စတင်ခြင်းအခန်းကဏ္ဍများ
Vol. 3 Ch. 37
နောက်ဆုံး၌ ချန်ကျဲ့သည် မျက်လုံးနီရွှေကြက်အား ရှန်းထောင်မြို့၏ရွာအကြီးအကဲရာထူးအတွက် ယွီပင်းနှင့် ယှဉ်ပြိုင်မည့် ဝူကျုံးကို ရောင်းပေးလိုက်ရသည်။
နှစ်ဖက်လုံးသည် သူတို့၏ နောက်ဆုံးသောတွန်းကန်မှုကို ပြုလုပ်နေကြ၏။
ယွီပင်းသည် ဝူကျုံးထက် ပို၍အားနည်း၏။ ဝူကျုံးသည် အရေပြာသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ဖြစ်၍ မင်ကျင့်နယ်ပယ် အလယ်အလတ်အဆင့်ရှိအင်အားကို ပိုင်ဆိုင်ထားပေသည်။
ကောင်းကင်ရတနာ၊မြေရတနာများကို ရှာဖွေကြသည့်အကြောင်းအရင်းမှာ အရေပြားသန့်စင်ခြင်းအဆင့်မှ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ ထိုးဖောက်တက်လှမ်းနိုင်ရန်အတွက် ဖြစ်သည်။
ဝူကျုံးသည် လွန်ခဲ့သည့်နှစ်များကတည်းက အသားအကာအကွယ်အဆင့်ကို ထိုးဖောက်ခဲ့ပြီးဖြစ်သောကြောင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။
သို့သော် ဝူကျုံးသည် ငါးဖမ်းကုန်သည်အဖွဲ့၏ဦးစီးမှူးဖြစ်လာခဲ့ပြီးနောက်တွင် သူ၏ဘဝသည် သက်သောင့်သက်သာဖြစ်လာခဲ့သည်။ ဝူကျုံးသည် ပဋိပက္ခများကို မနှစ်ခြိုက်ပေ။ ထို့ကြောင့် သိုင်းပညာလေ့ကျင့်ခြင်းအား စိတ်အားထက်သန်မှု မရှိပေ။ ထို့ကြောင့် ဆယ်စုနှစ်တစ်ခုနီးပါး သိုင်းပညာမလေ့ကျင့်ဘဲ လျစ်လျူရှုထားခဲ့သည်။
ယခု၌ ဝူကျုံးမှာ ဝမ်းဗိုက်တွင် အသားပိုများစု၍ ပူဖောင်းနေခဲ့ကာ လက်မောင်းကြွက်သားများသည်လည်း ယခင်ကဲ့သို့ တင်းတင်းရင်းရင်း မရှိတော့ပေ။ သူ၏အင်အားသည်လည်း လျော့နည်းသွားပြီဖြစ်ကြောင်း သိသာထင်ရှား၏။ သို့ဖြစ်ရာ သိုင်းပညာလေ့ကျင့်ခြင်း၌ သူ၏ကိုယ်ပိုင်အစွမ်းအစတစ်ခုတည်းကိုသာ မှီခို၍ အချိန်တိုအတွင်း တိုးတက်စေခြင်းငှာ မဖြစ်နိုင်တော့ပေ။
ကံကောင်းထောက်မစွာဖြင့် သမားတော်ပိုင်၌ ဝူကျုံး၏ခန္ဓာကိုယ်ကို တောင့်တင်းခိုင်မာစေ၍ အင်အားတိုးတက်စေနိုင်မည့် ဆေးညွှန်းရှိနေသည်။ အတော်လေးအဖိုးတန်သည့် အရင်းအမြစ်များကို လိုအပ်သည့်တိုင် နည်းလမ်းတော့ ရှိနေသေးပေသည်။
ဤမျက်လုံးနီရွှေကြက်သည် ဝူကျုံး လိုအပ်နေသည့်အချိန်တွင် နှင်းထူထပ်သည့်ရာသီဥတုတွင် မီးသွေးခဲပေးပို့လိုက်သည့်အလား အချိန်ကိုက်ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ထို့ကြောင့်ပင် ဝူကျုံးသည် ထိုမျက်လုံးနီရွှေကြက်အား အလွန်မက်မောနေရခြင်းဖြစ်၏။
