နောက်ဆုံးရအချက်အလက်များ
Vol. 3 Ch. 34
[ဒီနေ့အတွက် နောက်ဆုံးရအချက်အလက်များ ဖြည့်သွင်းပြီးပါပြီ (အဆင့် ၁)]
[၁၊ ဒီနေ့ သင် ဘိုးဘေးကြီး လက်သီးသိုင်းကို သင်ယူခဲ့ခြင်းမှ ရရှိခဲ့သည့်အချက်အလက်ဖြစ်ပါတယ်။ ဘိုးဘေးကြီးလက်သီးသိုင်းကို ဘိုးဘေးစုန့်မှ ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းကို အခြေခံအုတ်မြစ်၊ လက်သီးသိုင်းအားလုံး၏ မိခင်လို့ သတ်မှတ်နိုင်တယ်။ ဒီသိုင်းကို မင်ကျင့်အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်နိုင်တယ်။ သင့်ရဲ့အရည်အချင်းနဲ့ဆိုရင် နှစ်ရက်အတွင်းမှာ အခြေခံအဆင့်ကို ရောက်ရှိနိုင်ပြီး တစ်လအတွင်း တတ်မြောက်တဲ့အဆင့်ကို ရောက်နိုင်ကာ တစ်နှစ်အတွင်း သေးငယ်တဲ့အောင်မြင်မှုကို ရရှိနိုင်တဲ့အဆင့်ကို ရောက်ရှိနိုင်ပါတယ်။ ၅နှစ်အတွင်းမှာ အောင်မြင်မှုကြီးရရှိနိုင်ပြီး ၁၀နှစ်မှာတော့ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိနိုင်ပါတယ်]
[၂၊ ဒီနေ့ သင် ဝူဟုန်ဆီကနေ သိုင်းပညာနယ်ပယ်အမျိုးအစားများအကြောင်း သင်ယူခဲ့ခြင်းမှ ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ သိုင်းပညာဆိုတာက ချီစွမ်းအင်နဲ့ သွေးကို ပြုစုပျိုးထောင်တဲ့ ပညာရပ်ဖြစ်တယ်။ သိုင်းပညာနယ်ပယ်အဆင့် တိုးတက်ခြင်းက သိုင်းကွက်တွေကို ဖြည့်စွက်ပေးနိုင်တယ်။ ကောင်းကင်ရတနာ၊ မြေရတနာနဲ့ သက်စောင့်ဆေးတွေက နယ်ပယ်အဆင့်တိုးတက်ဖို့အတွက် အရှိန်အဟုန်တိုးမြှင့်ပေးနိုင်တယ်]
[၃၊ ဒီနေ့ သင် မာလျို့ရဲ့ အကြွေးဆပ်ဖို့ ဖိအားပေးခံခဲ့ရခြင်းမှ ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ မာလျို့က သင့်ရဲ့ ငွေ၂၅တုံးပြန်ဆပ်မယ့်အကြောင်း ယွီစန်းလျို့ဆီ အကြောင်းကြားခဲ့ပြီးပါပြီ။ ဒါပေမဲ့ ယွီစန်းလျို့က သင့်ကို လွှတ်ပေးဖို့အတွေး မရှိပါဘူး။ မာလျို့ကို သင်သုံးရက်အတွင်း အကြွေးပြန်ဆပ်အောင် သင့်ကို ဖိအားပေးဖို့ အမိန့်ပေးထားပါတယ်]
[၄၊ ဒီနေ့ သင် ဦးလေးအာ့ပါးကို တွေ့ခဲ့ခြင်းမှ ရရှိခဲ့သော အချက်အလက်ဖြစ်ပါတယ်။ ဦးလေးအာ့ပါးက အိမ်ပြန်ပြီး အဒေါ်အာ့ပါးကို ငွေတောင်းခဲ့ပါတယ်။ အဒေါ်အာ့ပါးက တွန့်ဆုတ်နေခဲ့ပေမဲ့ ငွေနှစ်တုံးထုတ်ပေးခဲ့တယ်။ မနက်ဖြန်ကျရင် ဟူဇစ်က သင့်ကို လာပေးပါလိမ့်မယ်]
