← Chapters

လက်သီးသိုင်းတိုးတက်လာခြင်း

Vol. 3 Ch. 39

လက်သီးသိုင်းတိုးတက်လာခြင်း

Vol. 3 Ch. 39

ချန်ကျဲ့သည် မိမိမှာ ထိုစွပ်ပြုတ်ရည်တစ်ခွက်အား သောက်ခွင့်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။ အထူးသဖြင့် ထိုမျက်လုံးနီရွှေကြက်မှာ အလွန်မြင့်မားသည့်ဈေးနှုန်းဖြင့် ဝယ်ယူထားခဲ့ရခြင်း မဟုတ်ပါလော။

ချန်ကျဲ့သည် ငွေကြေးတစ်ပြားတစ်ချပ်သော်မှ မဆုံးရှုံးခဲ့ရသည့်အပြင် ဤစွပ်ပြုတ်ရည်တစ်ခွက်ကိုပါ အပိုထပ်ဆောင်းရရှိခဲ့သည့်အတွက် အကြွေးတင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဆရာ ကျွန်တော် မသောက်တော့ပါဘူး…”

ချန်ကျဲ့မှ အနည်းငယ်ရှက်ရွံ့ဟန်ဖြင့် ပြောခဲ့သည်။ ထိုစဉ် သမားတော်ပိုင်မှ ကြားဖြတ်ပြော၏။

“သောက်လိုက်၊ ငါဖော်စပ်ထားတဲ့ ဇာမဏီစွပ်ပြုတ်က သိုင်းပညာရှင်တွေအတွက် အရမ်းကောင်းတဲ့အားဆေးပဲ။ မင်း အခုနောက်ပိုင်း သိုင်းပညာလေ့ကျင့်နေတာမဟုတ်လား။ ဒီစွပ်ပြုတ်တစ်ခွက်က အနည်းဆုံး နှစ်တစ်ဝက်စာ ကြိုးစားကျင့်ကြံမှုကို ပေးနိုင်တယ်နော်”

“ဒါပေမဲ့ ဆရာ ကျွန်တော် ဒီရွှေကြက်အတွက် တန်ကြေးယူပြီးသွားပြီလေ…”

“ဟက် အဲဒါက မင်းရဲ့ဦးလေးကျုံးကို ရောင်းလိုက်တာက ရ‌တာလေ။ ဒီစွပ်ပြုတ်က ဆရာက တပည့်ကိုပေးတဲ့ လက်ဆောင်ပဲ။ ဘာမှ ရှုပ်ထွေးနေဖို့မလိုဘူး။ သောက်လိုက်”

ထိုစဉ် ဝူကျုံးမှ ကြက်တောင်ပံကို ကိုက်ဝါး၍ ပြောလာသည်။

“ကျိုစစ် သောက်လိုက်စမ်းပါ။ ငါတို့အားလုံးက မိသားစုတွေပဲ၊ အားနာနေဖို့ မလိုဘူး”

ဝူဟုန်လည်း ဝင်ပြောသည်။

“ညီနောင် ချမ်းသာကြွယ်ဝမှုက စကားလုံးတွေကနေ အရင်းခံပြီး သိုင်းပညာတတ်ကျွမ်းမှုက ချို့တဲ့နွမ်းပါးခြင်းကနေ အရင်းခံတယ်လို့ ပြောကြတယ်။ မင်း သိုင်းပညာလေ့ကျင်တယ်ဆိုရင် ကောင်းကင်ရတနာ၊ မြေရတနာတွေရဲ့ အကူအညီမပါဘဲနဲ့ ကြီးကြီးမားမား မအောင်မြင်နိုင်ဘူး”

