← Chapters

နောက်ဆုံးရသတင်းအချက်အလက်များ

Vol. 3 Ch. 41

နောက်ဆုံးရသတင်းအချက်အလက်များ

Vol. 3 Ch. 41

“အာ ငါတို့ ဦးလေးကျုံးကို တကယ်‌ကျေးဇူးတင်သင့်တယ်”

ချန်ကျဲ့သည် မျက်လုံးနီရွှေကြက်၏ဇာစ်မြစ်သည် အန္တရာယ်များသောကြောင့် ထိုမျက်လုံးနီရွှေကြက်အကြောင်းကို ထည့်မပြောခဲ့ပေ။ လက်နက်ကိုင်ဆောင်ထားသည့် အိမ်အစေခံအုပ်စုတစ်စုသည် တစ်ပါးသူအား အန္တရာယ်ပြုနိုင်သည်မှာ သိသာလှပေသည်။

ထို့ပြင် ထိုကောင်းကင်ရတနာ၊ မြေရတနာဖြစ်သည့် ရွှေကြက်ကို ကြားဖြတ်ဖမ်းယူခဲ့ခြင်းသည် ထိုအုပ်စုနှင့် အတိအလင်း ရန်သူလုပ်လိုက်ခြင်းဖြစ်၏။ အောင်မြင်မှုကို လျှို့ဝှက်၍ စံစားသင့်ကာ ရှုံးနိမ့်မှုအား စိတ်လိုလက်ရပြောဆိုနိုင်သည်။ ကြီးမားသည့်အစီအစဉ်ဟူသည် စိတ်ထဲတွင်သိမ်းဆည်းထား၍ အပြုအမူဖြင့် စီမံဆောင်ရွက်သင့်သည်။ ဤအကြောင်းအရာအား စူးယွင်ကျင်းကို ပြောပြခြင်းသည် သူမကို သေချာပေါက် စိုးရိမ်ပူပန်စေလိမ့်မည်ပင်။ ဝန်ထုပ်ဝန်ပိုးများကို အမျိုးသားမှ ထမ်းပိုးသင့်၏။ အမျိုးသမီးအား စိတ်ပိုင်းဆိုင်ရာဖိအားများလည်း မရှိစေသင့်ပေ။

စူးယွင်ကျင်းသည် အရင်ကသူ့ကြောင့် အများကြီးဒုက္ခခံစားခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ယခုအချိန်မှစတင်၍ စူးယွင်ကျင်းသည် ပို၍သက်သာချောင်ချိသော ဘဝတွင်နေထိုင်နိုင်ကာ၊ အနည်းငယ်သော်မျှဖြစ်ဖြစ် ပို၍ပျော်ရွှင်နိုင်ကာ၊ ချမ်းမြေ့ပျော်ရွှင်မှုကို ခံစားနိုင်ရန် ချန်ကျဲ့ မျှော်လင့်မိ၏။

…

တိတ်ဆိတ်သည့် ညအချိန်ကျရောက်လာခဲ့သည်။

အရုဏ်မတက်မီ၌ ချန်ကျဲ့၏ ဇီဝနာရီသည် ချန်ကျဲ့ကို အိပ်ရာနိုးထစေခဲ့သည်။

ဤကမ္ဘာ၏ညအချိန်၊ အထူးသဖြင့် ကျေးလက်ဒေသအတွင်း၌ ပျော်ရွှင်စိတ်ဝင်စားဖွယ်ရာဟူ၍ မရှိတတ်လေရာ အားလုံးသည် စောစောအိပ်ရာဝင်ကြသည်။ များသောအားဖြင့် ည၇နာရီခန့်တွင် အိပ်ရာထက်တွင် စတင်လဲလျောင်း‌ကြလေသည်။

ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်ကို ကျင့်ကြံနေသောကြောင့် တစ်နေ့လျှင် ၅နာရီအိပ်ချိန်သည် လုံလောက်၏။

ထို့ကြောင့် အရုဏ်တက်ချိန်တွင် စနစ်၏ သတင်းအချက်အလက်များ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့ အိပ်ရာထခဲ့သည်။

[ဒီနေ့ရဲ့ နောက်ဆုံးရသတင်းအချက်အလက်များကို မြှင့်တင်ခဲ့ပြီးပါပြီ (အဆင့် ၁)]

