မိန်းမ ငါလုပ်နိုင်ပါတယ်
Vol. 3 Ch. 33
ဂျွတ်!
ဆီမီးအိမ်၏ မီးရောင်မှိန်မှိန်အောက်၌ ကလေးမလေးသည် မြေပဲကြော်တစ်စေ့ကို တိတ်တိတ်လေးယူ၍ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူမ၏မျက်နှာလေးသည် ပျော်ရွှင်မှုဖြင့် တောက်ပနေ၏။ မျက်လုံးအစုံသည်တော့ မီးရောင်မှိန်မှိန်အောက်ရှိ လူကြီးနှစ်ယောက်ကို အကဲခတ်ကြည့်နေသည်။
ထို့နောက်တွင် သူမ၏အစ်မဖြစ်သူသည် မျက်မှောင်ကြုတ်ထားကာ အစ်ကိုကြီးသည်လည်း တိတ်ဆိတ်လျက် သိသိသာသာ စိတ်ညစ်နေသည်ကို မြင်လိုက်ရသည်။
“ဒီလိုစီစဉ်ကြရအောင်”
စူးယွင်ကျင်းသည် ကြီးလေးသည့်ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက် သူမ၏မိခင်၏ ငွေရည်သွန်းကြေးဆံထိုးလေးကို စားပွဲပေါ်တင်ပေးသည်။
ထို့နောက် ဆက်ပြော၏။
“အိမ်က ဝက်ဆီအိုးက အများကြီးမသုံးရသေးဘူး။ အဲဒါကိုရောင်းရင်လည်း ပိုက်ဆံနည်းနည်းရနိုင်တယ်”
“ပြီးတော့ အိမ်မှာသိမ်းထားတဲ့ ပြောင်းဆန်တွေ၊ အရေးပေါ်သုံးဖို့ ၅ပေါင်ပဲချန်ထားပြီး ကျန်တာအကုန်ရောင်းလိုက်မယ်။ အိမ်နီးချင်းတွေ လိုအပ်မလား ကြည့်ကြတာပေါ့။ ပြီးရင်…”
စူးယွင်ကျင်းသည် ပိုက်ဆံရရန် အိမ်တွင်ရှိသည့် မည်သည့်အရာများကို ရောင်းချသင့်သည်အား ချန်ကျဲ့ကို တွက်ချက်ပေးနေသည်။
သို့သော် မည်သို့တွက်ချက်သည်ဖြစ်စေ သူတို့ပိုင်ဆိုင်သည့် ပစ္စည်းအားလုံးပေါင်း၏ တန်ဖိုးသည် ငွေနှစ်တုံးမပြည့်ပေ။
သို့သော် လိုအပ်သည့်ပမာဏမှာ ငွေ၂၅တုံးဖြစ်ရာ အဘယ်သို့ စီစဉ်ရပါအံ့နည်း။
စူးယွင်ကျင်းမှာ အလွန်စိုးရိမ်ပူပန်နေသောကြောင့် အောက်နှုတ်ခမ်းမှာ ရောင်ရမ်းလုနီး ဖြစ်လာခဲ့သည်။
စူးယွင်ကျင်းသည် အဆက်မပြတ် တွေးတောစီစဉ်ကြည့်နေခဲ့သောကြောင့် ဆံပင်များ မသပ်မရပ်ဖြစ်လာခြင်းကို သတိမထားမိချေ။ ဆံချည်မျှင်တစ်စသည် သူမ၏ပါးစပ်အတွင်းသို့ ဝင်ရောက်နေလေရာ စကားပြောလိုက်သော မရည်ရွယ်ဘဲ ဝါးမိတော့သည်။
ချန်ကျဲ့ သူမ၏ဆံပင်ကို သပ်တင်ပေးရန် လက်လှမ်းလိုက်သည်။
စူးယွင်ကျင်းသည် လန့်သွားပြီး စိုးရိမ်ပူပန်စွာပြော၏
“ရှင်ကျွန်မပြောတာကို နားထောင်နေရဲ့လား”
“အင်း ငါကြားပါတယ်”
“အဲဒါဆို ရှင်ဘယ်လိုထင်လဲ”
ချန်ကျဲ့ စူးယွင်ကျင်းကိုကြည့်၍ ပြောလိုက်သည်။
“မစိုးရိမ်နဲ့၊ ကိုယ်ဖြေရှင်းဖို့နည်းလမ်း စဉ်းစားထားပြီးပြီ”
