ယောက်ျား၊ စိတ်မပူပါနဲ့၊ နည်းလမ်းတစ်ခုခုရှိမှာပါ။
Vol. 3 Ch. 32
စူးယွင်ကျင်း၏မျက်လုံးများ တောက်ပသွားသည်။ မည်သည့်အကြောင်းကြောင့် မသိပေ၊ ချန်ကျိုစစ်ကို မြင်တွေ့လိုက်သည့်အခိုက်အတန့်တွင် တုန်လှုပ်နေခဲ့သော သူမ၏နှလုံးသားသည် အတော်လေး ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ဤသို့ခံစားချက်များကို သူမ အရင်က မခံစားခဲ့ဖူးပေ။ သို့သော် ယနေ့တွင်မူ ဤခံစားချက်မှာ အလွန်ထင်ရှားစွာ ခိုင်မာနေခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း ချန်ကျဲ့၏ပြောင်းလဲမှုများကြောင့် သူမ၏ မသိစိတ်ထဲတွင် ချန်ကျိုစစ်အပေါ် မှီခိုအားထားစိတ်များ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်နိုင်ပေသည်။
လူများစွာ၏ အကြည့်များအောက်၌ ချန်ကျဲ့သည် ခြံဝင်းထဲသို့ တည်ငြိမ်အေးဆေးစွာ လမ်းလျှောက်ဝင်လာသည်။ မာလျို့သည် သူ့အား မျက်လုံးတို့မှေးကျဉ်းလျက် ကြည့်နေ၏။
သူ၏မျက်နှာထက်တွင် သူတော်ကောင်းယောင်ဆောင်သော အပြုံးကို ချိတ်ဆွဲထားလျက် မျက်ခုံးနှစ်လွှာကြား၌မူ ယုတ်မာစဉ်းလဲသော အငွေ့အသက်များ တည်ရှိနေသည်။
ချန်ကျဲ့ ရောက်လာပြီး စူးယွင်ကျင်းကို သူ့ကိုယ်နောက်သို့ ဆွဲသွင်းလိုက်ပြီး မာလျို့ကို မျက်နှာချင်းဆိုင်ကြည့်လိုက်သည်။
“ညီနောင်မာလျို့ ဒီနေ့ ဘာကိစ္စရှိလို့များ ကျွန်တော့်အိမ်ကို ရောက်လာရတာလဲ”
မာလျို့ ပြုံးလိုက်ပြီး ပြောသည်။
“ကျိုစစ် ပြန်လာပြီပဲ ဟူး.. ငါခုတလော ငါ့ဘာငါ အလုပ်တွေအရမ်းရှုပ်နေတာပါကွာ။ မင်းကိစ္စကြောင့်သာ မဟုတ်ခဲ့ရင် ငါလည်း မင်းဆီ မလာပါဘူး”
ချန်ကျဲ့ မာလျို့ကို ကြည့်နေ၏။
“အို ဘာကိစ္စများလဲ”
မာလျို့မှ ပြောသည်။
“ကျိုစစ် မင်းကွာ မင်းက အရမ်းဂရုတစိုက်မရှိတာပဲ။ မင်း သခင်လေးဆီမှာ ငွေတစ်ပုံကြီး အကြွေးတင်နေတာကို မှတ်မိသေးလား”
“အကြွေးတင်တယ်?”
