မကျေချမ်းနိုင်သော နှလုံးသား
Vol. 3 Ch. 38
“ညီနောင်ယွီ တစ်ကိုယ်လုံး ဖုန်တွေပေကျံပြီး ပင်ပန်းနေတဲ့ပုံပဲနော်” ဝူကျုံးမှ မေးမြန်းသည်။ “ဘယ်တွေသွားနေခဲ့တာလဲဗျ”
နောက်ဖေးခြံဝင်းထဲ၌ ဝူကျုံးနှင့် ယွီပင်းတို့ လက်ဖက်ရည်သုံးဆောင်နေကြသည်။
“ဒါက အင်း၊ အမဲလိုက်သွားခဲ့တာပါ”
“အမဲလိုက်တာလား”
ဝူကျုံး ယွီပင်းအားကြည့်၍ ပြောသည်။
“ဒါဆို သားကောင်တွေ အများကြီးရခဲ့လောက်မှာပဲ”
“အာ အဲဒီအကြောင်း မပြောစမ်းးပါနဲ့ဗျာ၊ အားထုတ်မှုတွေအားလုံး သဲထဲရေသွန်ဖြစ်ခဲ့တာဗျ”
ယွီပင်းမှ နှိမ့်ချစွာဖြင့် လက်ဝှေ့ရမ်းလျက် ပြန်ပြောသည်။ သူတို့နှစ်ဦးမှာ ပြိုင်ဘက်များဖြစ်ကြသောကြောင့် ထိုအကြောင်းအရာကို ဆက်မပြောလိုပေ။ ထို့ပြင် ရွာအကြီးအကဲရာထူးအတွက် ရွေးချယ်ပွဲသည် အလွန်နီးကပ်နေပြီဖြစ်ပြီး အဖွဲ့နှစ်ဖွဲ့လုံးသည် ထိုရာထူးကိုရယူရန်အတွက် တင်းကျပ်သည့်သဘောထားရှိနေကြ၏။
ထို့ကြောင့် သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး လိုက်လျောညီထွေရှိသည်ဟု ထင်ရသော်ငြား တကယ်တမ်းတွင် တစ်ဦးကိုတစ်ဦး အကဲခတ်စူးစမ်းနေကြခြင်းဖြစ်သည်။
ယွီပင်းသည် ထိုအကြောင်းကို အသေးစိတ်ပြောပြလိုခြင်းမရှိကြောင်း သတိထားမိသောကြောင့် ဝူကျုံးသည်လည်း ဖိအားမပေးတော့ပေ။ ထိုစဉ် ယွီစန်းလျို့သည် အကြွေးစာရင်းစာရွက်ကို ကိုင်၍ ဝင်လာခဲ့သည်။
“အဖေ”
“မင်းရဲ့ဦးလေးကျုံးကို ပေးလိုက်”
ယွီပင်းမှ လက်ဟန်ပြသည်။
“ဦးလေးကျုံး”
ယွီစန်းလျို့သည် အကြွေးစာရင်းစာရွက်အား လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။ ဝူကျုံး လက်ခံယူလိုက်ပြီး ထိုအကြွေးစာရွက်အား ပြုံးလျက်ဖတ်ကြည့်လိုက်သည်။
“ကောင်းပြီ၊ သူ့ရဲ့ဒီအကြွေးကို ငါပေးလိုက်မယ်”
ထိုသို့ပြောလျက် ဝူကျုံးသည် ငွေတစ်တုံးကိုထုတ်ယူ၍ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
“လောင်ယွီ ဒါနဲ့ဆို လုံလောက်တယ်မလား၊ ဒါမှမဟုတ် ငါပိုက်ဆံပွားအောင်လို့ အကြိမ်ရေနည်းနည်းလောက် သွားပြီး လောင်းကစားကြည့်ရမလား”
ယွီပင်းမှ ပြန်ပြောသည်။
“ရပါပြီ၊ မင်းငါ့ရဲ့ လောင်းကစားတစ်ခုလုံးကို အနိုင်သိမ်းယူသွားမှာ ငါကြောက်ပါတယ်။ အဲဒီအကြွေးစာရင်းစာရွက်ကို ဒီတိုင်းသာ ယူသွားလိုက်ပါတော့”
