← Chapters

အခန်း (၂၁၅)

Vol. 15 Ch. 215

အခန်း (၂၁၅)

Vol. 15 Ch. 215

“ ရှင်းဝူဟန် ချန်ပီယံဖြစ်လိမ့်မယ်…”

“ မဟုတ်ဘူး… နတ်သမီး ရင်မန်နိုင်မှာ…”

ကြယ်မြို့မှ လူတိုင်းနီးပါး လက်သီးလက်မောင်းတန်းပြီး အော်ဟစ်အားပေးလိုက်ကြသည်။ သူတို့က တောက်ပသော မျက်၀န်းများဖြင့် ရှင်းဝူဟန်နှင့် နတ်သမီးရင်မန်တို့အား ကြည့်နေကြ၏။

ထို(၂)ယောက်အား များစွာမျှော်လင့်ထားကြသည်။

နက်နဲဓားဂိုဏ်းမှလူများက အစွမ်းထက်ဟန်ရသော်လည်း ရှင်းဝူဟန်နှင့် နတ်သမီးရင်မန်တို့အား အနိုင်ရမည်မထင်ပေ။

သူတို့နှစ်ဦး ကျင့်ကြံခြင်းလမ်းကြောင်းပေါ် စတင်လျှောက်လမ်းကတည်းက အချင်းချင်းမှလွဲပြီး တစ်ကြိမ်မှမရှုံးနိမ့်ဖူးချေ။

သူတို့ အနိုင်ရမှာ သေချာ၏။

ရှင်းဝူဟန်နှင့် နတ်သမီး ရင်မန်တို့ကလည်း အချင်းချင်း တောက်ပသော မျက်၀န်းများဖြင့် ကြည့်လိုက်ကြသည်။

ပိုင်ချန်အကယ်ဒမီမှ ကျောင်းသား(၅)ဦးထဲတွင် (၃)ဦးက ရှင်းဝူဟန်နှင့် နတ်သမီးရင်မန်တို့အား အဓိပ္ပါယ်မဖော်ပြတတ်သောအကြည့်များဖြင့်ကြည့်ပြီး ပြုံးနေကြ၏။

ပိုင်ချန်အကယ်ဒမီက တောင်ပိုင်းတိုက်ကြီးရှိ ထိပ်တန်းအကယ်ဒမီကြီး (၅)ခုထဲမှ တစ်ခုဖြစ်သည်။ နံပါတ်(၁) မဟုတ်သော်လည်း အထင်သေး၍ရသောအထဲတွင်မပါပေ။

သူတို့ကိုယ်သူတို့ ဤပြိုင်ပွဲ၌ ချန်ပီယံအဖြစ် ခံယူထားကြသည်။

အကယ်၍ သူတို့ပြိုင်ဘက်က သူတို့ထက် အဆင့်မြင့်သော အကယ်ဒမီများမှဆိုပါက အနည်းငယ်ဖိအား ဖြစ်မည်မှန်သော်လည်း ယခုမူ သူတို့ပြိုင်ဘက်များက ကြယ်ဒေသမှလူများသာဖြစ်ရာ ထွေးထွေးထူးထူးမခံစားရပေ။

ပိုင်ချန်အကယ်ဒမီက ထိပ်တန်းအကယ်ဒမီကြီးတစ်ခု ဖြစ်သည့်အားလျော်စွာ ၎င်းတို့ထံတွင် ပါရမီရှင်ပေါင်းများစွာရှိ၏။ ထို့အပြင် သူတို့က အကယ်ဒမီ၌ ထိပ်တန်းထဲပါ၀င်သည်။

ကြယ်အဆင့်မှ နံပါတ်(၁)လား…?