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။ သူ့တွင် ချန်ကျိုစစ်မှ လောင်းကစားရုံပိုင်ရှင်ထံ အကြွေးတင်ထားသည့် မှတ်ဉာဏ်မရှိပေ။ ချန်ကျိုစစ်သည် လောင်းကစားကို အလွန်နှစ်ခြိုက်စွဲလမ်းခဲ့သော်ငြား သူ၏စွဲလမ်းမှုသည် သက်တမ်းနုသေး၏။ မိသားစုပိုင် ပစ္စည်းဥစ္စာများကိုသာ အသုံးပြုခဲ့ပြီး ငွေချေးငှားသည့်အဆင့်သို့ မရောက်သေးပါချေ။
“မှတ်တမ်းတင်ထားတာရှိလား”
ချန်ကျဲ့သည် စာရွက်တစ်ရွက်ကို ကိုင်ထားသည့် မာလျို့အား ပြောလိုက်သည်။
“ကျိုစစ် မင်းဆိုတာလည်း အရမ်းတုံးအပြီး သတိမဲ့လွန်းတာပဲကွာ။ ငါဒီနေ့ သခင်လေးဆီသွားပြီး စာရင်းစစ်ခဲ့တာကြောင့်သာ မဟုတ်ရင် မင်းရဲ့ဒီအကြွေးစာရင်းက ဘယ်လောက်တောင် ပြန်ဆပ်ရမယ့်ငွေပမာဏတွေ စုပုံသွားလိမ့်မလဲ။ မင်းက တကယ်သတိမဲ့လွန်းတာပဲကွာ”
မာလျို့နှင့် ယွီစန်းလျို့တို့သည် စူးယွင်ကျင်းအတွက် သူ့အား အကောက်ကြံနေခြင်းအား ချန်ကျဲ့ သိမနေခဲ့လျှင် မာလျို့သည် လူကောင်းတစ်ယောက်ဟု ယုံကြည်သွားနိုင်လောက်၏။
ချန်ကျဲ့ အကြွေးစာရင်းစာရွက်ကို ကြည့်လိုက်သည်။ ချန်ကျိုစစ်သည် ယွီစန်းလျို့ထံမှ နေ့စဉ်အတိုးနှုန်း ၂ရာခိုင်နှုန်းဖြင့် ကျစ်ကျန်း၉နှစ်မြောက် မတ်လ၂ရက်နေ့တွင် ငွေတစ်တုံးချေးခဲ့သည်။
ဟမ်?
ချန်ကျဲ့ မျက်မှောင်ကြုတ်လျက် သူ၏စိတ်ထဲမှ သက်ဆိုင်ရာအချက်အလက်ကို ပြန်စဉ်းစားနေခဲ့သည်။ ထိုနေ့က ချန်ကျိုစစ်သည် ပိုက်ဆံယူမလာခဲ့ပေ။ သို့သော် မာလျို့သည် သူ့အား လောင်းကစားရုံထဲသို့ ဆွဲခေါ်သွားခဲ့သည်။
ထိုနေ့က သူ့တွင် ပိုက်ဆံပါမလာခဲ့၍ အိမ်ပြန်ယူဦးမည်ဟု ပြောခဲ့သည်။ သို့သော် မာလျို့မှ
“ဘာလို့ အဲဒါလေးအတွက်နဲ့ ဒုက္ခခံနေမှာလဲ။ ငါမင်းကို ပိုက်ဆံရှာပေးမယ်”ဟု ပြောခဲ့သည်။
ထို့နောက် သူ့အား ယွီစန်းလျို့ဆီသို့ ခေါ်သွားခဲ့သည်။
ထိုနေ့က သူ့အား ငွေတစ်တုံးချေးပေးမည်ဖြစ်ပြီး ထိုနေ့ညတွင်းချင်း ပြန်ဆပ်နိုင်လျှင် အတိုးမယူဟု ပြောခဲ့သည်။ မနက်ဖြန် ပြန်ဆပ်လျှင်လည်း အနည်းငယ်မျှ ပိုပေးရုံဖြင့် လုံလောက်သည်ဟု ပြောခဲ့သည်။
မာလျို့သည် သူကံကောင်းပါက ထိုမျှပိုက်ဆံကို တစ်ပွဲတည်းဖြင့် ပြန်ရနိုင်သည်ဟုပင် ပြောခဲ့သေးသည်။
