အခန်း (၂၁၆)
Vol. 15 Ch. 216
ကြယ်မြို့တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
သူတို့ဒေသမှ ကြယ်အဆင့်နံပါတ်(၁) ရှုံးနိမ့်သွားခဲ့ပြီဖြစ်ရာ ထိုပြင်ပ ကျင့်ကြံသူများအား မည်သူ အနိုင်ယူနိုင်တော့မည်နည်း။
ပိုင်ချန်အကယ်ဒမီမှ လူများသာ ဤမျှ မောက်မာခြင်းမရှိပါက ကြယ်မြို့မှလူများ ယခုလောက်ထိ ခံပြင်းမည်မဟုတ်ချေ။
ယခုတွင်မူ ချန်ချင်းဖန်တို့အား ရိုက်နှက်ဆုံးမချင်နေကြ၏။
လူတိုင်း၏ မျက်၀န်းများ အေးစက်နေပြီး နှလုံးသားထဲ၌ ကျိန်ဆဲနေကြသည်။
တစ်ယောက်ယောက်က ထိုလူများကို သင်္ခန်းစာပေးပေးလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သို့သော် ချန်ချင်းဖန်က အလွန်အစွမ်းထက်လှ၏။
လက်ရှိ မျိုးဆက်မှ လူငယ်များ သူ့ကို မယှဉ်နိုင်ပေ။
“ ဒီလိုဆိုမှတော့….”
ချန်ချင်းဖန်က မောက်မာစွာပြုံးလိုက်၏။ ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး သူ့ထံမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာကာ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
“ ဒီပြိုင်ပွဲရဲ့ ချန်ပီယံဆုအတွက် ရင်ခုန်စရာမရှိတော့ဘူး….”
ထိုပြင်းထန်သော အရှိန်အဝါ၏ ဦးတည်ရာက နက်နဲဓားဂိုဏ်းမှ (၆)ယောက်ထံသို့ဖြစ်သည်။ ချန်ချင်းဖန်၏ အတွေ့အကြုံအများအရဆိုလျှင် ပြိုင်ဘက်အများစုက ထိုအရှိန်အဝါဖိအားနှင့် ဆုံတွေ့ပြီးပါက တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားတတ်သည်။
သို့သော် သူ၏ အရှိန်အဝါအောက်တွင် နက်နဲဓားဂိုဏ်းမှ လူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်၏။ သူတို့၏ မျက်၀န်းများ အေးစက်လာခဲ့သည်။
ချန်ချင်းဖန်၏ ဖိအားက သူတို့အတွက် ဘာမှမဟုတ်သလိုပင်။
ယခုအချိန်တွင် သူတို့ဆရာဖြစ်သူက ပြိုင်ပွဲကွင်းပြင် အပြင်မှ စောင့်ကြည့်နေသည်။ ထို့အပြင် သူတို့က ဆရာဖြစ်သူ ဆင်းသက်လာသည့် ဂိုဏ်းအား ကိုယ်စားပြုထားခြင်းဖြစ်၏။
နက်နဲဓားဂိုဏ်းအမည်က ဂုဏ်သိက္ခာကြီးမားလှသည်။
သူတို့ကြောင့် ဂုဏ်သိက္ခာညှိုးနွမ်းသွားလျှင်မူ…
(၆)ယောက်လုံး၏ မျက်၀န်းများကျဉ်းမြောင်းသွားပြီး တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပလာခဲ့သည်။
သူတို့ဆရာက ပြိုင်ပွဲတွင် အနိုင်ရပြီး စိတ်ဝိညာဉ်မီးတောက်အား ယူဆောင်လာရန် ညွှန်ကြားထား၏။
ဆရာဖြစ်သူက လိုချင်နေသည်ဖြစ်ရာ တပည့်များအနေဖြင့် ဖြည့်ဆည်းပေးရန် တာ၀န်ရှိသည်။
