ဒီလောကမှာ လူကောင်းဆိုတာ မရှိဘူး
Vol. 3 Ch. 30
ပိုင်မိသားစု၏ ညစာသည် ချန်မိသားစုနှင့် နှိုင်းယှဉ်လျှင် လုံးဝအဆင့်အတန်းကွာခြား၏။
ဟင်းပွဲများမှာ ဝက်ဗိုက်သားနှင့်ဂေါ်ဖီချက်၊ မြစ်ပုစွန်ကြော်၊ ငါးကြင်းနှပ်၊ အသားလုံးကြော်နှင့် ရာသီပေါ်အသီးအရွက်ကြော်များ ဖြစ်ကြသည်။
ထို့နောက် သေရည်နှင့်မြည်းရန် ဟင်းပွဲများမှာ ကြက်ကင်၊ ဝက်ခြေဆစ်နှင့် မြေပဲကြော်တို့ဖြစ်ကြသည်။
သေရည်သည် မြို့၏နာမည်အကြီးဆုံး ဝိုင်ဖြူဖြစ်သည်။ တစ်ခွက်လျှင် ပြားနှစ်ဆယ်ခန့်ကုန်ကျလေရာ အတော်လေး ဈေးကြီးသည်ဟု ဆိုနိုင်ပေသည်။
၎င်းတို့နှင့် နှိုင်းယှဉ်လိုက်သောအခါ ချန်မိသားစု၏ ထမင်းနှင့်ဝက်အဆီဖတ်လေးများ ရောချက်ထားသည့် ညစာမှာ အဘယ်သို့မျှ နှိုင်းယှဉ်မရပေ။
ရိုးရှင်းသည့်ဟင်းပွဲတစ်မျိုးပင်လျှင် ချန်မိသားစုမှာ ပုံမှန်စားသောက်ရန် မတတ်နိုင်ပေ။
သခင်မပိုင်သည် ချန်ကျဲ့ကို ပေါက်စီအကြီးတစ်လုံး ပေးလိုက်သည်။ ပိုင်မိသားစု၏ပေါက်စီများသည် ဂျုံနှင့်ပြောင်းကို နှစ်ဆ၊တစ်ဆအချိုးဖြင့် ရောစပ်ပြုလုပ်ထားခြင်းဖြစ်သည်။ သို့သော် ပေါက်စီ၏ ဖြူဖွေးနေသည့် အရောင်အဆင်းအရ ဂျုံမှုန့်များများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပေလိမ့်မည်။
ဂျုံမှုန့်၏ဈေးနှုန်းသည် ပြောင်းမှုန့်၏ဈေးနှုန်းထက် သုံးဆပိုများ၏။
ထို့ကြောင့် ဂျုံမှုန့်စားရန် တတ်နိုင်သည့် မိသားစုမှာ ချမ်းသာသည်ဟု သတ်မှတ်နိုင်ပေသည်။ ဂျုံမှုန့်နှင့် ဆန်ဖြူတို့သည် လူတိုင်းစားသောက်ရန် မတတ်နိုင်သည့် ကောက်ပဲသီးနှံများဖြစ်ကြ၏။
ချန်ကျဲ့ ပေါက်စီကို လက်ခံယူလိုက်သည်။ ဝူကျုံးသည် ချန်ကျဲ့အတွက် အသားလုံးတစ်လုံး ထည့်ပေးသည်။
“ဒါလေး စားကြည့်၊ မင်းအဒေါ်ရဲ့ လက်ရာကွ”
ချန်ကျဲ့ ကျေးဇူးတင်လိုက်သည်။ ထိုစဉ် ဝူဟုန်သည် ကြက်ခြေထောက်တစ်ချောင်းကို ဆွဲဖဲ့၍ ချန်ကျဲ့အတွက် ထည့်ပေးလာ၏။
“ကျိုစစ် ဒါလည်းစား၊ ရှက်မနေနဲ့။ မင်းရဲ့ ဒီခန္ဓာကိုယ်သေးသေးလေးကို အားရှိအောင် လုပ်ဖို့လိုတယ်”
ချန်ကျဲ့ ခေါင်းညိတ်သဘောတူလိုက်သည်။
စားသောက်နေစဉ် သခင်မပိုင်သည် စကားဝိုင်း တိတ်ဆိတ်သွားသည်ဟု ခံစားမိပြီး ပြောလာသည်။
“ယောက်ျား၊ ရှင် အထက်မက်မွန်ရွာက အကြောင်းကို ကြားပြီးပြီလား”
စားသောက်နေသည့် ဝူကျုံးသည် စားနေစဉ် ရပ်တန့်သွားပြီး စိတ်မချမ်းသာသည့် မျက်နှာအမူအရာသို့ ပြောင်းလဲသွားသည်။