ထိုအခါ ချန်ကျဲ့ တိတ်ဆိတ်သွားရသည်။ သခင်မပိုင်မှ ဆက်ပြော၏။

“ကျိုစစ်က အရမ်းရိုးစင်းလွန်းတယ်။ သူ့ကိုထပ်ပြီး အတင်းဖျောင်းဖျမနေနဲ့တော့။ သူ့ဘာသူ ‌စဉ်းစားလိမ့်မယ်။ ကျိုစစ် ငါတို့အားလုံးက မိသားစုတွေပဲ၊ မင်း စိမ်းကားနေဖို့ မလိုပါဘူး”

အားလုံးမှ တိုက်တွန်းနေကြလေရာ ချန်ကျဲ့မှာ ထပ်မံငြင်းဆန်ရန် မသင့်တော်သောကြောင့် စွပ်ပြုတ်ရည်ကို တစ်ငုံသောက်လိုက်သည်။

စွပ်ပြုတ်သည် ဆားတို့ဖြင့် အရသာခပ်ထည့်ထားခြင်း မရှိပေ။ သို့သော် မယုံကြည်‌နိုင်လောက်အောင် အရသာလေးပင်ပြီး ဆေးဖက်ဝင်ဆေးဝါးများ၏ ထူးခြားသည့် မွှေးရနံ့တစ်မျိုးရှိသည်။

စွပ်ပြုတ်ရည် ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်သွားသောအခါ ဝမ်းဗိုက်အတွင်း နွေးထွေးသွားခြင်းကို ခံစားလိုက်ရသည်။ အတွင်းမှ အပြင်သို့ အပူလှိုင်းများ ဖြာထွက်နေသည်ကဲ့သို့ ခံစားရပေသည်။

အခြားသူနှစ်ဦးကို ကြည့်လိုက်သောအခါတွင်လည်း ချွေးထုတ်ခန်းသို့ရောက်နေသည့်အလား ချွေးများရွှဲနစ်နေကြသည်။

ထိုစဉ် ဝူဟုန်မှ ချန်ကျဲ့ကို ပြောသည်။

“ညီနောင်ကျိုစစ် အဲဒီမှာပဲရပ်‌မနေနဲ့၊ လက်သီးသိုင်း ခဏလောက်လေ့ကျင့်ရအောင်။ ငါတို့ ဆေးအာနိသင်ကို ဒီတိုင်းမဖြုန်းတီးသင့်‌ဘူးလေ”

ထိုအခါ ချန်ကျဲ့သည်လည်း ဝူဟုန်နှင့်အတူ ဘိုးဘေးကြီးလက်သီသိုင်းအား စတင်လေ့ကျင့်သည်။ လက်သီးထိုးချက်တိုင်း၊ လှုပ်ရှားမှုတစ်ခုစီတိုင်းသည် တိကျမှန်ကန်သည်။ လက်သီးသိုင်းတစ်ကွက်တိုင်း၌ ချန်ကျဲ့သည် သူ၏ခြေလက်များသို့ ထူးဆန်းသည့်နွေးထွေးမှုတစ်မျိုး ပျံ့နှံ့လာသည်ကို ခံစားမိသည်။ သူ၏ခန္ဓာကိုယ်အင်အားသည်လည်း သိသိသာသာ တိုးတက်‌လာခဲ့သည်။

ဒါက ဆေးအာနိသင်ကို စုပ်ယူတယ်ဆိုတာလား။

‌တွေးတောရင်းဖြင့် ချန်ကျဲ့သည် ယန်ချွန်ကျင့်စဉ်နှင့် ဘိုးဘေးကြီးလက်သီးသိုင်းတို့ကို ပေါင်းစပ်၍ ‌လက်သီးသိုင်းအလေ့ကျင့်နေစဉ် အသက်ရှူနှုန်းကို ထိန်းညှိသည်။ ထိုအခါ ဆေးအာနိသင်ကို စုပ်ယူနှုန်းမှာ ပို၍မြန်ဆန်လာခဲ့ကြောင်းကို သတိထားမိလိုက်၏။ ဘိုးဘေးကြီးလက်သီးသိုင်းအား ပို၍ကျွမ်းကျင်လာခဲ့သည်။

