← Chapters

စံချိန်

Vol. 013 Ch. 1295

စံချိန်

Vol. 013 Ch. 1295

ရီဖူရှင်းကား အမှန်တကယ် ဖိအား အများအပြားကို ခံစားနေရ၏။

သူသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၏ အာကာသထဲတွင်ရှိသော အစစ်အမှန် ကြယ်တာရာ ကောင်းကင်၌ ရပ်နေ၏။

သူ့ခေါင်းထက်တွင် ကြယ်များ တလက်လက် တောက်ပနေသည်။ မဟာလမ်းစဉ်၏ ထောင်သောင်းချီသော နတ်ဘုရား ကိုယ်ထည်များက ကောင်းကင်တွင် လှည့်ပတ်နေသည်။ တစ်ခုချင်းစီသည် ထူးကဲသာလွန်သည့် အရှိန်အဝါများအား ထုတ်လွှတ်နေကြ၏။ ထိုကြယ်တာရာများ၏ အရှိန်အဝါက တစ်ချိန်တည်းတွင် ကျဆင်းလာပါလျှင် မည်မျှ ဖိအားများမည်ကို ခန့်မှန်း ကြည့်နိုင်ပေသည်။

ကြယ်အချို့သည် ရီဖူရှင်းထံသို့ တိုက်ရိုက် ထိုးဆင်းလာသည်။

သူ့ခန္ဓာမှ အလွန်ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာပြီး လောဟာနယ် စွမ်းအားက အနီးသို့ ကပ်လာသော ကြယ်များအားလုံးကို တားဆီးသည်။

ပညာရှိကျမ်းက အသက်ဝင်လာသည်။ သူ့ခန္ဓာအနီးတွင် ရှေးဟောင်းစာလုံးများ ပေါ်ပေါက်လာပြီး မဟာလမ်းစဉ်၏ ရောင်ဝါများ ဖြစ်တည်လာ၏။

သူ့ခန္ဓာကိုယ်မှ စူးရှလင်းလက်သော ရတနာလှံတစ်လက် ဖြစ်ပေါ်လာ၏။ သူက ရှေ့ကို ယိမ်းလိုက်ကာ ကောင်းကင်ကို လှံရှည်နှင့် ထိုးဖောက်သည်။ ရုတ်တရက် မဟာလမ်းစဉ်၏ အလင်းများသည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်း ထိုးခွင်းသွားခဲ့သည်။ ယင်းသည် လေဟာနယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲလိုက်ပြီး ကြယ်များပေါ်သို့ ရိုက်ခတ်သွားကာ အပိုင်းပိုင်း ကွဲကြေသွားစေ၏။

သူက ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ ရှေ့ကို လှမ်းရန် ကြိုးစားလိုက်သည့် အခါ မဟာလမ်းစဉ်၏ အဆုံးမဲ့သော ကြယ်အလင်းများသည် သူ့ထံသို့ တစ်ဖန် ရိုက်ခတ်လာပြန်သည်။

ရုတ်ခြည်းပင် ကြယ်များ၏ အလင်းက တောက်ပလာကာ သူသည် အလွန်ပြင်းထန်သည့် ဖိနှိပ်နိုင်စွမ်းများ ပါဝင်နေသည့် ကြယ်ပလင်းများဖြင့် ရစ်ပတ် ထွေးပွေ့ထားသည့် ကြယ်မြစ်ကြီး၏ အလယ်တွင် လျှောက်လှမ်း နေရသကဲ့သို့ ဖြစ်လာ၏။ ၎င်းတို့သည် ခိုင်မာလှသည့် ကြယ်ကျောက်တုံးများ ကဲ့သို့ သူ့လမ်းကို ပိတ်ဆို့တားဆီးကာ သူ့ကို မွန်းကျပ်လာစေသည်။

ဤခြေလှမ်းက လှမ်းရန် အန်မတန် ခက်ခဲ၏။

ဘုန်း ...

