← Chapters

ခြေလှမ်း ဆယ့်နှစ်လှမ်း

Vol. 013 Ch. 1294

ခြေလှမ်း ဆယ့်နှစ်လှမ်း

Vol. 013 Ch. 1294

နတ်တောင်ပေါ်ရှိ ပြန်လည်မွေးဖွားခြင်း အဆင့်များမှာ နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် မည်သို့ ဖြစ်ပျက်နေသည်ကို အလွန်စိတ်ဝင်စားကြ၏။

ဤပြိုင်စံရှားများသည် သွေးနဂါးဘုံ၏ လက်ရှိ အနာဂတ်များ ဖြစ်ကြ၏။ သူတို့က ယခင် တန်ခိုးရှင်များ ချန်ရစ်ခဲ့သည့် စံချိန်များကို ကျော်ဖြတ်၍ စံချိန်သစ်များ တင်နိုင်ကြမည်လား။

နတ်ဘုရားသိုင်းပညာ လျှောက်လမ်းသည် သူတို့အကြား၌ မည်သူပို၍ ထူးချွန်သည်ကို ခွဲထုတ် ပေးပေလိမ့်မည်။

သို့သော်လည်း သွေးနဂါးဘုံ၏ ပြည်သူလူထု များသည်ပင် ထိုအချက်ကို သတိမပြု မိကြပေ။

တော်ဝင်နန်းတော်မှ လူများသာလျှင် ထိုအကြောင်းကို သိရှိကြပေသည်။

ချီရှန်းသည် သွေးနဂါးဘုံ၏ မင်းသားတစ်ပါး အနေနှင့် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၏ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်ကို သိရှိသည်။ တော်ဝင်နန်းတော်၏ အဓိက အရေးပါသည့် လူများမှလွဲလျှင် အခြားမည်သူမှ မသိရှိကြပေ။

သွေးနဂါးဘုံ၏ ထိပ်သီးပုဂ္ဂိုလ် များသည်ပင် ထိုအချင်းအရာကို မသိရှိကြပေ။

မည်သူက နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၌ ပြိုင်ဘက်ကင်းသူ ဖြစ်လာမည်နည်း။

ရီဖူရှင်းကပင် ထပ်၍ အကောင်းဆုံးဟူသော ဂုဏ်ပုဒ်ကို ရယူသွားမည်လား။

ဤတစ်ကြိမ်ပြိုင်ပွဲ၏ ခက်ခဲမှုမှာ ယခင်တစ်ကြိမ်ကထက် မလျော့နည်းပေ။ ဤတစ်ကြိမ်၌ ပို၍ပင် ခက်ခဲနိုင်ပေသည်။

***

ရီဖူရှင်းက နတ်ဘုရားသိုင်းပညာ လျှောက်လမ်းသို့ ခြေချလိုက်သည့် အခိုက်တွင် သူသည် သည်နေရာမှ အချိန်က နှေးကွေးစွာ စီးဆင်းနေသည်ကို ချက်ချင်း ခံစားမိ၏။ အရာအားလုံးက ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရ၏။ နတ်တောင်က ဤနေရာ၌ မတည်ရှိ သကဲ့သို့ အဆုံးမဲ့ ရွှေရောင် မက်မွန် ပန်းပွင့်လေးများလည်း မရှိပေ။

ဤနေရာတွင် အဆုံးမရှိသည့် ကြယ်တာရာ ရှေးဟောင်းလမ်းသာလျှင် တည်ရှိပေသည်။

သူ့အရှေ့တွင် ကြီးမားလှသည့် ကြယ်တာရာ ကျောက်တုံးကြီး ရှိနေသည်။ ကျောက်တုံးထဲတွင် ကြယ်များက လှုပ်ရှားနေကြ၏။

ကျောက်တုံးအတွင်းရှိ စိတ်အသိမှာ အလွန်ပင် သန်မာလှသည်။ ချက်ချင်းပင် ရီဖူရှင်းသည် ကြယ်တာရာကျောက်တုံး၏ စိတ်အသိ လေဟာနယ် အတွင်းသို့ ဆွဲခေါ် ခံရတော့မလို ဖြစ်သွား၏။ သူ့ခန္ဓာကိုယ်သည် ကြယ်တာရာများ၏ အောက်တွင် ရှိနေပြီး ကြယ်များနှင့် ယှဉ်လျှင် အလွန် သေးငယ်နေ၏။

ဘုန်း ...