နှစ်ကြိမ်လေ့ကျင့်ပြီးနောက်၌ ဝူဟုန်သည် ဆေးအာနိသင်အားလုံးကို စုပ်ယူပြီးသောကြောင့် လေ့ကျင့်မှုကို ရပ်တန့်လိုက်သည်။ ဝူဟုန်သည် ကြံ့ခိုင်မှုအင်အားအရာ၌ ကောင်းမွန်သူဖြစ်ရာ ဆေးအာနိသင်အလုံးစုံကို စုပ်ယူရန်အတွက် တကယ်တမ်းတွင် တစ်ကြိမ်လေ့ကျင့်ရန်သာ လိုအပ်ပါ၏။ အပိုတစ်ကြိမ်လေ့ကျင့်ခဲ့ခြင်းမှာ ချန်ကျဲ့ကို လမ်းညွှန်ပေးရန်ဖြစ်သည်။

ဝူဟုန်သည် ချန်ကျဲ့၏ကိုယ်နေဟန်ထားကို အမှန်ပြင်ဆင်ပေးနေရာ စစ်ရေးလေ့ကျင့်နေခြင်းနှင့်ပင် အနည်းငယ်ဆင်တူနေတော့သည်။

ငြိမ်သက်စွာရပ်နေစဉ်‌၌ ချန်ကျဲ့သည် သမားတော်ပိုင်နှင့် သခင်မပိုင်တို့၏ အသားအရေများသည် ပန်းရောင်သန်းကာ ပြန်လည်ပြည့်တင်းလာသည်ကို သတိပြုမိခဲ့၏။ သူတို့၏အရေးအကြောင်းများ လျော့နည်းသွားသည်ထင်ရ၏။

ကောင်းကင်ရတနာ၊ မြေရတနာများသည် အာဟာရဖြည့်တင်းပေးသည့်အရာများ ဖြစ်ကြသည်။ သိုင်းပညာရှင်များသည် ၎င်းရတနာများအား ခန္ဓာကိုယ်ကြံ့ခိုင်ရေးနှင့် သန်မာကြံ့ခိုင်သည့်အရိုးတည်ဆောက်မှု ရရှိရန်အတွက် အားဖြည့်ပစ္စည်းအဖြစ် အသုံးပြုကြသည်။ သာမန်လူများသည် မိမိတို့၏အသက်စွမ်းအင်ကို ဖြည့်တင်းခြင်း၊ ရောဂါများ ပျောက်ကင်းစေခြင်းနှင့် အသက်ရှည်စေရန်အတွက် အသုံးပြုနိုင်ကြသည်။

သို့သော် လေ့ကျင့်မှုနည်းလမ်းမရှိပါက သာမန်လူများသည် ၎င်းတို့၏အာနိသင်ကို ဆယ်ပုံတစ်ပုံ သို့မဟုတ် ဆယ်ပုံနှစ်ပုံကိုသာ စုပ်ယူနိုင်ကြသည်။ သို့သော် ထိုမျှပမာဏကို စုပ်ယူနိုင်ခြင်းဖြင့်ပင် သူတို့၏ကျန်းမာရေးနှင့်အသက်စွမ်းအင်တို့အား များစွာ အထောက်အကူပြုနိုင်ပေသည်။

သမားတော်ပိုင်မှ ဝူဟုန်ကိုကြည့်၍ မေးသည်။

“မင်းပြီးသွားပြီလား။ မင်းညီကျိုစစ်ကရော”

