← Chapters

ပိုင်မိသားစု အံ့အားသင့်ခြင်း

Vol. 3 Ch. 36

ပိုင်မိသားစု အံ့အားသင့်ခြင်း

Vol. 3 Ch. 36

မနက်ခင်းအစောပိုင်းတွင် ပိုင်မိသားစု မနက်စာစားနေကြသည်။

သခင်မပိုင်သည် ယာဂုနှင့် ပေါက်စီပေါင်းကို စားနေသည်။

“အာ အဖေ၊ ယောက်ျား.. ရှင်တို့ကြားပြီးကြပြီလား”

“ဟမ်?”

နှစ်ဦးလုံး သခင်မပိုင်အား ကြည့်လာကြသည်။

“ဒီနေ့မနက် ကျွန်မအပြင်ထွက်တော့ လူအိုကြီးကျန်းရဲ့ချွေးမဆီကနေ ကြားခဲ့တာ။ မနေ့က ကျိုစစ်ဆီကို လောင်းကစားအကြွေးတောင်းတဲ့သူတွေ ရောက်လာကြတယ်တဲ့”

သမားတော်ပိုင် မျက်မှောင်ကြုတ်သွား၏။ အသံလည်း အေးစက်သွားခဲ့သည်။

“သူထပ်ပြီး လောင်းကစားလုပ်ပြန်ပြီလား”

“မဟုတ်ဘူး၊ အခုလတ်တလော ကစားထားတဲ့အကြွေးမဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်လလောက်တုန်းက အကြွေးတဲ့။ ယွီမိသားစုဆီကနေ ‌အကြွေးစာရင်းမှတ်တမ်းမှာ လက်မှတ်ထိုးချေးခဲ့တာ”

သမားတော်ပိုင်၏ မျက်နှာအမူအရာ ပြန်လည်ပြေလျော့သွား၏။

“ဪ”

ချန်ကျဲ့သည် သမားတော်ပိုင်ထံမှ ပညာမသင်ယူမီက လောင်းကစားလုပ်ခဲ့ခြင်းအပါအဝင် သူ၏အတိတ်အကြောင်းအလုံးစုံကို ပိုင်မိသားစုအား ပြောပြထားပြီးဖြစ်သည်။ သို့ဖြစ်၍ ချန်ကျဲ့မှ တစ်ဖန်ထပ်၍ လောင်းကစားမလုပ်သ၍၊ ပြန်လည်ပြင်ဆင်လိုစိတ်ရှိသ၍ ပိုင်မိသားစုသည် စိတ်ထဲထားလိမ့်မည်မဟုတ်ပေ။ သမားတော်ပိုင်သည် လူများအပေါ် ခက်ခက်ထန်ထန် ဆုံးဖြတ်လေ့မရှိပါချေ။

သခင်မပိုင်မှ ပြောသည်။

“မဟုတ်ဘူး၊ ကျွန်မ ကျိုစစ်ကို အပြစ်ပြောချင်တာ မဟုတ်ဘူး။ ကျွန်မပြောချင်တာက ယွီမိသားစုက ဘယ်လောက်တောင် ကလိမ်ကကျစ်နိုင်လဲဆိုတာကို ပြောချင်တာ။ လွန်ခဲ့တဲ့နှစ်လတုန်းက ကျိုစစ်က သူတို့ဆီကနေ ငွေတစ်တုံးကို အကြွေးစာရင်းမှာ လက်မှတ်ထိုးပြီး ချေးခဲ့တယ်။ ဒါပေမဲ့ သူတို့မနေ့တုန်းက ဘယ်လောက်ပြန်တောင်းလဲ ခန့်မှန်းကြည့်ပါလား”

ထိုအခါ သမားတော်ပိုင်မှ ပြောသည်။

“ငွေနှစ်တုံးတောင် မပြည့်လောက်ဘူး”

“ဘာ ငွေ၂၅တုံး!”