“ငါသိပါတယ်။ လောင်ယွီတို့မိသားစုက ရေတွင်းထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေပြီး ဒုက္ခရောက်ကုန်ကြတယ်လို့ကြားတယ်”
ထိုအခါ ဝူဟုန် မျက်မှောင်ကြုတ်လိုက်ပြီး မေးလာသည်။
“ဘာဖြစ်တာလဲ”
သခင်မပိုင်မှ ပြောသည်။
“မင်း ဝင်မပါတာ ကောင်းမယ်”
ဝူဟုန်မှ ပြန်ပြောသည်။
“မဖြစ်ဘူးလေ အမေရဲ့၊ ကျွန်တော်က စုံစမ်းရေးအရာရှိလေ။ လူသေတာကို ကျွန်တော် ဒီတိုင်းလျစ်လျူရှုထားလို့ မရနိုင်ဘူး”
ဝူဟုန်၏အခြေအနေကို မြင်သောအခါ ဝူကျုံးမှ အကြံပေးလာသည်။
“သား၊ မင်း ဒီကိစ္စနဲ့ ဝေးဝေးနေတာကောင်းမယ်။ အဲဒီကိစ္စက ရှုပ်ထွေးတယ်၊ မင်းအမေ ပြောတာနားထောင်”
“အဖေ၊ အဖေ ကျွန်တော့်အကြောင်းသိပါတယ်။ အဖေ ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း ပြောမပြလည်း ကျွန်တော် ကိုယ့်ဘာသာ စုံစမ်းမှာပဲ”
ဝူကျုံးသည် သခင်မပိုင်အား မင်းရှာလိုက်တဲ့ပြဿနာကို ကြည့်ပါဦးဟူသည့် အကြည့်ဖြင့် မျက်ေစာင်းထိုးကြည့်လိုက်သည်။ သို့သော် သခင်မပိုင်မှ ပြောလာ၏။
“ကျွန်မက စကားဝိုင်းကို သက်ဝင်လှုပ်ရှားသွားအောင် လုပ်ချင်ရုံပါ”
သမားတော်ပိုင်မှ ကြားဝင်ပြောလာသည်။
“ပြောလိုက်ပါတော့။ သူလည်း ကလေးမဟုတ်တော့ဘူး။ သူသိသင့်တဲ့အကြောင်းအရာတွေ ရှိတယ်”
သခင်ကြီးမှ ထိုသို့ပြောလာသောအခါ ဝူကျုံးသည် ချန်ကျဲ့နှင့် ဝူဟုန်တို့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဖြစ်စဉ်အသေးစိတ်ကို ဖြည်းဖြည်းချင်း ပြန်ပြောပြသည်။
အဖြစ်အပျက်မှာ အထက်မက်မွန်ရွာမှ ဝမ်မိသားစု၏လူငယ်လေး လောင်းကစားစွဲခြင်းမှ စတင်ခဲ့သည်။ ထိုလူငယ်သည် ယွီရတနာစံအိမ်တွင် အရာအားလုံးဆုံးရှုံးသွားခဲ့ပြီး ယွီစန်းလျို့ထံမှ အတိုးမြင့်ချေးငွေကိုလည်း ချေးခဲ့သေးသည်။ သို့ဖြင့် လေတိုက်ရာအတိုင်း လုံးထွေးလိမ့်သွားတတ်သည့် ချုံပင်ကဲ့သို့ လူးလှိမ့်သွားခဲ့ပြီး အကြွေးပြန်မဆပ်နိုင်တော့ပေ။
ယွီစန်းလျို့သည် မနက်ခင်းအတန်းတက်ရန် အကြံပြုခဲ့ပြီး နောက်ဆုံးတွင်တော့ သနားချင့်စဖွယ် လူငယ်၏ဇနီးသည် အရှက်ရမှုကို ခံနိုင်ရည်မရှိဘဲ ရေတွင်းထဲသို့ခုန်ချ၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။
(မနက်ခင်းအတန်းတတ်တယ်ဆိုတာက အကြွေးမပေးနိုင်လို့ ကိုယ့်မိန်းမကို အကြွေးရှင်ဆီ ထိုးအပ်လိုက်ပြီး အကြွေးရှင် လုပ်ချင်တာလုပ်တာကို ခံရတာကို ပြောတာပါ)
ဒုန်း!