[၁၊ ဒီနေ့ သင် ဘိုးဘေးကြီးလက်သီးသိုင်းကို လေ့ကျင့်ခြင်းမှ ရရှိခဲ့တဲ့ သတင်းအချက်အလက်ဖြစ်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ဟာ အားအင်ဖြည့်တင်းခံခဲ့ရပြီး သင့်ရဲ့လက်သီးသိုင်းလည်း တိုးတက်လာခဲ့ပါတယ်။ လက်သီးသိုင်းကို အကြိမ်ငါးဆယ် ထပ်မံလေ့ကျင့်ရင် တတ်မြောက်ခြင်းအဆင့်ကို ရောက်ရှိနိုင်ပါပြီ]

[၂၊ သင်ဒီနေ့ မျက်လုံးနီရွှေကြက်ကို ကြိုးစားဖမ်းယူခဲ့ခြင်းမှ ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ ယွီပင်းက တောင်ပေါ်ကို လူ၅၀ကို ‌ဦးဆောင်ခေါ်ပြီး အပြင်းအထန်ဒဏ်ရာရနေတဲ့ မျက်လုံးနီရွှေကြက်ကို ဖမ်းဖို့ထောင်ချောက်ဆင်နေခဲ့ပါတယ်။ ဖမ်းနေစဉ်အတွင်းမှာ ရွှေကြက်ကို မတော်တဆ လွတ်မြောက်သွားစေခဲ့ပြီး ရွှေကြက်က ဝံပုလွေချောက်ထဲကို ပျံသန်းထွက်ပြေးသွားခဲ့ပါတယ်]

[၃၊ သင်ဒီနေ့ ယွီမိသားစုရဲ့အိမ်အစေခံနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ၎င်းမှ ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ ယွီပင်းဟာ ရွှေကြက်ကို မဖမ်းမိလိုက်တာကြောင့် အရမ်းဒေါသထွက်နေပါတယ်။ အဲဒါကြောင့် အိမ်အစေခံအချို့ကို အပြစ်ပေးခဲ့ပါတယ်။ ပြီးတော့ ရွှေ‌ကြက်ပျောက်ဆုံးသွားတာက မတော်တဆဖြစ်ရပ် မဟုတ်ဘဲ အခိုးခံရဖြစ်မယ်လို့ ယုံကြည်နေပါတယ်။ အဲဒါကြောင့် ယွီပင်းက နောက်ရက်အနည်းငယ်အတွင်းမှာ မနေ့က ဝံပုလွေချောက်ကို သွားခဲ့တဲ့သူရှိ၊မရှိကို ရွာထဲကို လူလွှတ်ပြီးစုံစမ်းခိုင်းမှာ ဖြစ်ပါတယ်]

[၄၊ သင်ဒီနေ့ အကြွေးစာရွက်ကို ရရှိခဲ့တာကြောင့် ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ ယွီစန်းလျို့က စူးယွင်ကျင်း‌အကြောင်း တွေးတောနေတာကို မရပ်တန့်နိုင်ပါဘူး။ အကြွေးစာရင်းစာရွက်မရှိတော့ပေမဲ့ အငြိုးအတေးကိုတုံ့ပြန်ဖို့ အတွေးတွေကို ဆက်တွေးနေဆဲပါပဲ။ ယွီစန်းလျို့က သူ့ရဲ့ဒေါသကို ဖြေဖျောက်ဖို့အတွက် စူးယွင်ကျင်းကို ပြန်ပေးဆွဲပြီး လူသူဝေးရာနေရာတစ်နေရာကို ရှာဖွေပြီး သူမကို သေတဲ့အထိ ကြိုးတုတ်ပြီး ယုတ်မာဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ သူက ဝူကျုံးကို သတိထားနေရတာကြောင့် မာလျို့ကို သိုသိုသိပ်သိပ်လုပ်ဆောင်ဖို့ တာဝန်ပေးထားပါတယ်]