ထိုအခါ ဝူဟုန်မှ ပြန်ပြောသည်။

“ညီနောင်ကျိုစစ်က မပြီးသေးဘူး။ သူ့ရဲ့ခန္ဓာကိုယ်က အားနည်းတော့ ဆေးအာနိသင်ကို အပြည့်အဝစုပ်ယူနိုင်ဖို့ဆိုရင် အနည်းဆုံး သိုင်းကွက်တွေကို အကြိမ်နှစ်ဆယ်‌လောက် လေ့ကျင့်မှရမယ်။ ပြီးတော့ စုပ်ယူတဲ့အချိန်က ကြာမြင့်တာကြောင့် ဆေးအာနိသင်ကို အပြည့်အဝစုပ်ယူနိုင်ဖို့ ခက်တယ်၊ ၈၀ရာခိုင်နှုန်းလောက်ပဲ စုပ်ယူနိုင်မယ်ထင်တယ်”

သမားတော်ပိုင် ခေါင်းညိတ်သည်။

ထို့နောက်တွင်လည်း ချန်ကျဲ့သည် ဘိုးဘေးကြီးလက်သီးသိုင်းကို ဆက်လက်လေ့ကျင့်သည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်…

ချန်ကျဲ့ကို စောင့်ကြည့်ပေးနေသည့် ဝူဟုန်သည် ရုတ်တရက် အံ့အားသင့်စွာဖြင့် အာမေဋိတ်သံပြုသည်။ ထိုအခါ သမားတော်ပိုင်မှ မေးလာ၏။

“ဘာဖြစ်လို့လဲ”

“ညီနောင်ကျိုစစ်ရဲ့ သ‌ဘောပေါက်နားလည်နိုင်စွမ်းက အထင်ကြီးလောက်စရာပဲ။ သူ့ရဲ့လက်သီးသိုင်းက အခြေခံအဆင့်ကို ရောက်နေပြီ ပြီးတော့ တတ်မြောက်ခြင်းအ‌ဆင့်ရောက်ဖို့ အရမ်းနီးကပ်နေပြီ”

ထိုအခါ သမားတော်ပိုင်မှ မေးသည်။

“ကျိုစစ် ဘိုးဘေးကြီးလက်သီးသိုင်းကို တတ်မြောက်ခြင်းအဆင့်ရောက်ပြီဆိုရင် အဲဒါက အရေပြားသန့်စင်ခြင်းနယ်ပယ်အဆင့်ကို ရောက်လုနီးပြီလို့ ဆိုလိုတာမဟုတ်လား”

ဝူဟုန်မှ ပြောသည်။

“ဘိုးဘေးကြီးလက်သီးသိုင်းအရဆို တတ်မြောက်ခြင်းအဆင့်ကို ရောက်တာက နယ်ပယ်ဆိုင်ရာထူးခြားသူလို့ သတ်မှတ်လို့ရတယ်။ အောင်မြင်မှုငယ်အဆင့်က အရေပြားသန့်စင်ခြင်းနယ်ပယ်အဆင့်ကို ဝင်ရောက်နိုင်တယ်။ အောင်မြင်မှုကြီးအဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်အဆင့်ပဲ။ ပြီးတော့ ပြီးပြည့်စုံခြင်းအဆင့်က အမှောင်စွမ်းအင်အဆင့်ကို ရောက်ဖို့ နီးစပ်နေပြီလို့ ဆိုလိုပါတယ်”

“ညီနောင်ကျိုစစ် မင်းရဲ့သဘောပေါက်နားလည်နိုင်စွမ်းက အရမ်းထိုးထွင်းသိမြင်ဉာဏ်ရှိတာပဲ။ အံ့ဩစရာပဲ၊ တကယ့်ကို အံ့ဩစရာပါပဲ!”