အဖြစ်အပျက်ကို နားထောင်ပြီးနောက် ဝူဟုန်သည် စားပွဲကို လက်သီးဖြင့်ထိုး၍ ဒေါသတကြီး ထရပ်လိုက်သည်။
“ဥပဒေမဲ့နေတဲ့ အရူးကောင်တွေ!”
ဝူဟုန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဝူကျုံးသည် ဘာမျှမပြောပေ။ ဘေးရှိ ချန်ကျဲ့ကိုသာ ကြည့်နေ၏။
သူ့သား၏ ဒေါသကို သူကောင်းကောင်းသိသည်။
သို့သော် ချန်ကျဲ့၏တုံ့ပြန်မှုသည် ဝူကျုံးကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။ ချန်ကျဲ့၏မျက်နှာထက်တွင် ဒေါသရိပ်အချို့ ဖြတ်ပြေးသွားခဲ့ပြီး အလွန်လျင်မြန်စွာ ပြန်တည်ငြိမ်သွားသည်ကို ဝူကျုံး မြင်လိုက်ရသည်။ သို့သော် ထိုတည်ငြိမ်မှုအောက်၌ မိုးထိအောင်သော အမျက်ဒေါသ ဖုံးကွယ်တည်ရှိနေသည်။ ချန်ကျဲ့သည် ယွီစန်းလျို့သည် စူးယွင်ကျင်းအား စိတ်ဝင်စားနေသည်ဟူသော စနစ်၏အချက်အလက်ကို တွေးမိနေ၏။
အဲဒီအမျိုးသမီး ချွေးအာက ရေတွင်းထဲခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပေမဲ့ အဲဒီနေရာမှာ စူးယွင်ကျင်းဆိုရင်ရော?
ငါဒီခေတ်ကို အချိန်မီရောက်လာခဲ့တာကြောင့်သာ မဟုတ်ခဲ့ရင် စူးယွင်ကျင်းရဲ့ကံကြမ္မာကရော အဲဒီချွေးအာနဲ့ အတူတူပဲ ဖြစ်သွားမှာလား။
အရှက်ရပြီးတော့ ရေတွင်းထဲခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားမှာလား!
ထို့ပြင် ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ယွီစန်းလျို့သည် စူးယွင်ကျင်းကို လက်မလျှော့သေးသည့်အချက်ဖြစ်သည်။ ယွီစန်းလျို့၏ လုပ်ထုံးလုပ်နည်းများအရ သေချာပေါက် ချန်ကျဲ့ကို လိုက်လျောရန် ဖိအားပေးလိမ့်မည်ဖြစ်၏။ ထို့နောက်တွင်…
မဖြစ်ဘူး၊ ချွေးအားလို ဝမ်းနည်းကြေကွဲဖို့ကောင်းတဲ့ အဆုံးသတ်မျိုး စူးယွင်ကျင်းကို ကြုံတွေ့စေလို့ မဖြစ်ဘူး။ လုံးဝ မဖြစ်ဘူး။
ချန်ကျဲ့သည် စားပွဲအောက်တွင် လက်သီးတင်းတင်းဆုပ်ထား၏။
“ထိုင်တော့”
ဝူဟုန်၏မျက်နှာသည် တင်းမာခက်ထန်နေ၏။ ဝူကျုံးမှ စကားပြောလာသောအခါ ဝူဟုန်မှ ပြောလာသည်။