မဟာလမ်းစဉ်၏ ရောင်စဉ် ကြယ်အလင်းများ ရောက်ရှိလာကြ၏။ အခြားသော ကြယ်များသည်လည်း ဥက္ကာပျံများကဲ့သို့ ကျဆင်းလာပြီး သူ့ကို ဖိသတ်ရန် ကြိုးစားကြသည်။

ပျက်စီးခြင်းလေဟာနယ် စွမ်းအားများက ရွှေရောင် တောက်ပနေသော အလင်းရောင်စဉ်များ အဖြစ်သို့ ပြောင်းလဲသွားကာ ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။ ယင်းတို့သည် ကြယ်များအား အက်ကွဲစေသော်လည်း  ကျဆင်းလာသော ကြယ်များမှာ ရပ်တန့်မည့်ဟန် မရှိပေ။

ပညာရှိကျမ်း၏ စွမ်းအားများ ပိုအားကောင်းလာ၏။ ရီဖူရှင်းသည် ထာဝရရှင်သန်သူ တစ်ဦးကဲ့သို့ တောက်ပသည့် အလင်းများဖြင့် လွှမ်းခြုံထားသည်။

ကြယ်များ ရောက်ရှိလာသည့် အခါ ယင်းတို့သည် သူ့ကိုယ်ပေါ်သို့ မကျလာခဲ့ဘဲ သူ့အလိုလို ပြိုကွဲပျက်စီး သွားရလေသည်။

ရီဖူရှင်းက မျက်တောင်ပင် မခတ်ပေ။ ခြေလှမ်းတိုင်း၌ သူက တူညီသော အတွေ့အကြုံအား တွေ့ခဲ့ပြီးဖြစ်သည်။

ခြေလှမ်းတစ်လှမ်း လှမ်းပြီးတိုင်းတွင် နောက်ထပ် နေရာအသစ် ပေါ်ပေါက်လာသည်။

အကြိမ်တိုင်းတွင် ကြယ်များ၏ အရေအတွက်က တိုးလာနေပြီး စွမ်းအားက သန်မာလာသည်။

ထို့အပြင် ကြယ်တာရာ ကျောက်တုံးများ၏ တိုက်ခိုက်မှုတွင် ထူးဆန်းသော စွမ်းအားများ ကပ်ငြိပါလာကြ၏။

ကြယ်များက စတင်တိုက်ခိုက် ကြပြန်သည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က တုန်ခါနေသော်လည်း သူသည် နောက်ဆုတ်ခြင်း မပြုပေ။

ကြယ်များ၏ တိုက်ခိုက်မှုသည် သူ၏တည်ရှိမှုအား အလုံးစုံ ဖျောက်ဖျက်လိုသည့် အလား တဖြည်းဖြည်း အားကောင်း မြန်ဆန်လာသည်ကို သူသတိထားမိ၏။

ဘုန်း ... ဘုန်း ... ဘုန်း ...

ရီဖူရှင်း၏ အဝတ်များက လေထဲတွင် လွင့်ပျံ့နေသည်။ သူ၏ စိတ်အသိသည် အချိန်မရွေး ပျက်စီး သွားနိုင်သကဲ့သို့ ခံစားလာရ၏။

ဤတိုက်ခိုက်မှာသာ သည်အတိုင်း ဆက်သွားနေလျှင် သူ့အတွက် အခြေအနေ မကောင်းပေ။

ထိုအချိန်တွင် စိတ်နှင့် အသိများ ပြိုလဲသွားသည်ဟု ခံစားလိုက်ရကာ သူက အလွန် ပြင်းပြင်းထန်ထန် နာကျင် ခံစားလိုက်ရ၏။

ဘုန်း ...

ပညာရှိကျမ်း၏ စွမ်းအားများသည် ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူ၏ ကိုယ်တွင်းစွမ်းအင်များသည် အော်မြည်ကာ လောင်ကျွမ်းနေ၏။ သူ၏ ခန္ဓာအတွင်းမှ ပို၍ များပြားသော ရတနာ လှံရှည်များ ဖြစ်ပေါ်လာသည်။ ယင်းတို့သည် သူ့ခန္ဓာအနီးတွင် မျောလွင့်နေပြီး သူ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကာ အချိန်နှင့် လေဟာနယ် ဝင်္ကပါသည် ကောင်းကင်အတွင်း ဖန်ဆင်း ဖြစ်ပေါ်လာသည်။

ရတနာလှံသည် အရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားသော်လည်း ပိုမိုများပြားလာသည့် ကြယ်များကြောင့် အပိုင်းပိုင်းအစစ ပျက်စီး သွားရလေသည်။

“သွား ...”