ပိုင်ချန် အကယ်ဒမီမှ (၅)ယောက်၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။

ပြိုင်ပွဲ၏ ဒုတိယပွဲစဉ်တွင် သူတို့က ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသော်လည်း လူများ၏ အာရုံစိုက်မှုက ရှင်းဝူဟန်နှင့် နတ်သမီးရင်မန်တို့ထံတွင်သာရှိသည်။

ပိုင်ချန်အကယ်ဒမီမှလူများက ထိုအခြေအနေအား လက်မခံနိုင်ကြပေ။

“ ဟမ့်…”

ရှင်းဝူဟန်က ပတ်၀န်းကျင်မှ လူများအား ဝေ့ကြည့်လိုက်သည်။ ၎င်းတို့က ဒုတိယပွဲစဉ်၌ အစွမ်းပြခဲ့ကြသော်လည်း သူ့မျက်လုံးထဲတွင် နတ်သမီးရင်မန်သာရှိ၏။

မူလဇာတ်မြစ်ပင်မသိရသော လူတစ်စုအား အနည်းငယ်မျှ မကြောက်ရွံ့ချေ။

တတိယပွဲစဉ် စတင်လိုက်ချေပြီ။

တတိယပွဲစဉ်ကလည်း ဒုတိယပွဲစဉ်နှင့် ခြားနားမှုသိပ်မရှိချေ။

အုပ်စုတိုက်ပွဲမျိုးသာဖြစ်ပြီး ပထမဆုံး ထုတ်ဖယ်ခံရသူက အဆင့်(၂၀) ဖြစ်လာပေလိမ့်မည်။ စင်မြင့်ထက်၌ အဆုံးထိ ရပ်တည်နေနိုင်သူက ချန်ပီယံဖြစ်ပေမည်။

ဆွှစ်ရှ်…

စတင်ကြောင်းကြေငြာလိုက်သည်နှင့် လူတိုင်း ပြိုင်ဘက်ကိုယ်စီရှာလိုက်ကြသည်။

ကြယ်မြို့မှ လူများ၏ စိတ်ပျက်နေသောအကြည့်များအောက်၌ နဂိုကတည်းက မှန်းထားသည့် လူ(၇)ယောက် ထုတ်ဖယ်ခြင်းခံလိုက်ရ၏။

ထို့နောက် စင်မြင့်ထက်၌ လူ(၉)ယောက်သာကျန်တော့သည်။

သို့သော် နက်နဲဓားဂိုဏ်းမှလူတိုင်း စင်မြင့်ထက်၌ ရှိနေသေး၏။

သူတို့အပြင် ပိုင်ချန်အကယ်ဒမီမှ နှစ်ယောက်နှင့် ရှင်းဝူဟန်တို့ရှိနေသည်။

တိုက်ပွဲသို့ ပြန်သွားရမည်ဆိုလျှင် ပိုင်ချန်အကယ်ဒမီမှ ကျောင်းသားတစ်ဦးက ရှင်းဝူဟန်နှင့် အချိန်အတန်ကြာ တိုက်ခိုက်ပြီး ရှုံးနိမ့်ကာ ထုတ်ဖယ်ခြင်းခံလိုက်ရ၏။

နောက်တစ်ယောက်ကမူ ကိုင်လင်းအာ၏ (၇)ရောင်ချယ် အလင်းတန်းများအောက် ရှုံးနိမ့်သွားခဲ့လေသည်။

နတ်သမီးရင်မန်ကမူ ကံမကောင်းခဲ့ပေ။ ပိုင်ချန်အကယ်ဒမီမှ ရွေ‌ရောင်ချပ်ကာ၀တ် အမျိုးသမီးနှင့် ရင်ဆိုင်ခဲ့ရပြီး အတူတကွ ထွက်ခွာလိုက်ရသည်။

“ ဒါက.. ဘာတွေဖြစ်ကုန်တာလဲ…”

ကြယ်မြို့မှ လူတိုင်း ထိတ်လန့်သွားကြသည်။

နတ်သမီးရင်မန်နှင့် ရှင်းဝူဟန်တို့အား အလွန်အမင်းမျှော်လင့်ထားခဲ့သော်လည်း နတ်သမီးရင်မန်က လျှို့ဝှက်ဆန်းကျယ်သော အမျိုးသမီးကြောင့် ထွက်ခွာလိုက်ရ၏။

“ ကြည့်လိုက်ဦး…”

