မိန်းမ၊ ရွေ့ရွေ့က အရွယ်ရောက်နေပြီ၊ သူတစ်ယောက်တည်း အိပ်ဖို့အချိန်ကျပြီ။
Vol. 3 Ch. 42
စူးယွင်ကျင်းသည် ချန်ကျဲ့ အိပ်ရာထပြီး မကြာမီတွင် လှုပ်လှုပ်ရှားရှား အသံများကြားသောကြောင့် နိုးလာခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် နှစ်များအတွင်း၌ စူးယွင်ကျင်းသည် ချန်ကျဲ့မှ ရုတ်တရက် အခန်းထဲသို့ ဝင်ရောက်လာပြီး ရွေ့ရွေ့ကို အန္တရာယ်ပြုမည်စိုးသောကြောင့် အအိပ်ဆတ်ခဲ့ရ၏။
လက်ရှိ၌ ထိုသို့စိုးရိမ်ပူပန်မှုများ မရှိတော့သော်ငြား အအိပ်ဆတ်သည့် အကျင့်သည် ကျန်ရစ်ခဲ့သည်။
ထို့ကြောင့် ချန်ကျဲ့ ခြံဝင်းထဲတွင် သိုင်းပညာစတင်လေ့ကျင့်သည်နှင့်တစ်ပြိုင်နက် စူးယွင်ကျင်းသည် မြေပြင်မှ ခြေသံတရှပ်ရှပ်အသံများ၊ အင်္ကျီလက်စများ လေတွင်ရစ်ဝဲသွားသည့် လေသံတို့ကို ကြားခဲ့ရသည်။
ထို့ပြင် ချန်ကျဲ့သည် အလွန်နမော်နမဲ့နိုင်လွန်းစွာဖြင့် ခြံဝင်းထဲရှိ အုတ်ကြွပ်ပြားတစ်ခုကို တက်နင်းမိလေသည်။ ၎င်းအသံမှာ အတော်လေးကျယ်လောင်၏။ စူးယွင်ကျင်းသည် သူခိုးဝင်သည်ဟု အထင်ရောက်၍ ပြတင်းပေါက်မှ ချောင်းမြောင်းကြည့်ခဲ့သည်။
သို့ဖြင့် လရောင်အောက်၌ လက်သီးသိုင်းလေ့ကျင့်နေသည့် ချန်ကျဲ့၏ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
လရောင်အောက်၌ လျှော်အင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသားသည် စိတ်ဓာတ်ခိုင်မာသော မျက်နှာအမူအရာရှိနေသည်။ ထိုအမျိုးသားသည် လရောင်ဘက်သို့ မျက်နှာမူ၍ လက်သီးတစ်ချက် ထိုးသွင်းလိုက်၏။ လေထုအတွင်း လက်ဝှေ့ထိုးသံများဖြင့် ပြည့်နှက်နေကာ သူ၏ရပ်တည်ချက်မှာ ခိုင်မာသည်။ လိမ်ကျစ်ကောက်ကွေးသော ခြေလှမ်းများကိုပါ ပေါင်းထည့်၍ သူ၏ကမ္ဘာ့ဆွဲအားဗဟိုချက်မှာ အလျင်အမြန်ပြောင်းလဲရွေ့လျားနေသည်။ အားမာန်အပြည့်နှင့် ဖြတ်လတ်သော လှုပ်ရှားမှုများသည် သူ၏အင်အားဖြင့် လေတစ်ဝှေ့ကို ခပ်ပြင်းပြင်းတိုးဝှေ့သွားစေသည်။
ခဏအကြာ၌ ချန်ကျဲ့တစ်ကိုယ်လုံး ချွေးများရွှဲနစ်လာ၏။ သို့သော် သူ၏မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ခိုင်မာမှုတို့သာ တည်ရှိနေခဲ့ပြီး ကန်ချက်တိုင်း၊ ထိုးချက်တိုင်းကို အားကုန်သုံးလေ့ကျင့်နေခဲ့သည်။
ဤလက်သီးထိုးချက်သည် ကြံ့ကြံ့ခံနိုင်သည့် မဆုတ်မနစ်သည့် လုံ့လဝီရိယကို ဖော်ဆောင်သည်။ နောက်တစ်ချက်သည် မတရားသည့်ကံကြမ္မာအား ပုန်ကန်ခြင်းကို ဖော်ဆောင်သည်။ ထို့နောက် နောက်တစ်ချက်သည် သူချစ်ရသည့် မိသားစုအား ကာကွယ်ခြင်းကို ဖော်ဆောင်သည်။
စိတ်အားထက်သန်စွာ လေ့ကျင့်နေသည့် ချန်ကျဲ့၏ပုံရိပ်ကိုကြည့်လျက် စူးယွင်ကျင်း၏မျက်လုံးများ စိုစွတ်လာခဲ့သည်။