ချန်ကျဲ့သည် မျက်လုံးနီရွှေကြက်ကို ဝူကျုံးအား ရောင်းပေးခဲ့သည်။ သို့သော် ချန်ကျဲ့သည် ပိုက်ဆံမလိုချင်ပေ။ ထိုအစား သမားတော်ပိုင်ထံမှ ရေချိုးရသည့်ဆေးဖက်ဝင်ဆေးညွှန်းဖြင့် လဲလှယ်ခဲ့သည်။
သမားတော်ပိုင်သည် ငါးဖမ်းကုန်သည်အဖွဲ့၏ အထိုင်သမားတော်ဖြစ်၏။ ထိုရာထူးသည် ရိုးရှင်းသည့်အလုပ်တာဝန်လေး မဟုတ်ပါချေ။ သာမန်နာမကျန်းမှုများကို ကုသနိုင်သည့်အပြင် ကျင့်ကြံရေးတွင် ကူညီထောက်ပံ့ပေးနိုင်သည့် ဆေးပညာကိုလည်း နားလည်ရန်လိုအပ်သည်။
ထို့ကြောင့် သမားတော်ပိုင်၌ ကျင့်ကြံရေးကို အထောက်အပံ့ဖြစ်စေနိုင်သည့် ဆေးညွှန်းအစုံလိုက်ရှိရသည်။
အကယ်၍ ကျင့်ကြံရေးကို ထိုဆေးညွှန်းများဖြင့် ကူညီထောက်ပံ့နိုင်လျှင် တိုးတက်မှုနှုန်းသည် မယုံကြည်နိုင်လောက်အောင် လျင်မြန်လိမ့်မည်ဖြစ်သည်။
သမားတော်ပိုင်၌ ထိုသို့ဆေးညွှန်းအစုံရှိ၏။
ချန်ကျဲ့မျှော်လင့်သည်မှာ သမားတော်ပိုင်သည် အရေပြားသန့်စင်ခြင်းအဆင့်သို့ ထိုးဖောက်ရောက်ရှိနိုင်စေရန် အကူအညီဖြစ်၍ သူ၏သိုင်းပညာလေ့ကျင့်မှုကို တိုးတက်စေနိုင်မည့် ဆေးအချို့ဖော်စပ်ပေးနိုင်ရန်ဖြစ်သည်။
သမားတော်ပိုင်သည် မငြင်းပါချေ။ သမားတော်ပိုင်သည် သဘောတူညီ၍ ချန်ကျဲ့အား ငွေတုံး၁၂၀အစား ကျင့်ကြံရေးကို အထောက်အကူဖြစ်စေသည့် ဆေးများနှင့် လဲလှယ်ပေးမည်ဟု ကတိပေးခဲ့သည်။
ထိုသို့လဲလှယ်မှုတွင် သမားတော်ပိုင်၌ အကျိုးအမြတ်မရရှိနိုင်ကြောင်း ချန်ကျဲ့နားလည်၏။ သူ့ကိုပေးအပ်မည့် ငွေတုံး၁၂၀သည် ချန်ကျဲ့၏ကျင့်ကြံရေးကို အထောက်အကူပြုနိုင်သည့် ဆေးများအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပေသည်။
ထို့ပြင် သမားတော်ပိုင်မှ ဝယ်ယူသော ဆေးများသည် ချန်ကျဲ့ကိုယ်တိုင်ဝယ်ယူခြင်းထက် အရည်အသွေးနှင့်ဈေးနှုန်း နှစ်မျိုးလုံး၌ ပို၍ကောင်းမွန်လိမ့်မည်ဖြစ်ကြောင်းကိုလည်း ချန်ကျဲ့ ကောင်းကောင်းသိနားလည်ထားသည်။
တစ်နည်းဆိုရသော် သမားတော်ပိုင်အား သူ့အတွက် ဆေးဝါးများကို ပြင်ဆင်စေခြင်းသည် ငြင်းဆန်၍မရနိုင်အောင် ကြီးမားသည့် အကျိုးအမြတ်ကြီးကို ရရှိလိုက်ခြင်းဖြစ်ပေသည်။