[၅၊ သင်ဒီနေ့ မာလျို့အကြောင်းပြောခဲ့တဲ့အတွက် ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ မာလျို့က ဆုကြေးရရှိခဲ့တာကြောင့် အရမ်းပျော်ရွှင်နေပါတယ်။ မာလျို့က မနက်ဖြန်ကျရင် အထက်မက်မွန်ရွာကို သွားပြီး မုဆိုးမဝမ်ရဲ့အိမ်မှာ သောက်စားမှာပါ။ သေရည်မူးလို့ ပြန်လာတဲ့အခါမှာ မျန့်ရွှေမြစ်နဲ့ ခန်းလဲ့တံတားကို ဖြတ်သွားမှာဖြစ်ပါတယ်]

ချန်ကျဲ့သည် အိပ်ရာထက်တွင် လဲလျောင်းနေသည်။ သူ၏မျက်နှာသည် စနစ်၏အချက်အလက်ဇယားကို ဖတ်ရင်းဖြင့် ‌‌ပျော်မြူးနေပေသည်။

စနစ်၏အချက်အလက်ဇယားမှ အကြောင်းအရာများစွာကို ချန်ကျဲ့ စုဆောင်းမိခဲ့သည်။ နံပါတ်တစ်အချက်အရ သူ၏ဘိုးဘေးကြီးလက်သီးသိုင်းသည် တတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိလုနီးကြောင်း သိခဲ့‌ရသည်။ အကြိမ်ရေငါးဆယ်သာလျှင် လေ့ကျင့်ရန်လိုအပ်တော့သည်။ ထိုပမာဏသည် ချန်ကျဲ့အတွက် ဒီတစ်နေ့အတွင်း ပြုလုပ်နိုင်သည့်ပမာဏဖြစ်၏။ အောင်မြင်စွာပြီးမြောက်သည်နှင့်တစ်ပြိုင်နက် သူ၏အင်အားသည် အများအပြား တိုးတက်သွား‌ပေလိမ့်မည်။ အနည်းဆုံးတော့ အရေပြားသန့်စင်ခြင်းနယ်ပယ်အဆင့်နှင့် ယှဉ်နိုင်လောက်ပေသည်။

ဤနည်းဖြင့် ချန်ကျဲ့သည် မိမိကိုယ်မိမိ ကာကွယ်နိုင်သည့် အရည်အချင်းကို ပိုင်ဆိုင်လာမည်ဖြစ်၏။

ထို့‌နောက် အချက်အလက်နံပါတ်၂နှင့် နံပါတ်၃တို့သည် အကြောင်းကိစ္စတစ်ခုတည်းအဖြစ် သတ်မှတ်နိုင်ပေသည်။ ချန်ကျဲ့ ဒီနေ့ဖမ်းခဲ့သည့် မျက်လုံးနီရွှေကြက်သည် ချောင်ကုန်သည်အဖွဲ့၏ ယွီပင်းမှ လိုက်ဖမ်းနေသည့်ရွှေကြက် ဖြစ်နေခဲ့သည်။ ချန်ကျဲ့သည် သူတို့လွဲချော်သွားသည့်အရာကို ကောက်ယူလာခဲ့ခြင်းဖြစ်‌ပေသည်။

ယွီပင်းသည် သူ၏အားထုတ်မှုမှ တခြားသူတစ်ဦး အကျိုးရှိသွားလိမ့်မည်ကို မလိုလားသောကြောင့် နောက်တစ်နေ့တွင် အနီးဝန်းကျင်ရှိရွာများကို လူလွှတ်၍ စုံစမ်းမည်ဖြစ်သည်။

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။

ဒါကတော့ ဒုက္ခများပြီပဲ။

မိမိမှာ ရွှေကြက်တစ်ကောင်ဖြင့် ယွီပင်းကို အပြစ်ပြုမိခဲ့လေပြီ။ ထို့ပြင် ရွှေကြက်ကို စားပြီးသွားပြီဖြစ်ရာ နှစ်ဦးနှစ်ဖက်ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်နိုင်မည့်အခွင့်အရေး မရှိ‌နိုင်တော့ပေ။

ထို့ကြောင့် တစ်ခုတည်းသော လုပ်ဆောင်နိုင်သည့်အရာမှာ ယွီပင်းမှ သူ့အား သံသယဝင်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။

