← Chapters

ငါးဖမ်းကုန်သည်အဖွဲ့ဦးစီးမှူး ဝူကျုံး

Vol. 3 Ch. 29

ငါးဖမ်းကုန်သည်အဖွဲ့ဦးစီးမှူး ဝူကျုံး

Vol. 3 Ch. 29

လူတစ်ယောက် အလုပ်များနေလျှင် အချိန်သည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်ဟု ခံစားရ၏။

ချန်ကျဲ့ ဆေးကျမ်းကို အကြိမ်နှစ်ဆယ် ကူးရေးပြီးချိန်တွင် ညနေစောင်းလုပြီဖြစ်ကာ နေဝင်စပြုနေပြီဖြစ်သည်။

ပိုင်မိသားစုနေအိမ်၏ မီးခိုးခေါင်းတိုင်မှ မီးခိုးများ တလိပ်လိပ်ထွက်နေသည်။ ဝူကျုံးသည်လည်း ပစ္စည်းအချို့အား လက်အပြည့်သယ်ဆောင်လာ၍ ငါးဖမ်းကုန်သည်အဖွဲ့မှ ပြန်ရောက်လာခဲ့လေပြီ။

ဝူကျုံး သယ်လာသော ပစ္စည်းများမှာ မြို့၏နာမည်အကြီးဆုံး ဝိုင်ဖြူဖြစ်သော လျန်ဟွားပိုင်နှင့် ကြက်ကင်၊ ဝက်ခြေထောက်ဟင်းတစ်ထုပ်နှင့် မြေပဲကြော်နှစ်ထုပ်တို့ ဖြစ်ကြသည်။

ဤခေတ်ကာလတွင် ထိုအရာများသည် သေရည်နှင့် တွဲ‌ဖက်‌စားသောက်ရန် အကောင်းဆုံးသော စားသောက်ဖွယ်ရာများဟု သတ်မှတ်နိုင်ပေသည်။ သို့ဖြစ်ရာ အများ‌စုသော သာမန်မိသားစုများမှာ နှစ်သစ်ကူးရက်‌တွင်ပင် ထိုသို့စားကောင်းသောက်ဖွယ်များကို မစားသောက်နိုင်ကြချေ။

ငါးဖမ်းကုန်သည်အဖွဲ့ကို ဦးစီးရသည့် ဝူကျုံးအတွက်မူ ထိုအရာများသည် သေရည်သောက်သုံးစဉ် တွဲဖက်စားလေ့ရှိသည့် အရန်ဟင်းပွဲလေးမျှသာ ဖြစ်ပေသည်။

“အဖေ”

သမားတော်ပိုင်သည် ချန်ကျဲ့ ပြန်အပ်လာသည့် ကူးရေးထားသောဆေးကျမ်းများကို ပြန်လည်ဆန်းစစ်‌နေသည်။ သမားတော်ပိုင်သည် အလွန်စိတ်ကျေနပ်နေ၏။ ချန်ကျဲ့၏လက်ရေးသည် သေသပ်သည်။ စာလုံးများသည် မလှပသော်ငြား စိတ်အားထက်သန်မှုကို သိသာထင်ရှားစွာ မြင်နိုင်သည်။ စုတ်ချက်တစ်ချက်စီတိုင်းကို ဂရုတစိုက် ဆွဲသားထားသည်မှာ စုတ်ချက်များ တိုသွားခြင်း၊ ထောင့်စွန်းများ ပြတ်ကျန်ခဲ့ခြင်းတို့ မရှိပေ။

ဝူကျုံးသည် သမားတော်ပိုင်ကို လာရောက်နှုတ်ဆက်သည်။ သမားတော်ပိုင်မှ ဝူကျုံးကို မော့ကြည့်၍ ပြောသည်။

“ပြန်ရောက်ပြီပဲ”

“ဟုတ်ကဲ့”

