မိန်းကလေးစူး မင်းလည်း အဲဒီလိုမဖြစ်စေချင်ပါဘူး၊ ဟုတ်တယ်မလား
Vol. 3 Ch. 31
ချန်ကျဲ့ အိမ်သို့ အမြန်ပြန်လာခဲ့သည်။ အထက်မက်မွန်ရွာ၏ ရေတွင်းထဲခုန်ချသတ်သေသွားသည့် ချွေးအာအကြောင်း ကြားပြီးနောက်တွင် ချန်ကျဲ့မှာ ဘာကြောင့်မှန်းမသိပါဘဲ နမိတ်မကောင်းသည့် ခံစားချက်တစ်မျိုး ဝင်ရောက်လာခဲ့သည်။
ထို့ကြောင့် ချန်ကျဲ့သည် ညစာကိုပင် ပြီးဆုံးအောင် မစားတော့ဘဲ ပိုင်မိသားစုအိမ်မှ အမြန်ပြန်လာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ချန်ကျဲ့ ခြံတံခါးသို့ ခြေမလှမ်းရသေးမီ၌ပင် သူ၏အိမ်တွေ လူအုပ်စုဝေးနေသည်ကို မြင်လိုက်ရသည်။
ချန်ကျဲ့ ထိတ်လန့်သွားပြီး တစ်ခုခုဖြစ်နေမည်ကို စိုးရိမ်သွား၏။
ထိုအတွေးဖြင့် ချန်ကျဲ့ အိမ်သို့ အမြန်ပြေးသွားခဲ့သည်။
ထိုစဉ် ချန်ကျဲ့၏နေအိမ်ခြံဝင်းထဲ၌ မာလျို့သည် ထိုင်ခုံတွင်ထိုင်၍ စူးယွင်ကျင်းအား အရှက်မရှိ မျက်နှာပြောင်တိုက်၍ အငမ်းမရကြည့်နေသည်။
သခင်လေး၏ အမျိုးသမီးများအား အကြိုက်သည် အလွန်ကောင်းမွန်ကြောင်း ငြင်းဆန်မရနိုင်ပါချေ။ စူးယွင်ကျင်းသည် တကယ့်ကို အလွန်ဆွဲဆောင်မှုရှိလှပါ၏။
အဖာအထေးရာများ ပြည့်နှက်နေသော အဝတ်အစားများဖြင့်ပင် သူမ၌ မငြင်းဆန်နိုင်သော အလှတရားရှိ၏။
သူမနှင့် ကစားရခြင်းသည် အားရကျေနပ်ဖွယ်ကောင်းနိုင်၏။ သို့သော် သခင်လေးသည် မနက်ခင်းအတန်းပြီးဆုံးပြီးနောက် သူ့အား တစ်ဖန်အလည်အပတ်လာရောက်ရန် ခွင့်ပြုလိမ့်မည်လော မသေချာပေ။ ခွင့်ပြုခဲ့လျှင် မာလျို့မှာ သူ့အတွက်ဆုကြေးဖြစ်သည့် ကိုယ်ပိုင်မနက်ခင်းအတန်းအား စွန့်လွှတ်နိုင်ပါ၏။
ဤမျှလှပသောအမျိုးသမီးသည် သူမအား အထင်မြင်သေးစွာ ဆက်ဆံ၍ ဆူပူရိုက်နှက်ရုံမှအပ ဘာမျှအသုံးမကျသော ချန်ကျိုစစ်၏လက်ထဲတွင် အဆုံးသတ်သွားရခြင်းမှာ လက်မခံနိုင်ဖွယ်ရာပင်။ တကယ့်ကို ဖြုန်းတီးမှုကြီးဖြစ်ပါ၏။
မာလျို့သည် စူးယွင်ကျင်း၏ ရင်သားနှင့်တင်ပါးအား ပြောင်ပြောင်တင်းတင်းနှင့် လျှာသပ်ကာစူးစိုက်ကြည့်နေသည်။