ထို့ပြင် သမားတော်ပိုင်သည် မြို့ထဲတွင် ရောင်းချပါက ငွေသုံးတုံးမှ ငွေငါးတုံးအထိ တန်ကြေးရှိသည့် အရေပြားသန့်စင်ခြင်းနယ်ပယ်အဆင့်ကျင့်ကြံရေး အထောက်အကူပြုဆေးညွှန်းကိုလည်း ထည့်သွင်းပြင်ဆင်နေသည်ကို မမေ့လျော့သင့်ပေ။
သမားတော်ပိုင်သည် ချန်ကျဲ့ထံမှ ပိုက်ဆံမယူသည့်အပြင် သူနှင့် အသင့်တော်ဆုံးဆေးဝါးကိုလည်း ဖော်စပ်ပေးဦးမည်ဖြစ်၏။
ချန်ကျဲ့မှာ အကျိုးအမြတ်ကြီးကို ရယူလိုက်ခြင်းပင် ဖြစ်ပေသည်။
အပေးအယူကို သတ်မှတ်ပြီးနောက် ဝူကျုံးသည် ချန်ကျဲ့၏ကိစ္စကို ဖြေရှင်းပေးရန်ရှိသောကြောင့် ထွက်သွားခဲ့သည်။
ချန်ကျဲ့သည် သမားတော်ပိုင်၏ ဆေးပင်များကို ဆက်လက်ခွဲခြား၍ ဆေးကျမ်းများကို ကူးရေးရန် ခိုင်းစေမှုကြောင့် ပိုင်မိသားစုအိမ်၌သာ ကျန်နေခဲ့သည်။ သမားတော်ပိုင်သည် ချန်ကျဲ့ကို သိုင်းပညာလေ့ကျင့်ရန်အချိန်လည်း သီးသန့်ပေး၏။ ချန်ကျဲ့ကို လမ်းညွှန်ပြသပေးနိုင်သည့် ဝူဟုန်သည် အိမ်တွင်ရှိနေပြီး ဝူဟုန်၏ အင်အားသည် အထင်ကြီးရလောက်သည်ဖြစ်ရာ ချန်ကျဲ့အတွက် အလွန်တရာကောင်းမွန်သည့် အခွင့်အရေးကြီးဖြစ်တော့သည်။
ဝူဟုန်၏လမ်းညွှန်ပြသမှုအောက်၌ ချန်ကျဲ့သည် ဘိုးဘေးကြီးလက်သီးသိုင်းကို ပို၍နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာခဲ့သည်။
သမားတော်ပိုင်သည် ဆေးဝါးစာရင်းပြုစုရန် သူ၏အခန်းထဲသို့ ပြန်ဝင်သွားသည်။ ချန်ကျဲ့နှင့် ကတိထားခဲ့သည့်အတိုင်း ငွေတုံး၁၂၀တန်ကြေးရှိ ကျင့်ကြံရေးအထောက်အကူပြုဆေးဝါးများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထား၏။
ချန်ကျဲ့သည် သူ၏အချိန်များကို ဦးစွာ ပညာလေ့လာဆည်းပူးရန် နှစ်မြှုပ်ထားခဲ့ပြီး ထို့နောက် သိုင်းပညာလေ့ကျင့်ရန်အတွက် ပေးအပ်မြှုပ်နှံသည်။ ဆေးဝါးပြင်ဆင်ခြင်းကိုမူ နောက်မှလုပ်ရန် စီစဉ်ထား၏။ ၎င်းသည် ယခုအချိန်တွင် စိုးရိမ်ပူပန်နေရမည့်အရာ မဟုတ်သေးပေ။
သမားတော်ပိုင်၏ကြီးကြပ်မှုအောက်တွင် မိမိမှာ အန္တရာယ်မဖြစ်နိုင်ဟု ချန်ကျဲ့ ယုံကြည်ပါ၏။
ချန်ကျဲ့၌ ငွေတုံး၁၂၀ထက် ကျင့်ကြံရေးအထောက်အကူပြုဆေးဝါးများကို ပို၍လိုလားခဲ့ရသည့် ကိုယ်ပိုင်အကြောင်းအရင်းရှိသည်။
တစ်အချက်၊ ငွေလက်ခံယူလိုက်ခြင်းသည် ချန်ကျဲ့အား လောဘကြီးသည့် ကြေးစားတစ်ဦးကဲ့သို့ပုံရိပ်မျိုး ထင်ဟပ်သွားစေနိုင်သည်။ သိကျွမ်းမှုအချိန် မကြာမြင့်သေးသည့် ဆက်ဆံရေးတွင် ချန်ကျဲ့အနေဖြင့် ထိုကဲ့သို့ပုံရိပ်မျိုးကို မချန်ထားရစ်လိုပေ။