[၅၊ ဒီနေ့ သင် အနောက်ဘက်တောင်ခြေကို ဖြတ်သွားရာမှ ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ ဒီနေ့မနက်၅နာရီမှာ နှစ်၃၀သက်တမ်းရှိ မျက်လုံးနီရွှေကြက်တစ်ကောင် ဒဏ်ရာရပြီး ဝံပုလွေချောက်ထဲကို ပြုတ်ကျမှာဖြစ်ပါတယ်]
ညဘက်တွင် ချန်ကျဲ့ အိပ်ပျော်နေရာမှ နိုးလာသည်။ စနစ်၏ အချက်အလက်များသည် နောက်ဆုံးရအချက်အလက်များ ဖြည့်သွင်းပြီးဖြစ်သည်။
ချန်ကျဲ့ အစမှ အဆုံးအထိ ဖတ်ကြည့်လိုက်ပြီးနောက် စတင်ဆန်းစစ်သည်။
နံပါတ်တစ်အချက်အလက်သည် ဒီနေ့သင်ယူခဲ့သည့် ဘိုဘေးကြီးလက်သီးသိုင်းအကြောင်းဖြစ်သည်။ အချက်အလက်တွင် ဖော်ပြထားသည်မှာ ၎င်းသည် အခြေခံလက်သီးသိုင်းပညာရပ် ဖြစ်သော်ငြား အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအတွက် အကျိုးရှိသည်။ ပြီးပြည့်စုံသည့်အဆင့်အထိ လေ့ကျင့်နိုင်လျှင် မင်ကျင့်အထွတ်အထိပ်အဆင့်အထိ ရောက်ရှိနိုင်သည်ဟူ၏။
မင်ကျင့်အထွတ်အထိပ်အဆင့်က ဝူကျုံးနဲ့ ယွီပင်းတို့ တက်လှမ်းဖို့ကြိုးစားနေကြတဲ့ နယ်ပယ်အဆင့် မဟုတ်ဘူးလား။
မင်ကျင့်နယ်ပယ်တွင် အရေပြားအကာအကွယ်နှင့် အသားအကာအကွယ်ဟူ၍ နှစ်မျိုးရှိသည်။ ဤနည်းဖြင့်ကြည့်လျှင် ကျင့်ကြံသူသည် ဘိုးဘေးကြီးလက်သီးသိုင်းအား အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိခြင်းဖြင့် အရေပြားအကာအကွယ်အဆင့်သို့ ရောက်ရှိနိုင်ပြီး သိုင်းပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ရနိုင်သည်။ ၅နှစ်လေ့ကျင့်၍ အောင်မြင်မှုကြီးရရှိသည့်အဆင့်သို့ ရောက်ရှိခြင်းသည် အသားအကာအကွယ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ပြီး မင်ကျင့်နယ်ပယ်အဆင့်သို့ ဝင်ရောက်သွားမည်ဖြစ်သည်။ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိလျှင် ထိုကျင့်ကြံသူသည် အမှောင်စွမ်းအားအဆင့်သို့ ရောက်ရှိလုနီးပြီဟု သတ်မှတ်နိုင်လိမ့်မည် မဟုတ်ပါလော။
ချန်ကျဲ့ တစ်ဦးတည်းတွေးတောပြီးနောက် ကျေနပ်သွားခဲ့သည်။ ခြုံငုံကြည့်လိုက်သော် ဝူကျုံးနှင့် ယွီပင်းတို့သည် အသက်၄၀ ဝန်းကျင်အရွယ်များဖြစ်ကြပြီး အရေပြားအကာအကွယ်အဆင့်၌သာ ရှိကြသေးသည်။ အထူးသဖြင့် အသားအကာအကွယ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်၍ မင်ကျင့်နယ်ပယ်အဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် ကောင်းကင်ရတနာနှင့်မြေရတနာတို့ကို လိုက်လံရှာဖွေစုဆောင်းနေရသည့် ယွီပင်းဖြစ်သည်။