ရုတ်တရက်အားဖြင့် ကြီးမားသည့် စွမ်းအား အခိုးအငွေ့များက လောကကြီးကို ဖုံးလွှမ်းသွားကာ ရီဖူရှင်းသည် သူ့အပေါ်သို့ ကြယ်များ ကျဆင်းလာသည့် ဖိအားကို ခုခံရန် ကြိုးစားသည်။ အကန့်အသတ်မဲ့ကာ ကြီးမားလှသည့် ကြယ်များသည် သူ့အပေါ်သို့ ကျဆင်းလာပြီး လောကကြီးက ပျက်စီးသွားတော့ မယောင် ထင်မှတ်ရကာ သူသည် ကြယ်များကြောင့် ပြာအဖြစ် ပြောင်းလဲ သွားတော့မည်ဟု ခံစားရ၏။

ရီဖူရှင်းက ခြေတစ်လှမ်း လှမ်းလိုက်ပြီး ချက်ချင်းပင် သူ့ခန္ဓာမှ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်သည်။ သူ၏ လမ်းစဉ်စွမ်းအားများကို ထုတ်လွှတ်သည်တွင် လောကကို လွှမ်းမိုးနိုင်စွမ်း ရှိသည့်  မဟာလမ်းစဉ်၏ စွမ်းအားများသည် ဆူညံသံများ ပေးလျက် ရုန့်ရင်းကြမ်းတမ်းစွာ ထွက်ပေါ်လာကြ၏။

ကျယ်လောင်လှသည့် ပေါက်ကွဲသံနှင့်အတူ အပေါ်မှ ကျဆင်းလာသည့် ကြယ်များသည် ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများ၏ တားဆီး ပိတ်ပင်ခြင်းကို ခံလိုက်ရသော်လည်း ကြယ်များက ရှေ့ကို ဆက်လက်၍ လျင်မြန်စွာ ရွေ့လျားလာကာ သူ့အား ထိုနေရာ၌ သုတ်သင်ရန် ကြိုးစား၏။

ရီဖူရှင်း၏ မျက်လုံးထဲတွင် ထူးဆန်းသည့် အကြည့်တစ်ချက် လင်းလက်သွားသည်။ စွမ်းအားများ၏ ဖိအားသည် အလွန် ပြင်းထန်လှသည်။ ယင်းတို့အားလုံးသည် စိတ်ထဲတွင် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ထိုအရာများသည် အစစ်အမှန် မဟုတ်သည့် ပုံရိပ်ယောင်များ ဖြစ်သော်လည်း အမှန်တကယ် ဖြစ်နေသည်ဟု ခံစားရသည်။

တစ်ခုခုသာ မှားယွင်းသွားလျှင် သူသည် မရှုမလှနှင့် ဒဏ်ရာများစွာ ရရှိပေလိမ့်မည်။

သူသည် ကြယ်တာရာ ကျောက်တုံး၏ လောကတွင် ရပ်နေ၏။ လှည့်ပတ်နေသည့် ကြယ်များက ဆက်လက်၍ ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်ကာ သူ့အား ဆက်လက်၍ ရပ်တည်နိုင်စွမ်း မရှိတော့သည် အထိ လာရောက် ဖိနှိပ်တိုက်ခိုက်ကြ၏။

ဖိနှိပ်မှုက အစပိုင်းတွင်ပင် အလွန် ပြင်းထန်နေသည်။

နောက်ပိုင်းတွင် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။

ထိုအခိုက်တွင် ရီဖူရှင်းက ရှေ့ကို ကြည့်သည်။

သူသည် ခြေတစ်လှမ်းကို မ,ကာ ရှေ့သို့ လှမ်းလိုက်၏။ မဟာလမ်းစဉ်က တစ်သားတည်း ဖြစ်နေပြီး ကြောက်မက်ဖွယ် လေဟာနယ် စွမ်းအားများက ကြယ်များကို အပိုင်းပိုင်း ဆုတ်ဖြဲနေသည်။ ကြယ်များသည် အပိုင်းအစများအဖြစ် ပေါက်ကွဲသွားကာ ကြယ်တာရာများ၏ ကောင်းကင်က ကျိုးပျက်သွားသည်။