စူးယွင်ကျင်း စိတ်မသက်မသာဖြစ်နေသည်မှာ သိသာထင်ရှားနေ၏။ ကလေးမလေးသည် စူးယွင်ကျင်း၏နောက်တွင် ကြောက်ရွံ့စွာဖြင့် ကိုယ်ကိုကျုံ့ထားလျက် ပုန်းကွယ်နေသည်။ ကလေးမလေးသည် ကြောက်ရွံ့လွန်းသောကြောင့် လှုပ်ရှားရန်ပင် မဝံ့ရဲပေ။
ထိုမြင်ကွင်းကို မြင်သောအခါ သတင်းကြား၍ရောက်လာခဲ့သော ဦးလေးအာ့ပါးသည် ရှေ့ထွက်ရပ်၍ မေးလိုက်သည်။
“မာလျို့ မင်းဒီကို ဘာလာလုပ်တာလဲ”
မာလျို့သည် ဦးလေးအာ့ပါးကိုကြည့်၍ ပြော၏။
“အို ချန်ချွယ့်ဇစ်ရယ် ကျုပ်က ဒီကိုအကြွေးတောင်းဖို့ ရောက်လာတာဗျ! ချန်ကျိုစစ်ဘယ်မှာလဲ။ သူ့ကိုထွက်လာခိုင်းလိုက်!”
“မာလျို့ မင်းစကားကိုကြည့်ပြောစမ်း။ ငါ့အဖေနဲ့ မင်းအဖေနဲ့က မျိုးဆက်တစ်ဆက်တည်းတွေ။ မင်းအနည်းဆုံးတော့ ငါ့အဖေကို ဦးလေးလို့ခေါ်သင့်တာနော်”
မာလျို့၏စကားများကို ကြားသောအခါ ရှောင်ဟူမှ ဒေါသတကြီးဝင်ပြောသည်။
မာလျို့သည် ရှောင်ဟူကို လျစ်လျူရှု၍ ဦးလေးအာ့ပါးကို ပြောသည်။
“ခင်ဗျားကို ဦးလေးလို့ခေါ်လိုက်လို့ ချန်ကျိုစစ်ထွက်လာပြီး ကျုပ်ပိုက်ဆံတွေကို ပြန်ဆပ်မယ်၊ ကျုပ်နဲ့စာရင်းရှင်းပေးမယ်ဆိုရင် ရတယ်လေ၊ ခင်ဗျားကို ဦးလေးလို့ ခေါ်ပေးနိုင်တာပေါ့။ မဟုတ်လို့ကတော့ ဦးလေး မပြောနဲ့၊ အဖေဆိုရင်တောင် အသိအမှတ်ပြုခေါ်နေမှာ မဟုတ်ဘူးပဲ!”
“မင်း!”
ချန်အာ့ပါးသည် မာလျို့ကြောင့် ဒေါသထွက်သွား၏။ ထို့နောက် မာလျို့သည် စူးယွင်ကျင်းကိုကြည့်၍ ပြောလာသည်။
“မရီး ကျေးဇူးပြုပြီး ချန်ကျိုစစ်ကို ထွက်လာခိုင်းလိုက်ပါ။ ကျုပ်ဒီမှာ စောင့်နေတာ နာရီဝက်လောက်ရှိနေပြီလေဗျာ ဟုတ်တယ်မလား”
စူးယွင်ကျင်း ပြန်ပြောသည်။
“ကျွန်မ ပြောပြီးပြီလေ။ သူ သမားတော်ပိုင်ရဲ့အိမ်ကို အလုပ်သင်သွားလုပ်နေတယ်လို့”
“ဟက် သူကများ သမားတော်ပိုင်ရဲ့အလုပ်သင်တဲ့လား။ လိမ်ပြောမနေဘဲ ပိုက်ဆံပြန်ဆပ်စမ်းပါ။ သူဘယ်လိုပဲ ဟန်ဆောင်ချင်ချင်ရတယ်။ သူ့ကိုယ်သူ လိပ်တစ်ကောင်လိုဟန်ဆောင်လည်း ကျုပ်က ဂရုစိုက်မနေဘူး။ ဟုတ်တယ်မလား ဟေ့ကောင်တွေ!”
