← Chapters

အခန်း (၅၅၅)

Vol. 37 Ch. 555

အခန်း (၅၅၅)

Vol. 37 Ch. 555

အရည်အချင်းစစ် အောင်မြင်ပြီးသော တပည့်များသည် ဂိုဏ်းဆီသို့ ‌တစ်ယောက်ပြီး တစ်ယောက်ပြန်ရောက်လာကြသည်။

၎င်းတို့သည် ထုံးစံအတိုင်း ဆက်လက်လေ့ကျင့်ကြပြီး တာဝန်များကိုလည်း ထုံးစံအတိုင်း ပြုလုပ်ကြတော့\။

ရီရှင်းချန်သည် သူရဲကောင်းစာရင်းတွင် ရှိသော ပါရမီရှင်များအား ဘယ်အချိန်တွင် စိန်ခေါ်မည် ဆိုသည်ကို စတင်စဉ်းစားလျက်ရှိသည်။

သူသည် ဖြစ်နိုင်သမျှ အမြန်ဆုံး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားရန် ရည်မှန်းချက်ထားရှိခဲ့သည်။

သူသည် ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။ သိုင်းဘုရင် အဆင့်သို့ ရောက်ရှိမှဖြစ်မည်။ သူ၏ အထင်အရဆိုလျှင် ဤသို့သော အားအင်အဆင့်ကို ရောက်မှသာလျှင် ပို၍ အဆင်ပြေပေလိမ့်မည်။

ရီရှင်းချန်သည် သိုင်းဘုရင်အဆင့်ကို ရည်မှန်းထားခဲ့၏။ ထို့ကြောင့် သူရဲကောင်းစာရင်းတွင် ရှိသော ပါရမီရှင်များအတွက် ကျိန်းသေပေါက် အိမ်မက်ဆိုးပင် ဖြစ်ပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ထိုစာရင်း၏ ၈၉ ယောက်မြောက် နေရာတွင်ရှိနေသော ကျန်းရှန်းရှစ်ဆိုသူသည်တောင်မှ သိုင်းတပည့် ထိပ်ဆုံးအဆင့်သာ ရှိသည် မဟုတ်လား။

ပြန်လည်မွေးဖွားလာသော သိုင်းအင်ပါယာတစ်ယောက်အတွက် သူသည် အဆင့်မြင့် ပါရမီရှင်များကို စိန်ခေါ်တိုက်ခိုက်မည် ဆိုလျှင်တောင်မှ ကြီးကြီးမားမား ရှုံးနိမ့်စရာအကြောင်းတော့ မရှိပေ။

ဒင် … ဒင်

တပည့်များသည် ဂိုဏ်း၏ တာဝန်များကို ပြည့်စုံအောင် ဆောင်ရွက်လျက်ရှိသည်။ နေ့စဉ်နေ့တိုင်း ဆုရရှိသည့် သတိပေးသံများသည် ထွက်ပေါ်လျက်ရှိနေတော့သည်။

ပထမဦးဆုံး ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် တော်တော်များများကိုစုဆောင်းခဲ့၏။

ဂိုဏ်းတာဝန်ကို ပြည့်စုံပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ ကို ထပ်မံရရှိခဲ့သည်။

ထို့ကြောင့် သူသည် စိတ်ဝိညာဉ်အမြစ် ပြောင်းလဲခြင်းဆေးရည်ကို ဝယ်ယူလိုက်၏။

သို့ပေမဲ့ စိတ်ဝိညာဉ်အမြစ် ပြောင်းလဲခြင်း ဆေးရည်ကို ပေးရန် သူ၏ ဂိုဏ်းတွင် တပည့်တစ်သောင်းရှိသည်။ ထို့ကြောင့် မဖြစ်စလောက်သော အရေအတွက်သည် ခြင်းကြားထဲ ရေထည့်သလိုပင် ဖြစ်ပေလိမ့်မည်။

ဂိုဏ်းချုပ်ကျွင်း၏ စိတ်ထဲမှာတော့ တစ်နေ့တွင် သူ၏ဂိုဏ်းထဲရှိ ဂိုဏ်းသားဟူသမျှသည် အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူ ဖြစ်ရမည်ဟု တွေးတောထား၏။