တောက်ပနေသည့် အလင်း ရောင်စဉ်တန်းများက ကောင်းကင်ကို ထိုးဖောက်သွားသည်။ လေဟာနယ်နှင့် ရီဖူရှင်းသည် တသားတည်း ဖြစ်လာ၏။ အချိန်နှင့် လေဟာနယ် ဝင်္ကပါ၏ ဖျက်ဆီးအားနှင့်အတူ အဆုံးမရှိသော ရတနာလှံများသည် တစ်ချိန်တည်းမှာပင် လေထုကို တစ်ဟုန်ထိုး ဖြတ်သန်းကာ အရာအားလုံးကို ထွင်းဖောက် သွားတော့၏။

ဘုန်း ... ဘုန်း ... ဘုန်း ....

ကျဆင်းလာသည့် ကြယ်များသည် ပေါက်ကွဲကာ အပိုင်းအစများ အဖြစ် ပျက်စီးသွားသည်။ ရတနာလှံသည် ဧရာမကောင်းကင်ကို အပေါက်ဖြစ်သည် အထိ ထွင်းဖောက်သွား၏။ ရီဖူရှင်းသည် အားပြည့်အင်ပြည့်ဖြင့် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းသည်။

ရုတ်တရက် ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဉ်သည် အဆက်မပြတ် အော်မြည်သံများ ထွက်ပေါ်လာ၏။ နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၌ ဆယ့်သုံးခုမြောက် ကျောက်တုံး ပေါ်ပေါက်လာသည်။

ထိုအခိုက်တွင် လူအများသည် ရီဖူရှင်းက ဆယ့်နှစ်လှမ်းမြောက် ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်ကြသည်။

ခြေလှမ်း ဆယ့်နှစ်လှမ်းကို လှမ်းနိုင်ခဲ့သည့် တန်ခိုးရှင် အားလုံး လေးယောက် ဖြစ်သွားခဲ့ပြီ ဖြစ်၏၊

နောက်ထပ် တစ်လှမ်း ထပ်လှမ်းနိုင်ခဲ့လျှင် သူတို့သည် ယခင် မက်မွန်ပွဲတော်၏ စံချိန်ကို မီသွားခဲ့ပြီ ဖြစ်၏။

ထိုလေးယောက်ကြားတွင် မည်သူက ခြေလှမ်းသစ် ထပ်လှမ်းနိုင်လိမ့်မည်နည်း။

ဓား၏လှုပ်ရှားမှုက တစ်ဖန် ဖြစ်ပေါ်လာသည်။

နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် ဆယ့်သုံးချောင်းသော ဓားများသည် ရှေ့ကို တဝှီးဝှီး ဖြတ်သန်းသွားသည်။ ကောင်းကင်ထက်တွင် ဓားများသည် ဓားစွမ်းအားများ၏ စီးဆင်းမှုဖြင့် တစ်လက်ကို တစ်လက် တွန်းထိုးလျက် တိုးဝင်သွားကာ တစ်လက်စီတိုင်းသည် ကနဦးဓားများထက် ပိုမိုအားကောင်း လာကြ၏။

“နတ်ဘုရားသိုင်းပညာ လျှောက်လမ်းမှာ ဖေမင်က ဘာစွမ်းအားကို အသုံးပြုနေတာလဲ”

နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် မည်သို့ ဖြစ်ပျက်နေသည်ကို မည်သူမှ မသိရှိကြပေ။ သူတို့အားလုံးသည် ကောင်းကင်မှ အပြောင်းအလဲများကိုသာ မြင်တွေ့နိုင်ကြခြင်း ဖြစ်သည်။