ဒီလိုလေ့ကျင့်မှုမျိုးနဲ့တောင် သူတို့ကို လိုက်မီဖို့အတွက် ၅နှစ်ပဲကြာမှာပဲ။ အဲဒီအချိန်ကျရင် ငါက ၂၃နှစ်ပဲရှိဦးမှာ။ ဒီလိုကြည့်လိုက်ရင် ငါ့ရဲ့အထုံပါရမီက သေချာပေါက် အားကောင်းတာပဲ။
အနည်းဆုံးတော့ ဝူကျုံးနဲ့ ယွီပင်းတို့ထက် အများကြီးပိုကောင်းတယ်။
ခြုံငုံကြည့်လိုက်ရင် သူတို့က အထုံပါရမီအားနည်းကြတာပဲနေမှာ။
ဒါပေမဲ့ အထုံပါရမီဆိုတာ တစ်စိတ်တစ်ပိုင်းပဲ သက်ရောက်မှုရှိတာပါလေ။ ကောင်းကင်ရတနာ၊ မြေရတနာတွေနဲ့ သက်စောင့်ဆေးတွေက နယ်ပယ်တိုးတက်မှုကို အရှိန်အဟုန်တိုးမြှင့်ပေးနိုင်တယ်ဆိုတဲ့ နံပါတ်၂အချက်အလက်အရဆို ဒီကမ္ဘာမှာ အရင်းအမြစ်တွေက ပိုအဖိုးတန်တဲ့ပုံပဲ။
တစ်နည်းဆိုရသော် အပြင်းအထန်ကြိုးစားလေ့ကျင့်ခြင်းသည် ဆေးလုံးများ စားသုံးသူ၏ တိုးတက်မှုအရှိန်နှုန်းကို လိုက်မီနိုင်လိမ့်မည်မဟုတ် ဟူ၍ဖြစ်သည်။
ဒါလည်း နားလည်နိုင်ပါတယ်လေ။ ဆေးလုံးတွေက ကျင့်ကြံမှုကို ကူညီထောက်ပံ့ပေးနိုင်တယ်ဆိုတာက တကယ်တမ်းကျ အခြေခံအသိပညာပဲလေ။
နံပါတ်၃နှင့်၄အချက်အလက်များသည် မာလျို့၏အကြွေးနှင့်ပတ်သက်သော အကြောင်းအရာများဖြစ်သည်။ ဦးလေးအာ့ပါး၏ သူ့ကို ငွေအားဖြင့်ကူညီပေးလိုသည့် စိတ်ထားသည် ချန်ကျဲ့ တစ်သက်လုံး အမှတ်ရသွားမည့် ကြင်နာမှုဖြစ်သည်။
သူ့ကို လွှတ်ပေးရန်အတွေးမရှိသည့် မာလျို့အတွက်မူ ချန်ကျဲ့၏နှုတ်ခမ်းထောင့်စွန်းများသည် အေးစက်သည့် အပြုံးအသွင်သို့ တွန့်ကွေးသွား၏။ ချန်ကျဲ့သည်လည်း သူ့အား လွှတ်ပေးရန် အတွေးမရှိပါချေ။
ယွင်ကျင်းကို ပါဝင်ပတ်သက်ခြင်း မရှိစေလိုသောကြောင့်သာ မဟုတ်ခဲ့လျှင် ချန်ကျဲ့သည် မာလျို့အား ဒီနေ့ညကျော်သည်အထိ အသက်ရှင်ခွင့်ပေးထားခဲ့မည် မဟုတ်ပေ။
နောက်ဆုံးနံပါတ်၅အချက်သည် ချန်ကျဲ့ အာရုံအစိုက်မိဆုံးသောအချက်ဖြစ်သည်။ မျက်လုံးနီရွှေကြက်။ ထိုအရာကို ချန်ကျဲ့ မကြားဖူးပေ။ သို့သော် အသေးစိတ်အချက်တစ်ခုသည် ချန်ကျဲ့၏အာရုံကို ဆွဲဆောင်ထား၏။ - နှစ်သုံးဆယ်သက်တမ်းရှိ မျက်လုံးနီရွှေကြက်။
ငှက်မျိုးနွယ်များသည် ယေဘုယျအားဖြင့် ၇နှစ်၊ ၈နှစ်ခန့်သာ သက်တမ်းရှိကြပြီး အသက်မရှည်ကြသောကြောင့် ဤအချက်သည် အကြောင်းအရာအများအပြားကို ညွှန်ပြနေသည်။ သာမန်ရွှေကြက်တစ်ကောင်သည်လည်း ၇နှစ်၊ ၈နှစ်ခန့် သက်တမ်းဖြင့်သာ သေဆုံးလေ့ရှိခြင်း ဖြစ်နိုင်ပေသည်။
