ကျန်းယန်နိုင်ငံသို့ ထွက်သွားခဲ့သည်။ လက်ရှိအချိန်သည် လ၏ အစပိုင်းသာ ရှိသေး သောကြောင့် များပြားလှသော ကျင့်ကြံသူများသည် အစောကတည်းက စာရင်းပေးသွင်းလျက် ရှိနေကြ၏။ ဤအရာသည် ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်ကြသော ပြိုင်ပွဲတစ်ခုဟုပင် ဆိုရမည်။
တချို့သောလူများသည် အရည်အချင်းစစ်တိုက်ပွဲကို ဝင်ရောက်ပြိုင်ဆိုင်ပြီး အနိုင်ရရှိသည်ဆိုလျှင်တောင်မှ သူရဲကောင်းစာရင်းရှိ ပါရမီရှင် များအား စိန်ခေါ်တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ သူတို့၏ ဂုဏ်သတင်း ထွန်းတောက်ရန် နှင့် အရည်အချင်း ရှိသည်ဟု အားလုံးက ထင်မြင်နေလျှင် အဆင်ပြေပြီ မဟုတ်လား။
ရီရှင်းချန် မှာတော့ ခြားနားလှ၏။ သူသည် အရည်အချင်းစစ်တိုက်ပွဲအား အောင်နိုင်မည်ဆိုတာနှင့် ချက်ချင်း သူ၏ အဆင့်တိုးတက်စေရန်အတွက် ပါရမီရှင်များအား လိုက်လံ၍ စိန်ခေါ်မှာ ဖြစ်တော့သည်။ သေမျိုးအဆင့်မှ သည် မြေကမ္ဘာအဆင့်၊ မြေကမ္ဘာအဆင့်မှသည် ကောင်းကင်ဘုံအဆင့်သို့ သူတစ်ဆင့်ချင်း တက်သွားပေလိမ့်မည်။
..........
ဝှစ် ……..
တောနက်ထဲမှာတော့ အစိမ်းရောင်အော်ရာများသည် လေထုထဲ၌ ပျံ့နှံ့လျက်ရှိသည်။ အလယ်အလတ်အဆင့် သားရဲကြီးတစ်ကောင်သည် အရိုးနှင့်အရေခွံသာ ကျန်သည်အထိ ခြောက်ကပ်နေအောင် စုပ်ယူခြင်းကို ခံခဲ့ရသည်။
“စွမ်းအင်တွေက ပိုပိုပြီး နည်းနည်း လာတာပဲ”
တိုင်လုသည် ဝါးမြိုခြင်းစွမ်းရည်ကို ပြန်လည်ရုတ်သိမ်းပြီးနောက် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ငါ့အနေနဲ့ အဆင့်မြင့်သားရဲတွေကို ရှာဖို့အတွက် အန္တရာယ်ရှိတဲ့ တည်နေရာတွေကို သွားမှဖြစ်လိမ့်မယ်”
သူ့အနေနှင့် သိုင်းပညာရှင်များထံမှ စွမ်းအင်များကို ရရှိနေသည်ဆိုသော်လည်း မိမိကိုယ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထား၏။ အဆင်အခြင်မဲ့ လျှောက်မလုပ်ချေ။ ထို့အပြင် လူပေါင်းများစွာကို ပြဿနာရှာမိပါက အနှေးနှင့် အမြန်ဆိုသလို ဒုက္ခတွင်းထဲကို ကျရောက်သွားနိုင်၏။ အဆင့်မြင့်သားရဲများ - ထိုသားကောင်များသည် ဝါးမြိုခြင်း စွမ်းရည်ကို ထုတ်သုံးဖို့အတွက် အကောင်းဆုံးသော ပစ်မှတ်များပင် ဖြစ်ပေသည်။
“အစ်ကိုဟောင်... ဒီတစ်ကြိမ် အရည်အချင်းစစ် တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ယုံကြည်ချက် ရှိရဲ့လား”
အသံတစ်ခုသည် တောင်ကြားလမ်းဆီမှာ ထွက်ပေါ်လာ၏။ လူနှစ်ယောက်သည် စကားပြောဆိုရင်း လှမ်းလျှောက် လာတော့သည်။ အစ်ကိုဟောင်ဟု ခေါ်သောလူငယ်သည် ရယ်ကာ ပြောလိုက်၏။ “ပထမ ဒါမှမဟုတ် ဒုတိယကို ရဖို့ဆိုတာ ပြဿနာတစ်ခု မဟုတ်ဘူး”
ဝိုး