ဝူကျုံးသည် သမားတော်ပိုင်အပေါ် အလွန်ရိုသေလေးစားမှုရှိသည်။ အတိတ်ကာလများ၌ ဝူကျုံးသည် သမားတော်ပိုင်၏လက်အောက်ရှိ အလုပ်သင်တစ်ဦးသာ ဖြစ်ခဲ့သည်။ သမားတော်ပိုင်၏ မျက်နှာသာပေးခဲ့ခြင်း၊ သမီးဖြစ်သူနှင့် လက်ထပ်ထိမ်းမြားခွင့်ပြုခဲ့ခြင်း၊ သူ့အား ငါးဖမ်းကုန်သည်အဖွဲ့တွင် ရာထူးတိုးနိုင်စေရန် အဆက်အသွယ်များကို အသုံးပြုပေးခြင်း စသည့် သမားတော်ပိုင်၏ ကူညီထောက်ပံ့မှုများ မရှိခဲ့လျှင် ဝူကျုံးမှာ အဘယ်သို့များ ယခုကဲ့သို့ ဂုဏ်သိက္ခာရှိသော ရာထူးကို ရရှိနေနိုင်ပါအံ့နည်း။

ဝူကျုံး၏ လက်ရှိအောင်မြင်မှုများသည် ယောက္ခထီးဖြစ်သူ၏ ကူညီထောက်ပံ့မှုနှင့် လမ်းညွှန်မှုများကြောင့်သာ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ထို့ပြင် သမားတော်ပိုင်သည် ဝူကျုံးအပေါ် ကြင်နာမှုထားရှိရုံမျှမက လေးစားမှုလည်း ရှိသည်။ ထိုသို့သဘောထား၏ သိသာထင်ရှားသော သင်္ကေတမှာ ဝူဟုန်ဖြစ်၏။

ပုံမှန်ထုံးနည်းအရ ဝူကျုံးသည် သမားတော်ပိုင်၏ မိသားစုထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ တရားနည်းလမ်းကျဆိုရသော် ဝူကျုံး၏သားသမီးသည် ပိုင်မျိုးရိုးအမည်ကို ဆက်ခံရမည်ဖြစ်၏။ သို့သော် သမားတော်ပိုင်သည် ထိုသို့ပြုလုပ်ရန် လက်မခံခဲ့ဘဲ ဝူကျုံး၏သားဖြစ်သူအား ဝူဟုန်ဟု အမည်ပေးခဲ့သည်။

ဝူကျုံးအတွက်မူ ၎င်းသည် အလွန်တရာကြီးမားသည့် မျက်နှာသာပေးမှုဖြစ်ပြီး သူ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရုံမျှမက ကြွယ်ဝချမ်းသာမှုကိုလည်း ရရှိစေခဲ့သည်။ သို့ဖြစ်ရာ ဝူကျုံးမှာ အဘယ်သို့များ ကျေးဇူးမတင်ဘဲ နေနိုင်ပါအံ့နည်း။

ချန်ကျဲ့သည်လည်း ထိုသို့အလားတူပင်ဖြစ်သည်။ ချန်ကျဲ့၏အဖေသည် ဇနီးဖြစ်သူ၏ ချန်မိသားစုသို့ လက်ထပ်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ချန်ကျဲ့၏မိခင်ဘက်မှ အဖိုးဖြစ်သူသည် ချန်ကျဲ့၏မျိုးရိုးအမည်ကို ချန်မျိုးရိုးအဖြစ် အတင်းအကျပ် ဆက်ခံစေခဲ့ပြီး ချန်မိသားစု၏ မျိုးဆက်စာရင်းတွင် မှတ်တမ်းတင်ခဲ့ကာ ချန်ကျဲ့အား ချန်မျိုးရိုးမိသားစုဝင်တစ်ဦးအဖြစ် ဆက်ဆံခဲ့သည်။

ပုံမှန်အားဖြင့် ချန်ကျဲ့သည် ဖခင်ဖြစ်သူ၏ မျိုးရိုးအမည်ကိုဆက်ခံပြီး ဦးလေးအာ့ပါးကဲ့သို့ ချန်မိသားစုဟောင်းများသည် သာမန်ဦးလေးအဖြစ်သာ ရှိနေရမည်ဖြစ်သည်။