ခြေတစ်လှမ်းနှင့် ရီဖူရှင်းသည် သီးခြား တစ်နေရာသို့ ဝင်သွားသည်။

သူ ခြေလှမ်းပြီးနောက်တွင် သူ ဝင်သွားသည့် ရှေးဟောင်း နတ်ဘုရားသိုင်းပညာ လျှောက်လမ်းပေါ်တွင် ဒုတိယမြောက် ကြယ်တာရာကျောက်တုံး ပေါ်ပေါက်လာခဲ့သည်။

ထိုအခိုက်တွင် အပြင်ဘက်ရှိ လူများသည် ရီဖူရှင်းက သူ၏ ပထမခြေလှမ်းကို အောင်မြင်သွားပြီ ဖြစ်ကြောင်း သိရှိလိုက်ကြသည်။

ယခု သူ လှမ်းသမျှ ခြေလှမ်းတိုင်းအား လူတိုင်းက စိတ်ဝင်စားကြသည်။

ထို့နောက်တွင် တူညီသည့် မြင်ကွင်းက တစ်ဖန် ဖြစ်ပေါ်လာခဲ့ကာ ပိုမိုအားကောင်းကာ စွမ်းအားကြီးမားသော ကြယ်တာရာကျောက်တုံးများ ကျဆင်းလာကြ၏။ ဤက လောကကြီး တစ်ခုလုံး ပြိုပျက်လာသည့် အလား ထင်မှတ်ရပေသည်။

သို့သော် ရီဖူရှင်းသည် ယုံကြည်မှု ရှိစွာဖြင့် ဒုတိယခြေလှမ်းကို ဆက်လှမ်းသည်။

မက်မွန်ပွဲတော်သို့ ဖိတ်ခေါ်ခံရသည့် တန်ခိုးရှင် အားလုံးသည် တစ်လှမ်းချင်း ရှေ့သို့ လျှောက်လှမ်းနေကြ၏။

အပြင်ဘက်ရှိ လူများသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းအထက် ကောင်းကင်သို့ မော့ကြည့်နေကြ၏။

ထိုအချိန်တွင် ခေါင်းလောင်းကြီးမှာ ငါးကြိမ်မြောက် မြည်ဟည်းခဲ့ကာ ခြောက်ခုမြောက် ခေါင်းလောင်းကြီး ပေါ်ပေါက်လာပြီ ဖြစ်သည်။ အဓိပ္ပာယ်မှာ ရှင်းခိုင်သည် ခြေလှမ်းငါးလှမ်း လှမ်းခဲ့ပြီးပြီ ဟူသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

ထိုရှေးဟောင်းလမ်း အထက်တွင် အသံ ထွက်ပေါ်လာသည့် ခေါင်းလောင်းကြီးသည် တင့်တယ်လှသည့် အလင်းတန်းများကို ထုတ်လွှတ်နေပြီး လမ်းစဉ်စွမ်းအားများ ထွက်ပေါ်လာသည်။

မည်သူကမှ ရှင်းခိုင်ကို လိုက်မမီကြပေ။

ရှင်းခိုင်သည် အားလုံးကို အပြတ် ဖြတ်ထားခဲ့၏။

အနီးရှိ ရှေးဟောင်းလမ်းတွင် ကြီးမားသည့် ပုဆိန်ကြီး ငါးခု ရှိနေသည်။ ယူချင်းက ထိုနေရာတွင် ရှိနေသည်ကို လူတိုင်း သိကြ၏။

နောက်တစ်လမ်းတွင် ကောင်းကင်ကို ထွင်းဖောက်လာသည့် ဓားအလင်းများသည် နတ်ဘုရားသိုင်းပညာ နန်းတော်သို့ ပစ်လွှတ်သည်။

ဓားစွမ်းအားများသည် ကောင်းကင်နှင့် မြေကြီးကို စိမ့်ဝင် ပျံ့နှံ့နေပြီး ဓားငါးလက်အထိ ဖြစ်လာခဲ့၏။

ဖေမင်က ထိုနေရာတွင် ရှိနေသည်။

ဘုန်း ... ဘန်း ...