သခင်မပိုင်မှ ‘၂၅’ဟု လက်ဟန်ပြလိုက်ခြင်းဖြစ်သည်။

“အဲ့လောက်တောင် အများကြီးလား”

သမားတော်ပိုင်နှင့် ဝူဟုန်တို့မှာ အံ့ဩထိတ်လန့်သွားကြသည်။ ဝူကျုံးတစ်ဦးတည်းသာလျှင် တည်ငြိမ်အေးဆေးစွာ မနက်စာဆက်စားနိုင်၏။ ငါးဖမ်းကုန်သည်အဖွဲ့၏ဦးစီးမှူးတစ်ယောက်ဖြစ်ရာ ဝူကျုံးသည် ချောင်ကုန်သည်အဖွဲ့၏ အမြင့်မားဆုံးသော အတိုးနှုန်းထားများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိ၏။

ထိုကိစ္စမျိုးသည် ကုန်သည်အဖွဲ့များတွင် သာမန်ဖြစ်၏။ ငါးဖမ်းကုန်သည်အဖွဲ့တွင်လည်း အတိုးကြီးယူ၍ ငွေချေးသည့်အလေ့အထများရှိသည်။ အတိုးပေါ်အတိုးဆင့်တွက်ခြင်းဖြစ်၏။ ဝူကျုံးသည် ထိုအကြောင်းကိစ္စများကို အများအပြားကြုံတွေ့ဖူးသောကြောင့် ပုံမှန်လိုပင် ဖြစ်နေခဲ့သည်။

“ငွေ၂၅တုံးဆို အဆနှစ်ဆယ်မကဘူးပဲ”

သခင်မပိုင်သည် ရှန်းထောင်မြို့တွင် လေးစားရိုသေရဆုံးသော အမျိုးသမီးဖြစ်သည့်တိုင်‌ ကျေးလက်တောရွာလေးတွင် နေထိုင်သူဖြစ်ရာ ရွာသူများ၏ အတင်းအဖျင်းပြောဆိုတတ်သည့် အကျင့်လည်းရှိပေသည်။

သခင်မပိုင်၏ စကားအဆုံး၌ ဝူဟုန်မှ မျက်မှောင်ကြုတ်သည်။

“ဒါက အနိုင်ကျင့်နေတာ မဟုတ်ဘူးလား”

“အနိုင်ကျင့်တယ်? ဘယ်သူ့ကို အနိုင်ကျင့်တာလဲ။ သူတို့မှာ အကြွေးစာရင်းစာရွက်ရှိတယ်။ အာဏာပိုင်တွေလည်း သူတို့ရဲ့ရည်ရွယ်ချက်ကို မြင်နိုင်နေတာပဲ”

ဝူကျုံးသည် သားဖြစ်သူအား စူးစိုက်ကြည့်လျက် ပြောသည်။

သမားတော်ပိုင်သည် မနက်စာကိုသာ စားနေခဲ့ပြီး ဘာမျှမပြောပေ။ သခင်မပိုင်သည်တော့ သက်ပြင်းချလျက် ပြောသည်။

“သနားစရာ ကျိုစစ်လေး၊ သူ့ခမျာ နောက်ဆုံးတော့ ဘဝအသစ် စတင်ရုံရှိသေးတယ် အခုကျ ပြဿနာပေါ်လာရပြန်ပြီ”

“အဲဒီကောင်မလေးယွင်ကျင်းက ပိုလို့တောင် သနားဖို့ကောင်းသေးတယ်။ သူ့ယောက်ျားက အခုမှ လမ်းမှန်ပေါ် တည့်မတ်သွားရုံရှိသေးတာကို ပြဿနာကြီးက သူတို့အပေါ် ကျလာပြန်ပြီ။ အို… ယောက်ျား”

“အမ်း?”