သို့သော် အဖိုးဖြစ်သူ၏ ဩဇလွှမ်းမိုးမှုသည် အရာအားလုံးကို ပြောင်းလဲသွားစေခဲ့သည်။ ချန်ကျဲ့၏ ဖခင်အား အပိုပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ကာ ချန်ကျဲ့ကိုယ်တိုင်သည်တော့ ချန်မိသားစုဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ချန်ကျိုစစ်၏ဖခင်သည် မိမိကိုယ်ကိုယ် ပျက်စီးစေခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်ပါတော့ချေ။ ချန်ကျဲ့၏ဖခင်မှာ မျိုးရိုးဆက်ခံသူ မရှိတော့ခြင်းအပြင် ဂုဏ်သိက္ခာကို ချိုးနှိမ်ခံရသောခံစားချက်ကိုလည်း ခံစားရနိုင်လေရာ ‘ကွဲအက်နေသော အိုး'ကဲ့သို့ စိတ်အခြေအနေမျိုးလည်း ဖြစ်ပေါ်ခဲ့လောက်သည်- ‘ပြုပြင်မရနိုင်သည့်အရာကို ဘာကြောင့်များ ဒုက္ခခံ၍ ပြုပြင်နေတော့မည်နည်း’ဟူ၍ ဖြစ်နိုင်ခဲ့ပေသည်။

ချန်ကျဲ့၏ဖခင်နှင့် ဝူဟုန်၏ဖခင် နှစ်ဦးလုံးသည် ဇနီးဖြစ်သူ၏ မိသားစုထဲသို့ လက်ထပ်ဝင်ခဲ့သူများ ဖြစ်ကြသည်။ သို့သော် သူတို့နှစ်ဦး၏ကံကြမ္မာတို့မှာမူ အလွန်ကွဲပြားကြလေရာ မတူညီကွဲပြားသည့် လူအမျိုးမျိုးအတွက် ဘဝသည် အဘယ်သို့ မတူကွဲပြားနိုင်ခြင်းအား ဆင်ခြင်မိစေပေသည်။

“အမ်း အရမ်းကောင်းတယ်”

ချန်ကျဲ့၏ ကူးရေးထားသည့်ဆေးကျမ်းများကို ဆန်းစစ်ကြည့်ပြီးနောက် သမားတော်ပိုင်သည် ခေါင်းမော့လာပြီး ကူးရေးထားသည့် ဆေးကျမ်းစာရွက်ကို ချန်ကျဲ့ကို ပြန်ပေးသည်။ ထို့နောက် ဝူကျုံးဘက်သို့လှည့်၍ ပြောသည်။

“ကျိုစစ် ငါမင်းကို မိတ်ဆက်ပေးမယ်။ ဒါက ဝူကျုံး၊ ဟုန်အာရဲ့ အဖေပဲ”

“ကျုံးအာ ဒါက ချန်ကျိုစစ် ငါရဲ့ အလုပ်သင်အသစ်”

ထိုအခါ ဝူကျုံးသည် တောက်ပစွာ ပြုံးပြလာသည်။

“ဟားဟားဟား… ကျိုစစ်၊ ငါမင်းအကြောင်း ကြားပြီးပါပြီ။ မနေ့က အဖေ့ကို ကယ်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ငါတို့မိသားစုတော့ ဆက်ပြီးရပ်တည်နိုင်မှာ မဟုတ်ဘူး။ ကဲ ငါစကားတွေအများကြီး ထပ်ပြောမနေတော့ဘူး၊ တိုက်တိုက်ဆိုင်ဆိုင် ငါဒီနေ့ လျန်ဟွားပိုင်တစ်အိုး ဝယ်လာခဲ့တာ၊ ငါတို့ ကောင်းကောင်းသောက်ကြရအောင် ဟားဟား…”

ဝူကျုံးသည် ကြမ်းကြမ်းတမ်းတမ်းနှင့် အသံကျယ်သော လူတစ်ယောက်ဖြစ်သည်။ အရပ်သည် ၁၈၀စင်တီမီတာခန့်ရှိနိုင်ပြီး ကြံ့ခိုင်သည့်‌ ကျောပြင်နှင့် ရင်အုံကျယ်ကြီးများ ရှိသည်။ အသားအရောင်သည် အနည်းငယ် ညိုမဲကာ ရိုးသားပွင့်လင်းပြီး ရိုးရှင်းသည့် အသွင်အပြင်ရှိသည်။ အသက်အရွယ်၄၀ဝန်းကျင်တွင် အနည်းငယ် ဗိုက်ထွက်နေသင့်သော်ငြား ဝူကျုံးသည်တော့ အင်အားကြီးမားသည့် သိုင်းသမားတစ်ယောက်၏ အသွင်အပြင်ကို ထိန်းသိမ်းထားဆဲဖြစ်သည်။