“ဒါဆိုလည်း ကျုပ်ဒီတိုင်းပဲ လက်ခံလိုက်ပါတော့မယ်၊ နောက်ထပ် ဆူဆူညံညံတွေ လုပ်မနေတော့ပါဘူး”
ဝူကျုံး ပြုံးလိုက်ပြီး ပြန်သွားရန် မတ်တပ်ထရပ်သည်။ နောက်ဘက်ရှိ ယွီစန်းလျို့မှ ခေါ်လာ၏။
“ဦးလေး ဦးလေးရဲ့ငွေတုံး”
“အဲဒါက မင်းရဲ့အရင်းကို ပြန်ပေးတာပါ”
ဝူကျုံးမှ ပြောခဲ့ပြီး အားရကျေနပ်စွာဖြင့် ပြန်ထွက်သွားခဲ့သည်။
ဝူကျုံးထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည့် ယွီစန်းလျို့၏မျက်နှာမှာ မည်းမှောင်နေတော့၏။ ယွီစန်းလျို့သည် ဖခင်ဖြစ်သူအား လှည့်ပြော၏။
“အဖေ အဖေက သူ့ကိုဘာလို့ကြောက်နေရတာလဲ။ ချန်ကျိုစစ်က ကျွန်တော်တို့ဆီမှာ အကြွေးတင်နေတာ၊ အကြွေးပြန်ဆပ်ရမှာ သဘာဝပဲလေ။ အတိုက်အခံဖြစ်ကြမယ်ဆိုရင်တောင်မှ ကျွန်တော်တို့ဘက်က မှားနေတာမှ မဟုတ်တာ”
ယွီပင်းသည် ယွီစန်းလျို့သို့ စူးရဲစွာကြည့်၍ ပြန်ပြောသည်။
“ရှန်းထောင်မြို့ ရွာအကြီးအကဲရွေးချယ်ပွဲက နီးကပ်နေပြီ။ ငါဒီတစ်ကြိမ်မှာ ငါ့ရဲ့အင်အားအာဏာ ပိုပြီးခိုင်မာတောင့်တင်းလာဖို့ လိုအပ်တယ်။ ဘယ်လိုအနှောင့်အယှက်မျိုးမှ အဖြစ်မခံနိုင်ဘူး။ မင်း ရိုရိုကျိုးကျိုးနေစမ်း၊ သူတို့မိသားစုကို မပြစ်မှားမိစေနဲ့ ကြားလား”
“ကျွန်တော်နားလည်ပါပြီ၊ နားလည်ပါပြီ”
ယွီပင်းမှ ပြောသည်။
“ငွေတုံးကိုယူသွား”
ပြောပြီးနောက် ယွီပင်းသည် ဒေါသတကြီးဖြင့် ထွက်သွားသည်။ သူသည် မျက်လုံးနီရွှေကြက်ကိုဖမ်းဆီးရန်အတွက် မနေ့ညက တစ်ညလုံးစောင့်ကြည့်ခဲ့သော်ငြား ဖမ်းမမိခဲ့ပေ။ သို့ဖြစ်ရာ သူ၏စိတ်အခြေအနေမှာ အဘယ်သို့များ ကောင်းမွန်နိုင်ပါအံ့နည်း။
အရမ်းထူးဆန်းတယ်။ ဒဏ်ရာရနေတဲ့ မျက်လုံးနီရွှေကြက်က ဝံပုလွေချောက်ထဲ ပျံသွားတာကို ငါသေချာပေါက်မြင်လိုက်ပါတယ်။ ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားရတာလဲ။
မဖြစ်ဘူး၊ ဒီကိစ္စကို စုံစမ်းစစ်ဆေးရမယ်။
ယွီပင်းထွက်ခွာသွားပြီး နောက်ဖေးခြံဝင်းထဲတွင် ယွီစန်းလျို့တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ ယွီစန်းလျို့သည် စားပွဲပေါ်ရှိ ငွေတစ်တုံးကို လက်ဖြင့်ဖိညှစ်ဆုပ်ကိုင်လိုက်သည်။ ငွေတုံးမှာ ငွေပြားအဖြစ် ပြောင်းလဲသွားသည်အထိ ဖိညှစ်ပစ်ခဲ့၏။
“မာလျို့ကို သွားခေါ်စမ်း”
“ဟုတ်ကဲ့ သခင်လေး”
မကြာမီ မာလျို့ကို ဆင့်ခေါ်လာခဲ့သည်။