ထိုအချိန်တွင် မိုးကြိုးလျှပ်စီးများသည် ကောင်းကင်ကို အပိုင်းပိုင်း ဆုတ်ဖြဲ သွားသကဲ့သို့ ထင်မှတ်လိုက်ရပြီး မိုးကြိုးမုန်တိုင်းက အထက်ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ နတ်ဘုရားသိုင်းပညာ လျှောက်လမ်း အထက်ရှိ စစ်တူများမှာ တိုက်ရိုက်ပင် အပိုင်းပိုင်း ကျိုးပဲ့ပျက်စီး သွားခဲ့သည်။ မိုးကြိုး၏ စွမ်းအားများသည် ပြင်းထန်စွာဖြင့် လေထဲတွင် ကခုန်နေပြီး မကြာခင်၌ လူရိပ်တစ်ခုက ရှေးဟောင်းလမ်မှ ထွက်ခွာလာသည်။ သူမသည် ညည်းသံ တစ်ချက်ပေးပြီး ပါစပ်အပြည့် သွေးတစ်လုတ် အန်သည်။

“ရှုကျီ ရပ်လိုက်ရပြီ” လူအများက အထိတ်တလန့် ပြောလိုက်ကြသည်။ သူမ သွားခဲ့သည့် ရှေးဟောင်းလမ်းပေါ်တွင် နတ်တူများ လေးခု ရှိနေခဲ့ရာ ဆိုလိုသည်မှာ သူမက ခြေလှမ်းသုံးလှမ်းသာ လှမ်းနိုင်ခဲ့၏။

သူမက နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် မည်သည့် အရာများနှင့် ရင်ဆိုင်ခဲ့ရသနည်း။

ရှုကျီသည် သူမ၏ နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ကာ ရှက်ရွံ့ဟန် ရနေ၏။ သူမသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် ခြေလှမ်းသုံးလှမ်းသာ လှမ်းနိုင်ခဲ့သည်။

မည်သည့်အတွက် သူမ၏ အရှေ့မှ စွမ်းအားများသည် ရုတ်တရက် ပေါင်းစည်းသွားပြီး ကြောက်မက်ဖွယ် အဆင့်ထိ တိုးမြင့်သွားကာ သူမကို အပြင်ရောက်သည်ထိ တိုက်ရိုက် တွန်းထုတ် လိုက်ရသည်နည်း။

အခြားလူများ၏ အခြေအနေများ သည်လည်း သူမနည်းတူပေလော။

“နတ်ဘုရားသိုင်းပညာ လျှောက်လမ်းမှာ အရေးအကြီးဆုံးက ကံကောင်းဖို့ပဲ။ မင်းက ကံကောင်းဖို့ လိုသွားတာပါ။ စိတ်ထဲ မထားပါနဲ့။ ရလဒ်က အဲဒီလောက် အရေးမကြီးပါဘူး” ချီရှန်းက ပြောသည်။ သူက ရှုကျီ၏အတွေးများကို သိဟန်ရကာ နှစ်သိမ့်ရန် ကြိုးစားသည်။

ရှုကျီက ခေါင်းညိတ်လိုက်သော်လည်း သူမသည် တကယ့် အကြောင်းရင်းမှန်ကို သိရှိထားကာ ချီရှန်းက သူမအား စိတ်မညစ်စေရန် နှစ်သိမ့်ပေးခြင်းသာ ဖြစ်ကြောင်း နားလည်၏။

ကံကောင်းမှုသည်လည်း ခွန်အားနှင့် အမြဲတစေ တွဲဖက် နေတတ်သည်။

ချီရှန်းသည် သူ့ ခေါင်းကို မော့လိုက်ပြီး နတ်ဘုရားသိုင်းပညာ လျှောက်လမ်းသို့ ဆက်လက်၍ ကြည့်နေသည်။ ရှုကျီ တွေးသည်မှာ မှန်ကန်သည်။ နတ်ဘုရားသိုင်းပညာ လျှောက်လမ်းသည် ကံတရားနှင့် သက်ဆိုင်သည့် ကိစ္စ ဖြစ်သော်လည်း အဆုံးအထိ ရောက်ရှိသည့် တန်ခိုးရှင်များမှာ အမှန်ပင် သန်မာလှသူများ ဖြစ်သည်။

ရှင်းခိုင်သည် ရှေ့ကို ဆက်လက် ဦးတည်နေဆဲ ဖြစ်ပြီး သူ၏သန်မာမှုကို မည်သူမှ မငြင်းပယ်နိုင်ပေ။ သို့သော် သူက မည်သည့်အချိန်တွင် အတားအဆီးနှင့် တွေ့ရမည်ကို ဘယ်သူမှ မပြောနိုင်ပေ။