ဝူကျုံးသည် ပေါက်စီတစ်လုံးကို ကိုက်ဝါးနေရင်းမှ သခင်မပိုင်ကို ကြည့်လာ၏။

“ရှင်ကူညီပေးနိုင်တာရှိမလားလို့ ကြည့်ပေးပါလား။ ဒီကိစ္စက ကျိုစစ်အတွက် လွယ်ကူမှာ မဟုတ်ဘူး”

ဝူကျုံးသည် ဘာမျှမတုံ့ပြန်ဘဲ သမားတော်ပိုင်ဘက်သို့ အကြည့်လွှဲလိုက်သည်။

“အဖေ၊ အဖေ ဘယ်လိုထင်လဲ”

သမားတော်ပိုင်သည် ယာဂုတစ်ဇွန်းသောက်လိုက်ပြီး ခဏမျှစဉ်းစားတွေးတောနေသည်။ ထို့နောက်‌ ပြော၏။

“ကျိုစစ် အကူအညီတောင်းလာမလား စောင့်ကြည့်ကြတာပေါ့။ သူအကူအညီတောင်းခဲ့ရင် ကူညီပေးကြမယ်”

ဝူကျုံးမှ ပြန်ပြောသည်။

“ဟုတ်ကဲ့ပါ ကျွန်တော်နားလည်ပါတယ်”

ထို့နောက် ဝူကျုံး မနက်စာ ဆက်စား၏။

ဒုန်း ဒုန်း ဒုန်း…

ထိုစဉ် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ သခင်မပိုင်မှ ထရပ်၍ မေးလိုက်သည်။

“ဘယ်သူလဲ”

တံခါးသို့သွား၍ တံခါးဖွင့်လိုက်သောအခါ ချန်ကျဲ့ကို မြင်လိုက်ရသည်။

ချန်ကျဲ့သည် အိတ်ကြီးတစ်လုံးနှင့် တုတ်တစ်ချောင်းကို ကိုင်ထား၏။ သခင်မပိုင်မှ ‌ချန်ကျဲ့ကို မေးသည်။

“မင်းဘယ်တွေသွားခဲ့တာလဲ”

“ဟက် တောင်ပေါ်တက်ပြီး ဆရာ့အတွက် ပစ္စည်းကောင်းတချို့ ယူလာခဲ့ပေးတာပါ”

ထိုအခါ သခင်မပိုင်မှ ပြောသည်။

“အထဲဝင်ခဲ့လေ၊ အထဲမှာ ပြောကြရအောင်”

ချန်ကျဲ့ အထဲဝင်လိုက်သည်။

“ဆရာ၊ ဦးလေးကျုံး၊ အစ်ကိုဟုန်၊ မင်္ဂလာမနက်ခင်းပါ”

သုံးဦးသည် အသိအမှတ်ပြုခေါင်းညိတ်ပြလိုက်ကြသည်။ ဝူဟုန်မှ ပြန်ပြော၏။

“ကျိုစစ် မင်း မနက်စာ မစားရသေးဘူးမလား။ လာ ဒီမှာလာထိုင်၊ ငါတို့အတူဝင်စားလိုက်”

သခင်မပိုင်မှ ပြောသည်။

“ငါ ပန်းကန်ခွက်ယောက်တွေ သွားယူလိုက်ဦးမယ်”

“မစားတော့ပါဘူး။ ကျွန်တော် စားပြီးပါပြီ”

ချန်ကျဲ့မှ ယဉ်ကျေးစွာပြောသည်။ သမားတော်ပိုင်သည် ချန်ကျဲ့ကို ကြည့်လာ၏။

“ငါမင်းကိုစားခိုင်းရင် စားသင့်တယ်လေ။ တပည့်တစ်ယောက်အနေနဲ့ မင်းငါ့စကားကို နာခံရမယ်”

“ဟုတ်ကဲ့ပါ၊ ဆရာ့အမိန့်ကို နာခံပါ့မယ်”

ချန်ကျဲ့သည် အတော်လေး အလိုက်သိတတ်၏။ သမားတော်ပိုင် ခေါင်းညိတ်လိုက်သည်။

အားလုံးသည် နေရာတွင်ထိုင်၍ စကားမပြောဘဲ မနက်စာစားနေကြသည်။ စားနေစဉ်တွင် သခင်မပိုင်သည် ချန်ကျဲ့ကို မနေ့က ကိစ္စအကြောင်းကို မေးမြန်းလိုခဲ့၏။ သို့သော် ဝူကျုံးသည် သူမကို ဟန့်တားထားခဲ့သည်။