မာလျို့ သူ၏နောက်လိုက်များသို့ လှည့်ပြော၏။
“ဟုတ်တယ်”
သူ၏နောက်လိုက်များမှ ပြန်ဖြေသည်။
…
ခြံဝင်းထဲရှိ ဆူညံနေသောမြင်ကွင်းကို မြင်သောအခါ အပြင်ဘက်ရှိ လာရောက်ကြည့်ရှုသူများသည် အချင်းချင်း မေးမြန်းနေကြလေသည်။
“ဘာကိစ္စလဲ”
“အကြွေးတောင်းနေတာတဲ့။ ကြည့်ရတာ ချန်ကျိုစစ်ရယ် အပြင်ကနေ အတိုးမြင့်ချေးငွေ ချေးထားတယ်နဲ့တူတယ်”
“မဖြစ်နိုင်တာ၊ ချန်ကျိုစစ်က ပြုပြင်ပြောင်းလဲသွားပြီ မဟုတ်ဘူးလား”
“ဟမ့် သူက ဘယ်လိုလုပ်ပြီး ပြုပြင်ပြောင်းလဲနိုင်မှာလဲ”
လူအုပ်ကြီး၏ စကားပြောဆိုနေသံများကို နားထောင်နေသည့် ချန်စန်းလျို့သည် ဘေးတွင်ရပ်၍ စဉ်းလဲသည့်အပြုံးဖြင့် ချန်ကျဲ့တို့မိသားစု၏ ကံဆိုးမိုးမှောင်ကျမှုကို ဝမ်းသာနေပေသည်။
ဒီလိုပဲဖြစ်သင့်တာ။ အဲဒီကောင်က အရင်ရက်တွေမှာ အရမ်းတွေထောင်လွှားနေတာ၊ အခုတော့ ကံဆိုးမှုက သူ့ဆီအရောက် ရောက်လာပြီ။
ထိုစဉ် ခြေတစ်ဖက်မကောင်းသည့် လုစန်းသည်လည်း လုချင်းစစ်၏အကူအညီဖြင့် အဖြစ်အပျက်ကို လာရောက်ကြည့်ရှု၏။ ချန်ကျဲ့၏ကံဆိုးမှုအကြောင်း ကြားသိလိုက်သောအခါ လုစန်းသည် အားအင်များပြန်လည်ပြည့်ဝကောင်းမွန်လာသည့်အလား မီတာတစ်ရာအကွာအဝေးကိုပင် အလွယ်တကူ ခုန်လွှားနိုင်မည်ကဲ့သို့ ခံစားလိုက်ရသည်။
လုစန်းသည် နံရံကိုမှီ၍ ရန်ငြိုးအာဃာတများ ပြည့်နှက်နေသောမျက်လုံးများဖြင့် ကြည့်ရှုနေသည်။
ကြည့်ရတာ ချန်ကျိုစစ်တော့ ကံဆိုးမှာသေချာပြီထင်တယ်။
တဖြည်းဖြည်း လူများပို၍စုဝေးလာကြည်သည်ကို မြင်သောအခါ အလွန်ဝမ်းနည်းလာခဲ့သည်။
ချန်ကျိုစစ်က ပြုပြင်ပြောင်းလဲသွားတာမှ မကြာသေးဘူး၊ သူပြန်ပြီး ဆိုးသွမ်းသွားပြန်တာလား။
ဒါပေမဲ့ ငါတို့ရဲ့ငြိမ်းချမ်းတဲ့နေ့ရက်လေးတွေက အခုမှ အစပြုရုံလေး ရှိသေးတာလေ။ အိပ်မက်တစ်ခုမက်လိုက်သလိုပဲ၊ အရမ်းတိုတောင်းလွန်းခဲ့တာ။ ငါပြန်ပြီး ငရဲလိုနေ့ရက်တွေဆီ ရောက်သွားရဦးမှာလား။
“မမ၊ အစ်ကိုကြီး သူ…”
ကလေးမလေးသည် စူးယွင်ကျင်း၏ အင်္ကျီလက်စလေးကို ဆုပ်ကိုင်ထား၏။