မကြာခင်တွင် ရင်ထျန်းကျောက်သည် ကန်ထုတ် ခံလိုက်ရပြီး ကစားပွဲမှ ထွက်ခွာလိုက်ရသည်။ သူမသည်လည်း အခြေအနေ ကောင်းမွန်သည့် ပုံမပေါ်ပေ။

ရှုကျီ ထွက်ခွာ လာရပြီးနောက် လူအများသည် တဖြည်းဖြည်းနှင့် တွေ့ရှိလာရသည်မှာ ခြေတစ်လှမ်းတိုင်းတွင် အနည်းဆုံးတစ်ယောက် ဖယ်ထုတ် ခံရခြင်းပင်။

“ဘန်း” နောက်ထပ် ကောင်းကင်နှင့် မြေကြီးကြားတွင် တစ်သားတည်း ဖြစ်နေသည့် မီးပြင်းဖိုထံမှ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာသည်။ ထို့နောက် မီးပြင်းဖိုရှိရာ နတ်ဘုရားသိုင်းပညာ လျှောက်လမ်းသည် အပိုင်းပိုင်း ကွဲကြေသွားခဲ့သည်။

ရှန်းကျယ်၏ ခန္ဓာကိုယ်သည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းအဝင်ဝတွင် ပြန်ပေါ်လာခဲ့ပြီး သူသည်လည်း ကန်ထုတ် ခံလိုက်ရလေသည်။

သူ့ကို ကြည့်ရသည်မှာ အတော်လေး ကိုးရိုးကားရား နိုင်နေသည်။

ခြေလှမ်း ကိုးလှမ်းမြောက်တွင် ခုနစ်ယောက်သာလျှင် ကျန်ရှိတော့သည်။ ယွီရှီးဖေး၊ ရှဲ့ချင်းရှန်းနှင့် သွမ့်ဝူကျီသည်လည်း ကစားပွဲမှ ထွက်ခွာခဲ့ရသည်။ ဒေသဘုရင် အဆင့်သတ်မှတ်ချက်ရှိ သူများထဲမှ ပထမဆုံး နှစ်ယောက်သည်လည်း ကစားပွဲကို ရှုံးနိမ့်ခဲ့လေသည်။ ထိုလျှောက်လမ်းက မည်မျှ ခက်ခဲသည်ကို ပြောနိုင်ပေသည်။

ရှားရှင်းယွန်သည် ဆယ်လှမ်းမြောက်တွင် အခက်အခဲ တွေ့ခဲ့ရသည်။

အကန့်အသတ်မဲ့ လက်သီးရိပ်များသည် သူမ၏ ရှေ့၌ ထွက်ပေါ်လာသည်။ စစ်နတ်ဘုရား တစ်ပါးက သူမကို တိုက်ခိုက်လိုက် သကဲ့သို့ ကျော်လွှား၍ မရနိုင်သော လက်သီး စွမ်းအားများသည် သူမထံသို့ ပြေးဝင်လာသည်။ ထွက်ပေါ်လာသည့် လက်သီးစွမ်းအားများသည် စွမ်းအားအသိများနှင့် လင်းလက်နေသည်။ ရုတ်တရက် အားလုံးသည် နတ်ဘုရားများကိုပင် သုတ်သင်နိုင်စွမ်း ရှိလောက်သည့် စွမ်းအားများ ကြောက်မက်ဖွယ် ပြင်းထန်လာသည်။

ရှားရှင်းယွန်သည် လက်မလျှော့ဘဲ ရှေ့သို့ ဆက်လှမ်းသည်။ သူမ၏ ခန္ဓာကိုယ်မှ လောက ပျက်သုဉ်းခြင်း စွမ်းအားများ ထုတ်လွှတ်လိုက်ပြီး အဆုံးမဲ့ လက်သီးစွမ်းအားများနှင့် ထိပ်တိုက်တွေ့ဆုံရန် အသုံးပြုခဲ့သည်။ ရုတ်ခြည်းပင် သူမသည် အဆုံးမဲ့ စွမ်းအား အရင်းအမြစ်ကို ခံစားမိလိုက်ပြီး အားလုံးကို ဖျက်ဆီးနိုင်သည့် လက်သီးစွမ်းအားများက ရှေ့သို့ ဆက်လက် ဝင်ရောက်လာသည်။  သူမသည် ထိုသို့သော ခံစားမှုမျိုးကို ယူချင်းနှင့် တိုက်ခိုက်စဉ်ကသာ ခံစားဖူးလေသည်။