သူမသည် မူးယစ်နေသည့် လောင်းကစားသမား၊ လူ့လောက၏ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့သော ချန်ကျဲ့၏ အဆိုးရွားဆုံးပုံရိပ်ကို မြင်တွေ့ခဲ့ဖူးသည်။
သို့သော် ယခု၌ ချန်ကျဲ့သည် ဘဝအတွက်၊ အနာဂတ်အတွက် တောင့်တမှုများ ပြည့်နှက်နေသည့် အမျိုးသားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
မှီခိုအားထားထိုက်သည့် အမျိုးသားတစ်ဦး ဖြစ်လာခဲ့၏။
သူ သိုင်းလေ့ကျင့်နေတာ မိသားစုအတွက်၊ ငါ့အတွက်လား။
စူးယွင်းကျင်း တစ်ဦးတည်း မေးခွန်းထုတ်နေမိသည်။ အတိတ်ကာလများ၌ စူးယွင်ကျင်းသည် သူမအတွက် အနာဂတ်မရှိနိုင်တော့ဟု တွေးခဲ့သည်။ သို့သော် ချန်ကျဲ့၏ပြောင်းလဲမှုသည် သူမ၏နှလုံးသားတွင် ခံစားချက်အချို့ ဖြစ်ပေါ်လာစေခဲ့သည်။
သူလေ့ကျင့်နေတာ ငါ့အတွက်ပဲ ဟုတ်လောက်တယ်မလား။
စူးယွင်ကျင်း သတိလက်လွတ်ဖြင့် တွေဝေမိန်းမောနေမိသည်။
ထို့နောက် စူးယွင်ကျင်းသည် အိပ်ရာထက်တွင် ခေါင်းအုံးပိုက်၍ အိပ်မောကျနေသည့် ရွေ့ရွေ့ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ခြံဝင်းထဲမှ လက်သီးသိုင်းလေ့ကျင့်နေသည့် ချန်ကျဲ့ကို တစ်လှည့်ပြန်ကြည့်လိုက်ပြီးနောက် အတော်လေး အံ့ဩဖို့ကောင်းသည်ဟု ခံစားလိုက်ရပေသည်။
နေဝင်သွားခဲ့ပြီးသော သူမ၏နှလုံးသားလေးမှာ နေပြန်ထွက်လာခဲ့လေသည်။
“ညနက်ကြီးကို မင်းဘာလို့ မအိပ်နေတာလဲ”
စူးယွင်ကျင်း အတွေးများထဲနစ်မြောနေစဉ် ဩရှသည့်အသံတစ်သံ နားစည်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထိုအသံနှင့်အတူ လေ့ကျင့်ခန်းကြောင့် ထွက်ပေါ်လာသည့် အမျိုးသားဆန်သော ရနံ့တစ်မျိုးလည်း အတူကပ်ပါလာခဲ့သည်။
စူးယွင်ကျင်းမှာ ခြေထောက်များ အားနည်းသွားသည့်အလား ခံစားလိုက်ရသည်။
“ကျွန်မ နားတွေကို မထိနဲ့”
စူးယွင်ကျင်းသည် ရှက်သွေးဖြာနေသည့် မျက်နှာလေးဖြင့် နားကိုလက်ဖြင့် အုပ်ကာထား၏။ ချန်ကျဲ့ ရယ်မောလိုက်သည်။
အဲဒီတော့ သူ့ရဲ့နားတွေက ခံစားလွယ်တာပေါ့လေ။
“ဘာလို့ ဒီအချိန်ကြီးကို အိပ်မနေတာလဲ”
ချန်ကျဲ့ မေးလိုက်သောအခါ စူးယွင်ကျင်းမှ ပြန်ပြောသည်။
“ရှင်ကရော ဘာလို့ မအိပ်တာလဲ”
ချန်ကျဲ့သည် မိမိမှာ မာလျို့ကိုသတ်ရန် ပြင်ဆင်နေခြင်းပါဟု မဖြေနိုင်ပေ။ ထို့ကြောင့် ဆင်ခြေတစ်ခု ရှာပြောလိုက်ရသည်။
“ဒီနေ့ သမားတော်ပိုင်ရဲ့အိမ်မှာ အကြီးအကဲကျန်းရဲ့ လေ့ကျင့်ပေးခံရတဲ့ ဝူဟုန်လည်း ရှိနေတာလေ။ သူက ငါ့ကို လက်သီးသိုင်းတစ်ချို့ သင်ပေးခဲ့ပြီး ငါ့မှာ အရည်အချင်းရှိတယ်လို့လည်း ပြောခဲ့သေးတယ်။ ငါ့မှာ သိုင်းပညာရှင်ဖြစ်နိုင်ဖို့ အလားအလာရှိတယ်ဆိုပြီး ကြိုးကြိုးစားစား လေ့ကျင့်ဖို့ တိုက်တွန်းတယ်လေ”
“သိုင်းပညာရှင်!”