ယွီစန်းလျို့သည် ထိုင်ခုံပုတစ်လုံးပေါ်တွင်ထိုင်၍ မာလျို့ကိုပြောသည်။
“ငါဝူကျုံးကို အကြွေးစာရင်းစာရွက်ပေးလိုက်ပြီ”
“အိုး သခင်လေး၊ သခင်လေး ချန်ကျိုစစ်ကို ထပ်ပြီး မလှည့်ဖြားချင်တော့ဘူးလား။ ပြီးတော့ စူးယွင်ကျင်းရောပဲ သူ့ကိုရော လက်လွှတ်လိုက်ပြီလား”
မာလျို့မှ မေးသည်။
ယွီစန်းလျို့သည် လက်သီးကို ကျစ်ကျစ်ဆုပ်ထား၏။ မည်သည့်အကြောင်းကိစ္စမျိုးရှိသည်ဖြစ်စေ စူးယွင်ကျင်းအား သိမ်းပိုက်ရန်အမှုကို လက်မလျှော့နိုင်ပါချေ။ စူးယွင်ကျင်းသည် သူ၏စွဲလမ်းမှုဖြစ်၏။
သူ၏ဖခင်ယွီပင်းသည် သူ့အား ပညာရှိစူးအိမ်သို့ စေ့စပ်ကြောင်းလမ်းရန် ခေါ်သွားခဲ့သည့်နေ့ကို မမေ့နိုင်ပါချေ။
ထိုလူအိုကြီးသည် ရဲတင်းလွန်းခဲ့၏။
“ငါတို့ပညာရှိမိသားစုက အရိုင်းအစိုင်းကောင်နဲ့ လက်ထပ်မှာ မဟုတ်ဘူး!”ဟူ၍ ပြောခဲ့ပေသည်။
ထိုနေ့က သူ့ကိုကြည့်ခဲ့သည့် စူးယွင်ကျင်း၏အကြည့်များကို သူမမေ့နိုင်ပါချေ။ ထိပ်တန်းကျောင်းသားတစ်ယောက်မှ လမ်းဘေးမှ လူရမ်းကားတစ်ယောက်ကို အထင်အမြင်သေးစွာ ကြည့်သည့်အလား ပညာမတတ်သည့်သူ့အား အထင်မြင်သေးစွာ ကြည့်နေခဲ့သည်။
ထိုအကြည့်သည် ယွီစန်းလျို့အား နက်နက်ရှိုင်းရှိုင်း နာကျင်စေခဲ့သည်။
သူသည် မာနကြီးသည့်လူတစ်ယောက်ဖြစ်၏။ ပညာမတတ်သူတစ်ဦးဖြစ်ခဲ့လျှင်သော်မှ သူသည် ရှန်းထောင်မြို့တွင် လူတိုင်းမှ သခင်လေးယွီဟု တလေးတစား ခေါ်ဆိုရသူဖြစ်သည်။
သူ၏ရုပ်ရည်သွင်ပြင်သည် မချောမောသည်လည်းဖြစ်နိုင်၏။ သို့သော် သူဆန္ဒရှိလျှင် မည်သည့်လောင်းကစားသမား၏ဇနီးကိုဖြစ်စေ၊ သမီးကိုဖြစ်စေ သူ၏အိပ်ရာထက်သို့ ခေါ်တင်နိုင်သည်။
သူသည် အသုံးအဖြုန်းကြီးသူတစ်ဦးဖြစ်နိုင်သော်ငြား လောင်းကစားရုံတစ်ရုံကို ပိုင်ဆိုင်ထားသူဖြစ်သည်။ များပြားလှသော လူများသည် သူ့အား ပိုက်ဆံပေးရန် နေ့စဉ်နေ့တိုင်း တန်းစီနေကြသည်။ အဆုံးသတ်တွင် ထိုလူများအားလုံး ဘဝပျက်စီးသွားကြသည့်တိုင် သူသည်တော့ ချမ်းသာလာခဲ့သည်။
သူသည်လည်း သူ့နည်းသူ့ဟန်နှင့် ထူးချွန်သူဖြစ်၏။ သို့ဖြစ်ရာ ဆင်းရဲနွမ်းပါးသည့် ပညာတတ်တစ်ယောက်က အဘယ်ကြောင့်များ သူ့အား အထင်အမြင်သေးရသနည်း။
“မင်း တစ်နေ့မှာ ငါ့လက်အောက်ကိုရောက်လာပြီး ဒူးထောက်အသနားခံရလိမ့်မယ်။ ငါ့ရှေ့မှာ ဒူးထောက်ပြီး ငါ့ကျင်ငယ်ကို သောက်ရလိမ့်မယ်!”