ချန်အာ့ပါးမှ စူးယွင်ကျင်းကို ပြောသည်။
“ယွင်ကျင်း ဒီရက်ပိုင်းအတွင်း ကျိုစစ်မှာ လောင်းကစားလုပ်ဖို့ အချိန်ရှိတာမဟုတ်ဘူး။ လတ်တလောတင်ထားတဲ့အကြွေး မဖြစ်နိုင်ဘူး။ မစိုးရိမ်နဲ့၊ ဦးလေး အရင်မေးမြန်းကြည့်ဦးမယ်”
ဦးလေးအာ့ပါးသည် မာလျို့အနီးသို့ ချဉ်းကပ်သွားပြီး မေးသည်။
“မာလျို့ ဒီအကြွေးကို ကျိုစစ် ဘယ်တုန်းက ယူထားတာလဲ”
မာလျို့ ပြန်ပြောသည်။
“တစ်လ၊ နှစ်လလောက်တော့ ရှိပြီထင်တာပဲ”
ထိုအခါ ချန်အာ့ပါးနှင့် စူးယွင်ကျင်းတို့နှစ်ဦးလုံး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိကြသည်။ အနည်းဆုံးတော့ အခုနှစ်ရက်အတွင်း လောင်းကစားခဲ့ခြင်း မဟုတ်ပေ။ အနည်းဆုံးတော့ ချန်ကျိုစစ်၏ ပြုပြင်ပြောင်းလဲမှုသည် လိမ်ညာနေခြင်းမဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေပေသည်။
ဦးလေးအာ့ပါးမှ မေးသည်။
“စုစုပေါင်း ဘယ်လောက် အကြွေးတင်နေတာလဲ”
“ခင်ဗျားက ကူဆပ်ပေးမလို့လား”
မာလျို့မှ ဦးလေးအာ့ပါးကို မေးသည်။ ဦးလေးအာ့ပါးမှ ပြန်ဖြေသည်။
“အင်း”
မာလျို့သည် အကြွေးစာရင်းစာရွက်ကို ထုတ်ပြသည်။ ဦးလေးအာ့ပါးသည် စာမဖတ်တတ်လေရာ စူးယွင်ကျင်းကို လှည့်ကြည့်၏။
စူးယွင်ကျင်း ဖတ်ကြည့်လိုက်ပြီးနောက် စိတ်သက်သာရာရသွားခဲ့သည်။
“ဘယ်လောက်တဲ့လဲ တူမကြီး”
ဦးလေးအာ့ပါး၏အမေးကို စူးယွင်ကျင်းမှ ရွှင်ပျစွာဖြင့် ပြန်ဖြေသည်။
“ငွေတစ်တုံး”
“ငွေတစ်တုံးပေါ့၊ ကောင်းပြီ။ ဟူဇစ် အိမ်ပြန်ပြီး ပိုက်ဆံယူခဲ့”
“ဟုတ်ကဲ့”
ဟူဇစ်မှ ပြန်ဖြေသည်။
သို့သော် စူးယွင်ကျင်းမှ ပြောသည်။
“ဦးလေးအာ့ပါး အဲ့လောက်အများကြီးပေးဖို့ မလိုပါဘူး။ ကျွန်မမှာ ငွေ၈စရှိတယ်။ ဦးလေး ကျွန်မကို နှစ်စပဲ ထပ်ချေးပေးပါ”
“ဪ ဒါဆိုလည်းကောင်းပြီ”
ဦးလေးအာ့ပါးသည် ဟူဇစ်ကို အိမ်ပြန်ပိုက်ဆံယူခိုင်းရန် ဟန်ပြင်သည်။
သူတို့၏အပြုအမူများကို မြင်သောအခါ မာလျို့သည် ရုတ်တရက် ရယ်မောလာ၏။
