အခန်း (၂၁၄)
Vol. 15 Ch. 214
ဤသို့ဖြင့် ပထမပွဲစဉ် ပြီးဆုံးသွား၏။
ရွှစ်…
နောက်တစ်ဆင့်သို့ တက်ရောက်နိုင်သည့် ပြိုင်ပွဲ၀င်(၁၀၀၀)အား ကွင်းပြင်ကျယ်ကြီးတစ်ခုထဲသို့ ပို့ဆောင်လိုက်ပြီး ကျန်သူများက ကြယ်မြို့သို့ပြန်လည်ရောက်ရှိသွားသည်။
“ ဟားဟား.. ကျုပ်သားက အဆင့်(၁၀၀၀)ထဲပါတယ်… လျူမိသားစု ဘိုးဘေးတွေ ကောင်းချီးပေးပြီ…”
“ မင်းရဲ့သားက ဒုတိယပွဲစဉ်ကို တက်သွားပြီဘဲ... ဂုဏ်ယူပါတယ်…”
ကြယ်မြို့အတွင်းရှိ လူများ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး တချို့က ပျော်ရွှင်လျက် တစ်ချို့မှာ ၀မ်းနည်းနေကြ၏။
ဒုတိယအဆင့်သို့ရောက်သွားသူများအားလုံး ပါရမီရှင်များဖြစ်ကြသည်။
ဆွှစ်ရှ်…
ရှင်းဝူဟန်လည်း ဒုတိယပွဲစဉ်နေရာသို့ရောက်သွားပြီး ဂရုမစိုက်ဟန်ဖြင့် အဆင့်ဘုတ်ပြားအားကြည့်လိုက်၏။
ကြယ်ဒေသ၌ နတ်သမီးရင်မန်ကလွဲပြီးတခြားသူများက သူ၏ အာရုံစိုက်မှုနှင့် မထိုက်တန်ပေ။
ဤတစ်ကြိမ်တွင်လည်း စိတ်လှုပ်ရှားစရာသိပ်မရှိဟု ထင်မှတ်ထားခဲ့သည်။ အဆင့်(၁)နေရာက သူမဟုတ်လျှင် နတ်သမီးရင်မန်သာဖြစ်လိမ့်မည်။
သို့သော် ရလဒ်က သူထင်ထားသည်နှင့် တခြားစီဖြစ်နေ၏။
“ နက်နဲဓားဂိုဏ်းလား…? စိတ်၀င်စားစရာပဲ…”
ရှင်းဝူဟန်၏ အကြည့်များက ထိပ်ဆုံး(၆)နေရာ၌ရှိနေသည်။ ၎င်းတို့အမည်များ နောက်ဘက်မှ နက်နဲဓားဂိုဏ်းဟူသော အမည်အားတွေ့လျှင် သူ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။
“ ဒီလိုပြိုင်ပွဲမျိုးမှာ နက်နဲဓားဂိုဏ်းဆိုတဲ့နာမည်ကို တိုက်ရိုက်သုံးရဲတာပဲ… သူတို့ ထိပ်ဆုံး(၆)နေရာကို အရယူနိုင်ခဲ့တာက ကံကောင်းရုံသက်သက်မဖြစ်နိုင်ဘူး… သူတို့မှာ စွမ်းအားတချို့တော့ရှိပုံဘဲ…”
ပထမအချီက သိပ်ပြီးအာရုံစိုက်စရာမဟုတ်သော်လည်း သူ့အထက်မှ(၁၁)ယောက်တွင် အမှန်အကန် အရည်အချင်းများ ရှိနိုင်သည်။
“ ဒီပြိုင်ပွဲက ပျင်းစရာကောင်းတော့မှာမဟုတ်ဘူး…”
နတ်သမီးရင်မန်က ရှင်းဝူဟန်ထံသို့ ဖြည်းညှင်းစွာလျှောက်လာ၏။ သူတို့အကြည့်ချင်းဆုံသွားပြီး တိုက်ခိုက်လိုစိတ်များ တစ်ဖျတ်ဖျတ်တောက်ပလာခဲ့သည်။
ကြယ်ဒေသတွင် သူတို့အချင်းချင်းမှလွဲပြီး ပြိုင်ဘက်မရှိခဲ့သည်ဖြစ်ရာ အလွန်ငြီးငွေ့နေချေပြီ။
ယခုတွင် ရုတ်တရက် စွမ်းအားကောင်းသူများထွက်ပေါ်လာရာ သူတို့၏ တိုက်ခိုက်လိုစိတ်များ နိုးကြားလာခဲ့သည်။
သူတို့နှစ်ယောက်က နှစ်အတန်ကြာအောင်ပြိုင်ဘက်များဖြစ်လာခဲ့ရာ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းစွာနားလည်ထား၏။
ပထမပွဲစဉ်၌ စွမ်းအားကုန်မသုံးဘဲ ထိန်ချန်ထားကြောင်း နှစ်ဦးလုံး နားလည်ထားကြသည်။
“ နက်နဲဓားဂိုဏ်း….”