ဝူဟုန် မထိန်းချုပ်နိုင်စွာ ချီးမွမ်းမိရပေသည်။ ထို့နောက် ချန်ကျဲ့သည် လေ့ကျင့်မှုဆယ်ကြိမ်ပြီးနောက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ချန်ကျဲ့သည် ဆေးအာနိသင်အလုံးစုံကို စုပ်ယူပြီးသွားသောကြောင့် ရှုပ်ထွေးနောက်ကျိသည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်လျက် ခန္ဓာကိုယ်မှာ ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်နေသည်ဟု ခံစားနေရပေသည်။

ဝူဟုန်သည် အံ့အားသင့်လျက် ကြည့်နေ၏။

ဒီလောက် ပြင်းတဲ့ဆေးအာနိသင်ကို သူက လက်သီးသိုင်းလေ့ကျင့်မှု ဆယ်ကြိမ်လောက်နဲ့ အကုန်စုပ်ယူပြီးသွားတာလား။

ဒီအထုံပါရမီက နည်းနည်းတော့ အားကောင်းလွန်းနေတယ် မဟုတ်ဘူးလား။ ဒါပေမဲ့ အရိုးစမ်းကြည့်တဲ့နေ့တုန်းက သာမန်အရိုးဖွဲ့စည်းမှုပဲ စမ်းသပ်ရခဲ့တာလေ?

သို့သော် ဝူဟုန်သည် ‌အမြန်ခေါင်းခါရမ်းလိုက်ပြီး ရယ်မော၏။ အရိုးစမ်းသပ်ခြင်းသည် အကြမ်းဖျင်းသာ ဖော်ပြနိုင်ပေသည်။ အချို့လူများသည် သိသာထင်ရှားမှုမရှိသော ခန္ဓာကိုယ်ပုံစံအား မျိုးရိုးဆက်ခံထားကြ၏။ ၎င်းကို အတွင်းကျိတ်တင့်တယ်သည်ဟုလည်း ခေါ်ဆိုကြပေသည်။

ထိုလူများသည် သာမန်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဟု ထင်ရသော်ငြား သိုင်းပညာလေ့ကျင့်လိုက်သည့်အခါတွင်မူ တိုးတက်မှုနှုန်းလျင်မြန်ကာ တစ်ခါတရံတွင် မွေးရာပါပါရမီရှင်များထက်ပင် သာလွန်သွားတတ်‌ပေသည်။ ထိုသို့လူများသည် မှန်းဆရန်အနက်နဲဆုံးသူများဖြစ်ကြ၏။

ကြည့်ရသည်မှာ သူ၏ညီနောင်ကျိုစစ်သည် ထိုအတွင်းကျိတ်တင့်တယ်သူများထဲမှ တစ်ဦးဖြစ်နိုင်ပေသည်။

ထိုအတွေးဖြင့် ဝူဟုန်သည် သူ၏စိတ်အာရုံအမြင်၌ အခွင့်အရေးတစ်ခုကို စိတ်ကူးယဉ်ကြည့်မိသည်။

အဆုံးသတ်ကျ ကျိုစစ်က ငါ့ညီနောင်ပဲလေ။ ငါသူ့ကို အစိုးရရုံးကိုခေါ်ပြီး ရဲမက်အဖြစ် အလုပ်လုပ်နိုင်မယ့်အခွင့်အရေး ရှာပေးလိုက်သင့်လား”

အဲဒီလိုဆိုရင် ငါလည်း လက်ထောက်တစ်ယောက် ရနိုင်ပြီ။

ဒါပေမဲ့ အလျင်မလိုပါဘူးလေ။ အဖိုးအတွက် အဆင်ပြေတဲ့သူတစ်ယောက်ရှာဖွေဖို့ဆိုတာ လွယ်ကူတာမဟုတ်ဘူး။ သူ့ကို အရင်‌ဆုံး သိုင်းပညာပဲ သင်ယူခိုင်းထားလိုက်ပါဦးမယ်လေ။

“ညီနောင်ကျိုစစ် ဘယ်လိုနေလဲ”

ဝူဟုန်မှ အနီးသို့လျှောက်လာ၍ မေးမြန်းသည်။ ချန်ကျဲ့ ပြန်ပြောလိုက်သည်။

“ကျွန်တော် ဆေးအာနိသင်ကို အကုန်လုံးစုပ်ယူလိုက်ပြီ။ ကျွန်တော် ကျွန်တော် ကျွဲရိုင်းတစ်ကောင်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်မလို ခံစားရတယ်!”