ထို့ကြောင့် ချန်ကျိုစစ် လောင်းကစားရုံသို့ ရောက်လာခဲ့ကြောင်း ကြားသိခဲ့ရသည့်နေ့တွင် ယွိစန်းလျို့သည် အတိုင်းအဆမသိ ပျော်ရွှင်ခဲ့သည်။ စူးယွင်ကျင်း သူ့ရှေ့တွင်ဒူးထောက်၍ အရှက်တကွဲဖြစ်ရမည့်နေ့ကို စိတ်အားထက်သန်စွာ မျှောင်လင့်စောင့်စားနေခဲ့သည်။ အရုပ်တစ်ရုပ်ကဲ့သို့ သူ၏စိတ်တိုင်းကျ ဆော့ကစားခံရပြီး သူမ၏မာန်မာနအား ချေမွပစ်၍ သူမ၏ဂုဏ်သိက္ခာကို သူ၏ခြေဖဝါးအောက်၌ အမှုန့်ဖြစ်အောင် နင်းခြေပစ်နိုင်မည့်နေ့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သည်။
စူးယွင်ကျင်းမှ သူ့အား တောင်းပန်တိုးလျှိုး၍ အဆုံးမဲ့သော စိတ်ပျက်အားငယ်ခြင်းကို ခံစားရကာ သူမ၏အမှားများကို နောင်တကြီးစွာခံစားရ၍ မချိတင်ကဲဝေဒနာခံစားရကာ သေဆုံးသွားစေလိုသည်။
စူးယွင်ကျင်းကို နောင်တရစေလို၏_ သူမ၏ အတိတ်က အထင်မြင်သေးစွာ ပြုမူခဲ့သော အပြုအမူအတွက် နောင်တရစေချင်သည်။
သူလက်စားချေချင်၏! လက်စားချေခြင်းအား စိတ်အားထက်သန်စွာ လိုလားပါ၏!
သို့သော် သူ၏အစီအစဉ်အောင်မြင်လုနီးတွင် ဝူကျုံးက ဖျက်ဆီးသွားခဲ့သည်။ အခုအချိန်ကျမှ သူအဘယ်သို့များ ကျေနပ်နိုင်ပါအံ့နည်း၊ အဘယ်သို့များ ရပ်တန့်နိုင်ပါအံ့နည်း။
ထို့နောက် ယွီစန်းလျို့ မာလျို့အား ပြောလိုက်သည်။
“ဒီငွေတစ်တုံးကို မင်းယူသွားလိုက်၊ ဒီနေ့ည ကောင်းကောင်းအနားယူလိုက်၊ နောက်ရက်နည်းနည်းကျရင် ငါမင်းကို လုပ်ခိုင်းစရာရှိတယ်”
မာလျို့သည် ယွီစန်းလျို့ ပစ်ပေးလိုက်သည့်ငွေတုံးကို လက်နှစ်ဖက်ဖြင့်ဖမ်းယူလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်လေးယွီ”
“ဒါဆို သွားတော့”
“သခင်လေးယွီ၊ သခင်လေး ကျွန်တော့်ကို ဘာလုပ်ရမယ်ဆိုတာ မပြောရသေးပါဘူး။ ကျွန်တော် အလုပ်အကြောင်းကို မသိရသေးဘဲ ဒီငွေကို လက်မခံနိုင်ပါဘူး”
ထိုအခါ ယွီစန်းလျို့သည် မာလျို့ကိုကြည့်လာ၏။
“မင်းသိချင်လား”
“ဟုတ်ကဲ့”
“အနားလာခဲ့”
“ဟုတ်ကဲ့”
မာလျို့ အနားကပ်သွားလိုက်သောအခါ ယွီစန်းလျို့မှ တီးတိုးပြောသည်။
“အကြွေးစာရင်းစာရွက်က ယူသွားခံလိုက်ရပြီ။ ငါတို့အခု ပေါ်ပေါ်တင်တင်လှုပ်ရှားလို့ မရတော့ဘူး။ ငါ့ကို စူးယွင်ကျင်းကို ပြန်ပေးဆွဲနိုင်မယ့် အခွင့်အရေးရှာပေး…”