“အဖေ သူတို့တွေ ဒီလောက်တောင် ဥပဒေမဲ့နေကြပြီလား”
ဝူကျုံးမှ ပြန်ပြောသည်။
“ဥပဒေမဲ့တာပေါ့၊ သူတို့ကို ဘယ်ဥပဒေကများ ထိန်းချုပ်နိုင်လို့လဲ”
ဝူဟုန်သည် အချိန်ခဏကြာ ပြောစရာစကားပျောက်ရှသွားရသည်။
“တစ်အချက်၊ လောင်းကစားရုံတွေကို ရုံးတော် ခွင့်ပြုပေးထားတာ၊ ဆိုတော့ ဥပဒေချိုးဖောက်နေတာ မဟုတ်ဘူး။ နှစ်အချက်၊ အတိုးမြင့်ချေးငွေဆိုတာက ပုဂ္ဂလိကချေးငွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ၊ အဲဒါကြောင့် အစိုးရက ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ သုံးအချက်၊ အကြွေးချေဖို့အတွက် ဇနီးသည်ကို ခေါ်သွားတာ၊ အဲဒါက နစ်နာသူကသာ သဘောတူရင် ဘယ်စည်းမျဉ်းဥပဒေကိုမှ ချိုးဖောက်ရာမကျဘူး။ နောက်ဆုံးအချက်၊ အမျိုးသမီးက သူ့ဆန္ဒနဲ့သူ ရေတွင်းထဲကို ခုန်ချသွားတာ၊ အဲဒါက ကိုယ့်ကိုယ်ကိုယ်သတ်သေမှုပဲ။ အဲဒီတော့ အဲဒါက ယွီမိသားစုသားအဖနဲ့ ဘယ်နားသက်ဆိုင်နေသေးလဲ”
ဝူကျုံးမှ ရှင်းပြသည်။
“ဒါပေမဲ့ လူတစ်ယောက် အသက်ဆုံးရှုံးသွားတယ်လေ!”
ဝူဟုန်မှ ငြင်းခုန်သည်။
“အဲဒီတော့ ဘာဖြစ်လဲ။ သူတို့နောက်မှာ ချောင်ကုန်သည်အဖွဲ့ရှိနေတယ်ဆိုတာကို မမေ့နဲ့ဦး။ အစိုးရရုံးတော်က စီရင်စု ရာဇဝတ်တရားသူကြီးတောင်မှ မကိုင်တွယ်ချင်ဘူး။ မင်းက ဘာလို့ဝင်ပါချင်နေရတာလဲ။ ရက်နည်းနည်းလောက် ငြိမ်နေပြီးရင် မြို့ကိုပြန်သွားတော့။ ဒီကိစ္စတွေကို မင်းဝင်ပါဖို့ မလိုဘူး”
“ချီးပဲ အဲဒီကုန်သည်အဖွဲ့တွေ! သူတို့အကုန်လုံး ဖျက်ဆီးခံရရသင့်တယ်!”
ဝူဟုန်မှ ဒေါသတကြီးပြောသည်။
ဝူကျုံးမှ မျက်မှောင်ကြုတ်လျက်
“အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့။ မင်းအဖေငါလည်း ငါးဖမ်းကုန်သည်အဖွဲ့ကပဲကွ။ မင်းက မင်းအဖေငါ့ကိုလည်း ဖျက်ဆီးပစ်သင့်တယ်လို့ ဆိုလိုချင်တာလား”
ထိုအခါ ဝူဟုန်သည် ဝူကျုံးကို ကြည့်လာ၍ ပြောသည်။
“အဖေ၊ အဖေက မတူဘူးလေ။ အဖေက မကောင်းတဲ့လုပ်ရပ်တွေမှ မလုပ်တာပဲ!”