ဆယ့်သုံးချောင်းသော ဓားများသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းတော့မည့် ဟန်ဖြင့် ဆက်လက် ရွေ့လျားနေကြသည်။ ယင်းတို့သည် သတ္တုချင်း ရိုက်ခတ်သံများနှင့် တဝီဝီအသံများ ဆက်လက် ပေးနေကြ၏။ နတ်ဘုရားသိုင်းပညာ လျှောက်လမ်းမှ မြင်ကွင်းများကို မည်သူမှ မမြင်နိုင်သော်လည်း ဖေမင်သည် သူ၏ ဓားစွမ်းရည်နှင့် တိုက်ခိုက်သည့်အခါ၌ မည်မျှ အစွမ်းထက်သည်ကို သူတို့ မှန်းဆနိုင်ကြပေသည်။

“ဟမ် ...” ဓားသည် ကောင်းကင်သို့ ထိုးတက်သွားရန် ရည်ရွယ်နေသည်။ ယင်းသည် စွမ်းအားများကို ဝါးမျိုပြီး အလွန်ကြောက်မက်ဖွယ် ကောင်းသည့် ဓားစွမ်းအားများကို ထုတ်လွှတ်ပေးနေ၏။

ဆယ့်လေးချောင်းမြောက် ဓားသည် ဖွဲ့တည်လာရန် နီးကပ်နေပြီ ဖြစ်၏။

သို့သော်လည်း ထိုအချိန်တွင် ဓားအလင်းများ၏ ဖျက်ဆီးခြင်း ရောင်စဉ်တန်းများ ဖျတ်ခနဲ လင်းလက်သွားကာ အရာအားလုံးကို ဖျက်ဆီးသွားသည်။

ရုတ်တရက် အားလုံးသည် ဖွဲ့တည်လာတော့မည့် ဓားသည် ချက်ချင်း ပျက်စီး ကွယ်ပျောက်သွားကာ ဆယ့်သုံးချောင်းသော ဓားများသည်လည်း စက္ကန့်ပိုင်းအတွင်း ပြာမှုန့်များအဖြစ် ပြောင်းလဲသွားလေသည်။

ဓားများ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

မကြာမီမှာပင် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၏ အဝင်ဝတွင် လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူသည် လျှောက်လမ်းမှ ခါထုတ်ခံလိုက်ရပြီး သူ့ထံမှ အားနည်းသည့် ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။ သူ့ပါးစပ်တွင် သွေးစအနည်းငယ် စွန်းထင်းနေသည်။

ဖေမင်သည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းမှ ထွက်လိုက်ရပြီ ဖြစ်သည်။

သူသည် နောက်ဆုံး၌ ဆယ့်သုံးလှမ်းမြောက် ခြေလှမ်းကို မအောင်မြင်ခဲ့ပေ။

အခြားသော တန်ခိုးရှင် သုံးဦးကကော အောင်မြင်ပါမည်လော။

နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၏ ရှေးဟောင်းလျှောက်လမ်း သုံးခုတွင် တစ်ချိန်တည်း၌ ကြမ်းကြုတ်ပြင်းထန်သည့် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်တွင် မိုးကြိုးလျှပ်စီးများက အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

ရှင်းခိုင် ဝင်ရောက်သွားခဲ့သည့် ရှေးဟောင်းလျှောက်လမ်းတွင် ဆယ့်သုံးခုသော ခေါင်းလောင်းများသည် တစ်ချိန်တည်းတွင် တဝီဝီ အော်မြည်လာသည်။ အလွန်ကြောက်မက်ဖွယ် အားကောင်းသော အလင်းသည် ရှေးဟောင်းခေါင်းလောင်းများမှ ထွက်ပေါ်လာ၏။

ရှေးဟောင်းခေါင်းလောင်းများ၏ အထက်တွင် မွန်းကျပ်ဖွယ် စွမ်းအားမုန်တိုင်းက ကောင်းကင်ကို လွှမ်းမိုးသွားသည်။ ရှေးဟောင်း ခေါင်းလောင်းများသည် တစ်ခုတည်း ဖြစ်လာကာ လမ်းစဉ်အချို့နှင့် တစ်သားတည်း ဖြစ်လာပြီး တုန်ခါနေသည်။