သူမ၏ လောကပျက်သုဉ်းခြင်း စွမ်းအားများသည် ဖျက်ဆီးခံလိုက်ရ၏။ လက်သီးစွမ်းအားများက သူမထံသို့ တစ်ဟုန်ထိုး ဝင်ရောက်လာသည်။ နောက်ဆုံးတွင် ရှားရှင်းယွန်က ဆက်လက် တောင့်ခံထားနိုင်ခြင်း မရှိတော့ပေ။

နတ်ဘုရားသိုင်းပညာ လျှောက်လမ်းအထက်တွင် လက်သီးစွမ်းအားများက အပိုင်းပိုင်းအဖြစ် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။ ရှားရှင်းယွန်သည်လည်း နတ်ဘုရားသိုင်းပညာ လျှောက်လမ်းမှ ခါထုတ် ခံလိုက်ရလေသည်။

ထိုနေရာတွင် ခြောက်ယောက်မျှသာ ကျန်ရှိသည်။

ရီဖူရှင်း၊ ယူချင်း၊ ရှင်းခိုင်၊ လော့ယန်၊ ဖေမင်နှင့် ကျန်းထိုက်အယ်တို့ ဖြစ်သည်။

ခေါင်းလောင်းကြီးသည် ဆယ့်တစ်ကြိမ်မြောက် မြည်ဟည်းခဲ့ပြီး ဆယ့်နှစ်ခုမြောက် ခေါင်းလောင်း ထွက်ပေါ်လာသည်။

ရှင်းခိုင်သည် ခြေလှမ်းကို ရပ်တန့်သည်။

တန်ခိုးရှင် ငါးယောက်သည် တဖြည်းဖြည်း သူ့ကို လိုက်မီလာသည်။ နောက်ဆုံး ကျန်းထိုက်အယ်သည် အဆုံးသို့ ရောက်ရှိသွားခဲ့လျှင် ထိုတန်ခိုးရှင် ခြောက်ယောက်သည် တူညီသည့် စမှတ်များ ပေါ်ပေါက်လာသည်။

သို့သော်လည်း နတ်ဘုရားသိုင်းပညာ လျှောက်လမ်း အထက်မှ မြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။

ရှင်းခိုင်သည် တစ်ဖန် လှုပ်ရှားသည်။ ဤအချိန်တွင် သူသည် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိသည်။ အာဏာစက်ပြင်းသော ခေါင်းလောင်းသံသည် အရာအားလုံးကို လွှမ်းမိုးကာ သူ၏ လမ်းစဉ်နှင့် စွမ်းအားအသိများကို သုတ်သင်နေသည်။ ထိုအရာကို မည်သည့်အရာကမှ မရပ်တန့်နိုင်ပေ။

မဟာလမ်းစဉ်၏ ရောင်စဉ်တန်းများသည် ရှင်းခိုင်၏ ခန္ဓာကိုယ်မှ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ သူသည် ကောင်းကင်ဒဏ်ခတ် အသိကို ဖော်ထုတ်လိုက်ပြီး စစ်နတ်ဘုရားကို ဆင့်ခေါ်သည်။ စစ်နတ်ဘုရား အမှတ်အသား ထွက်ပေါ်လာပြီး ရှေးဟောင်း ခေါင်းလောင်းကြီးဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။

ထိုအခိုက်တွင် ကောင်းကင်နှင့်မြေကြီးကို တုန်ဟည်းစေသည့် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ယင်းသည် နတ်တောင်၏ ထိပ်ဖျားတွင် အဆုံးမဲ့စွာ တောက်ပနေသည်။

“ဆယ့်နှစ်ချက်၊ ဆယ့်နှစ်လှမ်း”

ခေါင်းလောင်းသံသည် မရေတွက်နိုင်သည့် လူများ၏ နှလုံးသားကို ခုန်ပေါက်သွားစေသည်။ ရှင်းခိုင်သည် ဆယ့်နှစ်လှမ်းမြောက်ကို လှမ်းနိုင်ခဲ့ပြီး အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့၏။

သူတို့သည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း အထက် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ စူးရှသော ရောင်စဉ်တန်းများ ပေါက်ကွဲ ထွက်လာသည်နှင့် အတူပင် ဆယ့်သုံးခုမြောက် ခေါင်းလောင်းကြီး ပေါ်ပေါက်လာသည်။