“နားလည်ပါပြီ သခင်လေး။ ဟားဟားဟား အရင်ဆုံး ကျွန်တော်တို့လိုချင်တာကို ယူမယ်၊ ပြီးရင် သတ်ပစ်လိုက်မယ်။ စူးယွင်ကျင်းက တောဟင်းရွက်တွေ စုဆောင်းရတာကြိုက်တယ်၊ သူ့ကိုဖမ်းဖို့က မခက်ခဲပါဘူး။ ဒီကိစ္စအတွက် စိတ်ချထားလိုက်ပါ သခင်လေး”
မာလျို့သည် ကောက်ကျစ်စဉ်းလဲသည့်အပြုံးဖြင့် ပြုံးလိုက်သည်။
ယွီစန်းလျို့မှ ပြောသည်။
“ဒီရက်ပိုင်းအတွင်းတော့ မလှုပ်ရှားနဲ့ဦး၊ ဝူကျုံး စောင့်ကြည့်နေလိမ့်မယ်။ ဒီကိစ္စ ငြိမ်သွားတဲ့အထိ စောင့်ကြတာပေါ့”
“ဟုတ်ကဲ့ပါ သခင်လေး၊ ကျွန်တော်နားလည်ပါပြီ”
မာလျို့ အရိုအသေပေးပြီးနောက် ထွက်ခွာလာခဲ့သည်။
ယွီစန်းလျို့သည် ထွက်ခွာသွားသည့် မာလျို့၏နောက်ကျောကိုကြည့်၍ စဉ်းလဲစွာပြုံး၏။
“စူးယွင်ကျင်း မင်းငါ့လက်ထဲက မလွတ်မြောက်နိုင်ပါဘူး!”
…
အလုပ်များသည့်တစ်နေ့တာ ကုန်ဆုံးပြီးနောက် ချန်ကျဲ့သည် ပိုင်မိသားစုနေအိမ်၌ သိုင်းပညာလေ့ကျင့်ခြင်းနှင့် ဆေးပညာလေ့လာခြင်းတို့ကို လုပ်ဆောင်နေသည်။ ဆေးကျမ်းသည် အောက်စ်ဖို့အဘိဓာန်မျှ အထူရှိ၏။ ချန်ကျဲ့သည် ထိုဆေးကျမ်းထဲမှ ဆေးဖက်ဝင်အပင်များကို တစ်ခုချင်းစီ မှတ်သားနေရသည်။
ဦးနှောက်ဆူပွက်သည်အထိ မှတ်သားနေခဲ့ရလေရာ ချန်ကျဲ့သည် စိတ်များ နောက်ကျိထိုင်းမှိုင်းလာခဲ့လျှင် ယန်ချွမ်ကျင့်စဉ်ကို အသုံးပြု၍ ချက်ချင်းစိတ်ကြည်လင်စေသည်။ သို့ဖြင့် သူ၏မှတ်သားသင်ယူနိုင်စွမ်းသည် အခြားသူများထက်ပို၍ ထိရောက်မှုရှိပေသည်။
သို့ဖြစ်ရာ ချန်ကျဲ့သည် သိုင်းပညာနှင့် ဆေးပညာနှစ်မျိုးစလုံးတွင် တိုးတက်မှုလျင်မြန်ပေသည်။
ညနေသို့ရောက်သောအခါ ဝူကျုံးပြန်ရောက်လာခဲ့သည်။ ဝူကျုံးသည် ချန်ကျဲ့ကိုခေါ်၍ အကြွေးစာရွက်ကို ပြန်ပေးသည်။
“ရော့ ကျိုစစ်”
အကြွေးစာရင်းစာရွက်ကိုမြင်သောအခါ ချန်ကျိုစစ် ဝူကျုံးကို ချက်ချင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
‘ဦးလေးကျုံး ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်ဗျာ၊ ပြီးတော့ ငွေတစ်တုံးအတွက်ကို…”
ထိုအခါ ဝူကျုံးမှ ပြောသည်။
“ဘယ်က ငွေတစ်တုံးလဲ၊ မင်းငါ့ကို မျက်လုံးနီရွှေကြက်ရောင်းပေးခဲ့တာက ငါ့အတွက် တကယ်ကြီးမားတဲ့ အကူအညီကြီးပဲကွ…”