ဤအရာသည် အိမ်မက်ကြီးပင် ဖြစ်သည်။ ရောက်ရှိရန်အတွက် အချိန်အတော်လိုအပ်နေသေး၏။

တပည့်များ ပြန်ရောက်ပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းသည် ဆက်လက်၍ ငြိမ်သက်သွားပြန်သည်။ နေ့စဉ်နေ့တိုင်း ၎င်းတို့သည် ကြိုးကြိုးစားစားနှင့် ဇွဲရှိရှိ ကျင့်ကြံလျက်ရှိပြီး တာဝန်များကို ပြုလုပ်နေကြသည်။ ဒူဒူ ကို ရိုက်နှက်ရန်လည်း မမေ့လျော့ကြပေ။

ဤသို့နှင့်ပဲ တစ်လတာနီးပါးသည် ကုန်လွန်သွားခဲ့၏။

ဤအတောအတွင်း ဂိုဏ်းချုပ်ကျွင်းသည် များပြားလှသော အရင်းအမြစ်များနှင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ကို အသုံးပြုကာ ကျင့်ကြံလျက်ရှိနေသည်။

သူ၏ ကျင့်ကြံမှုနှုန်း အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လျက်ရှိ၏။ ကံဆိုးစွာနှင့် သူသည် တတိယအဆင့်သို့ ချိုးဖြတ်ရောက်ရှိရန်တော့ အနည်းဆုံး အချိန်အတော်ကြာလိုအပ်နေသေး၏။

ဓားနှင့် သိုင်းဘုရင်သည် အလွန်တရာ အားကောင်းလွန်းလှ၏။ သို့ပေမဲ့ သူတို့၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာတော့ နှေးကွေးလွန်းလှသည်။ သူ့အနေနှင့် ဘာတစ်ခုမှ ဆက်မလုပ်နိုင်ပေ။ တာဝန်များကို ပြီးဆုံးပြီး အတွေ့အကြုံ အဆောင်ကို ဆုလာဘ် အဖြစ် ရရှိမှသာလျှင် ဖြစ်လိမ့်မည်။ မဟုတ်ပါက အချိန် အတိုင်းအတာတစ်ခုအတွင်း မြန်မြန်ဆန်ဆန်နှင့် အဆင့်ချိုးဖြတ်နိုင်မည် မဟုတ်ချေ။

အခြားတစ်ဖက်မှာတော့ သံမဏိအရိုးဂိုဏ်းတပည့်များသည် ကျင့်ကြံခြင်း၌ ကြီးကြီးမားမား တိုးတက်လျက်ရှိနေကြ၏။

ဂိုဏ်းထဲသို ရောက်ရှိလာသော တပည့်သစ်များသည် ဂိုဏ်းထဲတွင် အသားကျပြီးနောက်မှာတော့ စိတ်ဝိညာဉ်ဆေးလုံးများကို အသုံးပြု၍ အကြီးအကျယ် တိုးတက် ပြောင်းလဲလာကြသည်။

အထူးသဖြင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးနှင့် စမ်းသပ်မှု မျှော်စင်ထဲသို့ ဝင်ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ ခန္ဓာကိုယ်အားအင်သည် ပိုပြီးတော့ တိုးတက်လာကြ၏။

ကံဆိုးစွာဖြင့် ရီကျင်ကျင်း ကျင့်ကြံခြင်း အဆင့်သည် မရီဒန် ဖွင့်ခြင်းတွင်သာ ကျင့်ကြံ၍ ရသည်။ ထို့ကြောင့် တော်တော်များများသည် ထိုနည်းစနစ်ကို မကျင့်ကြံနိုင်ပေ။

ချူရှိုးနန် ၊ ဟုန့်လင်နှင့် တစ်ခြားသောသူများမှာလည်း သဘောကျလျက်ရှိသည်။

၎င်းတို့၏ စီနီယာအစ်ကိုကြီးများသည် အဘယ့်ကြောင့် ဤမျှအားကောင်းရသည်ဆိုသည်ကို နောက်ဆုံး၌ သူတို့ သိရှိသွားခဲ့ပြီးဖြစ်သည်။