ထိုအခါ ချန်ကျဲ့ ချက်ချင်းပြောလိုက်သည်။

“ဦးလေးဝူ အရမ်းကြင်နာလွန်းနေပါပြီ။ ကျွန်တော် ဒီတံခါးကနေ လျှောက်ဝင်လာပြီးကတည်းက မိသားစုတစ်ခုလုံးက ကျွန်တော့်ကို တစ်ကြိမ်ကျေးဇူးတင်ပြီးပါပြီ။ ကျွန်တော်လုပ်ခဲ့တာက တကယ်ကို ဘာမှကြီးကြီးမားမား မဟုတ်ရပါဘူး။ လက်တစ်ဖက် ကမ်းပေးရုံလောက်ပါပဲ။ အဲဒီအခြေအနေမှာ ကျွန်တော်မဟုတ်လည်း တခြားဘယ်သူပဲဖြစ်ဖြစ် ဒီလိုပဲကူညီလိမ့်မယ်ဆိုတာ သေချာပါတယ်။ ကျေးဇူးတရားတစ်ခုအဖြစ် ထည့်‌တွက်သင့်လောက်တဲ့အထိ မဟုတ်ရပါဘူး။ ဦးလေးတို့ ဒီလိုသာဆက်ပြောနေကြရင် ကျွန်တော် တကယ်ရှက်မိတော့မှာပဲဗျာ”

ဝူကျုံးသည် ချန်ကျဲ့၏စကားကို နားထောင်ပြီးနောက် အံ့အားသင့်‌နေသော အရိပ်အ‌ယောင် ထင်ဟပ်သွားလျက် သမားတော်ပိုင်ကို လှမ်းကြည့်လိုက်သည်။

ဒီလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် နာမည်မယူတာက လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။

ယနေ့ခေတ်တွင် လူငယ်အများစုသည် အနည်းငယ်ချီးမွမ်းခံရရုံမျှနှင့် မာနတက်လာတတ်ကြသည်။ သို့သော် ချန်ကျဲ့သည်တော့ သူ၏အသက်အရွယ်နှင့် မလိုက်ဖက်သည့် ရင့်ကျက်မှုကို ပြသခဲ့၏။

စကားပြောကြည့်တာတော့ ချန်ကျိုစစ်က ပေါင်းသင်းဆက်ဆံရတာ သက်သောင့်သက်သာရှိစေတဲ့သူပဲ။

ဝူကျုံး၏ ချန်ကျဲ့အပေါ် ပထမဆုံးအမြင်မှာ အတော်လေး အားရဖွယ်ဖြစ်၏။ သူတို့နှစ်ဦးသည် အနည်းငယ် စကားထပ်ပြောခဲ့ကြသည်။ ချန်ကျဲ့သည် အတိုင်းအဆရှိ၍ ယဉ်ကျေးသိမ်မွေ့စွာ၊ ယုံကြည်မှုရှိစွာဖြင့် စကားပြောဆိုသည်။ ထိုအခါ ဝူကျုံးမှာ မတတ်သာစွာ ခေါင်းညိတ်အသိအမှတ်ပြုမိ‌ရပေသည်။ ပေါ့ပြက်ပြက်ဟန်မရှိသော ဤလူငယ်လေးကို ဝူကျုံးသည် ပို၍သဘောကျလာခဲ့သည်။

လူအိုကြီးရဲ့ လူရွေးချယ်တဲ့မျက်လုံးကတော့ အခုထိ မှန်ကန်နေတုန်းပဲ။

“ညစာအဆင်သင့်ဖြစ်ပြီ!”

အားလုံး စကားဝိုင်းဖွဲ့နေကြစဉ် သခင်မပိုင်မှ ညစာအဆင်သင့်ဖြစ်ကြောင်း အော်ပြောလာသည်။ ထိုအခါ ဝူဟုန်သည် ရေးလက်စ စုတ်တံကို ပစ်ချ၍ အိမ်ထဲသို့ပြေးဝင်သွားတော့သည်။

“အမေ ကျွန်တော် အစားအသောက်တွေ ကူနေရာချပေးမယ်”

“အာ… ဝူဟုန်၊ သား သွေးကြောမှတ်ကျမ်း ကူးရေးတာ ပြီးသွားပြီလား”

မီးဖိုချောင်ထဲမှ ဝူဟုန်၏အသံ ထွက်ပေါ်လာသောအခါ သမားတော်ပိုင် မျက်မှောင်ကြုတ်လိုက်သည်။

“အာ ပြီးခါနီးပါပြီ။ ကျန်တာကို စားပြီးမှ ဆက်ကူးရေးမယ်လေ”

ထိုစကားကိုကြားသောအခါ သမားတော်ပိုင်၏မျက်နှာသည် အလွန်တည်ကြည်လေးနက်သွားပြီး ပြောလာသည်။

“ကျုံးအာ!”