လူတစ်ယောက်ကို ကူညီခြင်းဟူသည် အခြေအနေပေါ် မူတည်သေး၏။

တစ်ဖက်လူမှ အကူအညီတောင်းခံလျှင် ကူညီပေးနိုင်သည်။ ၎င်းသည် သင့်တင့်လျောက်ပတ်သော အကူအညီဖြစ်၏။

တစ်ဖက်လူမှ အကူအညီ မတောင်းခံပါဘဲ ကူညီပေးလိုက်လျှင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်သူတစ်ယောက်ဖြစ်ပါက ထိုသူအား စော်ကားလိုက်သည်ကဲ့သို့ ဖြစ်သွားနိုင်သည်။

ပိုင်မိသားစုသည် ချန်ကျိုစစ်နှင့် သူ၏မိသားစုအပေါ် အလွန်ကောင်းမွန်သည့်အမြင်ရှိသည့်တိုင် သူတို့အချင်းချင်း သိကျွမ်းကြသည်မှာ နှစ်ရက်သာရှိသေး၏။ အချို့သောကိစ္စများမှာ ဂရုတစိုက်သတိပြုရန် လိုအပ်ပေသည်။

မနက်စာစား‌ပြီးနောက် သခင်မပိုင်သည် ထမင်းစားပွဲကို ရှင်းလင်းသိမ်းဆည်းသည်။ ချန်ကျဲ့မှ ကူညီပေးမည်ဟု ပြောခဲ့သော်ငြား သခင်မပိုင်မှ ငြင်းဆန်ခဲ့သည်။

“မင်း မင်းရဲ့ဆရာနဲ့ ‌ဆွေးနွေးစရာရှိတယ် မဟုတ်ဘူးလား။ မင်းကိစ္စကိုသာ သွားလုပ်ပါ။ ဒါတွေ အ‌ဒေါ် ကိုယ့်ဘာကိုယ် လုပ်လိုက်မယ်”

သမားတော်ပိုင်မှလည်း ပြောသည်။

“ကျိုစစ် မင်းဘာကိစ္စကြောင့် ငါ့ဆီ မနက်အစောကြီး ရောက်လာရတာလဲ”

ချန်ကျဲ့ ခဏမျှတွေးတော‌နေခဲ့ပြီး ‌တစ်စုံတစ်ရာပြောတော့မည်အပြု၌ သမားတော်ပိုင်မှ ဝူကျုံးကို ပြောလိုက်သည်။

“စကားပြောရအောင် ငါ့အခန်းထဲလာခဲ့”

သမားတော်ပိုင်၏အခန်းထဲသို့ ‌ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဆေးပင်နံ့များ နှာဖျားသို့တိုးဝင်လာ၏။ ဝူဟုန်လည်း အခန်းထဲသို့ လိုက်ဝင်လာခဲ့သည်။ သူတို့အားလုံး ထိုင်လိုက်ကြပြီးနောက် မိသားစုသုံးဦးသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့သည် ချန်ကျဲ့ စကားပြောလာမည်ကို စောင့်ဆိုင်းနေကြသည်။

သို့သော် ချန်ကျဲ့သည် မာလျို့အကြောင်းကို မပြောခဲ့ပေ။ ထိုအကြောင်းအစား သမားတော်ပိုင်အား ပြောလာ၏။

“ဆရာ ကျွန်တော်ဒီနေ့ တောင်ပေါ်တက်တုန်းက ရွှေကြက်တစ်ကောင် ဖမ်းမိခဲ့တယ်။ သူ့ပုံစံက ‌ပုံမှန်ရွှေကြက်နဲ့ သိပ်မတူသလိုပဲ။ အဲဒါ ရှားပါးမျိုးစိတ်တစ်ခုခုဖြစ်နေမလားလို့ ဆရာ တစ်ချက်လောက်ကြည့်ပေးပါလား”

“ရွှေကြက်လား”

မိသားစုသုံးဦးမှာ အံ့အားသင့်နေကြလျက် ချန်ကျဲ့၏အိတ်သို့ ကြည့်လာကြသည်။

ချန်ကျဲ့ အိတ်ကိုဖွင့်ပြလိုက်သောအခါ သုံးဦးလုံး၏မျက်လုံးများ တောက်ပသွားကြ၏။ ဝူကျုံးမှာ ထခုန်မိလေသည်။

“မျက်လုံးနီရွှေကြက်ပဲ!”