ချန်ချင်းဖန် ဦးဆောင်သော ပိုင်ချန်အကယ်ဒမီမှလူများလည်း အဆင့်သတ်မှတ်ချက်အားကြည့်လိုက်ပြီး စိတ်အနှောက်အယှက်ဖြစ်သွားခဲ့သည်။
“ ကြယ်သားရဲလျှို့ဝှက်နယ်မြေထဲမှာ ကြယ်သားရဲတွေကို မမျှမတ ဖြန့်ကျက်ထားတာများလား…”
“ ဟမ့်.. ပြောရမယ်ဆိုရင် ပထမပွဲစဉ်က သိပ်ပြီးမျှတာတာမဟုတ်ဘူး.. ကံကောင်းပြီး ကြယ်သားရဲအသိုက်နဲ့တွေ့နဲ့လူက အမှတ်ပိုများမှာဘဲ…”
“ ကောင်းပြီ.. ဒုတိယပွဲစဉ်မှာ အစွမ်းနည်းနည်းပြလိုက်ကြတာပေါ့…”
ပိုင်ချန်အကယ်ဒမီမှ(၅)ဦးအနေဖြင့် ပွဲမစခင် သူတို့အလွန်ယုံကြည်မှုရှိနေခဲ့ကြသည်။ သို့သော် ထိပ်ဆုံး(၃)နေရာသို့ မရောက်ခဲ့ပေ။ လက်ရှိ သူတို့ အောင့်သက်သက်ဖြစ်ပြီး ဒေါသဖြစ်နေကြချေပြီ။
ဒုတိယပွဲစဉ်၌ အစွမ်းပြရန် ဆုံးဖြတ်လိုက်ကြသည်။
ဒုတိယပွဲစဉ် မကြာခင်စတင်တော့မည်။
ဤပွဲစဉ်က ပြိုင်ပွဲ၀င်များအကြားမှ အစစ်အမှန်တိုက်ပွဲဖြစ်ပြီး နောက်ဆုံးအယောက်(၂၀)ကျန်သည်အထိ တိုက်ခိုက်သွားရမည်ဖြစ်သည်။
ထိုလူ(၂၀)က တတိယပွဲစဉ်သို့ တက်ရောက်နိုင်ပေလိမ့်မည်။
ဒုတိယပွဲစဉ် စတင်ပြီဖြစ်၏။
ဘုန်း…
ရှင်းဝူဟန်က ကြယ်ရောင်များအား ဆွဲဆောင်ပြီး တိုက်ရိုက်ပြေး၀င်တိုက်ခိုက်လိုက်သည်။ အနီးပတ်၀န်းကျင်မှလူများမှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ပဲ ရှုံးနိမ့်သွားကြ၏။
ဆွှစ်ရှ်…
ရှင်းဝူဟန်၏ တိုက်ခိုက်မှုကြောင့် ရှုံးနိမ့်သွားသူများ ကြယ်မြို့ရှိကွင်းပြင်ကြီး၌ ပြန်ပေါ်လာခဲ့သည်။
“ ကြယ်အဆင့်(၁)က အရမ်းအစွမ်းထက်တာပဲ…”
“ အစက ပထမပွဲစဉ်မှာ အဆင့်(၁၂)ပဲရခဲ့လို့ သူ့ကို အားမကောင်းဘူးထင်ထားတာ… ကြည့်ရတာ ပထမပွဲစဉ်မှာ ထိန်ချန်ထားတယ်နဲ့တူတယ်…”
ကြယ်မြို့ရှိအခြားလူများလည်း ထိုကဲ့သို့တွေးနေကြ၏။
ပထမပွဲစဉ်ရလဒ်က သိပ်မရေးမကြီးချေ။
ရှင်းဝူဟန်နှင့် နတ်သမီးရင်မန်တို့ အစွမ်းကုန် မကြိုးစားခဲ့ခြင်းဖြစ်ရမည်။
ယခုအချိန်တွင် အစွမ်းကုန်တိုက်ခိုက်ပြီး အားလုံးကိုရှင်းလင်းပစ်တော့မည်။