ရှင်းခိုင်သည် ဆယ့်နှစ်လှမ်းမြောက်ကို လှမ်းနိုင်သည့် ပထမဆုံးသူ ဖြစ်သည်။

နတ်တောင် ထိပ်တွင် တစ်စုံတစ်ယောက်က မေးသည်။ “အရင်တုန်းက မက်မွန်ပွဲတော်မှာ အစွမ်းထက် တန်ခိုးရှင်တွေက ဘယ်နှလှမ်းအထိ လှမ်းနိုင်ခဲ့လဲ”

“ဆယ့်သုံး”

“ဆယ့်သုံးလှမ်း။ အရင် လူတွေရဲ့ စံချိန်ကို ချိုးဖို့ဆိုရင် ရှင်းခိုင်က နောက်တစ်လှမ်း ထပ်လှမ်းဖို့ လိုနေသေးတယ်”

ယခင် တိုက်ပွဲ၌ ရီဖူရှင်းကို သူ ရှုံးနိမ့်ခဲ့သော်လည်း ရှင်းခိုင်သည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် သူ၏ ပြိုင်ဘက်ကင်းမှုကို သက်သေပြနိုင်ဆဲ ဖြစ်သည်။

“ဟိုမှာ ... တစ်ယောက်ယောက် ဆက်လှမ်းနေပြီ” ထိုအခိုက်အတန့်တွင် ရှေးဟောင်းလမ်းမှ အခြားလူများသည်လည်း လှုပ်ရှားလိုက်ကြသည်။ သို့သော်လည်း မကြာခင်တွင် ရှေးဟောင်းလမ်းနှစ်ခုက ပြင်းထန်စွာ ပေါက်ကွဲကာ ပျက်စီးသွားလေသည်။

ထို့နောက်တွင် လူအချို့ နတ်ဘုရားသိုင်းပညာ လျှောက်လမ်း အဝင်တွင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

သူတို့သည် သွေးနဂါးမြို့၏ အလွန်ထူးချွန်သည့် တန်ခိုးရှင်များ ဖြစ်သော လော့ယန်နှင့် ကျန်းထိုက်အယ်တို့ ဖြစ်သည်။

သူတို့သည် ကစားပွဲမှ တစ်ပြိုင်နက်တည်း ဖယ်ရှားခံလိုက်ရလေသည်။

သူတို့ နှစ်ဦးလုံး ဆယ့်တစ်လှမ်း လှမ်းနိုင်ခဲ့သည်။

သို့သော်လည်း ဤသည်ကပင် ကြောက်မက်ဖွယ် ကောင်းအောင် လုံလောက်နေပြီ ဖြစ်၏။

“ဓားစွမ်းအားတွေကို ကြည့်ကြ”

ထိုအချိန်တွင် မရေတွက်နိုင်သည့် မျက်လုံးများမှာ ကြောက်မက်ဖွယ် ဓားစွမ်းအားများ ပို၍ အားကောင်းသထက် အားကောင်းလာသည့် နေရာသို့ ကြည့်လိုက်ကြသည်။ ဆယ့်နှစ်လက်သော ဓားများသည် စွမ်းအားများကို ဆက်လက် ဝါးမျိုနေပြီး တောက်ပသည့် ဓားအလင်းများ ထုတ်လွှတ်ပေးနေသည်။

နောက်ဆုံးတွင် လင်ထျန်းဓား စွမ်းအားများ အသစ် မွေးဖွားလာပြီး ဆယ့်သုံးခုမြောက် ဓားဆီသို့ ဆုံစည်းသွားသည်။

“ဖေမင် အောင်မြင်သွားပြီ”

ဖေမင်သည် ဆယ့်နှစ်လှမ်းမြောက်ကို လှမ်းနိုင်ခဲ့သည်။ သူ့ အကန့်အသတ်သို့ မရောက်ခင် သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းနိုင်ခဲ့လျှင် သူသည် နောက်ဆုံးအကြိမ်မှ စံချိန်ကို လိုက်မီပေလိမ့်မည်။

နောက်ဆုံးတစ်ခေါက် စာလုံးထောင်ချီ မှော်စာလိပ်အား နားလည် သဘောပေါက်မှု တိုက်ပွဲအတွင်း ဖေမင်သည် မတိုက်ခိုက်ဘဲ အရှုံးပေးခဲ့သည်။ သို့သော်လည်း ထိုမျှလောက်ဖြင့် ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ပါဝင်သော ဓားအင်ပါယာ နန်းတော်မှ ဤတန်ခိုးရှင်သည် အားနည်းသည်ဟု မဆိုလိုပေ။