စူးယွင်ကျင်းသည် ဤကိစ္စကို မသိထားသောကြောင့် သူမထံမှ ပေါက်ကြားခြင်းအား စိုးရိမ်ရန် မလိုအပ်ပေ။ ပိုင်မိသားစုအတွက်မူ ချန်ကျဲ့သည် ကြိုတင်၍သတိပေးထားပြီးဖြစ်သောကြောင့် သူတို့ထံမှ သတင်းပေါက်ကြားခြင်းကိုလည်း စိုးရိမ်ရန် မလိုအပ်ပေ။ ထို့ပြင် ဝူကျုံးနှင့် ယွီပင်းတို့၏ ဆက်‌ဆံရေးအရ ထိုသို့အရေးကြီးသည့် သတင်းအချက်အလက်ကို ထုတ်ဖော်ပြောခြင်းသည် သူတို့အတွက် အကျိုးမရှိနိုင်သောကြောင့် ထုတ်ဖော်ပြောကြလိမ့်မည် မဟုတ်ပေ။

ယွီပင်းကို အာရုံလွှဲပြောင်း၍ သူ့အား သံသယဝင်ခြင်းမှ ကာကွယ်ရန်အတွက် နည်းလမ်းရှာဖွေရပေမည်။

အကြီးမားဆုံးပြဿနာမှာ မနေ့က ချန်ကျဲ့တောင်ပေါ်မှ ပြန်ဆင်းလာသည်ကို မြင်တွေ့လိုက်သူ ရှိ၊မရှိ မသေချာသည့် အချက်ဖြစ်သည်။ ချန်ကျဲ့သည် သတိကြီးကြီးထားခဲ့သည့်တိုင် တောင်သည် မြင့်မားပြီး သစ်တောမှာ ထူထပ်၏။ အနီးဝန်းကျင်၌လည်း ဖြတ်သွားဖြတ်လာများစွာ ရှိနိုင်သည်။ ‌ချုံပုတ်တောထဲတွင် အပေါ့အလေးထိုင်သွားနေသည့် တစ်ယောက်ယောက်မှ သူ့အား မမြင်လိုက်ပါဟုလည်း အဘယ်သို့မျှ မသေချာနိုင်ပေ။

ဤမျှမြင့်သွန်းကျယ်ပြောသည့် တောင်တန်း၌ ချန်ကျဲ့သည် ချုံပုတ်အားလုံးကို စစ်ဆေးရန်မှာ မဖြစ်နိုင်ပေ။ ငါသတိမထားမိတဲ့နေရာဆိုတာ ရှိနေမှာပဲလေ။

သို့ဖြစ်ရာ ဤအရေးကိစ္စနှင့်စပ်လျဉ်း၍ ချန်ကျဲ့ သတိကြီးကြီးထားရပေမည်။

‌မီးခိုးဗုံးတစ်လုံးပြင်ဆင်ရန် လိုအပ်၏။

ချန်ကျဲ့ စိတ်ထဲမှတွေးတောနေခဲ့သည်။

ထို့အပြင် ကျန်အချက်အလက်နှစ်ခုမှာ…

“ယွီစန်းလျို့နဲ့ မာလျို့… ဒီကောင်တွေကွာ!”

ချန်ကျဲ့၏မျက်လုံးအစုံ၌ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။ ထိုနှစ်ဦးသည် သူ့အား စူးယွင်ကျင်းအတွက် အကြိမ်ကြိမ်အဖန်ဖန် စိုးရိမ်ပူပန်နေစေလေရာ ခွင့်လွှတ်နိုင်ဖွယ်မရှိပေ။

သို့သော် ယွီစန်းလျို့သည် ကောက်ကျစ်စဉ်းလဲပြီး သူ၏ဖခင်သည် ယွီပင်းဖြစ်သည်။ ယွီစန်းလျို့သည် အချိန်အများစုတွင် လောင်းကစားရုံထဲ၌သာ အုပ်ချုပ်နေတတ်ပြီး အပြင်ထွက်လေ့မရှိပေ။ အပြင်ထွက်ပါကလည်း အောက်ဆွဲများစွာ အမြဲအဖော်လိုက်ပါတတ်၏။ သူ၏ကိုယ်ပိုင်အင်အားမှာ မည်၍မည်မျှရှိသည်အား မသိရသေးပေ။