“တကယ်လား။ သမားတော်ပိုင်ဆီကနေ ငွေ၂၅တုံးချေးဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ရှင်က အခုမှ သူ့ရဲ့အလုပ်သင်ဖြစ်ရုံပဲရှိသေးတယဒီလောက်ပိုက်ဆံအများကြီး ချေးရင် သေချာပေါက် ချေးလို့ရမှာမဟုတ်ဘူး”
ထို့နောက် ချန်ကျဲ့မှ ပြောသည်။
“အင်း။ မင်းပြောတာမှန်တယ်။ ဒါပေမဲ့ ငါသမားတော်ပိုင်ဆီက ချေးဖို့အစီအစဉ်မရှိပါဘူး။ မိန်းမ မင်းငါ့ကိုယုံတယ်မလား”
စူးယွင်ကျင်း တန့်သွားပြီး ချန်ကျဲ့အား ကြည့်လာသည်။
ဆီမီးရောင်မှိန်ဖျော့ဖျော့အောက်မှ ချန်ကျဲ့၏ ရေကဲ့သို့ နူးညံ့သည့်အကြည့်များကို စူးယွင်ကျင်း မြင်တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်၌ သူတို့နှစ်ဦးအကြား လှိုင်းဂယက်ငယ်လေးများ မွှေနှောက်သွားသည့်အလားပင်။
စူးယွင်ကျင်းသည် ချန်ကျဲ့၏ထိုအကြည့်များအောက်၌ အရည်ပျော်သွားတော့မည်ကဲ့သို့ ခံစားနေရ၏။
ဂျွတ်!
သူတို့နှစ်ဦး နူးညံ့သည့်အကြည့်များ ဖလှယ်နေကြစဉ် စည်းဝါးမကျသော အသံများထွက်ပေါ်လာသည်။ ကလေးမလေးမှ မြေပဲနောက်တစ်စေ့ ထပ်ဝါးနေခြင်းဖြစ်ပေသည်။
စူးယွင်ကျင်းသည် လက်တွေ့ဘဝသို့ အသိပြန်ရောက်သွားပြီး ပါးနှစ်ဖက်နီမြန်းသွား၏။ ထို့နောက် ခေါင်းငုံ့၍ ဆက်လက်တွက်ချက်နေသည်။
ချန်ကျဲ့ ကလေးမလေးကို လှည့်ကြည့်လိုက်သည်။ ကလေးမလေးသည် သူတို့ကို အာရုံစိုက်မနေဘဲ နှာခေါင်းနှိုက်နေ၏။ ထိုစဉ် အစ်ကိုကြီး၏အကြည့်ကို သတိထားမိလိုက်သည်။
ထို့နောက် နှာခေါင်းနှိုက်နေသည့် လက်ဖြင့်ပင် မြေပဲကိုလှမ်းယူ၍ ပြော၏။
“အစ်ကိုကြီး စားဦးမလား”
“ရွေ့ရွေ့စားပါ”
“အိုး”
သို့ဖြင့် လက်ထဲယူထားပြီးသော မြေပဲကို ပါးစပ်ထဲပစ်ထည့်စားပြန်သည်။
ဂျွတ်…
သူမ၏ပါးစပ်လေးသည် ဟမ်းစတားကောင်လေးကဲ့သို့ အထက်အောက်ရွေ့လျားကိုက်ဝါးနေ၏။
ချန်ကျဲ့ ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။ စူးယွင်ကျင်းသည် တစ်ဖန်ထပ်၍ စတင်တွက်ချက်နေပြန်သည်။
“မိန်းမ နောက်ကျနေပြီ၊ အိပ်ကြရအောင်။ ဒီကိစ္စကို ငါကိုယ့်ဘာသာ ကြည့်ဖြေရှင်းလိုက်ပါ့မယ်”
ထိုအခါ စူးယွင်ကျင်းမှ မျက်မှောင်ကြုတ်လိုက်သည်။
“ရှင်က ဘယ်လိုဖြေရှင်းမှာလဲ”
အရိပ်အမြွက်တစ်ခုခုပေး၍ ရှင်းပြသင့်ကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။ သို့မဟုတ်ပါက စူးယွင်ကျင်းသည် အိပ်ပျော်နိုင်လိမ့်မည် မဟုတ်ပေ။