ထို့ပြင် သိုင်းပညာလေ့ကျင့်ခြင်းသည် လက်ရှိအချိန်တွင် သူ့အတွက် အရေးအကြီးဆုံးသော ဦးစားပေးအရာဖြစ်၏။ ဤကမ္ဘာ၌ မည်သည့်အရေးကိစ္စကို ပြုလုပ်လိုသည်ဖြစ်စေ သိုင်းပညာအင်အားနောက်ခံမရှိလျှင် အချည်းနှီးသာဖြစ်သည်။
သမားတော်ပိုင်မှ သူ့အတွက် ဆေးဝါးပြင်ဆင်ပေးခြင်းသည် ချန်ကျဲ့အတွက် အကျိုးဖြစ်ထွန်းမှုကို အမြင့်ဆုံးပမာဏအထိ တိုးမြင့်သွားစေနိုင်၏။
ထို့ပြင် ကောင်းမွန်သည့်ပုံရိပ်လည်း ထင်ဟပ်စေသည်ဖြစ်ရာ အဘယ်ကြောင့်များ ဤသို့ မလဲလှယ်ရပါအံ့နည်း။
သို့ဖြင့် ချန်ကျဲ့သည် သမားတော်ပိုင်၏အိမ်တွင် တစ်နေ့လုံးအချိန်ကုန်ဆုံးခဲ့သည်။
ဝူကျုံးသည် အိမ်မှထွက်ခွာခဲ့ပြီးနောက်တွင် ငါးဖမ်းကုန်သည်အဖွဲ့မှ လူအချို့ကိုခေါ်၍ ယွီရတနာစံအိမ်သို့ ချက်ချင်းဦးတည်သွားခဲ့သည်။ သူ၏ အရှိန်အဝါကြီးမားသည့် အသွင်အပြင်သည် လူများစွာကို အထိတ်တလန့်ဖြစ်စေခဲ့၏။
ယွီရတနာစံအိမ်၏မြေပေါ်သို့ ဝူကျုံး ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် စံအိမ်၏တာဝန်ရှိသူဖြစ်သည့် ယွီစန်းလျို့သည် မျက်နှာထက်တွင် ရွှင်ပျသည့်အပြုံးကို ချိတ်ဆွဲလျက် ဝူကျုံးကို ချက်ချင်းထွက်လာ၍ နှုတ်ဆက်သည်။
“ဦးလေးကျုံး ဦးလေးကျုံး ဟားဟား.. ဦးလေးကျုံးက ဒီနေရာကို ဘာကိစ္စရှိလို့ပါလဲ”
ဝူကျုံးသည် ယွီစန်းလျို့ကို စူးရဲစွာကြည့်လျက် ပြောသည်။
“စန်းလျို့ မင်းက အရမ်းတိုးတက်လာတာပဲ။ အခုဆို လောင်းကစားရုံကိုတောင် ဖွင့်လှစ်ဦးစီးနိုင်နေပြီနော်။ ဦးလေးက ဒီနေ့ လုပ်စရာဘာမှရှိမနေတာနဲ့ လောင်းကစားနည်းနည်းလောက် လုပ်ဖို့လာခဲ့တာ”
ထို့နောက် ဝူကျုံးသည် ကိုယ်ကိုအနည်းငယ်ကိုင်း၍ ယွီစန်းလျို့၏နားသို့ တီးတိုးပြောခဲ့သည်။
“မင်းရဲ့အန်စာတုံးတွေထဲမှာ ပြဒါးထည့်ထားတုန်းပဲလား”
ယွီစန်းလျို့၏မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ထို့နောက် ဝူကျုံးမှ အော်ပြောသည်။
“လုပ်စမ်းပါ၊ ဦးလေး အကြိမ်ရေနည်းနည်းလောက် ကစားရအောင်လို့”
“ဦးလေး၊ ကျွန်တော့်ရဲ့ချစ်လှစွာသော ဦးလေးရယ် ကျွန်တော့်စီးပွားရေးကို ဒီလိုမျိုးတော့ မဖျက်ဆီးနဲ့လေဗျာ။ ဦးလေးရဲ့တူလေးကို ဂုဏ်သိက္ခာထိန်းသိမ်းခွင့်လေး မပေးတော့ဘူးလား”