သို့သော် နှစ်သုံးဆယ်ကြာ အသက်ရှင်နေသည့် မျက်လုံးနီရွှေကြက်သည်တော့ အဓိပ္ပာယ်တစ်ခုခုရှိနေနိုင်၏။
သာမန်ကြက်များသည် ထိုမျှသက်တမ်းရှည်ကြာသည်အထိ အသက်မရှည်နိုင်ပေ။
ဆိုလိုသည်မှာ ထိုကြက်သည် လောက၏ ထူးခြားသည့် ကောင်းကင်ရတနာ၊မြေရတနာတစ်ပါး ဖြစ်နိုင်ပေသည်။
ထိုအတွေးဖြင့် ချန်ကျဲ့မှာ အိပ်ချင်စိတ် ပျောက်သွားတော့သည်။
ချန်ကျဲ့ အိပ်ရာထ၍ ယန်ချွမ်ကျင့်စဉ်ကို ကျင့်ကြံသည်။ ၅နာရီခန့်မျှ အိပ်စက်ထားပြီးပြီဖြစ်ရာ အိပ်ရေးဝနေပြီဟု ခံစားရ၏။
ထို့နောက် ချန်ကျဲ့သည် အိပ်ရာမှထကာ ခြေသံဖွဖွနင်းလျှောက်၍ စူးယွင်ကျင်း၏အခန်းဘက်မှ လှုပ်ရှားမှုရှိ၊မရှိ ကြည့်လိုက်သည်။ ချန်ကျဲ့ ခြံဝင်းထဲသို့ တိတ်တဆိတ်ထွက်လာခဲ့၏။
အချိန်သည် နီးကပ်နေပြီဖြစ်ရာ ချန်ကျဲ့မှာ သေးငယ်သောနှောင့်နှေးမှုလေးကိုပင် အဖြစ်မခံနိုင်ပါချေ။ သို့သော် တောင်ပေါ်သို့သွားရန် မှောင်နေသေးသောကြောင့် အကြိမ်အနည်းငယ်မျှ လက်သီးသိုင်းလေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။
ဤကမ္ဘာတွင် ခိုင်မြဲစွာရပ်တည်၍ မိမိကာကွယ်လိုသူများကို ကာကွယ်ပေးလိုပါက သိုင်းပညာအင်အားရှိရန် မရှိမဖြစ်လိုအပ်ပေသည်။
ဘိုးဘေးကြီးလက်သီးသိုင်း အစပြုကိုယ်နေဟန်ထား၊ သဲပင်လယ်ခပ်ယူခြင်း၊ လက်ဖဝါးခြေလှမ်းထိုးသွင်းတိုက်ကွက်…
အမှောင်ထုထဲ၌ ချန်ကျဲ့သည် ဘိုးဘေးကြီးလက်သီးသိုင်းကို စိတ်နှလုံးပုံအပ်၍ လေ့ကျင့်နေသည်။ လှုပ်ရှားမှုများကို အစအဆုံးနှစ်ကြိမ် လေ့ကျင့်ပြီးသောအခါ တစ်ကိုယ်လုံး ချွေးများရွှဲနစ်သွားတော့သည်။ ချန်ကျဲ့ အဝတ်ချွတ်၍ အပေါ်ပိုင်းအဝတ်ဗလာဖြင့် ဆက်လက်လေ့ကျင့်သည်။ အစအဆုံးရှစ်ကြိမ်ခန့်လေ့ကျင့်ပြီးသောအခါ ချန်ကျဲ့၏ခန္ဓာကိုယ်သည် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့လေပြီ။
မောပန်းစွာအသက်ရှူနေရကာ အလွန်တရာပင်ပန်းနွမ်းနယ်လွန်းသောကြောင့် ချန်ကျဲ့ ဆက်လက်၍ မလေ့ကျင့်နိုင်တော့ပေ။ ထိုစဉ် သမားတော်ပိုင်ကို သယ်၍ တောင်အောက်သို့ ဆင်းခဲ့စဉ်တွင်လည်း ဤသို့ခံစားခဲ့ရဖူးသည်ကို ချန်ကျဲ့ သတိရလိုက်သည်။ ထိုစဉ်က ဆက်မလျှောက်နိုင်လုနီးပါး ဖြစ်ခဲ့သော်ငြား ယန်ချွမ်ကျင့်စဉ်ဖြင့် အသက်ရှူနှုန်းကို ထိန်းညှိပြီးနောက်တွင် ဆက်လက်လုပ်ဆောင်နိုင်ခဲ့သည်။