“ ရှင်းဝူဟန် ပြိုင်ဘက်တစ်ယောက်နဲ့ တိုက်ခိုက်နေပြီ…”

နတ်သမီးရင်မန်က ‌မျက်မှောင်ကြုတ်ပြီး ပြိုင်ပွဲကွင်းပြင်အား စိုက်ကြည့်လိုက်သည်။

လက်ရှိအခြေအနေအရဆိုလျှင် နက်နဲဓားဂိုဏ်းမှလူများဖြစ်စေ နောက်ခံမသိရသော အဖွဲ့ဖြစ်စေ ဘယ်အဖွဲ့ကိုမှ ကိုင်တွယ်ရန် မလွယ်ကူလှပေ။

နတ်သမီး ရင်မန်၏ အမြင်တွင် နောက်ခံမသိရသော အဖွဲ့က ကြမ်းတမ်းစွာ တိုက်ခိုက်နေခဲ့သော်လည်း နက်နဲဓားဂိုဏ်းမှလူများက ပိုပြီး အစွမ်းထက်သည်ဟု ခံစားမိနေ၏။

သူတို့အဖွဲ့မှ တစ်ယောက်မျှ ထုတ်ဖယ်ခြင်းမခံရသေးချေ။

တိုက်ပွဲအသစ်တစ်ခုက ပိုင်ချန်အကယ်ဒမီမှ တစ်ယောက်နှင့် ရှင်းဝူဟန်တို့အကြား ထွက်ပေါ်လာခဲ့သည်။

“ ကြယ်အဆင့် နံပါတ်(၁) တဲ့လား.. လာစမ်းပါ…”

လှံရှည် ကိုင်ဆောင်ထားသည့် ပိုင်ချန်အကယ်ဒမီမှ လူငယ်က ရှင်းဝူဟန်အား နှိမ့်ချစွာကြည့်ပြီး စိန်ခေါ်လိုက်သည်။ သူ၏ မျက်၀န်းများက တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေ၏။

သူက ရှင်းဝူဟန်အား တိုက်ရိုက် စိမ်ခေါ်လိုက်သည်။

“ ရှင်းဝူဟန်.. အဲ့ကောင်ကို သင်္ခန်းစာပေးလိုက်…”

“ ကြယ်ဒေသက သူတို့မောက်မာလို့ရတဲ့နေရာမဟုတ်ကြောင်း ပြလိုက်စမ်းပါ…”

ထိုလူငယ်၏ အမူအရာနှင့် စကားများကြောင့် ကြယ်ဒေသမျှ လူများသွေးဆူသွားခဲ့သည်။ သူတို့က ရှင်းဝူဟန်အား ကျယ်လောင်စွာ ‌အားပေးလိုက်ကြ၏။

ရှင်းဝူဟန်က ထိုလူငယ်၏ စကားများအား ဂရုစိုက်ဟန်မရချေ။

ခေါင်းအနည်းငယ်ယမ်းကာ ရယ်မေးလိုက်ပြီး ကြယ်အလင်းရောင်များ ၀န်းရံလျက် ကောင်းကင်သို့ ပျံတက်သွား၏။

“ မင်းကို အနိုင်ယူခဲ့တဲ့လူက ကြယ်ဒေသက ရှင်းဝူဟန်ဆိုတာကို မှတ်ထား…”

ဘုန်း..

တခဏအတွင်း ကြယ်မြို့ရှိ ကြယ်အလင်းများ သူ့ထံသို့ စုဆုံလာသကဲ့သို့ဖြစ်သွားပြီး ရှေ့သို့ပြေး၀င်သွားခဲ့သည်။ အလွန်ကြီးမားသော ဖိအားတစ်ခုထွက်ပေါ်လာပြီး ထိုတိုက်ခိုက်မှုက ပတ်၀န်းကျင်တစ်ခုလုံးအား လွှမ်းမိုးချုပ်ကိုင်ထားခဲ့သည်။

“ အိုး.. မင်းက အစွမ်းအစတော့ရှိသားဘဲ.. ဒါပေမယ့် မလုံလောက်သေးဘူး…”