“အစ်ကိုဟောင်သာ အရည်အချင်း ပြည့်မီတယ်ဆိုတဲ့ အချက်အလက်ကို ရပြီဆိုရင် သူရဲကောင်းစာရင်းထဲမှာ ရှိတဲ့ ပါရမီရှင်တွေကို စိန်ခေါ်နိုင်ပြီ၊ ဒါဆိုရင် ကျော်ကြားလာတော့မှာပဲ” လူငယ်သည် ချီးကျူးလိုက်၏။
“သူရဲကောင်းစာရင်း ဟုတ်လား”
တိုင်လုသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “သူရဲကောင်းစာရင်းဆိုတာ ပါရမီရှင်တွေရဲ့စာရင်းကို ဆိုလိုတာပဲ၊ ငါ့အသက်အရွယ်အရဆိုရင် ငါလည်း ဝင်ပြိုင် နိုင်တယ်၊ ဘာပဲပြောပြော အဲမှာ နေရာတစ်ခုလောက် ရမယ်ဆိုရင် ငါ့ရဲ့ဘိုးဘေးတွေ ဂုဏ်ယူနေလိမ့်မယ်”
သူသည် ဆုံးဖြတ်ချက် ချလိုက်၏။ ဤအရည်အချင်းစစ် တိုက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ပင် ဖြစ်တော့သည်။
“အဆင့်ခြောက်နိုင်ငံတွေကတော့ ဒီလိုပွဲမျိုးကို ကျင်းပဖို့အတွက် အရည်အချင်းရှိတယ်”
တိုင်လုသည် တီးတိုးရေရွတ်လိုက်၏။ “ဒီနေရာနဲ့ အနီးစပ်ဆုံးနိုင်ငံက ကျန်းယန်နိုင်ငံပဲ၊ ငါအဲဒီကို သွားပြီးတော့ပြိုင်ရမယ်”
..........
ကျန်းယန်နိုင်ငံ၊ ကျန်းယန်မြို့
ရှောင်ကျီနှင့် ရီချင်းရှန်တို့ လျှောက်ဝင်လာသည့်အချိန်တွင် များပြားလှသော ကျင့်ကြံသူများသည် သူတို့အား ကြည့်ရှုလိုက်ကြ၏။
တစ်ယောက်က တီးတိုးပြောလိုက်သည်။ “ဒီနှစ်ယောက် သံမဏိအရိုးဂိုဏ်း တပည့်တွေပဲ”
သံမဏိအရိုးဂိုဏ်း၏ ဂုဏ်သတင်းသည် ပိုမို ကြီးမားလာခဲ့၏။ သူတို့ဂိုဏ်း၏ ဝတ်စုံသည် ဆန်းပြားပြီး ကြည့်ကောင်းလွန်းသောကြောင့် တစ်ချက်ကြည့်လိုက်သည်နှင့် သံမဏိအရိုးဂိုဏ်းတပည့်ဖြစ်ကြောင်း သိသာ လှသည်။
“မြို့တံခါးအစောင့်တွေပြောတာက ဒီနှစ်ယောက်က ရှောင်ကျီနဲ့ ရီချင်းရှန်လို့ ပြောတယ်၊ သူတို့က သံမဏိအရိုး ဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေပဲ”
“ထူးဆန်းလိုက်တာ၊ မြို့ရဲ့ ဂိတ်တံခါးအစောင့်တွေက ဘာလို့ သူတို့ကို ပေးဝင်တာလဲ၊ သံမဏိအရိုးဂိုဏ်းချုပ်က ဝိညာဉ်ချောင်းဂိုဏ်းတစ်ခုလုံးကို ဒုက္ခပေးသွားတာ မဟုတ်ဘူးလား”
“သူတို့က ဒီကို အရည်အချင်းစစ် တိုက်ပွဲအတွက် လာပြီး ပြိုင်ကြတာလေ၊ အစောင့်တွေ အနေနဲ့ မကျေနပ်ဘူး ဆိုရင်တောင်မှ သူတို့ကို ပေးဝင်ရမှာပဲ၊ ဒီပြိုင်ပွဲက ကျင့်ကြံသူအားလုံး ဝင်ပြိုင်ဖို့ အခွင့်အရေးရှိတယ်”
“မဟုတ်သေးဘူး၊ ငါကြားတာတော့ ဒီအတွင်းစည်းတပည့်နှစ်ယောက်က အရမ်းအားကောင်းတယ်တဲ့၊ သူတို့သာ အရည်အချင်းစစ်တိုက်ပွဲကို ဝင်ပြီးပြိုင်မယ်ဆိုရင် တခြားသူတွေအတွက် အခွင့်အရေး မရှိနိုင်တော့ဘူးမဟုတ်လား”
အားလုံးသည် ဆွေးနွေးလျက်ရှိကြသည်။