“ နက်နဲဓားဂိုဏ်းက ရှောင်ဖန်.. နင့်ကို စိန်ခေါ်တယ်…”
ချန်ချင်းဖန်အားကြည့်နေသော ရှောင်ဖန်၏ မျက်၀န်းများတောက်ပနေသည်။ သူမအသံက ကြယ်မြို့တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
အလွန်မောက်မာပြီး အစွမ်းထက်လွန်းလှသော ချန်ချင်းဖန်အား မိန်းကလေးတစ်ဦးက စိန်ခေါ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြန်၏။
နက်နဲဓားဂိုဏ်းမှ လူများက ပထမပွဲစဉ်၌ ထိပ်တန်း(၆)နေရာအား သိမ်းပိုက်ထားနိုင်ခဲ့ပြီး အားနည်းဟန်တော့မရှိချေ။
သို့သော် ပထမပွဲစဉ် ရလဒ်က ကံတရားနှင့်လည်းဆက်နွယ်နေ၏။ ထို့ကြောင့် ပရိတ်သတ်များက သိပ်ပြီး အလေးအနက်မထားခဲ့ချေ။
ဒုတိယပွဲစဉ်တွင်လည်း သူတို့၏ စွမ်းဆောင်မှုကောင်းခဲ့သော်လည်း ရှုံးနိမ့်သွားခဲ့ကြသူများအမြင်တွင် ၎င်းတို့က ရှင်းဝူဟန်လောက် သန်မာခြင်းမရှိပေ။
ထိုရလဒ်ကပင် သူတို့စိတ်ထဲ၌ နက်နဲဓားဂိုဏ်းမှ လူများအတွက် ဂုဏ်စရာဖြစ်နေချေပြီ။
ရှင်းဝူဟန်နှင့် နတ်သမီး ရင်မန်တို့က သူတို့၏ ရင်ထဲ၌ ပြိုင်ဘက်ကင်းဖြစ်တည်မှုများဖြစ်သည်။
ချန်ချင်းဖန် ပြုံးလိုက်၏။
စကားအများကြီးပြောစရာမလိုချေ။
သူက ခဏစဉ်းစားလိုက်ပြီး ကျန်းခန်အား ကြည့်လိုက်သည်။ ထို(၆)ယောက်ထဲတွင် ကျန်းချန်က ရှေ့ဆုံး၌ရှိနေသည်ဖြစ်ရာ အစွမ်းအစအနည်းငယ်ရှိရပေမည်။ ထိုလူက ခေါင်းဆောင်ဖြစ်နိုင်၏။
“ သူမကို မြန်မြန်တားလိုက်… ငါ့ကြောင့် ဒဏ်ရာရသွားမှ မင်း နောင်တရဖို့နောက်ကျနေမယ်…”
ချန်ချင်းဖန်၏ မျက်၀န်းများက ဓားသွားများအလား ထက်မြိတောက်ပနေသည်။
ကျန်းချန်က မျက်ခုံးအနည်းငယ်ပင့်လိုက်မိပြီး သူ၏ ဓားရည်ရွယ်ချက်စွမ်းအားများ တဖြည်းဖြည်းမြင့်တက်လာခဲ့၏။
‘ သူမကို ဒဏ်ရာရစေမှာလား…’
‘ မင်းကြည့်ရတာ အစွမ်းနည်းနည်းရှိပုံရပေမယ့် ဆရာရွှမ်ယီရဲ့ တပည့်တစ်ယောက်ကို ဒဏ်ရာရအောင်လုပ်မယ်ဆိုရင်… ထင်သလောက်မလွယ်မှာ စိုးမိတယ်….’
သူတို့(၆)ယောက်ထဲတွင် ယုလင်းလုံက အစွမ်းထက်ဆုံးဖြစ်ပြီး ရှောင်ဖန်က အားအနည်းဆုံးဖြစ်သည်။
သို့သော် ချန်ချင်းဖန်အား တိုက်ခိုက်ရန်အတွက် အားအနည်းဆုံးဖြစ်နေလျှင်ပင် လုံလောက်သည်။
ကျန်းချန်က ဒေါသမီးများတောက်လောင်နေသည့် ရှောင်ဖန်အား တစ်ချက်ကြည့်လိုက်ပြီး ချန်ချင်းဖန်အား ပြန်ကြည့်လိုက်သည်။
‘ သွားပြီ.. ရှောင်ဖန် စိတ်ဆိုးသွားပြီ.. မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး…’
‘ ဒီကမ္ဘာကြီးက တိုက်ပွဲမှာ ပါးစပ်ကို အားကိုးတာမဟုတ်ဘူး.. လက်သီးကို အားကိုးတာကွ….’