“မနက်ဖြန်ကျရင် မင်းမှာရှိတဲ့ ငွေ၈စကို ငါ့ကိုပေးလိုက်။ ငါ ဦးလေးအာ့ပါးဆီကနေ ငွေ၂စသွားချေးလိုက်ရင် ငွေတစ်တုံးရပြီ။ ပြီးရင် ငါဆရာ့ဆီကို သွားမယ်။ တကယ်တော့ ဒီကိစ္စက ငါချောက်ချခံရတာ၊ အစက…”
ချန်ကျဲ့ သူချောက်ချခံရသည့်အကြောင်းအရာကို စူးယွင်ကျင်းအား ရှင်းပြလိုက်သည်။
စူးယွင်ကျင်းသည် မျက်မှောင်ကြုတ်လျက် အောက်နှုတ်ခမ်းကို ကိုက်ထား၏။ တစ်စုံတစ်ခုကို အာရုံစိုက်၍ စဉ်းစားတွေးတောနေပေသည်။
“ဒီကိစ္စမျိုး အရင်ကသာဖြစ်ခဲ့ရင် ငါတို့မှာ သေချာပေါက် လွတ်လမ်းရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုငါ့မှာ ဆရာရှိနေပြီ။ တပည့်က ဒီလိုမျိုးထောင်ချောက်ဆင်ခံရတာကို ဆရာက သေချာပေါက်ကူညီပေးမှာပါ”
“ဒါပေမဲ့ သမားတော်ပိုင်က…”
“ဆရာကတော့ ဒီကိစ္စကို ဘာမှမလုပ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ဆရာ့ရဲ့သားမက်ဝူကျုံးက ယွီပင်းနဲ့ တိုက်ရိုက်စကားပြောနိုင်တဲ့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ဦးစီးမှူးဆိုတာကို မမေ့လိုက်နဲ့လေ။ ဒီငွေပမာဏလောက်က သူတို့အတွက်က စကားလေးတစ်ခွန်းပဲ မဟုတ်လား။ ပြီးတော့ ငါက အရင်းကိုပြန်ပေးဖို့ စီစဉ်နေတာပဲ။ အဲဒါကိုတော့ ဒီတိုင်း ငါတို့ရဲ့ကံဆိုးမှုလို့ပဲ လက်ခံလိုက်ကြတာပေါ့”
ထိုအခါမှသာ စူးယွင်ကျင်း၏ မျက်ခုံးနှစ်လွှာမှာ ပြေလျော့သွားတော့သည်။
“ယောက်ျား တကယ် အဲဒီလိုသာ အဆင်ပြေသွားမယ်ဆို အရမ်းကောင်းမှာပဲ”
ချန်ကျဲ့ ပြုံး၍ ပြောလိုက်သည်။
“မင်းအခု စိတ်သက်သာသွားပြီမလား၊ မဟုတ်ဘူးလား ရွေ့ရွေ့။ မင်းအစ်မကို စားဖို့တစ်ခုခုပေးလိုက်ပါဦး။ မင်းအစ်မ ညစာကောင်းကောင်းစားမထားဘူး”
ချန်ကျဲ့၏ခေါ်သံကို ကြားသောအခါ ကလေးမလေးသည် ချက်ချင်းထရပ်၍ ပြောသည်။
“ဟုတ်ကဲ့”
ထို့နောက် အစ်ကိုကြီးမှ သူ့ကို စားခွင့်ပြုမထားသည့် ဝက်ခြေထောက်ရိုးနှင့် ပေါက်စီကို ယူလာပြီး အစ်မဖြစ်သူ၏ရှေ့တွင် နေရာချထားပြီးနောက် စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။
ချန်ကျဲ့ ဓားတစ်ချောင်းယူ၍ ပေါက်စီကို ခွဲကာ ဝက်ခြေထောက်သားအချို့ကို အစာသွပ်ထည့်လိုက်ပြီး စူးယွင်ကျင်းကို ပေးသည်။
“စားကြည့်”
စူးယွင်ကျင်းသည် ချန်ကျဲ့၏လက်ထဲရှိ ဝက်ခြေထောက်သားအစာသွပ်ပေါက်စီကို ခဏမျှကြည့်နေပြီးနောက် တစ်ကိုက်ကိုက်လိုက်သည်။
ထိုင်ကြည့်နေသည့် ကလေးမလေးမှာ သွားရည်ကျနေ၏။
“မမ ရှလွတ် အဲဒါက ဘယ်လိုအရသာမျိုးလဲဟင်”