ဟုန့်လင်သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ခါးထောက်ကာ မတ်တပ်ရပ်လျက် ရယ်လိုက်မိ၏။ "ငါက ထပ်ပြီးတော့ တိုးတက်သွားပြန်ပြီ။ အခု သိုင်းဆရာ အဆင့်ငါးကို ရောက်သွားပြီကွ"

ချူရှိုးနန်၏ နှုတ်ခမ်းထောင့်များသည်လည်း ကော့တက်သွားသည်။

လွန်ခဲ့တဲ့ တစ်လအတွင်း သူသည် အဆင့်နှစ်ခုကို ချိုးဖြတ်နိုင်ခဲ့သည်။ ကောင်းကင်ဘုံကျောင်းတွင် ရှိနေသည် ဆိုပါက ရက်သုံးဆယ် မပြောနှင့် ရက်သုံးရာလောက် ကျင့်ကြံမည်ဆိုလျှင်တောင်မှ ဤသို့ အဆင့်တက်ရန် မဖြစ်နိုင်ပေ။

ဟုတ်ပေသည်။

သူသည် ထူးထူးခြားခြားကြီး ကျင့်ကြံခဲ့ခြင်းလည်း မရှိပေ။

ဂိုဏ်းသားဘဝနှင့် အသားကျပြီးသည့်နောက်မှာတော့ ဂိုဏ်းတာဝန်များကို ပြုလုပ်ပြီး သဘာဝကျောက်တုံး မိုင်းတွင်းတွင် သွား၍ ကျောက်တွင်းအလုပ်သမား အဖြစ် အလုပ်လုပ်ခဲ့ရသေးသည်။

"ကောင်းကင်ဘုံ"

ပထမဦးဆုံး စိတ်ဝိညာဉ်မိုင်းတွင်းသို့ ဝင်ရောက်သည့် အချိန်တွင် ဟုန့်လင်သည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို မြင်၍ ထအော်မိ၏။ "ငါတို့ ဂိုဏ်းက သဘာဝစိတ်ဝိညာဉ်ကျောက်တွင်းမိုင်းလည်း ရှိတာလား"

ချူရှိုးနန်သည်လည်း တုန်လှုပ်သွား၏။

ချူကလန်ကဲ့သို့ ချမ်းသာသော မိသားစုကြီးပင်လျှင် စိတ်ဝိညာဉ် ကျောက်တုံး မိုင်းတွင်း ဟူ၍ မရှိပေ။

"စိတ်ဝိညာဉ်ကျောက်တုံးလား။"

သူသည် သာမန်ထက်ပိုသည့် နောက်ခံကို ပိုင်ဆိုင်သော တပည့်ဖြစ်သောကြောင့် ထိုအရာများအကြောင်း ကောင်းကောင်းသိနေ၏။ လက်ရှိတွင်တော့ သူသည် စိတ်ဝိညာဉ်ကျောက်တုံးများကို မိမိ၏ လက်ဖြင့် ကိုယ်တိုင် တူးဆွနေရသည်။ ဤသည်မှာ စိတ်လှုပ်ရှားစရာ အတွေ့အကြုံပင် ဖြစ်တော့၏။

"နားထောင်ကြ"

လီလိုရှုသည် တပည့်ဟောခန်း၏ ဟောခန်းသခင်ဖြစ်ပြီးသည့်နောက်မှာတော့ ဟောခန်း၏ ရှေ့တွင် မတ်တပ်ရပ်ကာ ပြောလိုက်၏။

"စိတ်ဝိညာဉ်ကျောက်တုံးတွေကို ဘယ်သူမှ ဖွက်ပြီး ယူသွားလို့ မရဘူး။မဟုတ်ရင် အရက်စက်ဆုံးအပြစ်ပေးမှုကို ခံယူရလိမ့်မယ်။"

"ကောင်းပါပြီ"

အားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။

အတိတ်တုန်းကဆိုလျှင် လီချင်းယန် ၊ ရှောင်ကျီနှင့် တစ်ခြားသော အတွင်းစည်းတပည့်များအားလုံးသည် သူတို့၏ များပြားလှသည့် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ရ၏။

သိုင်းဘုရင်ဆိုသည်မှာ သိုင်းကျင့်ကြံသူများအတွက် အလွန်တရာ ခြားနားလှသော အဆင့်အတန်းတစ်ခု ဖြစ်ပြီး ထိုအဆင့်သို့ ရောက်ရှိချင်သည်ဆိုလျှင် တစ်စုံတစ်ယောက်သည် ပိုမို၍ နားလည်ရန် လိုအပ်သည်။

ဂိုဏ်းထဲတွင် အမြန်ဆန်ဆုံး အဆင့်တက်နေသူမှာတော့ ‌နောက်ဆုံးဝင်ရောက်ခဲ့သူ ဟယ်ဝူတီသာလျှင် ဖြစ်တော့သည်။ အရင်တုန်းက သူသည် သိုင်းဆရာ အဆင့်ကိုး တစ်ယောက်သာ ဖြစ်သော်လည်း လက်ရှိအချိန်တွင်မှာတော့ သိုင်းစစ်သူကြီး အဆင့်ကို ချိုးဖြတ်ရောက်ရှိရုံသာမက အဆင့်ငါးသို့ပင် ရောက်ရှိသွားခဲ့၏။

သာမန်ဆိုလျှင် သူသည် ဤမျှ မြန်မြန်ဆန်ဆန်နှင့် အဆင့်ချိုးဖြတ်ရောက်ရှိနိုင်မည် မဟုတ်ချေ။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းထဲမှာတော့ များပြားလှသော အရင်းအမြစ်များ ရှိနေသည်။ ထို့ကြောင့် မဖြစ်နိုင်ဘူးဆိုသည်မှာ လုံးဝကို မရှိချေ။

ဟယ်ဝူတီသည် တော်တော်လေး သိုသိုသိပ်သိပ် နေထိုင်သူဖြစ်သည်။

သူ၏ ကျင့်ကြံမှုများကို ဖုံးကွယ်ထားလိုက်ပြီး သိုင်းဆရာ အဆင့်ကိုး၌သာ အားလုံးမြင်သာအောင် ထားနေ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ မျက်မှန်အောက်မှတော့ မလွတ်မြောက်နိုင်ချေ။

"သိုင်းဆရာအဆင့်ကိုးအဆင့်ကနေ သိုင်းစစ်သူကြီး အဆင့်ကို ချိုးဖြတ်နိုင်ရုံသာမက အဆင့်ငါးအထိ ရောက်ရှိသွားတယ်ဆိုတော့ တကယ့်ကို သံမဏိအရိုးဂိုဏ်းရဲ့ နောက်ဆုံးတပည့်ပီသတယ်။"

ဟယ်ဝူတီအား နောက်ဆုံးတပည့်အဖြစ် လက်ခံပြီးသည့်နောက်မှာတော့ သူသည် မှန်ကန်သည့် အရာကို ပြုလုပ်လိုက်သည်ဟု ခံစားမိနေသည်။ လုံလောက်သည့် ကျင့်ကြံခြင်းအချိန်ကို ပေးစွမ်းပါက အနာဂတ်တွင် သံမဏိအရိုးဂိုဏ်းထဲ၌ အားအကောင်းဆုံး လူတစ်ယောက် ဖြစ်လာမှာ ကျိန်းသေသည်။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ယုံကြည်လျက်ရှိနေ၏။

"ဂိုဏ်းချုပ်"

အကြီးအကဲဝေသည် ရောက်ရှိလာပြီး ပြောလိုက်၏။ "အသစ်စိုက်ပျိုးထားတဲ့ ဆေးပင်တွေက ရင့်မှည့်နေပါပြီ"

"ဒီလိုလား"

ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ပဲ စိတ်ဝိညာဉ် ဟောခန်းဆီသို့ သွား၍ ရှိရှိသမျှသော ဆေးပင်များကို ယူဆောင်ကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်၏။