ဘုန်း…
ရှောင်ဖန်က သူမ၏ လက်ချောင်းများအား ဓားအဖြစ်အသုံးပြုပြီး တိုက်ရိုက်ပြေးထွက်သွားခဲ့သည်။ လက်ချောင်းထိပ်များက ဓားရည်ရွယ်ချက် စွမ်းအားများဖြင့် တောက်ပလာ၏။ ထိုလက်ချောင်းများက သံမဏိချပ်ကာတစ်ခုကိုပင် ထိုးဖောက်နိုင်စွမ်းရှိသည်။
လက်ချောင်းဖြတ်သန်းသွားရာလမ်းတစ်လျှောက် လေတိုးသံများပင် ထွက်ပေါ်လာခဲ့သည်။
ထို့အပြင် မမြင်ရသော စွမ်းအားတစ်ခုက ချန်ချင်းဖန်အား ထိန်းချုပ်ထားသေး၏။
ချန်ချင်းဖန်က ဖြူသွယ်သော လက်ချောင်းလှလှလေးများအား စိုက်ကြည့်လိုက်ပြီး ၎င်းတို့အား မရှောင်တိမ်းနိုင်ဟု ရုတ်တရက် ခံစားမိလိုက်သည်။
သူအနည်းငယ် စိတ်ဓာတ်ကျသွား၏။
ချန်ချင်းဖန်၏ မျက်လုံးများကျဉ်းမြောင်းသွားပြီး နှဖူးထက်မှ ချွေးများစီးကျလာခဲ့သည်။ သူ၏ မသိစိတ်ထဲမှနေပြီး ထိတ်လန့်မှုအား ခံစားမိလိုက်သည်။
“ အဲ့ဒီလက်ချောင်းတွေကို ငါမတားနိုင်ဘူး…”
ရွှစ်ရှ်…
ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။
ရှောင်ဖန်၏ လက်ချောင်းများနှင့် ထိတွေ့တော့မည့်အချိန်တွင် ချန်ချင်းဖန်၏ တစ်ကိုယ်လုံး ရွှေရောင်တောက်ပလာခဲ့သည်။
ဝုန်း... ဒုန်း
ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာပြီး လူအုပ်ကြီး စင်မြင်ထက်သို့ အာရုံစိုက်ပြီးကြည့်လိုက်လျှင် ချန်ချင်းဖန် လွင့်စင်သွားသည်ကို တွေ့လိုက်ရ၏။ သူ့ကိုယ်ပေါ်မှ ရွှေရောင်ချပ်ကာတွင် နက်ရှိုင်းသော လက်သည်းရာများ ရှိနေခဲ့သည်။
ထိုခြစ်ရာများက ထက်မြိသောဓားတစ်ချောင်းနှင့် ပိုင်းဖြတ်ထားသည့်အလားပင်။
“ ဝှူး.....”
ချန်ချင်းဖန်က သူ၏ ချပ်ကာပေါ်မှ ခြစ်ရာများအားကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်ထုတ်လိုက်သည်။
စက္ကန့်၀က်မျှ နောက်ကျသွားပါက သူ့ရင်ဘတ်၌ အပေါက်များဖြစ်သွားနိုင်သည်။
“ မင်း ဘယ်သူလဲ.. မင်းတို့(၆)ယောက်ထဲမှာ မင်းက ဘယ်အဆင့်လဲ...”
“ ဟင်း...ငါ့ ပါရမီက သိပ်မကောင်းဘူး... (၆)ယောက်ထဲမှာ အနိမ့်ဆုံးဘဲ...”
စိတ်ဓာတ်ကျဟန်ဖြင့် သက်ပြင်းချလိုက်သော ရှောင်ဖန်အားကြည့်ရင်း ချန်ချင်းဖန် အလွန်အံ့ဩသွား၏။
သူက (၆)ယောက်ထဲမှာ အားအနည်းဆုံးဆိုရင်...