ထိုအခိုက်တွင် လူတိုင်းသည် ဖေမင်၏ ဓားစွမ်းအားများ မည်မျှ အစွမ်းထက်သည်ကို တွေ့မြင်ကြရသည်။

နတ်ဘုရားသိုင်းပညာ လျှောက်လမ်း အတွင်း သူ ပြသခဲ့သည့် ဓားလမ်းစဉ်သည် ကြောက်မက်ဖွယ် ကောင်းလှသည်။

ရှင်းခိုင်နှင့် ဖေမင်တို့ တစ်ဆင့် တက်နိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ထပ် ရီဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက် ကျန်ရှိနေသေးပေသည်။

ထိုအချိန်တွင် ကြီးမားသည့် ပုဆိန်ကြီး၏ အလင်းသည် မိုးကုပ်စက်ဝိုင်းထိ ဖြတ်သန်းလင်းလက်ကာ အဆုံးမဲ့ တောက်ပမှုများကို ထုတ်လွှတ်နေသည်။ ကောင်းကင်နှင့် မြေကြီးက နှစ်ပိုင်း ဖြတ်ခံလိုက်ရသကဲ့သို့ ဖြစ်ကာ ပို၍ ကြီးအားသော စစ်နတ်ဘုရား၏ ပုဆိန်ကြီး ထွက်ပေါ်လာသည်။

ဆယ့်သုံးခုမြောက် ပုဆိန်က ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။

ယူချင်းသည် ဆယ့်နှစ်လှမ်းမြောက်ကို လှမ်းနိုင်ခဲ့သည်။

တတိယမြောက် တန်ခိုးရှင်သည်လည်း စံချိန်ကို ရောက်ရှိရန် တစ်လှမ်းသာ လိုတော့ပေသည်။

သူတို့အားလုံး ၁၂လှမ်းမြောက် ခြေလှမ်းအား လှမ်းခဲ့ကြသည်။ မကြာသေးခင်က ရီဖူရှင်း၏ စွမ်းဆောင်ချက်က အထူးချွန် အပြောင်မြောက်ဆုံး ဖြစ်သည်။ သူက ဤတစ်ကြိမ်၌ ကျရှုံးတော့မည်လား။

ရီဖူရှင်းသာ ကျရှုံးခဲ့လျှင် လူအများ၏ လှောင်ပြောင်မှုများနှင့် ရင်ဆိုင်ရပေမည်။

ချီရှန်းသည် ရှေ့သို့ စူးစိုက်ကြည့်နေသည်။ သူက အနည်းငယ် မွန်းကျပ်စရာ ကောင်းသည်ဟု ခံစားနေရသည်။ ရီဖူရှင်း အောင်မြင်သွားလျှင် ဤအကြိမ်၌ တန်ခိုးရှင် လေးယောက် ဆယ့်နှစ်လှမ်းမြောက်ကို လှမ်းနိုင်ခဲ့လိမ့်မည် ဖြစ်သည်။

ယခင်အကြိမ် မက်မွန်ပွဲတော်၌ နှစ်ယောက်သာလျှင် ထိုသို့ လုပ်နိုင်စွမ်း ရှိခဲ့သည်။

ဆယ့်သုံးလှမ်းမြောက် ကိုတော့ တစ်ယောက်သာလျှင် လှမ်းနိုင်ခဲ့သည်။

ယခု လူတိုင်းသည် ရီဖူရှင်းကို ကြည့်နေကြသည်။ သူက သူတို့ကို စိတ်မပျက် စေသင့်ပေ။ သူ၏ ယခင် စွမ်းဆောင်ချက်များက ထူးချွန်ပြီး သူ၏ ပါရမီ အရည်အချင်းက ထူးကဲလှသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

သို့ဆိုလျှင်ပင် ရီဖူရှင်းသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းကိုသာ ရင်ဆိုင်ရမည် မဟုတ်ဘဲ သူနှင့်အတူ ရောက်လာခဲ့သည့် တန်ခိုးရှင် သုံးယောက်ကိုပါ ရင်ဆိုင်ရမည် ဖြစ်၍ ခက်ခဲသော အချိန် ဖြစ်လိမ့်မည်ကို ချီရှန်း သိရှိပေသည်။

***

All Chapters