သမားတော်ပိုင်လည်း အနည်းငယ်စိတ်လှုပ်ရှားလာခဲ့ပြီး မျက်လုံးနီရွှေကြက်ကို ထိကိုင်ကြည့်ရန် အနားသို့လျှောက်လာခဲ့သည်။

“ဒီကောင်က အနည်းဆုံး နှစ်သုံးဆယ်သက်တမ်းရှိလောက်တယ်။ ဒါက တကယ့် ကောင်းကင်ရတနာ၊မြေရတနာတစ်ပါးပဲ”

ထိုအခါ ဝူဟုန်မှ အံ့အားသင့်စွာဖြင့် ပြောလာသည်။

“ဟ့ ညီနောင်ရေ မင်းတော့ ပွပြီပဲ။ ဒါက ရတနာတစ်ပါးပဲကွ။ သိုင်းပညာရှင်တွေ လိုချင်လို့တောင် ဝယ်မရတဲ့ရတနာကွ!”

သုံးဦး၏တုံ့ပြန်မှုနှင့် ဝူဟုန်၏စကားများအရ ချန်ကျဲ့၏ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။

တကယ်ကြီး ကောင်းကင်ရတနာ၊မြေရတနာတစ်မျိုး ဖြစ်နေတာပဲ

သမားတော်ပိုင်သည် အချိန်ခဏကြာကြည့်ရှုပြီးနောက် ချန်ကျဲ့ကိုပြော၏။

“ကျိုစစ် မင်းက တကယ်ကံကောင်းတာပဲ။ ဒါက သားပါ့တောင်တန်းဒေသရဲ့ ကောင်းကင်ရတနာ ၃၆ပါးနဲ့ မြေရတနာ ၇၂ပါးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ရတနာတစ်ပါးပဲ။ သက်တမ်းနည်းနည်းနုသေးပေမယ့်လည်း ဈေးနှုန်းက အရမ်းမြင့်တယ်”

“ဒီမျက်လုံးနီရွှေကြက်ရဲ့အသားကို သိုင်းပညာရှင်တွေရဲ့ ‌ခန္ဓာကိုယ်ပူ‌နွေးမှုနဲ့ အာဟာရဖြည့်တင်းဖို့အတွက် ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုနိုင်တယ်။ အရမ်းတန်ဖိုးကြီးတယ်။ ဒီလှပတဲ့ အမွေးအတောင်တွေကိုလည်း အဆင်တန်ဆာအဖြစ် ဖန်တီးပြုလုပ်နိုင်တယ်။ အဲဒါတွေကလည်း တန်ဖိုးကြီးတာပဲ”

“ဒီမျက်လုံးနီရွှေကြက်က အနည်းဆုံး ငွေတုံးတစ်ရာ တန်ကြေးရှိတယ်။ ပြီးတော့ အဖိုးမဖြတ်နိုင်လောက်အောင်ပဲ”

ငွေတုံးတစ်ရာ!

ချန်ကျဲ့ နှလုံးခုန်နှုန်းပင် မြန်သွားရ၏။ ထို့နောက် ဝူကျုံးမှ ပြောလာသည်။

“ကျိုစစ်!”

“ဦးလေးကျုံး!”