ထိုအတွေးဖြင့် ချန်ကျဲ့သည် အသက်ရှူနှုန်းကိုထိန်းညှိ၍ အံကိုတင်းတင်းကြိတ်ကာ ပင်ပန်းမှုကို တောင့်ခံနေလိုက်သည်။
ယန်ချွမ်ကျင့်စဉ်သည် ထိရောက်မှုရှိသော်ငြား ချက်ချင်းအကျိုးသက်ရောက်မှုရှိသည် မဟုတ်ပေ။ ယန်ချွမ်ကျင့်စဉ်ဖြင့် အသက်ရှူနှုန်းကို ထိန်းညှိ၍ ကျင့်စဉ်တစ်ကြိမ်စာ အပြည့်ပြီးဆုံးပြီးနောက်တွင် ခန္ဓာကိုယ်သည် အတော်လေး ပြန်လည်အားပြည့်လာကြောင်း ခံစားလိုက်ရသည်။
ချန်ကျဲ့ ယန်ချွမ်ကျင့်စဉ်ကို ဆက်လက်ကျင့်ကြံသည်။ အချိန်ကြာလာသည်နှင့်အမျှ ကျင့်စဉ်အစအဆုံးအား ဆက်လက်ကျင့်ကြံခဲ့သည်မှာ ၁၂ကြိမ်မြောက်လော၊ ၁၃ကြိမ်မြောက်လောပင် မသိနိုင်တော့ပေ။
ချန်ကျဲ့ ခန္ဓာကိုယ်ပေါ့ပါးမှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဘိုးဘေးကြီးလက်သီးသိုင်းကို တစ်ဖန်ပြန်လေ့ကျင့်ချိန်တွင် အများကြီး အားစိုက်ထုတ်ရခြင်း မရှိသကဲ့သို့ ခံစားရပေသည်။
ပို၍အံ့အားသင့်ဖွယ်ကောင်းသည့်အချက်မှာ ဘိုးဘေးကြီးလက်သီးသိုင်းနှင့် ယန်ချွမ်ကျင့်စဉ်တို့ကို ပေါင်းစပ်လိုက်သောအခါ သူ၏လက်သီးသိုင်းအင်အားမှာ သိသိသာသာ တိုးတက်လာခဲ့ခြင်းကို ရှာဖွေတွေ့ရှိခဲ့ရခြင်းပင်။
ချန်ကျဲ့ အလွန်ပျော်ရွှင်ဝမ်းမြောက်သွားခဲ့သည်။
ပြောင်းလဲမှုကို ခံစားမိသောကြောင့် ချန်ကျဲ့သည် မိမိ၏တိုးတက်မှုဇယားကို တွေးမိလိုက်သည်။ ထို့ကြောင့် ဆင့်ခေါ်လိုက်သည်။
ဇယား :
[ချန်ကျဲ့]
[နယ်ပယ် : မရှိသေး]
[ကျင့်စဉ် : ယန်ချွမ်ကျင့်စဉ် (အခြေခံအဆင့်)၊ ဘိုးဘေးကြီးလက်သီးသိုင်း (အခြေခံအဆင့်)]
[အကဲဖြတ်ခြင်း : သင့်မှာ သိုင်းပညာနှင့်ပတ်သက်ပြီး အထုံပါရမီရှိပါတယ်။ သင်ဟာ ယန်ချွမ်ကျင့်စဉ်နဲ့ ဘိုးဘေးကြီးလက်သီးသိုင်းရဲ့ ပေါင်းစပ်မှုက အင်အားကို လျင်မြန်စွာတိုးတက်စေနိုင်တဲ့ ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိတာကို ရှာတွေ့ခဲ့ပါပြီ]
ဇယားထက်ရှိ အချက်အလက်များကို ချန်ကျဲ့ ကြည့်နေခဲ့သည်။
နယ်ပယ်မရှိသေးဟူသည့် အချက်သည် ချန်ကျဲ့ကို မအံ့ဩစေပါ။ အနိမ့်ဆုံးနယ်ပယ်အဖြစ် မှတ်တမ်းတင်ခံရလိုလျှင်သော်မှ ဦးစွာ သိုင်းပညာရှင်တစ်ဦး ဖြစ်ရဦးမည်ဖြစ်သည်။ ချန်ကျဲ့မှာ အရေပြားအကာအကွယ်အား ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးလေရာ သိုင်းပညာရှင် မဟုတ်သေးပေ။