စူးယွင်ကျင်း အံ့ဩသွား၏။
သိုင်းပညာရှင်များသည် လောကကို အုပ်ချုပ်စိုးမိုးနိုင်သူများဖြစ်ကြောင်းကို ပညာတတ်မိသားစုမှ အမျိုးသမီးတစ်ဦးဖြစ်သည့် သူမပင်လျှင် သိထားပါ၏။
သူမ၏ ပညာတတ်မိသားစုမှာမူ လွန်ခဲ့ပြီးသော မင်းဆက်တွင်သာ တန်ဖိုးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခင်မင်းဆက်၌ တော်ဝင်မိသားစုနှင့် ပညာတတ်မိသားစုများသည် လောကကြီးကို အတူတကွ အုပ်ချုပ်ခဲ့ကြသည်။ ပညာသင်သားတစ်ယောက်သည် သိုင်းပညာရှင်ကို ဖိနှိပ်နိုင်စွမ်းရှိ၍ ပညာရှိကြီးတစ်ဦးသည် သိုင်းပညာရှင်အား နိုင်ထက်စီးနင်းပြုနိုင်ပေသည်။
ထိုအချိန်ကာလ၌ အရှေ့ဂိတ်တံခါးအပြင်ဘက်သို့ ခေါ်ယူခံရသူများသာလျှင် လူရည်ချွန်များဟု သတ်မှတ်ခံရသည်။
သို့သော် ယခင်မင်းဆက်ပြိုလဲပြီးနောက်ပိုင်း၌ သိုင်းပညာရှင်များ၏ အဆင့်အတန်းသည် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ ပြည်ပမှကျူးကျော်မှုများကြောင့် ပညာရှိကြီးများ၏မျိုးရိုးများ ပြတ်တောက်ခဲ့ရသည်။
လက်ရှိကာလ၌ သိုင်းပညာရှင်များသည် လူရည်ချွန်များဖြစ်ကြပြီး ပညာရှိများသည် အဆင့်အတန်းမရှိတော့ပေ။ ယခင်မင်းဆက်က ပညာရှိမိသားစုဖြစ်ခဲ့သော စူးယွင်ကျင်း၏မိသားစုကဲ့သို့ပင် လယ်ယာမြေအနည်းငယ်ကိုသာ ထိန်းသိမ်းထားနိုင်ခဲ့ကာ ကျေးလက်တွင် အသက်မွေးကြရပေသည်။
သို့ဖြစ်ရာ သိုင်းပညာရှင်တစ်ဦးဖြစ်လာခြင်းသည်သာလျှင် ကံကြမ္မာကိုစိန်ခေါ်၍ ဘဝလမ်းကြောင်းကို ပြောင်းလဲနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပေသည်။
သိုင်းပညာရှင်တစ်ဦးဖြစ်လာပြီးနောက်၌ တရားရုံးတော်မှ အခွန်ကောက်ခံရရှိမှု တိုးမြင့်လာရုံမျှမက ငွေကြေးရှာဖွေရန် လမ်းကြောင်းများနှင့် လူမှုအဆင့်အတန်းသည်လည်း မြင့်တက်လာလိမ့်မည်ဖြစ်သည်။
ဥပမာဆိုရသော် ရှန်းထောင်မြို့၌ အသိအမှတ်ပြုခံထားရသည့် သိုင်းပညာရှင်နှစ်ဦးသာ ရှိ၏။ တစ်ဦးသည် လောင်းကစားရုံမှ ယွီပင်းဖြစ်ပြီး ကျန်တစ်ဦးမှာ ငါးဖမ်းကုန်သည်အဖွဲ့မှ ဝူကျုံးဖြစ်သည်။
ယခု၌ ချန်ကျဲ့သည် သိုင်းပညာရှင်တစ်ဦးဖြစ်လာနိုင်သည့် အလားအလာရှိသည်ဟု ပြောခဲ့သည်မှာ သေချာပေါက်ပင် လူအများကြား ထူးချွန်နေသည်ဟု ဆိုလိုခြင်းပင် ဖြစ်ပေသည်။