ချန်ကျဲ့သည် သူ၏လက်သီးကိုကြည့်လျက် သူ၏ကိုယ်မှာ စွမ်းအင်များစွာဖြင့် ပြည့်နှက်နေသည်ဟု ခံစားနေရပေသည်။

ဝူဟုန်မှ ပြောသည်။

“အမ်း ညီနောင်ကျိုစစ်၊ မင်းက ပါရမီအားကောင်းတယ်။ မင်းရဲ့ဘိုးဘေးကြီးလက်သီးသိုင်းက တတ်မြောက်ခြင်းအဆင့်ကို ရောက်လုနီးနေတာကို ငါတွေ့ခဲ့တယ်။ မင်း တတ်မြောက်ခြင်းအ‌ဆင့်ကို ရောက်သွားတာနဲ့ မင်းရဲ့အင်အားက အရေပြားသန့်စင်ခြင်းနယ်ပယ်အဆင့်ကို ဝင်ရောက်ဖို့ အရည်အချင်းတစ်ဝက် ပြည့်မီပြီလို့ သတ်မှတ်လို့ရပြီ။ ဒီလိုကျေးလက်ဒေသမှာဆိုရင် မင်းက အတော်လေး အရည်အချင်းရှိတဲ့သူလို့ ပြောရမှာပဲ”

“အစ်ကိုဝူ ကျွန်တော့်ကို သင်ကြားပေးတဲ့ ကျေးဇူးကြောင့်ပါပဲ”

ဝူဟုန်မှ ပြောသည်။

“အဲ့လိုမပြောပါနဲ့ မပြောပါနဲ့”

သူတို့နှစ်ဦး စကားပြောနေကြစဉ် ဝူကျုံးသည် နောက်ဆုံးသောကြက်ရိုးကို လက်မှချ၍ နီမြန်းနေသည့်မျက်လုံးများဖြင့် ထရပ်လာသည်။ ထို့နောက် ‌ခြံဝင်းထဲသို့ဆင်း၍ စတင်သိုင်းလေ့ကျင့်သည်။

ဝူကျုံး၏လက်သီးသိုင်းသည် အလွန်အားမာန်ပြည့်ဝလေရာ လေပြင်း‌တစ်ဝှေ့ကိုပင် ဖြစ်ပေါ်စေခဲ့၏။ လေ့ကျင့်ပြီးနောက်၌ ဝူကျုံးသည် လက်မောင်းများကိုဆန့်ထုတ်၍ ရုတ်တရက် ကျောက်တုံးတစ်တုံးကို ကောက်မ,သည်။ ပေါင်ရာချီအလေးချိန်ရှိသည့် ကျောက်တုံးကြီးကို လက်တစ်ဖက်တည်းဖြင့် ပေါ့ပေါ့ပါးပါး ပင့်မြှောက်နိုင်လေသည်။

ချန်ကျဲ့မှာ အံ့အားသင့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားရသည်။

ဒါက လူရောဟုတ်သေးရဲ့လား။

ဘေးတွင်ရပ်နေသည့် ဝူဟုန်မှ ပြောသည်။

“ငါ့အဖေက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ တန့်နေတာ အချိန်အတော်ကြာနေပြီ။ အသက်အရွယ်အရ သူ့ရဲ့အင်အားကလည်း ‌လျော့နည်းနေပြီလေ။ ဒါပေမဲ့ ကြည့်ရတာတော့ ‌ဒီတစ်ကြိမ်မှာ ၇၀၊ ၈၀ရာခိုင်နှုန်းလောက် ပြန်ကောင်းလာပြီထင်တယ်”