ယွီစန်းလျို့သည် အင်အားမရှိသည့် လူ့ပေါ်ကြော့သခင်လေးဟု ချန်ကျဲ့ မထင်ပါချေ။ ဝူဟုန်ကို ဥပမာထားကြည့်ပါလေ။ ရှန်းထောင်မြို့၏ အာဏာရှင်အဖွဲ့နှစ်ခုအနက်မှ တစ်ခုဖြစ်သော ချောင်ကုန်သည်အဖွဲ့၏သခင်လေးသည် သေချာပေါက် ဝူဟုန်ထက် မနိမ့်ပါးနိုင်ပါချေ။

ဝူဟုန်သည် အံ့ဩလောက်သော ကံကောင်းမှုကြီးကို ပိုင်ဆိုင်ခဲ့ရပြီး ယွီစန်းလျို့၌ ထိုသို့ကံကောင်းမှုမျိုးအား ပိုင်ဆိုင်ခြင်း မရှိခဲ့လျှင်သော်မှ မိသားစုမှ လက်ဆင့်ကမ်းဆင်းသက်လာသည့် သိုင်းပညာတစ်မျိုးကိုဖြင့် တတ်မြောက်ထားနိုင်ပေသည်။

ယွီပင်းက သူ့ရဲ့သားကို အသုံးမကျတဲ့လူတစ်ယောက်ဖြစ်ခွင့်ပေးထားပါ့မလား။

အဲဒါကြောင့် နည်းဗျူဟာအရ ပြိုင်ဘက်ရဲ့အရည်အချင်းကို ပိုပြီးမျှော်လင့်ထားရမယ်။

ဒီယွီစန်းလျို့ကို ငါအခုတော့ ထိလို့မရသေးဘူး။ ငါ့ရဲ့ကိုယ်ပိုင်အင်အား တိုးတက်လာတဲ့အထိ စောင့်ရဦးမယ်။ ပြီးလို့ကတော့ ငါသေချာပေါက် သူ့ကိုခေါင်းဖြတ်ပစ်မယ်။

ဒါပေမဲ့ ဒီလက်ပါးစေမာလျို့ကတော့…

ချန်ကျဲ့ ထပ်မံ၍ မစောင့်ဆိုင်းနိုင်တော့ပါချေ။

အဓိကတရားခံမှာ ယွီစန်းလျို့ဖြစ်သော်ငြား ဝူကျုံး၏ ရပ်တည်ချက်ကို ထည့်သွင်းစဉ်းစားရဦးပေမည်။ ဘွင်းဘွင်းရှင်းရှင်း မလှုပ်ရှားနိုင်ပေ။

မာလျို့သည် ယွီစန်းလျို့၏အမိန့်ကိုနာခံသည့် ခွေး‌တစ်ကောင်ဖြစ်သည်။

အခုအချိန်မှာ သခင်ကို မတိုက်ခိုက်နိုင်သေးမှတော့ ငါ့ရဲ့ဒေါသကို နောက်လိုက်ခွေးအပေါ်မှာပဲ ဖွင့်ထုတ်ရတော့မှာပဲ။

ထိုအတွေးဖြင့် ချန်ကျဲ့သည် မျက်လုံးအိမ်ကိုမှေးကျဉ်းလျက် နောက်ဆုံးအချက်အလက်ကို ကြည့်လိုက်သည်။

မုဆိုးမဝမ်ရဲ့အိမ်ကို သောက်စားဖို့သွားပြီး မျန့်ရွှေမြစ်၊ ခန်းလဲ့တံတားကနေ သေရည်မူးပြီးပြန်လာမယ်ပေါ့လေ။ ဟား.. ငါကြားဖူးတာတော့ အဲဒီနေရာက အမှောင်ထဲမှာ ရေထဲကိုချော်ကျပြီး ရေနစ်ဖို့လွယ်ကူတယ်တဲ့။

အမှောင်ထုထဲ၌ ချန်ကျဲ့၏မျက်လုံးအစုံသည် နိမိတ်မကောင်းသည့် အငွေ့အသက်များဖြင့် တောက်ပနေသည်။ သူ၏အကြည့်များထဲ၌ ထက်သန်သည့် မီးလျံတစ်စ တောက်လောင်နေခဲ့သည်။