ထိုအခါ ချန်ကျဲ့မှ ကလေးမလေးကိုပြောသည်။
“ရွေ့ရွေ့ စားချင်လို့လား။ ဒါပေမဲ့ ဒါက မမအတွက်လေ”
“ရွေ့ရွေ့ မစားပါဘူး၊ အနံ့ခံကြည့်ချင်ရုံပါ”
ကလေးမလေး၏စကားကြောင့် ချန်ကျဲ့ ခွက်ထိုးခွက်လှန်ရယ်မိတော့သည်။ စူးယွင်ကျင်းမှ ချန်ကျဲ့အား မျက်စောင်းထိုးကြည့်လာ၏။
“ရွေ့ရွေ့ကို စမနေနဲ့တော့။ မမ စားလို့မကုန်ဘူး၊ ရွေ့ရွေ့ စား”
“မဟုတ်တာတွေ”
ချန်ကျဲ့မှ ပြောလိုက်သည်။ ထို့ပြင် ကလေးမလေးမှလည်း ပြောလာသည်။
“မမ စားပါ။ ရွေ့ရွေ့က ဒီတိုင်းမေးကြည့်ရုံပဲ၊ မစားပါဘူး”
ချန်ကျဲ့ ကလေးမလေး၏ခေါင်းကို ဖွဖွပုတ်လိုက်သည်။
“လိမ္မာလိုက်တာ၊ ဒီတစ်ခုက မမအတွက်ဆိုတော့ အစ်ကိုကြီး ရွေ့ရွေ့အတွက် တစ်ခုလုပ်ပေးရမလား”
“အင်း-အင်း”
ကလေးမလေးသည် အားတက်သရော ခေါင်းညိတ်၏။
ချန်ကျဲ့သည် စူးယွင်ကျင်းအတွက် ပေါက်စီကို အစာသွပ်ပေးသကဲ့သို့ ကလေးမလေးအတွက်လည်း တစ်ထပ်တည်းလုပ်ပေးခဲ့သည်။ ညီအစ်မနှစ်ဦးသည် ပျော်ရွှင်စွာ စားသောက်နေကြလေသည်။
ညီအစ်မနှစ်ဦး စားသောက်နေသည့်ပုံရိပ်ကို ကြည့်လျက် ချန်ကျဲ့သည် အလွန်တရာ ကျေနပ်ပီတိဖြစ်နေမိသည်။ သို့သော် နောက်တစ်ခဏတွင် သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ဖုံးလွှမ်းလာ၏။
အဲဒီ မာလျို့၊ စန်းလျို့ လူယုတ်မာနှစ်ကောင် ငါ့မိန်းမကို မျက်စိကျနေတာက ဒီတိုင်းဆက်သွားလို့မဖြစ်ဘူး။
ကိုယ့်ကိုယ်ကိုယ်သတ်သေသွားသည့် ချွေးအာကဲ့သို့ အကျပ်အတည်းမျိုးကို ချန်ကျဲ့သည် စူးယွင်ကျင်းအား ဘယ်သောအခါမျှ ကြုံတွေ့ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ထိုစဉ် ရှန်းထောင်မြို့ ယွီစံအိမ်တော်၌
ယွီစန်းလျို့သည် စားကောင်းသောက်ဖွယ်များ အပြည့်ခင်းကျင်းထားသော စားပွဲရှေ့တွင် ထိုင်နေသည်။ ဘေးတွင် ချောမောသော အသွင်အပြင်ရှိသည့် အမျိုးသမီးတစ်ဦးမှ သူ့အား အစားအသောက်များ ခွံ့ကျွေးနေသည်။
မာလျို့သည် ယွီစန်းလျို့၏နောက်တွင် ရပ်နေ၏။
ယွီစန်းလျို့သည် အမျိုးသမီးမှ အခွံနွှာပေးထားသည့် ပုစွန်ကိုဝါးရင်း သေရည်တစ်ငုံသောက်လိုက်ပြီး မေးသည်။
“မင်းပြောတာ ချန်ကျိုစစ်ကို ပိုင်ဝမ်ကျင့်က တပည့်အဖြစ် အလုပ်သင်ခန့်ထားတယ်ပေါ့လေ”
“ဟုတ်ပါတယ်”
“အာ… ဒါဆိုရင်တော့ နည်းနည်းဒုက္ခများသွားပြီ။ မင်းဘာလုပ်ထားခဲ့လဲ”
ယွီစန်းလျို့သည် မျက်ခုံးနှစ်ခုကြားနေရာသို့ လက်ဖြင့်ဖိနှိပ်နေသည်။
မာလျို့မှ ပြန်ဖြေသည်။