အခြားတစ်ဖက်တွင် ကြီးမားသော ပုဆိန်ကြီး၏ အရှိန်အဝါများ သည်လည်း လောင်ကျွမ်းကာ တောက်ပသည်ထက် တောက်ပလာပေသည်။

အခြား တတိယမြောက် ရှေးဟောင်းလျှောက်လမ်းတွင် တောက်ပနေသည့် ကြယ်တာရာ အလင်းများသည် ကြယ်တာရာ ကျောက်တုံးမှ ပေါက်ကွဲထွက်လာ၏။

တန်ခိုးရှင် သုံးဦးသည် အလွန်ကြီးမားသော ဖိအားများအောက်တွင် ရောက်ရှိနေသည်။

ထိုသည်ကို တခြားလူများ မြင်တွေ့နိုင်ခြင်း မရှိပေ။

ကောင်းကင်နှင့် မြေကြီးသည် အော်မြည်ကာ တုန်ခါနေသည်။ ဆယ့်သုံးခုသော ရှေးဟောင်း ခေါင်းလောင်းများသည် ပို၍ ကြမ်းတမ်းစွာ တုန်ခါနေ၏။

နောက်ဆုံးတွင် ...

ဘုန်း ...

ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ကိုပင် ယိမ်းခါသွားစေပြီး နတ်တောင်ပေါ်တွင် ပဲ့တင်ရိုက်ခတ်လာသည်။ ဆယ့်သုံးခုသော ခေါင်းလောင်းများသည် တစ်သားတည်း ဖြစ်လာသည်။ ရုတ်ခြည်းပင် ခေါင်းလောင်းမြည်သံတို့က အဆုံးမရှိသကဲ့သို့ ထွက်ပေါ်လာကာ လူတိုင်း၏ နားစည်များကို တုန်ခါနေစေရန် ပြုလုပ်နေသည်။

သူတို့သည် အေးခဲသွားကာ နတ်ဘုရားသိုင်းပညာ လျှောက်လမ်းမှ ခမ်းနားထည်ဝါသည့် မြင်ကွင်းကို စူးစိုက်ကြည့်နေကြသည်။

ဆယ့်လေးခုမြောက် ရှေးဟောင်းခေါင်းလောင်းက ဖြစ်တည်လာပြီ ဖြစ်သည်။

ရှင်းခိုင်သည် ဆယ့်သုံးလှမ်းမြောက် ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။

ခေါင်းလောင်းများ၏ အသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ရိုက်နေပြီး နတ်တောင်ပေါ်ရှိ စီနီယာ တန်ခိုးရှင်များပင် အတော်လေး အံ့အားသင့်နေကြသည်။

ယခင်တစ်ခေါက် နောက်ဆုံးပြိုင်ပွဲတွင် ရီဖူရှင်းထံ၌ ရှုံးနိမ့်ခဲ့သည့် ရှင်းခိုင်သည် ဤတစ်ကြိမ်၌ သူ၏ ထိုက်တန်မှုကို သက်သေပြခဲ့ပြီဟု ဆိုနိုင်သည်။

သူသည် ရှေးဟောင်းတော်ဝင်မြို့တွင် တစ်မိုးအောက် တစ်ယောက်ဖွား ရှင်းခိုင် ဖြစ်နေဆဲပင်။

သူသည် ယခင် မက်မွန်ပွဲတော်တွင် အစွမ်းထက်ဆုံး တန်ခိုးရှင် ချန်ရစ်ခဲ့သည့် စံချိန်ကို ရောက်ရှိခဲ့ပြီး ဆယ့်သုံးလှမ်းမြောက်ကို လှမ်းနိုင်ခဲ့သည်။

ရှေးဟောင်း တော်ဝင်မြို့မှ လူများသည် အလွန် စိတ်ဓာတ် တက်ကြွနေကြပြီး အထူးသဖြင့် ရှင်းချိုးသည် စိတ်အလှုပ်ရှားဆုံးပင် ဖြစ်သည်။