ယွီစန်းလျို့သည် ဝူကျုံးကို ချက်ချင်း ဟန့်တားရန်ကြိုးစားသည်။
ဝူကျုံးသည် ရုတ်ချည်း မျက်နှာတင်းမာသွား၍ ပြောသည်။
“ဟေ့ကောင် မင်းက လောင်းကစားရုံပိုင်ရှင်၊ ငါက မင်းရဲ့ လောင်းကစားရုံတံခါးပေါက်ကနေ ဝင်လာတဲ့ဧည့်သည်ပဲ။ မင်းငါ့ကို ဒီလိုတားနေတာ မသင့်တော်ဘူးမဟုတ်လား တူလေး”
ယွီစန်းလျို့မှာ မျက်ရည်ဝဲတက်လုနီးပါး ဖြစ်သွားရသည်။ သူ့အနေဖြင့် ဤသို့ဩဇာအာဏာရှိသူအား ဟန့်တားရန် မတတ်နိုင်ပါချေ။ သို့သော် ဤလူအား လောင်းကစားခွင့်ပြုလိုက်ခြင်းသည် သူ့အတွက် သေခြင်းအဆုံးသတ်ဖြစ်ပေလိမ့်မည်။ သူ၏လောင်းကစားရုံရှိ အန်စာတုံးများသည် ပြဒါးများဖြင့် ပြည့်နေကြောင်းကို သူကိုယ်တိုင်လည်း သိပါ၏။
ယွီစန်းလျို့ တွေဝေနေစဉ် အသံတစ်ခုထွက်ပေါ်လာ၏။
“ဟားဟား.. လောင်ဝူ၊ မင်း ကလေးတစ်ယောက်ကို ဘာကြောင့်များ ခက်ခဲအောင်လုပ်နေရတာလဲကွာ။ မင်းလောင်းကစားလုပ်ချင်တယ်ဆိုရင် ငါမင်းနဲ့ အဖော်လုပ်ပေးမှာပေါ့”
ထို့နောက် ခန္ဓာကိုယ်ဖွံ့ထွားသည့်လူကြီးတစ်ဦး တံခါးပေါက်မှ ဝင်ရောက်လာသည်။ ထိုလူသည် ဝူကျုံးထက် ငယ်ရွယ်ပုံရှိ၏။ အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်၍ မျက်လုံးများသည် လျှပ်စီးများကဲ့သို့ တောက်ပသည်။
ဝူကျုံး ရယ်မော၍ပြောလိုက်သည်။
“ကောင်းတယ်၊ ညီနောင်ယွီက အတွေ့အကြုံရှိတဲ့သူပဲ။ ကျုပ်က ညီနောင်ယွီနဲ့ အဖော်ပြုပေးရမှာပေါ့ဗျာ”
သူတို့နှစ်ဦး မျက်နှာချင်းဆိုင်ထွက်ပေါ်လာကြသောအခါ အခြားသူများသည် အလိုအလျောက် ဘေးသို့ရှောင်ဖယ်ပေးကြသည်။ ရှန်းထောင်မြို့၏ အင်အားအာဏာအကြီးမားဆုံး အမျိုးသားနှစ်ဦးအတွက် လမ်းဖယ်ပေးကြ၏။
ယွီပင်း ရောက်လာပြီး ယွီစန်းလျို့ကို ဘေးဖယ်နေရန် အချက်ပြသည်။ ထို့နောက် ဝူကျုံးကို ပြန်ကြည့်လာ၍ မေးမြန်းသည်။
“လောင်ဝူ မင်းဒီတစ်ကြိမ်ပြန်ရောက်လာတာ အနိုင်ယူဖို့ စီစဉ်ထားလား၊ အရှုံးပေးဖို့ စီစဉ်ထားလား”
ဝူကျုံးမှ ရယ်မော၍ ပြန်ပြောသည်။
“ ငါဒီနေရာကိုလာတာ သေချာပေါက် ငွေအနိုင်ရဖို့ပဲပေါ့”
“ညီနောင်ဝူ ဘယ်လောက်အနိုင်ယူဖို့ စီစဉ်ထားလဲ”
ဝူကျုံး လက်နှစ်ချောင်းထောင်ပြသည်။
ယွီပင်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
“ငွေတုံးနှစ်ရာလား”