“ဟားဟား ငွေတစ်တုံးတဲ့လား၊ ခင်ဗျားတို့… ခင်ဗျားတို့ တကယ်ကြီး ငွေတစ်တုံးပဲလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်”
“သေချာကြည့်၊ ဒီအကြွေးစာရင်းက ကျစ်ကျန်း၉နှစ်မြောက် မတ်လ၂ရက်နေ့မှာ ဖွင့်ထားတာ၊ အခုက မေလရောက်နေပြီ။ နှစ်လရှိပြီဆိုတော့ ခင်ဗျားတို့ အတိုးထည့်တွက်ရမယ်လေ”
မာလျို့သည် စူးယွင်ကျင်းနှင့် ဦးလေးအာ့ပါးတို့ကို စူးရဲစွာကြည့်နေ၏။
ထိုအခါ စူးယွင်ကျင်းနှင့် ဦးလေးအာ့ပါးတို့မှာ တောင့်ခဲသွားရသည်။ ဦးလေးအာ့ပါးသည် မာ့လျို့ကို လှည့်ကြည့်လိုက်ပြီး ပြောသည်။
“ဒါဆို အခုဘယ်လောက်ဖြစ်သွားပြီလဲ”
မာလျို့မှ ပြုံးရယ်လျက် ပြောသည်။
“သိပ်မများပါဘူး၊ အတိုးပေါ်အတိုးထပ်ဆင့်တာနဲ့ဆို… ငွေတုံးနှစ်ဆယ်လောက်ပဲ!”
“ဘာရယ်?!!”
ထိုပမာဏကို ကြားလိုက်သည်တွင် ဦးလေးအာ့ပါးနှင့် စူးယွင်ကျင်း၏ မျက်လုံးအစုံတို့မှာ ပြုတ်ထွက်ကျလုမတတ် ပြူးကျယ်သွားကြသည်။
ငွေတုံးနှစ်ဆယ်!
ငွေတုံးနှစ်ဆယ်!
“ဘယ်လိုလုပ်ပြီး အဲဒီလောက်ထိ များသွားရတာလဲ!”
နှစ်ဦးသားမှာ မယုံကြည်နိုင်ဖြစ်သွားရပြီး လာကြည့်နေကြသည့် ရွာသားများသည်လည်း မျက်လုံးများပြူးကျယ်သွားရသည်။
ငွေတုံးနှစ်ဆယ်တဲ့လား။ ချန်မိသားစုတစ်ခုလုံးရဲ့ ရှိသမျှအဖိုးတန်ပစ္စည်းတွေ အကုန်ရောင်းလိုက်ရင်တောင် မလုံလောက်နိုင်ဘူး။
အပြင်ဘက်ရှိ လုစန်းသည်တော့ မီးရှူးမီးပန်းများဖောက်၍ အောင်ပွဲခံပစ်ချင်သည်အထိ ပျော်ရွှင်နေခဲ့သည်။
ဟုတ်ပြီကွ၊ နောက်ဆုံးတော့ ချန်ကျိုစစ်တစ်ယောက် သူနဲ့ထိုက်တန်တဲ့ ကံကြမ္မာဆိုးကို ရသွားပြီ။
မိုက်တယ်ကွာ!
စူးယွင်ကျင်းမှာ ထိုပမာဏကိုကြားလိုက်သည်တွင် မတ်မတ်မရပ်နိုင်တော့ပေ။ သူမ၏ခန္ဓာကိုယ်လေးမှာ တုန်လှုပ်ယိမ်းယိုင်သွား၏။
ထိုအခါ မာလျို့မှ သူမကို ထိန်းကိုင်ပေး၏။ သို့သော် စူးယွင်ကျင်းသည် အမြန်ရှောင်တိမ်းလိုက်ပြီး ဖြူဖျော့နေသော မျက်နှာဖြင့်ပြောသည်။
“ငွေတုံးနှစ်ဆယ်ဆို ကျွန်မတို့ပိုင်ဆိုင်သမျှ အကုန်လုံးရောင်းပစ်ရလိမ့်မယ်!”