ချန်ကျဲ့ မေးလိုက်သည်။

“အင်အားက လျော့နည်းသွားနိုင်တယ်လား”

ဝူဟုန်မှ ပြန်ပြောသည်။

“ဒါပေါ့ကွ၊ ‘လက်သီးက ငယ်ရွယ်မှုရဲ့အင်အားကို ကြောက်ရွံ့တယ်' ဆိုတဲ့စကားက ဟာသ မဟုတ်ဘူး။ မင်ကျင့်နယ်ပယ်အဆင့်မှာ ကြွက်သားနဲ့အရေပြားရဲ့အင်အားတွေ ပါဝင်တယ်။ အဲဒါတွေက အလွယ်တကူ အသက်အရွယ်ကြီးရင့်ယိုယွင်းနိုင်တဲ့အရာတွေလေ။ အဲဒီတော့ အလိုအလျောက် အင်အားလျော့နည်းလာတာပဲပေါ့။ 'တစ်သမတ်တည်းမဟုတ်တဲ့ လက်သီးချက်တွေက ဝါရင့်ဆရာကြီးကို သတ်နိုင်တယ်'ဆိုတဲ့ ဆိုရိုးကို မင်းမကြားဖူးဘူးလား”

ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။

“အဲဒါကြောင့် မင်ကျင့်အဆင့်သိုင်းပညာရှင်တွေကို အပြင်ဂိုဏ်းသိုင်းပညာရှင်တွေလို့လည်း ခေါ်တွင်ကြတာပဲ။ သူတို့ရဲ့ ပြောင်မြောက်တဲ့စွမ်းရည်တွေက အမြဲတမ်း မတည်ရှိနိုင်ဘူးလေ။ သူတို့က ငယ်ရွယ်မှုရဲ့ တက်ကြွဖြတ်လတ်မှုကို မက်မောကြတယ်။ အကယ်၍ သူတို့က အင်အားလျော့နည်းလာနှုန်းကို လျှော့ချချင်ရင် အရွတ်နဲ့အရိုးတွေကို အဓိကလေ့ကျင့်တဲ့ အမှောင်စွမ်းအင်အဆင့်ကို ရောက်ဖို့လိုတယ်။ အရွတ်နဲ့အရိုးတွေက အသွေးအသားထက် အိုမင်းတာ နှေးတယ်တော့ အင်အားလျော့နည်းတာလည်း အလိုအလျောက် ပိုနှေးသွားတယ်”

“ပြီးတော့ သိုင်းပညာရှင်တစ်ယောက်က ကိုယ့်ရဲ့အင်အားကို အချိန်ရဲ့တိုက်စားမခံရအောင် ထိန်းသိမ်းဖို့အတွက် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရမယ်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်က ရိုးတွင်းခြင်ဆီကို လေ့ကျင့်တာ။ ရိုးတွင်းခြင်ဆီကို နိုးကြွစေခြင်းက အတွင်းအားကို ထုတ်လုပ်ပေးနိုင်တယ်။ အတွင်းအားက အင်အားအရာမှာ အိုမင်းလာခြင်းကို တိုက်ဖျက်နိုင်တယ်”

ဝူဟုန်၏ ရှင်းပြချက်ကို ချန်ကျဲ့ စိတ်ထဲမှ တိတ်တဆိတ်မှတ်သားထားခဲ့သည်။

ထိုစဉ် ချန်ကျဲ့သည် တစ်စုံတစ်ခုကို တွေးမိသွား၍ ဝူဟုန်အား လှည့်မေးလိုက်သည်။

“အစ်ကိုဝူ အစ်ကိုက ဘယ်အဆင့်ကိုရောက်နေပြီလဲ”

ဝူဟုန် ပြုံးလိုက်သည်။

“လူအိုကြီးထက် ပိုအင်အားကြီးတယ်၊ နည်းနည်းလေးပဲဖြစ်ဖြစ်ပေါ့”

All Chapters