ဒီကမ္ဘာက လူလူချင်း ဝါးမျိုစားသုံးတဲ့ကမ္ဘာပဲ။ တခြားသူကို မဝါးမျိုရင် တခြားသူက မင်းကို ဝါးမျိုသွားလိမ့်မယ်။ ကိုယ်က မသတ်ဖြတ်ရင် သူများက ကိုယ့်ကိုသတ်သွားလိမ့်မယ်။

ချန်ကျဲ့ ထရပ်၍ တံခါးကို ဖြည်းဖြည်းတွန်းဖွင့်ကာ ခြံဝင်းထဲသို့ ဆင်းသွားခဲ့သည်။

မနက်ဖြန်တွင် မာလျို့ကိုသတ်ရန်အတွက် ချန်ကျဲ့ ပြင်ဆင်ပြီးဖြစ်သည်။ ယခု၌ သူ၏ဘိုးဘေးကြီးလက်သီးသိုင်းအား တတ်မြောက်ခြင်းအဆင့်သို့ တိုးတက်စေရန် လိုအပ်ပေသည်။ ယခင်အချက်အလက်များအရ မာလျို့သည်လည်း သိုင်းပညာလေ့ကျင့်ဖူးပြီး အတော်လေး ရှိန်လောက်သည့်အရည်အချင်းရှိပေသည်။ လူသုံးယောက်မှ ငါးယောက်ခန့်ဖြင့် မာလျို့ကို မထိခိုက်စေနိုင်ဟု ပြောထားသည်ဖြစ်ရာ ဆိုလိုသည်မှာ အနည်းဆုံးတော့ ဘိုးဘေးကြီးလက်သီးသိုင်း၏ အခြေခံအဆင့်ရှိနိုင်ပေသည်။

တူညီသည့်အင်အားဖြင့် ရင်ဆိုင်ပါလျှင် မလုံခြုံနိုင်ပေ။ ထို့ကြောင့် မိမိဘက်မှ အနိုင်ရနိုင်မည့် အခွင့်အရေးကို တိုးမြှင့်ရန်အတွက် ဒီနေ့ညတွင် ဘိုးဘေးကြီးလက်သီးသိုင်းအား တတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိသည်အထိ လေ့ကျင့်ရပေမည်။

ထိုအတွေးဖြင့် ချန်ကျဲ့သည် လရောင်အောက် ခြံဝင်းထဲတွင် ဘိုးဘေးကြီးလက်သီးသိုင်းကို အလေးအနက်လေ့ကျင့်သည်။ ယန်ချွမ်ကျင့်စဉ်နှင့် ပေါင်းစည်း၍ အကြိမ်ငါးဆယ်လေ့ကျင့်ခဲ့သည်။

ချန်ကျဲ့သည် အသက်ရှူနှုန်းတစ်ချက်၊ လှုပ်ရှားမှုတစ်ချက်စီတိုင်း၌ အလွန်အလေးအနက်ထား၏။ လင်းရောင်ဖြာပေးနေသည့် လမင်းလေးသည် ချိတ်ကောက်လေးကဲ့သို့ လခြမ်းကွေးသဏ္ဍာန်လေးဖြစ်ပေသည်။

ချန်ကျဲ့သည် လက်သီးသိုင်းကို အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်သည်နှင့်အမျှ လေ့ကျင့်ခြင်း၌ လုံးဝနစ်မြုပ်သွားခဲ့သည်။ သူ လုံ့လဝီရိယရှိစွာ လေ့ကျင့်နေစဉ်တွင် အတွင်းခန်း၏ ပြတင်းပေါက်သည် အနည်းငယ်ပွင့်ဟနေခဲ့သည်ကို ချန်ကျဲ့ သတိမထားမိပါချေ။ အခန်းထဲရှိ ရေစင်တမျှနူးညံ့သော အမျိုးသမီးလေးသည် ချန်ကျဲ့ သိုင်းလေ့ကျင့်နေသည့်ပုံရိပ်အား တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကာ သူမ၏မျက်နှာလေးမှာ ကြင်နာယုယခြင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပေသည်။

All Chapters