သူတို့အားလုံးသည် ယခင် တိုက်ပွဲတွင် အရှက်တကွဲ ဖြစ်ခဲ့ရပြီး ယခုမှပင် ဖိအားလျော့နည်း သွားခဲ့ကြသည်။

ရှင်းခိုင်က ဆယ့်သုံးလှမ်းမြောက် ခြေလှမ်းကို လှမ်းနိုင်ခဲ့သည့် အခါတွင် သူတို့ ရင်ထဲ၌ ခံစားနေရသည့် စိတ်ဓာတ်ကျမှုများသည် ရုတ်တရက် ရှင်းလင်းပျောက်ကွယ် သွားလေသည်။

ရီဖူရှင်းနှင့် ယူချင်းသည် ဆယ့်သုံးလှမ်းမြောက် ခြေလှမ်းကို လှမ်းနိုင်လိမ့်မည်လား။

သူတို့သည် လက်သီးကို ကျစ်ကျစ်ဆုပ် ထားကြပြီး အခြား ရှေးဟောင်းလမ်းနှစ်ခု အထက်ရှိ ကောင်းကင်ကို စူးစိုက်ကြည့်လိုက်ကြသည်။

ရှင်းချိုး၏အကြည့်က ထိုနေရာကို ရောက်သွားသော အချိန်တွင် သူက ပုံမှန်မဟုတ်သော အရှိန်အဝါကို မြင်လိုက်ရသည်။

ကြီးမားသည့် ပုဆိန်သည် ပွင့်လာခဲ့သည့် ကောင်းကင် အက်ကွဲကြောင်းမှ ကျဆင်း ခုတ်ပိုင်းခဲ့ပြီး  ကောင်းကင်ကို ဖြတ်တောက်သွားခဲ့၏။

လောကကြီးက နှစ်ပိုင်း ကွဲသွားတော့မတတ် ထင်မှတ်ရသည်။

ရှေးဟောင်းလမ်းပေါ်တွင် ဆယ့်လေးခုမြောက် ပုဆိန်ကြီး ပေါ်ပေါက်လာသည်။

ရှင်းချိုးသည် ရုတ်တရက် ကြက်သေသေ သွားခဲ့လေသည်။

ဤတစ်ခေါက်ကား ရှင်းချိုး၏ အောင်မြင်မှု မဟုတ်ခဲ့။

နတ်တောင်ပေါ်ရှိ လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကု မှင်တက် သွားခဲ့ကြသည်။

ရှင်းခိုင်သည် ယခင် မက်မွန်ပွဲတော်၌ အစွမ်းထက်ဆုံး တန်ခိုးရှင် ချန်ရစ်သည့် စံချိန်အား လိုက်မှီခဲ့ကာ သူက အရှက်တရားကို ဆေးကြောနိုင်ပြီဟု ထင်မှတ်ခဲ့ကြသည်။

သို့သော်လည်း တစ်ခဏအကြာ၌ ယူချင်းသည် လောကကြီးအား ပြောကြားခဲ့သည်။

သူ ယူချင်းသည်လည်း ထိုသို့ လုပ်ဆောင်နိုင်သည် ဟူ၏။

ဆယ့်သုံးလှမ်း။

ယူချင်းသည် နောက်ဆုံး တိုက်ပွဲများတွင် လုံးဝပင် မပါဝင်ခဲ့ဘဲ ချက်ချင်း အညံ့ခံခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် သိသာစွာပင် သူ ထိုသို့ အညံ့ခံရန် မလိုလားခဲ့ပေ။

“ဒါက ဘယ်လို ...” ရှင်းချိုးသည် သူ့မျက်လုံးကိုပင် သူ မယုံကြည်နိုင်ပေ။

ယခင် မက်မွန်ပွဲတော်တွင် တစ်ယောက်သာလျှင် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် ဆယ့်သုံးလှမ်းမြောက်ကို လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ထိုခြေလှမ်းသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၏ ပြည့်စုံခြင်း သင်္ကေတဖြစ်ပြီး အောင်မြင်ရန် အလွန် ခက်ခဲပေသည်။