ချန်ကျိုစစ်သည် ထိုငွေတစ်တုံးကို ချေးခဲ့စဉ်က ငွေတစ်တုံးလုံး ရှုံးသွားခဲ့လျှင်သော်မှ နောက်နေ့တွင် နှစ်ရာခိုင်နှုန်းမျှ ပိုပေးရခြင်းသည် ကိစ္စကြီးမဟုတ်ဟု တွေး၍ ချေးခဲ့ခြင်းဖြစ်သည်။
မထင်မှတ်ထားဘဲနှင့် ချန်ကျိုစစ်သည် ပထမတစ်ပွဲတွင် ငွေနှစ်တုံးအနိုင်ရခဲ့ပြီး ချေးထားသည့်ပိုက်ဆံကို ချက်ချင်းပြန်ဆပ်လိုခဲ့သည်။ သို့သော် ဘေးတွင်ရှိနေခဲ့သည့် မာလျို့မှ ပြော၏။
“ကျိုစစ် ဒီနေ့ ချမ်းသာကြွယ်ဝမှုနတ်ဘုရားက မင်းအခုရပ်နေတဲ့ အရှေ့တောင်အရပ်မှာ ရှိနေတာ။ မင်း နေရာမရွှေ့လိုက်နဲ့၊ မဟုတ်ရင် ကံကောင်းမှုလေးကို ဖျက်ဆီးမိသွားလိမ့်မယ်။ မင်းရဲ့ငွေတုံးကို ငါ့ကိုပေး၊ ငါမင်းအတွက် ပြန်သွားဆပ်ပေးမယ်”
ချန်ကျိုစစ်မှ ပြန်ပြောခဲ့၏။
“ဟုတ်ကဲ့ပါ အစ်ကိုလျို့၊ ကျွန်တော် အဲဒီစာရင်းစာရွက်ကို ဖြဲပစ်ဖို့ တွေးနေတာ”
မာလျို့မှ ပြောခဲ့၏။
“မစိုးရိမ်စမ်းပါနဲ့ ညီနောင်ရာ၊ ငါက မင်းကိုလိမ်ပါ့မလား”
…
မှတ်ဉာဏ်များကို ပြန်စဉ်းစားကြည့်ပြီးနောက် မိမိမှာ မာလျို့၏ ထောင်ချောက်ဆင်ခံလိုက်ရခြင်းဖြစ်ကြောင်း ချန်ကျဲ့ နားလည်သွားခဲ့သည်။
ချန်ကျဲ့ ခေါင်းမော့၍ မာလျို့နှင့် အကြည့်ချင်းဆုံလိုက်သည်။
မာလျို့သည် သရော်လှောင်ပြောင်သည့် အမူအရာဖြင့် ရပ်နေ၏။ ချန်ကျဲ့ အဖြစ်မှန်ကို နားလည်သွားပြီဖြစ်ကြောင်း သူသိသည်။
ဒါပေမဲ့ အဖြစ်မှန်ကို သိသွားတော့ရော ဘာဖြစ်သလဲ။ အကြွေးစားရင်းစာရွက်က ရှင်းလင်းပြတ်သားတဲ့ သက်သေပဲ။ အာဏာပိုင်တွေဆီကို သွားခဲ့ရင်တောင်မှ သူ့ဘက်က အနိုင်ရမှာမှ မဟုတ်တာ။
အာဏာပိုင်တွေဆီကို မသွားနိုင်ရင် ဘဝပျက်စီးနေတဲ့ သခင်လေးက ဘာများလုပ်နိုင်မှာမလို့လဲ။
ဒီတစ်ကြိမ်တော့ ချန်ကျိုစစ်က ငါဖြစ်စေချင်တဲ့ အခြေအနေအတိုင်း ကွက်တိဖြစ်နေပြီ!
“ဘာဖြစ်လို့လဲ ညီနောင်ကျိုစစ်ရဲ့။ ကိုယ့်အကြွေးစာရင်းကို ကိုယ်မမှတ်မိဘူးလား”
မာလျို့သည် ပြုံးရယ်လျက်ပြောသည်။ တန်ပြန်တိုက်ခိုက်ရန်အတွက်လည်း ပြင်ဆင်ထား၏။
သို့သော် ချန်ကျဲ့သည် တည်ငြိမ်အေးဆေးစွာသာ တုံ့ပြန်လာခဲ့သည်။
“အမ်း ကျွန်တော့်ရဲ့လက်ဗွေရာ အမှန်ပါပဲ”
ဟမ်?