ဝူကျုံးမှ ပြန်ပြောသည်။

“ဟုတ်ကဲ့ အဖေ၊ ကျွန်တော် နားလည်ပြီ!”

ထိုသို့ပြော၍ ဝူကျုံးသည် အိမ်ထဲသို့ဝင်သွားခဲ့ပြီး ဝူဟုန်ကို အိမ်ထဲမှ ချက်ချင်း ပြန်ဆွဲထုတ်လာသည်။

“မြန်မြန် ကူးရေးစမ်း။ အကုန်ရေးပြီးမှ ညစာစားခွင့်ပြုမယ်။ အဲဒါ မင်းအဖိုးရဲ့ အမိန့်ပဲ”

ဝူးကျုံးသည် ဝူဟုန်ကို ထိုင်ခုံပေါ်သို့ ဖိချလိုက်သည်။ ဝူဟုန်သည် သခင်မပိုင်ရှိရာ မီးဖိုချောင်သို့ ခါးသီးစွာ ကြည့်နေသည်။ သခင်မပိုင်မှ ခေါင်းပြူထွက်လာပြီး ပြော၏။

“အဲဒါ မင်းအဖိုးရဲ့အမိန့်ပဲ။ အခုမင်းကို ဘယ်သူမှ မကယ်ပေးနိုင်ဘူး၊ မြန်မြန်ကူးရေးတော့”

ထိုသို့ပြောပြီးနောက် သခင်မပိုင်သည် ချန်ကျဲ့ကိုကြည့်လာပြီး ဆက်ပြောသည်။

“လာ ကျိုစစ်၊ ညစာအဆင်သင့်ဖြစ်ပြီ”

ဝူကျုံးလည်း ချန်ကျဲ့အနီးသို့ ပြန်လျှောက်လာပြီး ပြောသည်။

“လာ ကျိုစစ်၊ ငါနဲ့တစ်ခွက်လောက် အတူသောက်ရအောင်”

“ကျွန်တော် မသောက်တာ ပိုကောင်းမယ်ထင်တယ်”

ချန်ကျဲ့ ငြင်းဆန်သော်ငြား သမားတော်ပိုင်မှ ပြောသည်။

“စားပါလို့ ‌ဖိတ်ခေါ်နေရင် စားမှပေါ့။ အတူစားဖို့ဖိတ်တာကို ဘယ်အလုပ်သင်က မစားဘဲငြင်းတယ်လို့ မင်းကြားဖူးသလဲ”

ဤခေတ်တွင် အလုပ်သင်များ လိုက်နာရသည့် စည်းမျဉ်းများရှိ၏; အလုပ်သင်ကာလ သုံးနှစ်နှင့် အမှုထမ်းကာလ နှစ်နှစ်ထားရှိခြင်းသည် ထုံးစံဖြစ်သည်။ အလုပ်သင်များကို နေထိုင်စားသောက်ရန် ထောက်ပံ့ပေးသော်ငြား လစာ မပေးပေ။ အလုပ်သင်ကာလပြီးဆုံးပြီးနောက် မိမိ၏အတတ်ပညာကို အသုံးချ၍ ငွေရှာနိုင်လျှင် ဆရာဖြစ်သူ၏သင်ကြားမှုသည် အလဟသမဖြစ်ခဲ့ကြောင်း အသိအမှတ်ပြု၍ ဆရာဖြစ်သူအား ကျေးဇူးတင်ကြောင်း ပြသရန် မျှော်လင့်ကြသည်။

သမားတော်ပိုင်မှ ထပ်ပြောသည်။

“ကျိုစစ် ဒီမှာ ငါ့ကိုကူညီပေးပါဦး”

ချန်ကျဲ့ သမားတော်ပိုင်အား ထမင်းစားပွဲသို့ ချက်ချင်းကူညီပို့ပေးခဲ့သည်။ သမားတော်ပိုင်မှ သခင်မပိုင်အား ပြော၏။

“ပြီးရင် ဒီပေါက်စီတချို့ကို ကျိုစစ်အတွက် ဖယ်ထားပေးလိုက်။ သူ့အိမ်မှာ မိသားစုနှစ်ယောက်ရှိသေးတယ်။ ကောင်လေးက ဒီမှာ ငွေမရှာဘဲ ပညာလာသင်နေတာ၊ သူ့အိမ်မှာ သူ့ဇနီးက ဘယ်လိုအသက်ရှင်မလဲ!”