“ဟက် မင်းအဖေငါက မျန့်ရွှေမြစ်ကို ထိန်းချုပ်ထားပြီး လူတွေကို ငါးဖမ်းခွင့်မပြုဘူး။ အဲဒီတော့ ငါ့ကို လူကောင်းလို့ သတ်မှတ်လို့ရပါ့မလား”
“အို သားရယ်၊ အခုခေတ်မှာ လူကောင်းဆိုတာ ဘယ်သူရှိနိုင်မှာလဲ။ ငါတို့ကုန်သည်အဖွဲ့က လူတွေက လူကောင်းတွေ မဟုတ်ဘူး။ ဒါပေမဲ့ အစိုးရရုံးတော်က လူတွေကရော လူကောင်းတွေလို့ မင်းထင်သလား”
“ဒါက…”
ဝူဟုန် တစ်ခုခု ပြန်ပြောချင်ခဲ့သည်။
သို့သော် သမားတော်ပိုင်မှ ဝူဟုန်ကို အကြည့်စူးစူးဖြင့် ကြည့်လိုက်ပြီး ပြောလာ၏။
“မင်းအဖေကို စကားဆုံးအောင် ပြောပါစေဦး”
ဝူဟုန် ခေါင်းငုံ့သွား၏။
ဝူကျုံးမှ ဆက်ပြောသည်။
“မင်းအဖိုး ပြောလာပြီဆိုတော့ ငါပွင့်ပွင့်လင်းလင်းပဲ ဆက်ပြောလိုက်မယ်။ မင်းဆရာက မင်းကို အတတ်ပညာသင်ပေးတယ်။ မင်းအဖေငါက မင်းကို ကျိုးကြောင်းဆီလျော်တတ်ဖို့ သင်ပေးတယ်။ ဒီနေ့ခေတ်မှာ လူကောင်းဆိုတာ မရှိဘူး။ အရာအားလုံးက အကျိုးစီးပွားအတွက်ချည်းပဲ။ မင်း အစိုးရရုံးထဲမှာ နှစ်နည်းနည်းလောက် နေပြီးပြီပဲ၊ အဲဒီမှာ ဘာတွေဖြစ်နေလဲ မင်းမမြင်ဘူးလား။ အထက်လူကြီးတွေက အခွန်ငွေတွေကို စားသောက်တယ်၊ အကြံပေးတွေက လာဘ်စားတယ်၊ အစိုးရအရာရှိတွေက နစ်နာသူတွေကို နိုင်စားတယ်၊ တရားပြိုင်ကို ခြိမ်းခြောက်ငွေညှစ်ပြီး တရားလိုကို အမြတ်ထုတ်တယ်”
“စီရင်စုထဲမှာ ဖြစ်ပျက်နေတဲ့ အဲဒီလောက်များပြားလွန်းတဲ့ ကိစ္စကြီးတွေမှာ စီရင်စု ရာဇဝတ်တရားသူကြီးလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေတာပဲ။ ရဲမက်တွေက ကုန်သည်တွေဆီက နေ့တိုင်း ငွေညှစ်တယ်၊ နယ်ပယ်အမျိုးမျိုးက အခွန်ဘဏ္ဍာရေးအရာရှိတွေက အကြောင်းပြချက်တွေ ဖန်တီးပြီး သူတို့အိတ်ထဲကို ဖြည့်ကြတယ်။ သူတို့က လူကောင်းတွေလား”
“သား၊ ငါပြောပြမယ်။ မင်းတို့အစိုးရရုံးမှာ လုပ်ကိုင်နေတဲ့အရာတွေက တကယ်တော့ ငါတို့ကုန်သည်အဖွဲ့ စီးပွားရေးလုပ်ကိုင်ပုံနဲ့ ဘာမှမကွာခြားဘူး။ နှစ်ခုလုံးက အထက်လူကြီးတွေအတွက် အရပ်သားတွေဆီကနေ ညှစ်ထုတ်နေကြတာပဲ။ မျန့်ရွှေစီရင်စုမှာ အဖွဲ့ကြီးနှစ်ခုရှိတယ်လို့ ပြောကြတယ်၊ ငါကတော့ သုံးခုရှိတယ်လို့ ပြောချင်တယ်။ ပြီးတော့ အကြီးဆုံးက မင်းတို့အစိုးရရုံးပဲ။ ဒီလောကမှာ လူကောင်းဆိုတာ မရှိဘူး”
ဝူကျုံးမှ အသေးစိတ်ရှင်းပြပြောသည်။ ဝူဟုန်သည် သိသိသာသာ တုန်လှုပ်သွား၏။ အမှန်အတိုင်းဆိုရသော် ဝူဟုန်သည် ထိုအကြောင်းအရာအချို့ကို သိထားပါ၏။ တစ်ကြိမ်တစ်ခါမျှ နက်နက်ရှိုင်းရှိုင်း တွေးတောမကြည့်ခဲ့ရုံသာ ဖြစ်သည်။ သူ့ကို ပြုံးရယ်လျက် နှုတ်ဆက်လေ့ရှိသော ထိုရဲမက်များသည် ကုန်သည်များနှင့် အရပ်သားများ၏အမြင်တွင် အရိုးပင်ထွေးမထုတ်ဘဲ အရာအားလုံးကို ဝါးမြိုစားသောက်သည့် မကောင်းဆိုးဝါးများ ဖြစ်နေခဲ့မည်ဟု ဝူဟုန် ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ပေ။
လူကောင်း၊ လူကောင်းဆိုတာ ဘာများလဲ?