ယခင်မင်းဆက်တွင် ပညာသင်သားစာမေးပွဲအောင်မြင်ခြင်းနှင့် အတူတူပင်ဖြစ်၏။
“အဟား ဝူဟုန်က ငါ့မှာ ပါရမီရှိတယ်လို့ပြောခဲ့ပြီးတော့ လုံ့လဝီရိယနဲ့ ကြိုးစားလေ့ကျင့်ရင် အောင်မြင်မှုကြီးရနိုင်တယ်လို့ ပြောတယ်”
“ကောင်းလိုက်တာ ယောက်ျား၊ ရှင်က အရမ်းတော်တာပဲ…”
စူးယွင်ကျင်း ချန်ကျဲ့ကို ငေးစိုက်ကြည့်နေသည်။ ချန်ကျဲ့မှလည်း စူးယွင်ကျင်းကို ကြည့်နေသည်။ နှစ်ဦးသား အကြည့်ချင်းဆုံလျက် ထွေပြားသည့်လေထုအခြေအနေတစ်မျိုး ဖြစ်ပေါ်နေခဲ့သည်။
“မိန်းမ၊ မင်းရဲ့ယောက်ျားက အရမ်းတော်တယ်ဆိုမှတော့ မင်း ယောက်ျားကို ဆုချသင့်တယ် မထင်ဘူးလား”
စူးယွင်ကျင်း၏ ပါးမို့လေးများ နီမြန်းသွား၍ မေးလာ၏။
“ရှင် ရှင်ဘာလိုချင်လို့လဲ”
“မင်းပြောကြည့်လေ၊ မင်းရဲ့ယောက်ျား ဘာလိုချင်နေလဲဆိုတာ”
ချန်ကျဲ့၏ စူးယွင်ကျင်းကိုကြည့်နေသည့် မျက်လုံးများမှာ ထက်သန်မှုများပြည့်လျှံနေ၏။ စူးယွင်ကျင်းသည် ချန်ကျဲ့ ဆက်လုပ်မည့်အရာကို သိနေနှင့်သည်ကဲ့သို့ မသိစိတ်ဖြင့် အလိုအလျောက် မျက်လုံးမှိတ်လိုက်မိပြီး နှုတ်ခမ်းနှစ်လွှာကို စေ့ပိတ်ထား၏။
ချန်ကျဲ့ ကိုယ်ကိုကိုင်း၍ စူးယွင်ကျင်းကို အနီးသို့ ဖြည်းဖြည်းချင်း ဆွဲယူလိုက်သည်။
စူးယွင်ကျင်း၏ မျက်တောင်လေးများ စိတ်လှုပ်ရှားမှုကြောင့် ညင်သာစွာ တသိမ့်သိမ့်တုန်လှုပ်နေသည်ကိုပင် ချန်ကျဲ့ မြင်နေရသည်။ ဤကမ္ဘာရှိ အမျိုးသမီးများသည် အလွန်သိမ်မွေ့ဖြူစင်ပေသည်…
သူတို့နှစ်ဦး၏ နှုတ်ခမ်းများသည် ပို၍ပို၍ နီးကပ်လာကြသည်။ စူးယွင်ကျင်းမှ ချန်ကျဲ့၏ အသက်ရှူသံပြင်းပြင်းကို ခံစားနိုင်သည်အထိ နီးကပ်လာကြသည်။ ထို့နောက်တွင် စူးယွင်ကျင်း၏သိစိတ်မှာ လုံးဝပိတ်ကျသွားသည့်အလား ဗလာကျင်းသွားခဲ့တော့သည်။
ချန်ကျဲ့၏နှုတ်ခမ်းများသည် စူးယွင်ကျင်း၏နှုတ်ခမ်းများအထက်သို့ ရွေ့လျားသွားခဲ့ပြီး သူသည်လည်း စူးယွင်ကျင်း၏ နူးညံ့သည့်အသက်ရှူသံလေးကို ခံစားမိနေပေသည်။
“မမ… ရွေ့ရွေ့ ဝက်ခေါက်ကြော်စားချင်တယ်”
ရွေ့ရွေ့အသံ ရုတ်တရက်ထွက်ပေါ်လာ၏။ လန့်သွားသည့် စူးယွင်ကျင်းသည် မျက်လုံးဖွင့်လိုက်ရာ ချန်ကျဲ့မှ သူမကို နမ်းရှိုက်ရန် ဖိကပ်လာသည့်အခိုက်အတန့်နှင့် ကွက်တိကျသွား၏။ သူတို့နှစ်ဦး အကြည့်ချင်းဆုံစည်းသွားခဲ့သည်။
စူးယွင်ကျင်း ထူပူသွား၏!