“ဟုတ်ကဲ့ အဖေ၊ ကျွန်မ ထုပ်ထားပြီးနေပြီ”

သမားတော်ပိုင်မှ ခေါင်းညိတ်သည်။ ချန်ကျဲ့ ချက်ချင်း ပြော၏။

“ဆရာ ဒါက…”

သမားတော်ပိုင်မှ လက်ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“မင်းက ငါ့တပည့်ဆိုမှတော့ ငါမင်းကို ဂရုစိုက်ပေးရမှာပေါ့။ ဝူကျုံးကို မေးကြည့်လိုက်၊ သူအရင် ငါ့ဆီမှာ တပည့်လုပ်တုန်းကဆို အစားအသောက်တင်မကဘူး၊ တခြားပစ္စည်းတွေပါ အိမ်ပေးလိုက်သေးတယ် ဟုတ်တယ်မလား”

ဝူကျုံးမှ ရယ်မောလျက်

“ဟားဟား… လူအိုကြီးပြောတာမှန်တယ် ကျိုစစ်ရ။ ငါဒီမှာ အလုပ်သင်လုပ်တုန်းကဆို ငါအိမ်ကို အစားအသောက်တွေပဲ ယူသွားတာမဟုတ်ဘူး။ မိန်းကလေးတစ်ယောက်ကိုတောင် ဆွဲဆောင်နိုင်ခဲ့သေးတယ်လေ။ အဲဒါကြောင့် မင်း လူကြီးတွေဆီကနေ သင်ယူလိုက်၊ မင်းအတွက် အရှုံးမရှိစေရဘူး”

“ဟေး ရှင်ဘာလို့ အဲဒီအကြောင်းကို ‌ပြန်ပြောနေရတာလဲ”

ဟင်းပွဲများကို နေရာချပေးနေသည့် သခင်မပိုင်သည် ဘယ်သောအခါမှ အတည်အတံ့မနေနိုင်သည့် ဝူကျုံးအား မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်သည်။ ဝူကျုံးမှ ရယ်မော၏။

“ဒီမှာ အပြင်လူမှ မရှိတာကွာ”

သက်ဝင်လှုပ်ရှားနေသည့် မိသားစုကိုကြည့်၍ ချန်ကျဲ့ နွေး‌ထွေးမှုတစ်စကို ခံစားလိုက်ရသည်။ ချန်ကျဲ့၏မျက်လုံးများသည် သမားတော်ပိုင်ကို အလိုအလျောက်ကြည့်နေမိ၏။

ချန်ကျဲ့၏ စိတ်မသက်မသာဖြစ်နေဟန်ကို မြင်သောအခါ သမားတော်ပိုင်သည် ရယ်မော၍ပြောလာသည်။

“မင်းငါ့ကို ဘာလို့ အဲဒီလိုကြီး စိုက်ကြည့်နေတာလဲ။ ငါ့မှာ မင်းနဲ့လက်ထပ်ပေးဖို့ သမီးရော မြေးမရော မရှိဘူးနော်”

ထိုအခါ အားလုံးမှာ မထိန်းချုပ်နိုင်စွာ ရယ်မောမိကြလေသည်။

“ကဲ ကဲ အားလုံးထိုင်ကြတော့၊ ညစာစားကြရအောင်”

သခင်မပိုင်သည် အားလုံးကို ညစာစားရန် လှမ်းခေါ်သည်။ ဝူကျုံးသည် သမားတော်ပိုင်၏ဘေးတွင် ထိုင်သည်။ ချန်ကျဲ့သည် ဝူကျုံးဘေးတွင်ထိုင်၍ သခင်မပိုင်သည် ဝူကျုံးတို့နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်သည်။ သွေးကြောမှတ်ကျမ်းကို ကူးရေးပြီးသွားသည့် ဝူဟုန်သည်လည်း လက်မှိုင်ချလျက် ဝင်ထိုင်၏။

သို့ဖြင့် ညစာစားခြင်း စတင်ခဲ့သည်။

All Chapters