ဝူကျုံးသည် တစ်ဦးတည်း သောက်နေ၏။ ချန်ကျဲ့ ဘာမျှဝင်မပြောသော်ငြား ဝူကျုံး၏စကားများသည် မှန်ကန်ကြောင်း သူသေချာသိသည်။
ဒီလိုခေတ်ပျက်ကြီးထဲမှာ လူကောင်းဆိုတာ ဘယ်မှာရှိမလဲ။ လူအချင်းချင်း ဝါးမြိုစားသောက်တဲ့ လူ့အဖွဲ့အစည်းပဲ ရှိလိမ့်မှာပေါ့။
အားနည်းတာက အပြစ်ဖြစ်ပြီး လူကောင်းနဲ့ လူဆိုးကြား ရှင်းလင်းသိသာစေတဲ့ မျဉ်းမရှိဘူး။
အင်အားအာဏာရှိသူများမှ ဥပဒေကို ထိန်းသိမ်းလျှင် အားနည်းသူများကို ကာကွယ်နိုင်သည်။ သို့သော် အင်အားအာဏာရှိသူများသည် ဥပဒေကို ကိရိယာတစ်ခုအဖြစ် အသုံးပြုလျှင် ၎င်းသည် အားနည်းသူများအတွက် အိပ်မက်ဆိုးကြီးဖြစ်လာပေလိမ့်မည်။
သမားတော်ပိုင်သည် မြေးဖြစ်သူမှာ ထိုအရာများကို လက်ခံရန်အတွက် ရုန်းကန်နေရကြောင်း မြင်သောအခါ တင်းကျပ်နေသည့်အခြေအနေကို ပြေလျော့စေရန် ကြိုးစားသည်။
“ကောင်းပြီ ဟုန်အာ၊ မင်းအဖေပြောခဲ့တာတွေက လုံးဝကြီး အမှားကင်းမနေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူပြောပြခဲ့တာတွေက မင်းအတွက် အကူအညီတော့ ဖြစ်နိုင်တယ်။ ငါတို့တွေ ကိုယ့်ဘဝကို ရှင်သန်ကြတဲ့အခါ အရင်ဆုံး ကိုယ့်ရဲ့မိသားစုကို ကာကွယ်စောင့်ရှောက်ရမယ်။ ဒုတိယအနေနဲ့ ကောင်းကျိုးဆိုးပြစ်ကို ခွဲခြားသိတဲ့ အသိတရားရှိရင် လုံလောက်ပြီ။ ကျန်တာအတွက်ကတော့ အရမ်းတောင်းဆိုမနေနဲ့။ အများကြီးမျှော်လင့်မနေနဲ့…”
သမားတော်ပိုင်မှ နိဂုံးချုပ်ပြောဆိုသည်။ ထို့နောက် သေရည်တစ်ငုံသောက်လိုက်သည်။ သူ၏အသက်အရွယ်အရ သမားတော်ပိုင်သည် အကြောင်းအရာအများအပြားကို ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။
ညစာသည် ထိုသို့လေထုအခြေအနေဖြင့် ပြီးဆုံးသွားခဲ့သည်။
ညစာစားပြီးနောက် ချန်ကျဲ့ အမြန်နှုတ်ဆက်ထွက်ခွာလာခဲ့သည်။ ချန်ကျဲ့ အိမ်မပြန်မီ၌ ပိုင်မိသားစုသည် ချန်ကျဲ့အား ပေါက်စီလေးလုံး၊ မြေပဲတစ်ထုပ်နှင့် ဝက်ခြေထောက်ဟင်းပွဲတစ်ဝက်ကို ထည့်ပေးလိုက်သည်။