ပြိုင်ပွဲကွင်းပြင်တွင် ရှင်းဝူဟန်နှင့် နတ်သမီးရင်မန်တို့ အနီးအနားပတ်ဝန်းကျင်မှလူများအားလုံး တိုက်ခိုက်ရန် အခွင့်အရေးပင်မရဘဲ တစ်ယောက်ပြီးတစ်ယောက် ရှူံးနိမ့်သွားကြသည်။
ပြိုင်ပွဲဒုတိယအဆင့်သို့ ရောက်လာနိုင်သူတိုင်း အာနည်းသူများမဟုတ်ချေ။ သူတို့က ရှင်းဝူဟန်နှင့် နတ်သမီးရင်မန်တို့အား မတိုက်နိုင်သောကြောင့် အားနည်းသည်ဟုဆိုမရပေ။
တစ်စုံတစ်ယောက်က ကျန်းချန်အား ပြေး၀င်တိုက်ခိုက်လိုက်၏။ သို့သော် အဆင့်(၁) အထွတ်အထိပ်ဓားရည်ရွယ်ချက်စွမ်းအားအောက်တွင် လွင့်စင်သွားခြင်းဖြင့်သာ အဆုံးသတ်သွား၏။
သူ့ရှေ့တွင် ဓားအလင်းတစ်ချက်လက်သွားပြီး ဘာဖြစ်သွားမှန်းပင်မသိလိုက်ပဲ ရှုံးနိမ့်သွားခဲ့သည်။
ယုလင်းလုံက အလွန်ငယ်ရွယ်လှသေးသည်ဖြစ်ရာ အားနည်းသည်အမှတ်နှင့် လူတချို့ပြေး၀င်တိုက်ခိုက်လိုက်ကြ၏။ သို့သော် ရလဒ်က ပိုဆိုးသွားခဲ့သည်။
ယုလင်းလုံက အနည်းငယ်မျှပင် ထိန်းချုပ်မထားဘဲ သူမထံသို့၀င်လာသူတိုင်းအား ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေသည်။
နက်နဲဓားဂိုဏ်းမှ ပြိုင်ပွဲ၀င်(၆)ယောက်၏ ပတ်၀န်းကျင်တွင် တစ်ဒင်္ဂတိတ်ဆိတ်သွားခဲ့သည်။
“ ဘာဖြစ်သွားတာလဲ…”
“ ငါလည်းမသိဘူး.. ပြောနိုင်တာတစ်ခုကတော့ သူတို့က အရမ်းသန်မာလွန်းတယ်…”
“ ဒါပေမယ့် သူတို့တိုက်ခိုက်မှုက ရှင်းဝူဟန်နဲ့ယှဉ်ရင် နည်းနည်းနှေးတယ်.. ရှင်းဝူဟန်ကိုတော့ ယှဉ်နိုင်မယ်မထင်ဘူး…”
“ အဲ့တာက ပြောဖို့ခက်တယ်…”
စက္ကန့်ပိုင်းအတွင်း ရှုံးနိမ့်သွားသော ပါရမီရှင်ပြိုင်ပွဲ၀င်များက ထိတ်လှုပ်နေဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ရှုံးနိမ့်သွားချိန်၌ သူတို့အား ထုတ်လိုက်သူမှာ မည်သူဖြစ်ကြောင်း အသိပေးသံနားထဲ၌ ကြားရလေ့ရှိသည်။
နက်နဲဓားဂိုဏ်း…!
ဒီလို အစွမ်းထက်တဲ့ ပါရမီရှင်တွေကိုပျိုးထောင်နိုင်တယ်…
အစဉ်အလာကြီးတဲ့ဂိုဏ်းကြီးတစ်ခုဖြစ်ရမယ်…
ဒါပေမယ့် နက်နဲဓားဂိုဏ်းက မည်သည့်နေရာတွင်ရှိသနည်း…?
အဘယ်ကြောင့် တစ်ခါမှ မကြားဖူးရသနည်း…?