ပိုင်ချန်အကယ်ဒမီမှ လူငယ်က လှောင်ပြောင်လိုက်သည်။ စကားဆုံးသည်နှင့် လှံဖျားမှ စူးရှသော ငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်သို့ ထိုးဖောက်သွား၏။

ထိုလှံချက်က ကြယ်အလင်းများအားလုံးကို လွှမ်းမိုးလိုက်ဟန်ရသည်။

ဘုန်း…

တစ်ယောက်နှင့်တစ်ယောက် အကွက်များစွာ တိုက်ခိုက်လိုက်ပြီးနောက် ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီး ရှင်းဝူဟန်လွင့်စင်ထွက်သွားသည်။ ထို့နောက် စင်မြင့်ထက်မှ ဖယ်ရှားခြင်းခံလိုက်ရ၏။

ကြယ်အဆင့် နံပါတ်(၁) ရှင်းဝူဟန် ရှုံးနိမ့်သွားချေပြီ။

ကြယ်မြို့တစ်ခုလုံး တိတ်ဆိတ်သွားပြီး ရှုံးနိမ့်သွားသော ရှင်းဝူဟန်အား မယုံကြည်နိုင်စွာကြည့်နေကြသည်။

သူတို့ ဘယ်လိုပင် မယုံကြည်နိုင်‌ဖြစ်နေပါစေ ဖြစ်ပျက်ခဲ့သည်များက အမှန်ပင်။

ထို့နောက် ကြယ်မြို့မှ လူများ၏ မှုန်မှိုင်းနေသော အကြည့်များအောက်တွင် ရှင်းဝူဟန်အားအနိုင်ရသွားသော ပိုင်ချန် အကယ်ဒမီမှ လူငယ်က ချန်ချင်းဖန်အား စိန်ခေါ်လိုက်သည်။

“ စီနီယာအစ်ကို… တိုက်ခိုက်ခွင့်ပြုပါ…”

ချန်ချင်းဖန်က အသာအယာပြုံးလိုက်ပြီး

“ ကောင်းပြီ.. အကောင်းဆုံး ကြိုးစားပါ…”

ရှင်းဝူဟန်အား အနိုင်ရသွားသည့် လူငယ်၏ မောက်မာမှုများပျောက်ကွယ်သွားကာ အလွန်သတိထားနေဟန်ရသည်။

သူတို့နှစ်ဦးလုံး ပိုင်ချန်အကယ်ဒမီမှ ထိပ်တန်းပါရမီရှင်များဖြစ်ပြီး ဤတိုက်ပွဲက ပြိုင်ပွဲ၏ အဆုံးအဖြတ်တိုက်ပွဲဟု ခံယူထားကြသည်။

ဘုန်း…

ရှင်းဝူဟန်အား အနိုင်ရခဲ့သည့် လူငယ်က စင်မြင့်ကို တခဏလှည့်ပတ်လိုက်ပြီးနောက် ပြင်းထန်သော လှံချက်များနှင့် တိုက်ခိုက်လိုက်၏။

တခဏအတွင်း ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး ပြောင်းပြန်လန်သွားသကဲ့သို့ဖြစ်သွားပြီး စူးရှသော လှံအလင်းများ ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားသည်။

ပတ်၀န်းကျင်မှလူတိုင်း ထိတ်လန့်သွား၏။ ထိုကဲ့သို့တိုက်ခိုက်မှုမျိုးနှင့်ဆိုပါက အဆင့်တူတွင် မည်သူက ယှဉ်ပြိုင်နိုင်မည်နည်း။

ဝုန်း..