မာလျို့သည် ချန်ကျဲ့၏ အမှုမထားသည့်ပုံစံကြောင့် ဝေခွဲမရဖြစ်သွားပြီး ချန်ကျဲ့ကို ကြည့်လာသည်။
“မင်းဒါကို ဒီလိုပဲ လက်ခံလိုက်တာလား”
ချန်ကျဲ့ ပြောလိုက်သည်။
“အစ်ကိုမာလျို့ ကိုယ်တိုင်ရောက်လာတာကို ကျွန်တော််က ဘာလို့ လက်မခံရမှာလဲ။ ပြောပါဦး၊ အဲဒီအကြွေးက အခုဘယ်လောက်ဖြစ်သွားပြီလဲ”
ဤတစ်ကြိမ်တွင်တော့ တစ်ဖက်လူ၏ စိတ်နေသဘောထားကို မခန့်မှန်းနိုင်သူမှာ မာလျို့ဖြစ်၏။ မာလျို့သည် အချိန်ခဏကြာ စဉ်းစားနေပြီးနောက်မှ ပြောလာသည်။
“ငွေတုံးနှစ်ဆယ်”
ချန်ကျဲ့မှ ပြုံးလိုက်ပြီးပြောသည်။
“သိပ်မများပါဘူး။ အဆနှစ်ဆယ် များသွားရုံပါပဲ။ ကျွန်တော့်ကို ရက်နည်းနည်းလောက် အချိန်ပေး၊ ကျွန်တော် ပိုက်ဆံရှာပြီး ပြန်ဆပ်ပေးမယ်”
မာလျို့သည် ချန်ကျဲ့အား သင်္ကာမကင်းကြည့်၍ မေး၏။
“မင်းက ငွေတုံးနှစ်ဆယ် ပေးနိုင်မယ်ပေါ့လေ”
“အမ် အရင်ကဆိုရင်တော့ မတတ်နိုင်ပါဘူး။ ဒါပေမဲ့ အခုတော့ အဲဒီလောက်ပမာဏကို ပေးနိုင်ပါတယ်။ အစ်ကိုလျို့ကို ယွင်ကျင်းပြောပြတယ် မဟုတ်ဘူးလား။ ကျွန်တော်က သမားတော်ပိုင်ရဲ့ အလုပ်သင်ဖြစ်နေပြီလေ။ ကျွန်တော် ပိုင်မိသားစုကနေ တချို့တဝက်ချေးပြီး ပြန်ဆပ်ပေးပါ့မယ်”
“ပိုင်မိသားစု!”
မာလျို့ ချန်ကျဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ချန်ကျိုစစ်သည် သူတို့သွားမရှုပ်သင့်သော ပိုင်မိသားစုနှင့် အဆက်အသွယ်ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဒါကတော့ နည်းနည်းသတိထားဖို့လိုသွားပြီ။
မာလျို့သည် မေးစေ့ကိုပွတ်သပ်၍ အမြန်ပြန်ပြောလာ၏။
“အဲ့လိုဆိုရင်တော့ ငါမင်းကို သုံးရက်ပေးမယ်။ အတိုးကိုတော့ နောက်ထပ် ငွေငါးတုံးထပ်ပေးရမယ်။ အတိုးရော အရင်းရော စုစုပေါင်း ငွေ၂၅တုံးပြန်ပေးပေါ့”
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ၊ အဲ့လိုပဲ လုပ်ကြတာပေါ့”
မာလျို့ပြန်ပြောသည်။
“ကောင်းပြီ”
“ကျွန်တော် ဒီနေ့ညတော့ အစ်ကိုမာလျို့ကို ဆွဲမထားတော့ပါဘူး။ အခွင့်အရေးရတဲ့အခါ အစ်ကိုမာလျို့ကို တစ်ခွက်လောက်သောက်ဖို့ ဖိတ်ပါ့မယ်”
ချန်ကျဲ့ အပြုံးဖြင့်ပြောသည်။ ထိုအခါ မာလျို့မှ ရယ်မောလျက်ပြောသည်။
“ကောင်းပြီ၊ မင်းဖိတ်ခေါ်တာကို ငါစောင့်နေမယ်”
ထိုသို့ပြောပြီးနောက် မာလျို့သည် သူ၏နောက်လိုက်များကိုခေါ်၍ ပြန်ထွက်သွားခဲ့သည်။
မာလျို့ပြန်ထွက်သွားသည်ကို ချန်ကျဲ့ မျက်မှောင်ကြုတ်လျက် ကြည့်နေခဲ့သည်။ သူ၏အကြည့်များတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထင်ဟပ်နေခဲ့သည်။
ဒီမာလျို့ကို ဒီတိုင်းထားလို့မဖြစ်ဘူး!