“အမ်း- ဟမ်း”
ဝူကျုံး ခေါင်းခါရမ်းသည်။
“ငွေ၂၅တုံး”
“ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး ပမာဏအတိအကျဖြစ်နေရတာလဲ”
ယွီပင်းမှ ရယ်မောလျက် မေးမြန်းသည်။ ဝူကျုံးမှ ပြော၏။
“ဒါက တခြားသူရဲ့ဝန်ဆောင်ခကို ယူတာမျိုး မဟုတ်လား။ ဒီငွေတစ်တုံးကိုသုံးပြီး ငွေ၂၅တုံးနိုင်အောင် လုပ်လိုက်ပါ”
“လောင်ဝူ မင်းရဲ့ဒီစကားက ဘာကိုဆိုလိုချင်နေတာလဲ”
ယွီပင်းသည် ဝူကျုံးကို ကြည့်နေ၏။
“ဟားဟား ငါ့တူကြီး မင်း ဦးလေးပြောတာကို နားလည်တယ်မလား”
ယွီစန်းလျို့၏မျက်နှာမှာ ရုတ်ချည်းမည်းမှောင်သွားရသည်။ စကားလုံးများမှာ ဤအတိုင်းအတာအထိပင် ရောက်ရှိနေခဲ့ပြီကို သူအဘယ်သို့များ နားမလည်နိုင်ပါအံ့နည်း။
“ဘာကိစ္စလဲ”
ယွီပင်း မျက်မှောင်ကြုတ်သွား၏။
ယွီစန်းလျို့ ကိုယ်ကိုကိုင်း၍ ယွီပင်းအား စကားအနည်းငယ် တီးတိုးပြောလိုက်သည်။
“ပေါက်ကရတွေ!”
ယွီပင်းသည် ယွီစန်းလျို့အား စူးရဲစွာစိုက်ကြည့်နေ၏။ ထို့နောက် ဝူကျုံးဘက်သို့ ပြန်လှည့်လာ၍ အတင်းဖျစ်ညှစ်လုပ်ယူထားသော အပြုံးဖြင့်ပြောသည်။
“ညီနောင်ဝူ ဒီကိစ္စက အထင်လွဲတာပါ။ ဒီကောင်လေးက သေချာမသိလို့ပါ၊ ချန်ကျိုစစ်က သမားတော်ပိုင်ရဲ့တပည့်ဆိုတာကို သူမသိလိုက်လို့ပါ။ ဒါက နဂါးဘုရင်ဘုရားကျောင်းကို ရေလှိုင်းကြီးတစ်ခု ရေကြီးလွှမ်းမိုးသွားသလို အဖြစ်အပျက်လေးပဲ မဟုတ်လား”
“အထင်လွဲတာလား”
ဝူကျုံး ယွီပင်းကို ကြည့်လိုက်သည်။ ယွီပင်းမှ ဆက်ပြောသည်။
“အထင်လွဲတာပါ အထင်လွဲတာပါ။ လာ၊ ငါမင်းကို အနောက်ဘက်ခြံဝင်းထဲမှာ လက်ဖက်ရည်သုံးဆောင်ဖို့ ဖိတ်ခေါ်ပါရစေ”
“အဲဒီအကြွေးစာရင်းစာရွက်”
“ခဏနေရင် ငါမင်းလက်ထဲကို ထည့်ပေးပါ့မယ်”
“ကောင်းပါပြီ၊ ဒါဆို ကျုပ်ဒီနေ့ ညီနောင်ယွီရဲ့အိမ်တော်က လက်ဖက်ရည်ကို မြည်းစမ်းကြည့်ပါဦးမယ်”
“ဒါပေါ့ ဒါပေါ့”
သို့ဖြင့် အမျိုးသားနှစ်ဦးသည် အနောက်ဘက်ခန်းမထဲသို့ ဦးတည်သွားကြသည်။ ဝူကျုံး ထွက်သွားသည်နှင့် ယွီပင်းမှ ယွီစန်းလျို့ကို ပြောသည်။
“ငါ့ကို အခုချက်ချင်း အကြွေးစာရင်းစာရွက်ယူလာပေးစမ်း!”
“ဟုတ်ကဲ့”
ယွီစန်းလျို့ ခေါင်းငုံ့နာခံလိုက်သည်။ သို့သော် သူ၏မျက်လုံးအစုံမှာ အငြိုးအာဃာတများနှင့် ပြည့်နှက်နေ၏။
ချန်ကျိုစစ်၊ ဒီကိစ္စ မင်းနဲ့ငါနဲ့ မကျေဘူးပဲ!