သို့သော် စင်မြင့်ထက်၌ ရွှေရောင် အလင်းတန်းတစ်ခု ရုတ်ချည်းတောက်ပလာ၏။

ကြယ်မြို့မှ လူများ၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် ချန်ချင်းဖန်က ထိုတိုက်ကွက်အား တားဆီးလိုက်သည်။

တောင်များ ၊ မြစ်များကို ဖျက်ဆီးနိုင်စွမ်းရှိသော ပြင်းထန်သည့်တိုက်ခိုက်မှုအား အလွယ်တကူ တားဆီးလိုက်သည့်တိုင် ချန်ချင်းဖန်၏ အမူအရာက ထူးခြားသွားဟန်မရှိချေ။ အသေးအဖွဲကိစ္စတစ်ခုအား လုပ်ဆောင်လိုက်သည့် အလားပင်။

“ ဟားဟား.. စီနီယာအစ်ကိုက စိတ်ဝိညာဉ်မီးတောင်ကို အရယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်နဲ့တူတယ်…”

ရှင်းဝူဟန်အား အနိုင်ယူခဲ့သည့်လူငယ်က စိတ်ပျက်သွားဟန်ဖြင့် ခေါင်းအနည်းငယ်ယမ်းလိုက်၏။

“ ကြယ်ဒေသမှ တစ်ယောက်မှ ကျုပ်ကို မယှဉ်နိုင်ဘူး.. ဒီတော့ ချန်ပီယံဆုက စီနီယာ အစ်ကိုရဲ့ လက်ထဲမှာဘဲ…”

ထိုလူငယ်က ခေါင်းမယ်းလိုက်ပြီး ကြယ်ဒေသမှ ပါရမီရှင်လူငယ်များအားကြည့်ကာ အထင်သေးစကားဆိုလိုက်သည်။

ချန်ချင်းဖန်က ထိုစကားနှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မှမပေးခဲ့ပေ။ သူ့အမြင်တွင် ထိုစကားက အမှန်တရားတစ်ခုပင်။

သူ၏ ဂျူနီယာညီငယ်မှ လွဲလျှင် ဤဒေသရှိ တစ်ယောက်မှ သူနှင့်တိုက်ခိုက်နိုင်စွမ်းမရှိချေ။

‘ နက်နဲဓားဂိုဏ်းလား.. ဘယ်ကရောက်လာမှန်းမသိတဲ့ နာမည်တောင်မရှိတဲ့ ဂိုဏ်းလေးတစ်ခုပဲ… သူတို့က စွမ်းအားနည်းနည်းတော့ ရှိပေမယ့်.. နောက်မှ အေးဆေးဖြေရှင်းလိုက်လို့ရတယ်….’

ထိုစကားများကြောင့် ကြယ်မြို့ရှိလူများ ဒေါကန်သွားခဲ့ရသည်။ ပိုင်ချန်အကယ်ဒမီမှနှစ်ယောက်အား ဒေါသများပြည့်နှက်နေသော မျက်၀န်းများဖြင့် ကြည့်လိုက်ကြ၏။

သူတို့ ဒေသအပေါ် စော်ကားမော်ကားပြုမူပြောဆိုခဲ့သူများက စိတ်ဝိညာဉ်မီးတောက်အား ရရှိသွားတော့မည်။

ကြယ်ဒေသမှ ပါရမီရှင်များအားလုံး လက်သီးကျစ်နေအောင် ဆုပ်ထားမိလိုက်ကြ၏။

သူတို့သာ စင်မြင့်ထက်၌ ရှိနေလျှင် ထို(၂)ယောက်အား ပြေး၀င် တိုက်ခိုက်မိပေလိမ့်မည်။

သို့သော် ကြယ်မြို့မှ လူတိုင်း တိတ်တဆိတ် သက်ပြင်းချလိုက်မိကြသည်။ ထိုလူငယ်၏ စကားများက မမှားပေ။

သူက ရှင်းဝူဟန်ကိုပင် အနိုင်ယူခဲ့သည်ဖြစ်ရာ ကြယ်ဒေသရှိ မည်သူမှ မယှဉ်နိုင်သည်မှာ အမှန်ပင်။

သို့သော် သူ၏ စီနီယာအစ်ကို ချန်ချင်းဖန်က သူ့ထက်ပိုပြီး သန်မာနေဟန်ရသည်။

ထိုသို့ဆိုလျှင် သူ့အား မည်သူက ယှဉ်နိုင်ဦးမည်နည်း။

All Chapters