“အဲဒီချန်ကျိုစစ်က ငွေပြန်ဆပ်ဖို့အတွက် ငွေရှာဖို့ အချိန်နည်းနည်းပေးဖို့ တောင်းဆိုတယ်။ ကျွန်တော်က ဦးဆုံးသဘောတူလိုက်ပြီး ပြန်ဆပ်ရမယ့်အတိုးကို ငွေ၂၅တုံး
နဲ့ ၃ရက်အချိန်ပေးမယ်ပြောခဲ့တယ်။ အကယ်၍ အဲဒီလိုလုပ်ခဲ့တာ မသင့်တော်ဘူးဆိုရင် ကျေးဇူးပြုပြီး သခင်လေး ကျွန်တော့်ကို အပြစ်ပေးနိုင်ပါတယ်”
ယွီစန်းလျို့မှ ခေါင်းညိတ်၍ပြောသည်။
“အမ်း မင်းဆုံးဖြတ်ပြီးပြီဆိုမှတော့ မင်းပြောခဲ့တဲ့အတိုင်းပဲ ဆက်လုပ်ပါ။ ၃ရက်ပြည့်ပြီးရင် လူတချို့ခေါ်ပြီး အကြွေးသွားတောင်းလိုက်ပေါ့”
“ဒါပေမဲ့ သခင်လေး သူက ပိုင်ဝမ်ကျင့်ရဲ့တပည့်နော်။ ဝူကျူံးကို ဘယ်လိုလုပ်မလဲ”
“သူက ပိုင်ဝမ်ကျင့်ရဲ့တပည့်ဆိုတော့ရော ဘာဖြစ်လဲ။ အကြွေးယူထားရင် ပြန်ဆပ်ရတယ်ဆိုတာ ဖြစ်သင့်တဲ့အရာပဲလေ။ အကြွေးစာရင်းစာရွက်ရှိနေသ၍ ပိုင်ဝမ်ကျင့်က သူ့အဖေဖြစ်နေရင်တောင်မှ ငါအကြွေးပြန်တောင်းရဲတယ်။ ဘာလို့ကြောက်နေရမှာလဲ။ မင်းလုပ်သင့်တာကိုသာ လုပ်စမ်းပါ”
“ဟုတ်ကဲ့ပါ သခင်လေး၊ နားလည်ပါပြီ”
မာလျို့ ရုတ်ချည်းခေါင်းညိတ်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့်
“ဒါနဲ့ သခင်လေး၊ သခင်ကြီးကရော”
ယွီစန်းလျို့သည် မာလျို့အား စူးရဲစွာ စိုက်ကြည့်လာ၏။
“မာလျို့ မင်း ဒါကိုမှတ်ထား၊ မင်းက ငါ့လူပဲ။ လူအိုကြီးကို ငါကိုင်တွယ်လိုက်မယ်။ ပြီးတော့ လူအိုကြီးက လွန်ခဲ့တဲ့ရက်တွေက တောင်ပေါ်က ရတနာတွေကို ရှာနေတာ။ ငါဘာလုပ်နေလဲဆိုတာကို ဂရုစိုက်ဖို့ သူ့မှာ ဘယ်လိုလုပ်ပြီး အချိန်ရှိနေမှာလဲ၊ ဟုတ်တယ်မလား ဟားဟား…”
“ဟုတ်ကဲ့ပါ သခင်လေး၊ ကျွန်တော် နားလည်ပါတယ်။ သခင်လေး ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ပါ့မယ်”
ယွီစန်းလျို့မှ ပြောသည်။
“သွားပြီး လုပ်စရာရှိတာလုပ်တော့”
ယွီစန်းလျို့ မတ်တပ်ထရပ်၍ နောက်ဘက်တွင်ရပ်နေသည့် မျက်ရည်များစီးကျနေသော လှပသော အမျိုးသမီးငယ်လေးတစ်ဦးကို ညွှန်ပြသည်။
“မင်း ငါ့အခန်းထဲလိုက်ခဲ့”
“အာ~”
ယွီစန်းလျို့မှ စူးရဲစွာ စိုက်ကြည့်လျက် သူမ၏အနီးသို့ ချဉ်းကပ်လာသောအခါ အမျိုးသမီးငယ်လေးမှာ ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။
“မိန်းမငယ်လေးရယ် မင်းလည်း မင်းရဲ့ယောက်ျားကို ဒုက္ခိတဖြစ်မသွားစေချင်ပါဘူး ဟုတ်တယ်မလား”
“စကားနားထောင်နော် အချစ်လေး~ အခုက မင်းအတွက် ညနေခင်းအတန်းချိန်ပဲ”