သမားတော်ပိုင်မှ ကြားဝင်ပြောသည်။
“တော်ပြီ၊ အရမ်းတွေ ယဉ်ကျေးနေဖို့မလိုဘူး။ ငါတို့အားလုံးက တစ်မိသားစုတည်းတွေပဲကို တစ်ယောက်နဲ့တစ်ယောက် ဒီလောက်ထိ ထုံးတမ်းတွေအတိုင်း လိုက်နာနေဖို့မလိုပါဘူး။ ကဲ ထမင်းစားကြရအောင်”
ညစာအား အစဉ်အလာအတိုင်းပင် ပိုင်မိသားစုနေအိမ်တွင် စားသောက်ခဲ့သည်။ သခင်မပိုင်သည် ချန်ကျဲ့အား အိမ်သို့ယူသွားရန်အတွက် ပေါက်စီအနည်းငယ် ထုပ်ပိုးပေးခဲ့သည်။
ညစာစားသောက်ပြီးလုနီးတွင် သမားတော်ပိုင်မှ ညွှန်ကြား၏။
“လန်အာ ဆေးဖိုပေါ်က ကြက်စွပ်ပြုတ်သွားယူလိုက်”
“ဟုတ်ကဲ့”
မကြာမီ သခင်မပိုင်သည် ကြက်စွပ်ပြုတ်ကိုယူ၍ ပြန်ရောက်လာသည်။ သမားတော်ပိုင်မှ ပြောသည်။
“ငါ ဒီဇာမဏီစွပ်ပြုတ်ကို ဆေးဖက်ဝင်ဆေးဝါး၁၁မျိုး ပေါင်းထည့်ထားတယ်။ အရမ်းအာဟာရဖြစ်တယ်။ ကျုံးအာ ဒါက မင်းအတွက် အခွင့်အရေးပဲ”
သမားတော်ပိုင်မှ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဝူကျုံးသည် မစောင့်ဆိုင်းနိုင်ဖြစ်လာခဲ့သည်။ သမားတော်ပိုင်မှ အိုးအဖုံးကို ဖွင့်လိုက်ရာ ဆေးဖက်ဝင်ဆေးမြစ်များနှင့် အရသာကောင်းမွန်သည့် ကြက်စွပ်ပြုတ်တို့ ရောနှောနေသည့် ရနံ့တစ်မျိုး ရုတ်ချည်းပျံ့လွင့်လာ၏။
နေရာရှိလူအားလုံးမှာ အလိုအလျောက် တံတွေးမျိုချမိလိုက်ကြသည်။
သမားတော်ပိုင်သည် ပန်းကန်လုံးလေးလုံးကိုယူ၍ စွပ်ပြုတ်ရည်ထည့်ပေးသည်။ ထို့နောက် သူ့ကိုယ်သူအတွက် တစ်ပန်းကန်ယူ၍ သခင်မပိုင်၊ ဝူဟုန်နှင့် ချန်ကျဲ့တို့ကို ကျန်သည့်စွပ်ပြုတ်ရည်သုံးခွက်အား တစ်ပန်းကန်စီ ခွဲပေးသည်။
“ဒီကြက်စွပ်ပြုတ်ရဲ့ ဆေးအာနိသင်၈၀ရာခိုင်နှုန်းက ကြက်သားထဲမှာ၊ ၂၀ရာခိုင်နှုန်းက စွပ်ပြုတ်ရည်ထဲမှာ စိမ့်ဝင်နေတယ်။ ကျုံးအာ မင်းက အခု အာဟာရဖြည့်တင်းမှုလွန်ကဲလို့မဖြစ်ဘူး။ ၈၀ရာခိုင်နှုန်းက မင်းအတွက်ကွက်တိပဲ။ ငါတို့လေးယောက် စွပ်ပြုတ်ရည်ကို မျှသောက်လိုက်မယ်၊ ကြက်သားကိုတော့ မင်း စားလိုက်”
“ဟုတ်ကဲ့ပါ အဖေ”
ဝူကျုံး ပြောလိုက်ပြီး စွပ်ပြုတ်ထဲမှ ရွှေကြက်သားကို အငမ်းမရ စားသောက်တော့သည်။
ထို့နောက် ပိုင်သခင်မမှ ချန်ကျဲ့တို့ကို ပြော၏။
“စွပ်ပြုတ်သောက်ကြရအောင်”