ချန်ကျဲ့ ဝူကျုံးသို့လှည့်ကြည့်လိုက်သောအခါ ဝူကျုံးမှ ပြောသည်။

“မင်း ဒီရွှေကြက်ကို ရောင်းမှာလား။ ဒါက ဦးလေးရဲ့ သိုင်းအဆင့်တက်ဖို့အတွက် တကယ်အသုံးဝင်တယ်။ ဒီလိုလုပ်ပါလား။ ဦးလေး‌မင်းကို ငွေတုံး၁၂၀ပေးမယ်။ ဒီရွှေကြက်ကို ဦးလေးကို ရောင်းပေးလိုက် ဘယ်လိုလဲ”

“‌ဒါပေါ့ မင်းဦးလေးကို မယုံကြည်နိုင်ဘူးဆိုရင်လည်း ‌ဒီရွှေကြက်ရဲ့ဈေးနှုန်းနဲ့ပတ်သက်ပြီး မင်းသွားစုံစမ်းကြည့်လို့ရတယ်။ ပြီးတော့မှ ဦးလေးဆီ အဖြေပြန်လာပြောပေါ့”

ထိုအခါ ချန်ကျဲ့ အမြန်ပြောလိုက်သည်။

“ဦးလေးကျုံး ဘာတွေပြောနေတာလဲဗျာ”

“ဒီလိုလုပ်ပါ ဦးလေးကျုံး၊ ကျွန်တော် ဦးလေးကျုံးကို ဒီရွှေကြက်ပေးလိုက်မယ်”

“ဒါက…”

ဝူကျုံးသည် ချက်ချင်းငြင်းဆန်လိုခဲ့သည်။ သို့သော် ချန်ကျဲ့မှ ဆက်ပြောသည်။

“ဦးလေးကျုံး ချက်ချင်းကြီး မငြင်းလိုက်ပါနဲ့ဦး။ တကယ်တော့ ကျွန်တော် ပြဿနာတစ်ခုကြုံနေပြီး ဦးလေးကို အ‌ကူအညီတောင်းချင်နေတာပါ။ ဒါကို ကျွန်တော် ဦးလေးအပေါ် ကျေးဇူးတင်ကြောင်း ပြသတာလို့ သတ်မှတ်ပေးပါ”

ထိုအခါ ဝူကျုံးသည် မျက်လုံးအစုံကိုမှေးကျဉ်း၍ ပြောလာသည်။

“ဘာပြဿနာလဲ။ ငါကူညီနိုင်တဲ့ကိစ္စဆိုရင် သေချာပေါက် ကူညီပေးမှာပါ”

“ကိစ္စက ဒီလိုပါ။ အစကတော့ ကျွန်တော်က…”

ချန်ကျဲ့ သူ၏ပြဿနာအား အစမှ အဆုံးအထိ ပြန်ပြောင်းပြောပြခဲ့သည်။ ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီးနောက် ဝူဟုန်သည် စားပွဲကို ဝုန်းကနဲ ထုရိုက်လိုက်၏။

“ဘယ်လိုတောင် တရားလွန်ရတာလဲ! အဲဒီကိစ္စကို ငါတို့ဖြေရှင်းပေးနိုင်တယ်။ ညီလေးကျိုစစ် ဘာမှမစိုးရိမ်နဲ့၊ မင်းအစ်ကိုငါက အားလုံးဖြေရှင်းပေးမယ်”

“အလျင်မလိုစမ်းနဲ့၊ ထိုင်ဦး!”

ဝူကျုံးသည် မျက်မှောင်ကြုတ်နေ၏။ ထို့နောက် ချန်ကျဲ့ကိုပြောသည်။

“ကျိုစစ် ဒါက ပြဿနာအသေးစားလေးပါပဲ။ ငါမင်းအတွက် ဖြေရှင်းပေးနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ရွှေကြက်ကိုတော့ ငါလက်မခံနိုင်ဘူး။ အဲဒါအတွက်ကို မင်း တန်ဖိုးအပြည့်အဝ လက်ခံယူသင့်တယ်။ ဦးလေး မင်းအပေါ်မှာ အဲဒီလောက်ကြီးမားတဲ့ အကူအညီကို အကြွေးတင်ခံလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။ အဲဒါကို မင်းလည်း ထည့်တွေးသင့်တယ်လေ ဟုတ်တယ်မလား”

All Chapters