ရှောင်ကျီနှင့် ရီချင်းရှန်တို့သည် ထိုသူတွေ အားလုံးကို လျစ်လျှူရှု ထား၏။ သူတို့သည် စားသောက်ခန်းတစ်ခုကိုရှာဖွေ၍ အခန်းနှစ်ခန်း ယူဆောင်လိုက်တော့သည်။ ပြီးသည့်နောက် မှာတော့ အရည်အချင်းစစ် ပြိုင်ပွဲ တည်ရှိရာနေရာဆီသို့ လျှောက်သွားခဲ့သည်။
ထိုအချိန်မှာတော့ စာရင်းပေးသွင်းရာ နေရာတွင် လူငယ်ပေါင်းများစွာ ရှိနေကြ၏။ တချို့သည် ကျင့်ကြံခြင်းအဆင့် မြင့်မားကြပြီး တချို့မှာတော့ နိမ့်ပါးလျက်ရှိသည်။
“သံမဏိအရိုးဂိုဏ်း တပည့်တွေပါလား၊ သွားပြီ သွားပြီ၊ သူတို့က အရည်အချင်းစစ်တိုက်ပွဲကို လာပြီး ပြိုင်တာနဲ့ တူတယ်”
“နတ်စမ်းချောင်းဂိုဏ်းက တပည့်တွေကိုတောင် သူတို့က အနိုင်ယူခဲ့တာ၊ ငါတို့သာ သူတို့နဲ့တွေ့ရင်တော့ ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး”
“ဟင်း... ဒါဆိုရင်တော့ နောက်လပြိုင်ပွဲအထိ ငါတို့စောင့်မှထင်တယ်”
ရှောင်ကျီနှင့် ရီချင်းရှန်တို့သည် စာရင်းပေးသွင်းပြီးသည့်နောက်မှာတော့ သုံးရက်အကြာ ကျင်းပမည့်တိုက်ပွဲကို စောင့်မျှော်လျက်ရှိနေသည်။ သို့ပေမဲ့ သူတို့နှစ်ယောက် ထွက်ခွာသွားရန် ပြင်ဆင်လိုက်ချိန်မှာတော့ အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် သူတို့ရှေ့၌ ပိတ်ကာ ရပ်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုသူ၏ နှုတ်ခမ်းထောင့်ချိုးသည် ကော့တက်သွားသည်။
မည်သူနည်း။ တိုင်လုပင် ဖြစ်တော့သည်။ သူ၏ အစိမ်းရောင်မျက်လုံးများသည် ရီချင်းရှန်အား စူးစိုက်၍ ကြည့်နေသည်။ တစ်ဖက်လူသည် အရည်အချင်းစစ် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။ “ကောင်းပြီ၊ အရမ်းကောင်းတယ်၊ သေတာထက်ဆိုးတဲ့ ခံစားမှုကို ပေးအပ်လိုက်မယ်”
ထိုအချိန်မှာတော့ ရီချင်းရှန်နှင့် ရှောင်ကျီတို့သည် သူ့အား တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ ဖြတ်ကျော်သွား တော့သည်။
ချီးတဲ့မှ ….ငါ့ကို မမြင်ချင်ယောင် ဆောင်နေတာလား။
“ရပ်စမ်း” တိုင်လုအော်လိုက်၏။
ရှောင်ကျီသည် ရပ်ကာ မေးလိုက်၏။ “ဘာကိစ္စရှိလို့လဲ”
တိုင်လုသည် ရှောင်ကျီအား လျစ်လျှူရှုပြီး ရီချင်းရှန်ကို လက်ညှိုးထိုးကာ အေးစက်စက်ပြောလိုက်၏။ “ရီချင်းရှန်... နောက်သုံးရက်ကြာ ကျင်းပမဲ့ အရည်အချင်းစစ်တိုက်ပွဲမှာ မင်း ငါနဲ့ မတွေ့ဖို့ ဆုတောင်းထား”
“ဂျူနီယာညီလေး... မင်း သူ့ကို သိလို့လား”
“မသိပါဘူး”
သူတို့နှစ်ယောက်သည် စကားပြောဆိုပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ လှည့်ကာ ထွက်သွားတော့သည်။
တိုင်လုသည် လမ်းပေါ်မှာ ထီးထီးကြီး ကျန်ခဲ့တော့သည်။ လေများက သူ့ကိုဖြတ်တိုက်လျက်ရှိနေပြီး သူသည် အလွန်တရာ အထီးကျန်သော လူတစ်ယောက်ကဲ့သို့ ငူငူကြီး ရှိနေတော့၏။