မာလျို့မှ ပြောသည်။
“အမ်းး ခင်ဗျားတို့ မြန်မြန်တော့လုပ်မှရမယ်။ မနက်ဖြန်ဆို နောက်ထပ်ပေးရမှာတွေ ရှိလာလိမ့်မယ်”
စူးယွင်ကျင်းသည် မာလျို့အား အထင်မြင်သေးစွာ ကြည့်နေခဲ့သည်။ မာလျို့သည်တော့ ပြုံးရယ်လျက် ဆက်ပြောသည်။
“မရီးရယ် ကျုပ်ကိုဘာလို့ အဲဒီလိုအကြည့်နဲ့ ကြည့်နေရတာလဲ”
စူးယွင်ကျင်း မေးလိုက်သည်။
“ငါတို့ ပြန်မဆပ်နိုင်ခဲ့ရင်ရော”
မာလျို့သည် ထိုင်ခုံကိုမှီလိုက်ပြီး ပြုံးလျက် ပြောလာသည်။
“ပြန်မဆပ်နိုင်ရင်တော့ မရီးတို့ရဲ့အိမ်ရယ်၊ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို သိမ်းယူပြီး လူတွေကိုတော့ ခြေတွေလက်တွေချိုးပြီး ဒုက္ခိတဖြစ်အောင် လုပ်ပစ်ရမှာပေါ့”
စူးယွင်ကျင်း၏မျက်နှာမှာ အလောင်းကောင်အလား ဖြူဖျော့သွားရသည်။
မာလျို့၏မျက်လုံးများသည် ကောက်ကျစ်စဉ်းလဲမှုဖြင့် တောက်ပသွားကာ စူးယွင်ကျင်းအား အကဲဖြတ်ကြည့်နေ၏။
“မရီး၊ မင်းလည်း မင်းရဲ့ယောက်ျားကို ခြေလက်တွေမရှိတဲ့ ဒုက္ခိတကောင်ဖြစ်စေချင်မှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား”
“တကယ်တော့ ကျုပ်မှာ မရီးသာ ဆန္ဒရှိမယ်ဆိုရင် ဖြေရှင်းလို့ရမယ့်နည်းလမ်းတစ်ခုရှိပါတယ်။ အတိုးငွေတုံးနှစ်ဆယ်တင်မကဘဲ အရင်းကိုတောင် ပြန်ပေးဖို့ မလိုတော့မယ့်နည်းလမ်းပေါ့ဗျာ။ ဘယ်လိုလဲ စိတ်ဝင်စားလား”
“ကျွန်မ… ကျွန်မ ဘာလုပ်ရမှာလဲ”
စူးယွင်ကျင်းသည် ကြောက်မက်ဖွယ်ကောင်းသည့်အရာအား တွေးတောမိသွား၏။ သို့ဖြစ်ရာ ဖြူဆုတ်နေသောမျက်နှာဖြင့် မာလျို့အား ကြောက်လန့်တကြား ကြည့်နေခဲ့သည်။
မာလျို့သည် ပြုံးရယ်လိုက်ပြီး ပြန်ပြောလုနီးတွင် ရုတ်တရက် အသံတစ်ခုထွက်ပေါ်လာသည်။
“အိုး ညီနောင်မာလျို့ရောက်နေတာပဲ။ ဘာလို့ အစောကတည်းက ကျွန်တော့်ကို အသိမပေးရတာလဲဗျာ။ အဲဒီတော့မှ ကျွန်တော်ကလည်း ညီနောင်မာလျို့ကို သေချာလေးကြိုဆိုနိုင်မှာပေါ့လို့”
အသံလာရာသို့ အားလုံးလှည့်ကြည့်လိုက်ကြသည်။ ချန်ကျဲ့သည် ခြံတံခါးမှ ဖြည်းဆေးစွာ လျှောက်ဝင်လာနေကာ မာလျို့အား ပြုံးလျက်ကြည့်နေသည်။
ချန်ကျဲ့ကိုမြင်သောအခါ စူးယွင်ကျင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ကျိုစစ် ရှင်နောက်ဆုံးတော့ ပြန်လာပြီပဲ!