သို့သော် မှတ်တမ်းတင်ထားသည့် ကျင့်စဉ်များသည် ချန်ကျဲ့ကို စိတ်ကျေနပ်မှုနှင့် အံ့အားသင့်မှုအား ခံစားရစေခဲ့သည်။ ဤရက်များအတွင်း ယန်ချွမ်ကျင့်စဉ်အား လေ့ကျင့်ချိန်တွင်ဖြစ်စေ၊ အိပ်ချိန်တွင်ဖြစ်စေ အသုံးပြုနေခဲ့ခြင်းသည် ကျင့်စဉ်အား ပို၍နက်ရှိုင်းစွာ နားလည်သဘောပေါက်လာစေကာ အခြေခံအဆင့်သို့ ရောက်ရှိသွားစေခဲ့သည်။ ၎င်းသည်လည်း အံ့အားသင့်ဖွယ် မဟုတ်ပါချေ။
ချန်ကျဲ့အား အံ့အားသင့်စေခြင်းမှာ ဘိုးဘေးကြီးလက်သီးသိုင်းသည်လည်း အခြေခံအဆင့်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ စနစ်၏အချက်အလက်တွင် အခြေခံအဆင့်သို့ရောက်ရှိရန် နှစ်ရက်လိုအပ်မည်ဟု ရှင်းရှင်းလင်းလင်းဖော်ပြထားခဲ့၏။ သို့သော် ယခု၌ တစ်ညအတွင်း အခြေခံအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဘယ်လိုဖြစ်တာလဲ။
ချန်ကျဲ့ နားမလည်နိုင်ဖြစ်နေခဲ့သည်။ သို့သော် ထိုသို့မြန်ဆန်သွားရသည့် အကြောင်းရင်းမှာ ယန်ချွမ်ကျင့်စဉ်ကြောင့်ဖြစ်ကြောင်းကို တဖြည်းဖြည်း နားလည်လာခဲ့ရသည်။ သူ၏မူလအခြေအနေအရ လက်သီးသိုင်းအား ၈ကြိမ်ထက်ပို၍ လေ့ကျင့်နိုင်လိမ့်မည် မဟုတ်ပေ။
ပုံမှန်အားဖြင့် ၈ကြိမ်လေ့ကျင့်ပြီးနောက်တွင် အနားယူလိုက်ရပြီး မည်သည့်အချိန်မှ ပြန်လည်လေ့ကျင့်နိုင်လိမ့်မည်ကိုလည်း မသိနိုင်လောက်ပေ။
သို့သော် ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်ကို ကြားဖြတ်အသုံးပြု၍ အသက်ရှူနှုန်းကို ထိန်းညှိပြီး ဆက်လက်လေ့ကျင့်ခဲ့သည်။ ပုံမှန်အားဖြင့် နှစ်ရက်ခန့် အချိန်ယူရနိုင်သည့် အကြိမ်ရေစုစုပေါင်း ၂၀၊ ၃၀ခန့်သော လေ့ကျင့်မှုအား တစ်ရက်အတွင်း တစ်ဆက်တည်းလေ့ကျင့်ခဲ့သည်။
သို့ဖြစ်ရာ အဘယ်သို့များ ညတွင်းချင်း အခြေခံအဆင့်သို့ မရောက်ရှိနိုင်ဘဲ ရှိပါအံ့နည်း။
သေချာစဉ်းစားဆုံးဖြတ်ကြည့်လျှင် ထိုအကျိုးဆောင်မှုသည် ယန်ချွမ်ကျင့်စဉ်ကြောင့် ဖြစ်ပါ၏။
သို့ဖြင့် ချန်ကျဲ့သည် ကျင့်စဉ်များအပေါ် ပို၍စိတ်ဝင်စားလာခဲ့သည်။
အဖိုး လက်ဆင့်ကမ်းပေးခဲ့တဲ့ ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်တဲ့ ကျင့်စဉ်က တကယ်ရော ကျန်းမာရေးတစ်ခုတည်းအတွက်ပဲ ဟုတ်ရဲ့လား။