ဟူး…
ချန်ကျဲ့မှ သူမ၏သွားများအတွင်းသို့ တိုးဝင်ရန်ကြိုးစားလာချိန်တွင် စူးယွင်ကျင်းမှာ အသိစိတ်ပြန်ကပ်သွားခဲ့ပြီး ချန်ကျဲ့ကို အင်အားဖျော့ဖျော့ဖြင့် တွန်းထုတ်လိုက်သည်။
“ရွေ့ရွေ့မြင်သွားလိမ့်မယ်၊ ရှက်စရာကြီး”
ချန်ကျဲ့သည် စူးယွင်ကျင်း၏ အပြုအမူကို မြင်တွေ့သည်နှင့် သူမကို အလွန်အမင်း တွန်းအားမပေးသင့်ကြောင်း သိလိုက်သည်။ သို့မဟုတ်ပါက အကျိုးသက်ရောက်မှုမှာ ပြောင်းပြန်သက်ရောက်မှု ဖြစ်သွားနိုင်၏။
ငါသူ့ကို နမ်းတောင် နမ်းပြီးနေပြီပဲကို ဒီငန်းမလေးက အဝေးကို ပျံသန်းသွားနိုင်ပါ့မလား။
ဒါပေမဲ့ အဲဒီကလေးမလေးကတော့ တကယ်ပဲ!
ချန်ကျဲ့သည် ဤချစ်ဖို့ကောင်းသည့် ကလေးမလေးသည် ရုတ်တရက်ကြီး အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။
ချန်ကျဲ့သည် မေးစေ့ပွတ်၍ စဉ်းစားကြည့်နေ၏။
ဒီကလေးမလေးမှာ ငယ်ငယ်တုန်းက နေခဲ့တဲ့အိမ်တွေဘာတွေ မရှိဘူးလား။ ရှိခဲ့ရင် သူ့ကို ရက်နည်းနည်းလောက် အဲဒီအိမ်ဆီ ပြန်ပို့ထားလို့ရင် မဟုတ်ဘူး တစ်ရက်လောက်ပဲ ပြန်ပို့ထားလို့ရရင်တောင် ငါအရေးကြီးကိစ္စတွေကို အနှောင့်အယှက်မရှိ လုပ်နိုင်သွားမှာပဲ။
စိတ်မကောင်းစွာဖြင့် သေချာစဉ်းစားတွေးတောပြီးနောက်၌ ချန်ကျဲ့မှာ ထိုအတွေးကို လက်လျှော့လိုက်ရလေသည်။
မဖြစ်နိုင်ဘူး၊ ဒီကလေးမလေးမှာ အားကိုးစရာ ဘယ်သူမှမရှိဘူး။ သူက မိဘမဲ့ကလေးလေ။
ချန်ကျဲ့သည် စူးယွင်ကျင်းကို ကြည့်နေရင်းဖြင့် မျက်နှာအမူအရာမှာ ပို၍တည်တင်းလာတော့သည်။
စူးယွင်ကျင်းသည်လည်း ချန်ကျဲ့ စိတ်မကောင်းဖြစ်သွားသည်ကို သိနေပါ၏။ သူမကိုယ်တိုင်သည်လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားမိခဲ့ပါသည်…
“မိန်းမ ငါမင်းကို ပြောစရာရှိတယ်”
စူးယွင်ကျင်း မော့ကြည့်လိုက်သည်။
ချန်ကျဲ့မှ လေးနက်စွာပြောသည်။