ပြီးနောက် ဆေးခန်းမဆောင်အား ဖွင့်လှစ်၍ စိတ်ဝိညာဉ် ကြံခိုင်ခြင်း ဆေးလုံးတစ်ရာကို သန့်စင်တော့သည်။

ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ် ကြံခိုင်ခြင်း ဆေးလုံးတစ်ရာသည် ထွက်ပေါ်လာခဲ့သည်။ သူသည် လူတိုင်းအား ဤဆေးလုံးအား မပေးအပ်ပေ။ အတွင်းစည်းတပည့်များကိုသာ ဖြန့်ဝေပေးခဲ့၏။

ကျန်သောလူများမှာတော့ လစဉ်လတိုင်း ကျင်းပသည့် အားအင်စစ်ဆေးမှုတွင် အနိုင်ရရှိမှသာ ဆုလာဒ်အဖြစ် ရရှိပေလိမ့်မည်။

ဒင်။

“လီထျန်းထျန်းသည် ဂိုဏ်း၏ တာဝန်အား ပြည့်စုံအောင် ပြုလုပ်ခဲ့သည်။ သူသည် ဂိုဏ်းစု‌ဆောင်းမှတ်နှင့် ဂိုဏ်းအောင်မြင်မှု အမှတ် ၃၀ ကို ရရှိသည်။”

“ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀/၁၀၀၀၀”

ဒင်

“ဂိုဏ်းစုဆောင်းမှတ် ၁ဝ၀၀၀/ ၁၀၀၀၀”

“ဂိုဏ်းအောင်မြင်မှု အမှတ် ၁၂၀၀၀/၁၀၀၀၀”

ဂိုဏ်း၏ တာဝန်များ အားလုံး ပြည့်စုံသွားချိန်မှာတော့ အမှတ်များသည် ပိုလျှံခဲ့ပြီဖြစ်သည်။

ဂိုဏ်းစုဆောင်းမှတ်များနှင့် ပတ်သက်လျှင်တော့ ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ ကျွမ်းကျင်စွာနှင့် တွက်ချက်လာနိုင်မည်ဟု ဆိုသည်။ ဂိုဏ်းစုဆောင်းမှတ်များသည် တစ်မှတ်မှ မပိုသလို တစ်မှတ်မှလည်း မလိုသွားပေ။ သူသည် သေသေချာချာ ချိန်ညှိ၍ သုံးစွဲတတ်သူ ဖြစ်သည်။

စနစ်အား ဖွင့်ကြည့်သည့် အခါမှာတော့ ဂိုဏ်း၏ အဆောက်အအုံ သည် အဆင့်မြှင့်တင်၍ ရကြောင်း ပေါ်နေ၏။

ကလစ်။

သူနှိပ်လိုက်၏။

ဂိုဏ်းအဆောက်အအုံ သည် အဆင့် ခုနှစ်သို့ရောက်ရှိသွားသည်။

ဒင်။

“ဂိုဏ်းသား ၊ ဂိုဏ်းစုဆောင်းမှတ်၊ ဂိုဏ်းအောင်မြင်မှု အမှတ် အကန့်အသတ်များသည် တိုးတက်သွားခဲ့၏။”

ဒင်။

“ဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ် ခန်းမဆောင်သည် ပွင့်လစ်သွားခဲ့သည်။”

သတိပေးသံများ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ စနစ်၏ မြင်ကွင်းသည် ပြောင်းလဲသွားခဲ့၏။

“ဂိုဏ်းနာမည် - သံမဏိအရိုးဂိုဏ်း”

“ဂိုဏ်းချုပ် - ကျွင်းချောင်ရှောင်း”

“ဂိုဏ်းအဆင့် - အဆင့်ခြောက်”

“ဂိုဏ်းအဆောက်အအုံ - အဆင့်ခုနစ်”

“ဂိုဏ်း၏ လုပ်ဆောင်နိုင်စွမ်း - ဆေးခန်းမဆောင် ၊ အဆောင် ခန်းမဆောင် ၊ စိတ်ဝိညာဉ် သားရဲ ခန်းမဆောင်....”

“ဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ် - ရီကျင်ကျင်း၊ တိမ်ခြေလှမ်း....”