ယခု ရှင်းချိုး၏ အစ်ကို ရှင်းခိုင်က လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော်လည်း သူ စိတ်လှုပ်ရှား၍မှ မဆုံးသေးခင် ယူချင်းက ရှေ့သို့ လှမ်းလာကာ ပြီးပြည့်စုံသည် ဟူသော ဆယ့်သုံးလှမ်းမြောက် ခြေလှမ်းကို လှမ်းခဲ့သည်။

ရှင်းချိုးသာ မဟုတ်ဘဲ အခြား တန်ခိုးရှင်များသည်လည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်အံ့သြ ကုန်ကြသည်။

ချန်ယဲ့မြို့၏ ယူချင်းသည် ရှင်းခိုင်ကဲ့သို့ပင် လှမ်းနိုင်ခဲ့ပေသည်။

ဤတစ်ကြိမ်၌ မက်မွန်ပွဲတော်သို့ တက်ရာက်လာသည့် တန်ခိုးရှင်များသည် ယခင်တကြိမ် တန်ခိုးရှင်များထက် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် သာလွန်ခဲ့ပေသည်။

“ဟိုကိုကြည့်လိုက် ... ...” တစ်စုံတစ်ယောက်က အော်သည်။ နောက်ဆုံးကျန်ရစ်သည့် ရှေးဟောင်းလမ်းတွင် လင်းလက်နေသည့် မဟာလမ်းစဉ်၏ ကြယ်တာရာများသည် ပျံသန်းနေပြီး ကျောက်တုံးပေါ်၌ တောက်ပနေသည်။ ကြယ်တာရာ ကျောက်တုံးများသည် တစ်ခုနှင့်တစ်ခု ထပ်သွားသည်။ ကြယ်တာရာ လောကကြီး၏ ကြောက်မက်ဖွယ် ပြင်းထန်သည့် ပေါက်ကွဲမှုသည် လေထုကို တုန်ခါနေစေသည်။

ထိုခဏတွင် အသစ်သော ကျောက်တုံးသည် ဖြစ်တည်လာသည်။ ထိုသည်မှာ ဆယ့်လေးခုမြောက် ကြယ်တာရာကျောက်တုံး ဖြစ်ပေသည်။

“...”

ထိုနေရာရှိ လူတိုင်းသည် ရှင်းခိုင်နှင့် ယူချင်းတို့အပြင် ဖြစ်ပေါ်လာသည့် မြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြသည်။

ရီဖူရှင်းသည်လည်း လုပ်ဆောင်နိုင်ခဲ့၏။

ယခင်တိုက်ပွဲတွင် အလွန် ထူးချွန် ပြောင်မြောက်ခဲ့သည့် ဤပုဂ္ဂိုလ်က မည်သည့်အတွက် ကျရှုံး နိုင်လိမ့်မည်နည်း။

ရှင်းခိုင် လုပ်ဆောင်နိုင်သည့် အရာကို သူသည်လည်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ဤ တန်ခိုးရှင် သုံးယောက်သည် သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်အား လိုက်မီခဲ့ကြသည်။

သူတို့က ရှေ့ဆက်နိုင်ပါဦးမည်လား။

ရှေးဟောင်းခေါင်းလောင်းသည် နောက်တစ်ဖန် စတင်၍ အော်မြည်လာပြီး တောက်ပသည့် အရှိန်အဝါများကို ထုတ်လွှတ်ကာ နောက်တစ်ကြိမ် မြည်ဟည်းရန် ကြိုးစားနေသည်။

မရေတွက်နိုင်သည့် မျက်လုံးအစုံတို့မှာ ထိုနေရာ၌ တည်မြဲနေသည်။ အကယ်၍ ရှင်းခိုင်သာ ခြေလှမ်းကို ဆက်လှမ်းနိုင်ခဲ့လျှင် ဆိုလိုသည်က သူသည် ရီဖူရှင်းနှင့် ယူချင်းကို ခြေလှမ်း ဆယ့်သုံးလှမ်း၌ နောက်ကောက် ချထားခဲ့နိုင်မည် ဟူသော အဓိပ္ပာယ်ပင်။