တိုက်ပွဲကွင်းပြင်မှ အခြေနေများက အလွန်လျှင်မြန်စွာပြောင်းလဲနေသည်။
လူများစွာတို့က အချိန်နှင့်အမျှ ဖယ်ရှားခံနေရ၏။
ရွှမ်ယီ၏ တပည့်များက ဆရာထံမှ ချန်ပီယံဖြစ်ရမည်ဟူသော အမှာစကားကြောင့် အစွမ်းကုန်တိုက်ခိုက်နေကြသည်။ သူတို့လမ်း၌ ရှိသမျှလူတိုင်းကို ချေမှုန်းနေကြ၏။
ထိုအချိန်တွင် ပိုင်ချန်အကယ်ဒမီမှလူများလည်း ဒေါသထွက်လာခဲ့သည်။
ရှင်းဝူဟန်နှင့် နတ်သမီးရင်မန်တို့က တိုက်ခိုက်လိုစိတ်အပြည့်နှင့် ရက်စက်ပြင်းထန်စွာတိုက်ခိုက်နေကြ၏။ သူတို့၏ တိုက်ခိုက်မှုကြောင့် သူတို့နှင့် (၁၀)ပေအတွင်း မည်သူမှ မလာနိုင်ကြပေ။
နောက်ဆုံးတွင် ကွင်းပြင်အလယ်၌ အဖွဲ့(၃)ဖွဲ့ရှိနေပြီး လူ(၁၃)ယောက်ပါ၀င်ကာ နောက်ထပ် လူ(၇)ဦးသာ ကျန်ခဲ့၏။
“ ဟမ့်…”
ပိုင်ချန်အကယ်ဒမီမှလူများက မောက်မာဟန်ဖြင့် ပတ်၀န်းကျင်အား ဝေ့ကြည့်လိုက်သည်။
ဖရိုဖရဲတိုက်ပွဲကြီးပြီးနောက် လူ(၂၀)ကျန်ခဲ့၏။
ရှင်းဝူဟန်က အသာအယာခေါင်းယမ်းပြီး ပြုံးနေခဲ့ပေမယ့် စိတ်ထဲတွင် အလွန်လေးနက်နေလေသည်။
သူ ဖိအားများခံစားနေရ၏။
ဒုတိယပွဲစဉ်က သူတို့(၃)ဖွဲ့၏ အဓိကအားပြိုင်မှုဖြစ်ခဲ့သည်။
ကြယ်မြို့မှ လူများက စာရင်းဘုတ်ပြားအားကြည့်လိုက်ပြီး အနည်းငယ် စိတ်လေသွားခဲ့၏။
လက်ကျန်လူ(၇)ယောက်က ကျန်သူများအတွက် ဘယ်သူ့ပြိုင်ဘက်မှ မဖြစ်နိုင်ကြောင်း နားလည်ထားကြသည်။
ထိုလူများက အလွန်အစွမ်းထက်လွန်းလှ၏။
ကြယ်ဒေသပြင်ပမှ အဖွဲ့အစည်းနှစ်ခုရှိနေခဲ့သည်။
ထိုအထဲမှ တစ်ခုက နက်နဲဓားဂိုဏ်းဖြစ်ပြီး ကျန်တစ်ဖွဲ့က ရွှေရောင်ချပ်ကာများနှင့်ဖြစ်ပြီး ကျန်လူများထက် မောက်မာနေဟန်ရသည်။ သူတို့၏ ဇာတ်မြစ်အား မခန့်မှန်းနိုင်ပေ။
“ ပြိုင်ပွဲရဲ့ ဆုလာဘ်က ပြင်ပလူတွေလက်ထဲတော့ ရောက်မသွားနိုင်လောက်ပါဘူးနော်…”
စိတ်ဝိညာဉ်မီးတောက်က တန်ဖိုးကြီးလှသည်ဖြစ်ရာ ကြယ်ဒေသမှ လူအချို့ စိတ်ပူလာကြ၏။
ထိုဆုလာဘ်အား ကြယ်ဒေသမှ ပါရမီရှင် မရရှိလျှင် သူတို့အလွန်၀မ်းနည်းရပေလိမ့်မည်။
“ သူတို့မယူသွားနိုင်ဘူး…”
ရှင်းဝူဟန်အား တောက်ပသော မျက်၀န်းများဖြင့် ကြည့်နေသည့် အဘိုးကြီးတစ်ဦးက ပြောလိုက်သည်။
“ မင်းတို့ မေ့သွားပြီလား.. ကြယ်ဝိညာဉ်ခန္ဓာနဲ့ လဝိညာဉ်ခန္ဓာက အဆင့်တူမှာ ပြိုင်ဘက်ကင်းလုနီးပါးဘဲ…”
ထိုစကားကြားပြီးနောက် ပတ်ဝန်းကျင်မှလူများ ခေါင်းညိတ်လိုက်ကြသည်။
ထိုအချက်က အမှန်ပင်။
ရှင်းဝူဟန်နှင့် နတ်သမီးရင်မန်တို့က သူတို့အချင်းချင်းမှလွဲပြီး ကျန်သူများထံတွင် မရှုံးနိမ့်ဖူးချေ။
သူတို့အား ကောင်းကင်ဘုရင်များကပင် အသိအမှတ်ပြုထားခဲ့၏။
သို့မဟုတ်ပါက ပြိုင်ပွဲဆုလာဘ်အဖြစ် စိတ်ဝိညာဉ်မီးတောက်အား အသုံးပြုလိမ့်မည်မဟုတ်ပေ။
သူတို့ဒေသမှ ပါရမီရှင်အား ယုံကြည်သောကြောင့်သာ ဤသို့စီစဉ်ထားခြင်းဖြစ်၏။
ကြယ်ဒေသ၏ အစွမ်းထက်ဆုံး ပါရမီရှင်နှစ်ဦးက ပြိုင်ဘက်တိုင်းကို ချေမှုန်းသွားပေလိမ့်မည်။
လူတိုင်းကလည်း ထိုအချက်အား အခိုင်အမာယုံပြီး အားပေနေကြလေသည်။