ထိုစဉ် မာလျို့သည် ချန်ကျဲ့၏ခြံဝင်းထဲမှ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ ထို့နောက် သူ၏နောက်လိုက်တစ်ဦးသည် ရှေ့သို့ထွက်လာပြီး မေးသည်။
“အစ်ကိုလျို့ ကျွန်တော်တို့ ဒီလိုပဲပြန်လိုက်တော့မှာလား”
မာလျို့သည် ယိုယွင်းပျက်စီးနေသည့် ချန်မိသားစု၏ခြံဝင်းကို ပြန်လှည့်ကြည့်၍ ပြော၏။
“ဒီကောင်ချန်ကျိုစစ်က သမားတော်ပိုင်ရဲ့ အလုပ်သင်ဖြစ်သွားပြီး ကံကောင်းမှုကြီးပိုင်ဆိုင်နေတာ။ သူ့ကိုကိုင်တွယ်ဖို့က လွယ်ကူနိုင်မှာမဟုတ်တော့ဘူး။ ငါအရင်ဆုံး သခင်လေးကို သတင်းသွားပို့ရမယ်”
သို့ဖြင့် မာလျို့သည် မြို့ပေါ်သို့ အလျင်စလို ထွက်ခွာသွားခဲ့သည်။
ထိုစဉ် ရွာထဲရှိ ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ကြီးလည်း လူစုခွဲသွားကြပြီဖြစ်သည်။ ရွာသားများသည် ထွက်ခွာသွားကြစဉ်တွင် ခေါင်းတရမ်းရမ်းဖြစ်မိကြရသည်။
“ချန်ကျိုစစ်တော့ သွားပြီ။ ဒီလောက်ပိုက်ဆံတွေအများကြီး အကြွေးတင်နေတာ၊ ဒီမိသားစုကတော့ တစ်ချိန်ချိန်တော့ ပြိုကွဲတော့မှာပဲ”
“တကယ်ပါပဲ၊ ငွေ၂၅တုံးကို ဘယ်လိုလုပ်ပြီး ရှာနိုင်မှာတဲ့လဲ။ ပိုင်မိသားစုက ချေးရအောင် ပိုင်မိသားစုက သူတို့အပေါ် တစ်ခုခုအကြွေးရှိနေတာလည်း မဟုတ်ဘဲနဲ့”
“ဒီလိုဖြစ်တာ ထိုက်တန်တယ်။ သူက မျှော်လင့်ချက်မရှိတဲ့ လောင်းကစားသမားလို့ ငါအမြဲပြောခဲ့သားပဲ။ အခုတော့ သွားပြီ။ ခြေလက်တွေ အဖြတ်ခံရဖို့ပဲ စောင့်နေလိုက်တော့”
လူအုပ်ကြီးအားလုံး ထွက်သွားကြပြီး ဦးလေးအာ့ပါတစ်ဦးတည်း ကျန်ခဲ့သည်။
ဦးလေးအာ့ပါးမှ ချန်ကျဲ့ကို မေးသည်။
“ကျိုစစ် ဒါက–?”