ထိုအခိုက်တွင် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းရှိ တန်ခိုးရှင်များသည် အပြင်ဘက်၌ ဖြစ်ပျက်နေသော ကိစ္စများကို သတိမပြု မိခဲ့ကြပေ။ အပြင်ဘက်၌ ပွက်လော ရိုက်နေလျှင်ပင် သူတို့သည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းပေါ်တွင် ကြောက်မက်ဖွယ် စွမ်းအားများကို ရင်ဆိုင်နေရခြင်း ဖြစ်ပေသည်။

ရှင်းခိုင်သည် ကြီးမားသည့် ရှေးဟောင်းခေါင်းလောင်းကြီး ရှေ့၌ ရပ်နေသည်။ သူသည် အသက်ပြင်းပြင်း ရှုရှိုက်သည်။ ရှင်းခိုင်သည် သူ ခြေလှမ်း ဆယ့်သုံးလှမ်းကို လှမ်းခဲ့ပြီးသည့် အတွက် ယခင်စံချိန်ကို ပြည့်မီသွားခဲ့ပြီ ဖြစ်ကြောင်း သိရှိလေသည်။

သူက အကောင်းဆုံး ကြိုးစားနေခြင်း ဖြစ်သည်။ သူက ခြေလှမ်း ဆယ့်သုံးလှမ်းသည် အခြားလူများကို အနိုင်ရရန် လုံလောက်သည်ဟု မှတ်ယူပေသည်။

ဆယ့်လေးလှမ်းမြောက် ခြေလှမ်းသည်တော့ သူ့အတွက် စိန်ခေါ်မှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ရှင်းခိုင်သည် သူ၏ အသက်စွမ်းအားကို အမြင့်ဆုံး အကန့်အသတ်ထိ ထုတ်ဖော်သည်။ သက်စောင့်ဝိညာဉ်သည် ဆင့်ခေါ်ခံရပြီး ဖြစ်ကာ ကောင်းကင်ဒဏ်ခတ် အသိတွင် ပေါင်းစပ်ခဲ့ပြီး ဖြစ်သည်။ ရှင်းခိုင်သည် ကြီးမားသည့် ရှေးဟောင်း စစ်နတ်ဘုရား အဖြစ် ပြောင်းလဲသွားသည်။ ပြင်းထန်သော စွမ်းအားများသည် သူ့ကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ကာ ရှေးဟောင်းခေါင်းလောင်း၏ စွမ်းအားကို ဆန့်ကျင်တိုက်ခိုက်သည်။

ရှေးဟောင်းခေါင်းလောင်း ထက်မှ စွမ်းအားသည် ကောင်းကင်ဘုံ စွမ်းအားကဲ့သို့ အလွန် အစွမ်းထက်လှပြီး လောကကြီးတွင် တည်ရှိသမျှ အရာရာကို သုတ်သင်ဖယ်ရှား ပစ်တော့မလိုပင် ဖြစ်သည်။ ရှင်းခိုင်သည် ရှေးဟောင်းခေါင်းလောင်း၏ စွမ်းအားများတွင် နတ်စွမ်းအားများ ပါဝင်နေပြီး လောကကြီးရှိ အားလုံးသော အသက်ဝိညာဉ်များမှာ ယင်း၏ စွမ်းအားအောက်တွင် အရှုံးပေး သွားလိမ့်မည်ဟု ခံစားမိလေသည်။

ထိုသည်မှာ သူက ခြိမ်းခြောက်မှုကို ခံစားမိသည့် အခိုက်အတန့် ဖြစ်သည်။

ရှင်းခိုင်သည် သူ့ခြေထောက်ကို မလိုက်ပြီး တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

ဤခြေလှမ်းသည် အောင်မြင်သည် ဖြစ်စေ ကျရှုံးသည် ဖြစ်စေ သူက အကောင်းဆုံး ကြိုးစားမည် ဖြစ်၏။

***

All Chapters