“ဂိုဏ်းသား ၁၀၀၀၀/၂၀၀၀၀”

“ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀/၂၀၀၀၀”

“ဂိုဏ်းအောင်မြင်မှု အမှတ် ၂၂၀၀/၂၀၀၀၀”

“ဂိုဏ်း၏ အဓိက တာဝန် - နှစ်တစ်ရာအတွင်း....”

"တစ်သောင်းကနေ နှစ်သောင်းအထိပဲ တိုးလာတာလား" ကျွင်းချောင်ရှောင်း စိတ်ပျက်သွားသည်။

သူ၏ အမြင်ရဆိုလျှင် ဂိုဏ်းစုဆောင်းမှတ် သုံးနိုင်သည့် အကန့်အသတ်သည် ငါးသောင်းလောက်တော့ အနည်းဆုံး ရောက်ရှိသွားမည်ဟု ထင်မှတ်ထားခဲ့၏။

သို့ပေမဲ့ အဆင်ပြေပါသေးသည်။ သူ့အနေနှင့် နှစ်သောင်း လောက် ရောက်သွားပြီဆိုလျှင် အဆင့်မြင့် စတိုးဆီသို့ သွား၍ ပစ္စည်းများ ဝယ်ယူရန် သတ္တိရှိနေပြီဖြစ်၏။

သူ့‌အနေနှင့် အလွန်တရာ ကောင်းမွန်ပြီး အဆင့်အတန်းမြင့်မားလှသော အလယ်အလတ်အဆင့် ဆေးလုံးများ သိုင်းနည်းစနစ်များနှင့် ချပ်ဝတ်များကို အဆင့်မြင့် စတိုးထဲတွင် ရှိနေမည်ဟု စိတ်ကူးယဉ်ကြည့်လိုက်တော့ မျက်လုံးတွေပင် လင်းလက်လာခဲ့သည်။

စနစ်က ပြောလိုက်သည်။ "အဆင့်မြင့်စတိုးဆိုတာက အနည်းဆုံး လက်ခံသူ အနေနဲ့ ဂိုဏ်းအဆင့်ငါးကို ရောက်မှ ဝယ်လို့ ရမှာ"

ချီးတဲ့မှ … ငါ အားတက်အောင်စဉ်းစားနေရင် မင်း ငါ့ကို ရင်နာအောင် လုပ်ပြီ။မင်း ငါ့ကို အားကောင်းလာအောင် ကူညီပေးနေတာလား ၊ ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေ‌တာလား။

"အဆင့်ငါး ဟုတ်လား"

ကျွင်းချောင်ရှောင်း ပုခုံးတွန့်လိုက်သည်။ "ဒါက အေးအေးဆေးဆေးပဲ"

လုံလောက်သည့်လူနှင့် လုံလောက်သည့် ကျင့်ကြံခြင်း အဆင့်ကို ရောက်မည်ဆိုလျှင် သံမဏိအရိုးဂိုဏ်းသည် ကျိန်းသေပေါက် အဆင့်ငါး ဆီသို့ ရောက်ရှိသွားရန်ဆိုသည်မှာ ပြသနာတစ်ခု မဟုတ်ပေ။

သို့ပေမဲ့ လက်ရှိ အရေးကြီးဆုံးသည် အဆင့် မြင့်တက်ခြင်း မဟုတ်ပေ။ ဂိုဏ်း၏ ကျင့်ကြံခြင်း ခန်းမဆောင် ပွင့်သွားခြင်းပင် ဖြစ်သည်။

ဂိုဏ်း၏ ကျင့်ကြံခြင်းခန်းမဆောင်ဆိုသည့် အထဲကို ဝင်လိုက်ချိန်မှာတော့ လွတ်လပ်သည့် တည်နေရာတစ်ခုထဲ သို့ ရောက်ရှိသွားတော့သည်။

သူ၏ အမူအရာများသည် အေးခဲသွားသည်။ ပါးစပ်များမှာလည်း အဟောင်းသားများ ဖြစ်မိနေ၏။ သူသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိ၏။ "သောက်ကျိုးနည်း"

All Chapters