“ရွေ့ရွေ့က ဒီနှစ်ဆို ၅နှစ်ရှိပြီ။ အရွယ်ရောက်တဲ့ ကလေးကြီးဖြစ်နေပြီ။ သူတစ်ယောက်တည်းအိပ်ဖို့ သင်ယူသင့်တယ်…”
ထိုအခါ စူးယွင်ကျင်းသည် ရွေ့ရွေ့ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ပြောသည်။
“တကယ်တော့ ရွေ့ရွေ့ရဲ့မွေးနေ့ရောက်ဖို့ တစ်ရက်လိုသေးတယ်။ အဲဒီတော့ တရားဝင်၅နှစ်ပြည့်မှာ”
ချန်ကျဲ့ ပြန်ပြောသည်။
“တကယ်တော့ ၄နှစ်ကလည်း အဲဒီလောက်ကြီး ငယ်တဲ့အရွယ် မဟုတ်တော့ပါဘူး။ သူတစ်ယောက်တည်း အိပ်သင့်နေပြီ အခုပဲ…”
စူးယွင်ကျင်း မထိန်းချုပ်နိုင်စွာ ရယ်မောလိုက်သည်။
“ရှင်ဘာလို့ ကလေးတစ်ယောက်ကို စောဒကတက်နေရတာလဲ”
ချန်ကျဲ့ မျက်နှာတင်းမာဟန်ဆောင်လိုက်ပြီး ပြောသည်။
“ဒီကလေးက ငါ့အစီအစဉ်တွေကို ဖျက်စီးပစ်တယ်။ ဒီလိုဆက်ဖြစ်နေလို့ မဖြစ်တော့ဘူး။ ငါတို့နှစ်ယောက် သူနဲ့ အိပ်ရာသက်သက် ခွဲအိပ်မှဖြစ်မယ်!”
စူးယွင်ကျင်းသည် ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေသည့် ချန်ကျဲ့ကို မြင်သောအခါ နှစ်သိမ့်ပေး၏။
“ကောင်းပါပြီ ကောင်းပါပြီ၊ ကျွန်မ နားလည်ပါပြီ။ ရှင် ကျေးဇူးပြုပြီး ကျွန်မကို အချိန်နည်းနည်းလောက် ပေးနိုင်မလား။ ကျွန်မ ပြင်ဆင်ဖို့လိုတယ်”
ချန်ကျဲ့ မေးလိုက်သည်။
“ဘာကိုပြင်ဆင်မှာလဲ”
စူးယွင်ကျင်းသည် နှုတ်ခမ်းကိုဖိကိုက်လျက် ဘာမျှမပြောပေ။
ချန်ကျဲ့သည် စူးယွင်ကျင်း၏ စိတ်ဖိစီးနေမှုကို မြင်သောအခါ ၎င်းမှာ သူမအတွက် အနည်းငယ် တွန်းအားပေးလွန်းရာကျကြောင်း သိလိုက်သည်။ သို့သော် ချန်ကျဲ့သည် သိချင်လိုစိတ်လည်း ဖြစ်မိ၏။
ငါတို့လက်ထပ်ထားတာ တစ်နှစ်ရှိနေပြီကို သူက ဘာလို့ ဒီလိုဖြစ်နေရသေးတာလဲ။
သို့တိုင် ချန်ကျဲ့ ပြောခဲ့သည်။
“အမ်း မိန်းမ၊ ငါမင်းကို ဖိအားမပေးပါဘူး။ အခု မနက်တစ်နာရီဖြစ်နေပြီ။ မင်း နည်းနည်းထပ်အိပ်သင့်တယ်”
ချန်ကျဲ့ ပြတင်းပေါက်ကို ညင်သာစွာပိတ်ပေးခဲ့ပြီး စူးယွင်ကျင်းအနီးမှ ပြန်ထွက်လာခဲ့သည်…
စာစဉ်ပြီး၏