ချန်ကျဲ့ အများကြီး ရှင်းပြမနေတော့ပေ။
“ဦးလေးအာ့ပါး ဘာမှစိတ်မပူပါနဲ့။ ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်”
“ဟူးး ဒီကလေးရယ်၊ ငါ့မှာ ငွေနှစ်တုံးရှိတယ်။ မင်းလိုအပ်ရင် ငါမင်းကိုပေးလို့ရတယ်”
ချန်ကျဲ့ လက်တွင်တွင်ခါ၍ ငြင်းသည်။
“မလိုပါဘူး ဦးလေး၊ ဟူဇစ်လည်း မငယ်တော့ဘူး။ ပိုက်ဆံကို သူလက်ထပ်ဖို့အတွက် သိမ်းထားလိုက်ပါ”
“အစ်ကို ကျွန်တော်က အလျင်မလိုပါဘူး။ အစ်ကို့ရဲ့အခက်အခဲကို အရင်ဖြေရှင်းရအောင်ပါ”
ဟူဇစ်မှ ပြောသည်။ ချန်ကျဲ့ ပြန်ပြော၏။
“မင်းကတော့ အလျင်မလိုဘူးပေါ့၊ ဒါပေမဲ့ မင်းအဖေကရော၊ မင်းအမေကရော? ကောင်းပြီ၊ ဦးလေး.. ဟူဇစ်.. ကျွန်တော် တကယ်ကိုင်တွယ်နိုင်ပါတယ်။ ဒါနဲ့ ကျွန်တော့်မှာ မြေပဲနည်းနည်းရှိတယ်။ သရေစာစားဖို့ အိမ်ယူသွားလိုက်ပါ ဦးလေး”
ထိုအခါ ဦးလေးအာ့ပါးမှ လက်ဝှေ့ယမ်း၍ ပြောသည်။
“မလိုပါဘူး မလိုပါဘူး။ မင်းကိုင်တွယ်နိုင်တယ်လို့ ပြောမှတော့ ငါမင်းကိုယုံပါတယ်။ ဒါပေမဲ့ ပိုက်ဆံလိုရင်တော့ မင်းငါ့ကို ကျိန်းသေပေါက်ပြောရမယ်နော်”
“သိပါတယ် ဦးလေး”
ချန်အာ့ပါးနှင့် ဟူဇစ်တို့ ထွက်ခွာသွားသည်နှင့် ခြံဝင်းတစ်ခုလုံးမှာ ရုတ်ချည်း တိတ်ဆိတ်သွားခဲ့သည်။
ချန်ကျဲ့ အလွန်အမင်းစိတ်ချောက်ချားနေသည့် စူးယွင်ကျင်းကို လှည့်ကြည့်လိုက်သည်။ သူမ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ကြီးစိုးနေ၏။ ငွေ၂၅တုံး။
ငွေ၂၅တုံး၊ အဲဒီပမာဏကို ဘယ်လိုလုပ်ပြီး ပြန်ဆပ်နိုင်မှာလဲ!
လက်ရှိချန်မိသားစုအတွက်မူ ငွေ၂၅တုံးဟူသည် အလွန်များလွန်းသည့် ပမာဏဖြစ်သည်။
စူးယွင်ကျင်း၏ ထိုသို့အခြေအနေကိုမြင်သောအခါ ချန်ကျဲ့၏နှလုံးအိမ် စူးအောင့်သွားရသည်။
ဒီမိန်းကလေးကို ငါ့အတွက် စိုးရိမ်ပူပန်ရအောင် ငါထပ်လုပ်မိပြန်ပြီ။
စူးယွင်ကျင်းသည် ချန်ကျဲ့၏အကြည့်များကို ခံစားမိသည်။ သို့ဖြင့် ချန်ကျဲ့နှင့် အကြည့်ချင်းဆုံသွားခဲ့ရာ စူးယွင်ကျင်းသည် ငိုကြွေးသည်ထက်ပင် ပို၍ကြည့်ရဆိုးသည့် အပြုံးအား ဖျစ်ညှစ်ပြုံးပြလေသည်။
“ယောက်ျား စိတ်မပူနဲ့၊ ဘာမှမဖြစ်ပါဘူး။ သေချာပေါက် နည်းလမ်းတစ်ခုခုရှိမှာပါ…”