အားအကောင်းဆုံးက ဘယ်လောက်တောင် အစွမ်းထက်နေမလဲ...!
ထိုအချိန်တွင် ပွဲကြည့်သည့်နေရာရှိ ပိုင်ချန်အကယ်ဒမီမှ လူတိုင်းအလွန်အံ့အားသင့်သွားကြသည်။
“ စီနီယာအစ်ကို ရှုံးသွားတာလား...”
သူတို့ အလွန်အံဩနေကြ၏။
သူတို့ထဲတွင် အစွမ်းထက်ဆုံးဖြစ်ပြီး ပြိုင်ဘက်အနည်းငယ်သာရှိသည့် သူတို့ စီနီယာအစ်ကိုကြီး တကယ်ရှုံးသွားတာလား...?
ပြိုင်ဘက်က သူမ၏ လက်ချောင်းများကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။
“ မင်း...”
ဘုန်း...
သူက တစ်စုံတစ်ခုအား ထပ်ပြောချင်သေးသော်လည်း နက်နဲဓားဂိုဏ်း အဖွဲ့၀င်(၆)ယောက်လုံးထံမှ ဓားရည်ရွယ်ချက်များ ဆက်တိုက်ထွက်ပေါ်လာပြီး ကောင်းကင်ထက်၌ အလွန်ကြီးမားသော ဓားရည်ရွယ်ချက် အစုအဝေးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် အလွန်ကြီးမားသည့် ဖိအားကြီးတစ်ခုထွက်ပေါ်လာပြီး ပတ်၀န်းကျင်မှ လူများအား အသက်ရှုကြပ်သွားစေ၏။
ဝုန်း...
ထိုဓားရည်ရွယ်ချက်ကြီးကျဆင်းလာပြီး ချန်ချင်းဖန် ထုတ်ပယ်ခံလိုက်ရသည်။
လူတိုင်း တုန်လှုပ်ပြီး တိတ်ဆိတ်သွားကြ၏။
ကြယ်ဒေသ မဟာပြိုင်ပွဲကြီး၏ ထိပ်တန်း(၆)နေရာကို နက်နဲဓားဂိုဏ်းမှလူများ အပိုင်သိမ်းထားလေသည်။
လူတိုင်း နက်နဲဓားဂိုဏ်းမှ လူများအပေါ် လျှော့တွက်မိခဲ့ကြ၏။
နက်နဲဓားဂိုဏ်းမှ လူ(၆)ယောက်လုံး ဓားရည်ရွယ်ချက်အား လေ့ကျင့်အောင်မြင်ထားကြသည်။
တချို့သော ဘုရင်အဆင့်ကျင့်ကြံသူများပင် နားမလည်နိုင်သည့်အရာဖြစ်ပေသည်။
သူတို့ ဘယ်က လာကြတာလဲ...?
ဒီလို အရည်အချင်းမျိုးတွေနဲ့ဆိုရင်... နက်နဲဓားဂိုဏ်းက မြင့်မြတ်နယ်မြေတစ်ခုများလား...?
ကိုင်လင်းအာ၏ သူမနှုတ်ခမ်းအား အနည်းငယ်တွန့်ကွေးစေလိုက်ပြီး မှင်သက်နေဆဲဖြစ်သည့် ချန်ချင်းဖန်အား ကြည့်လိုက်သည်။
“ နင်က ပြိုင်ပွဲတောင် မပြီးသေးဘဲ ချန်ပီယံဖြစ်ပြီလို့ ထင်နေတာလား...”
“ ဟာသပဲ.. ဟမ့်...”
ပိုင်ချန်အကယ်ဒမီမှလူတိုင်း မျက်နှာပျက်သွားခဲ့ကြသည်။ သူတို့ထံတွင် ပြန်ပြောစရာစကားမရှိသောကြောင့် လက်သီးဆုပ်ကာ ခေါင်းငုံ့ထားမိလိုက်ကြ၏။
သူတို့ကိုယ် သူတို့ ပိုင်ချန်အကယ်ဒမီမှ ကျောင်းသားများဟူ၍ အမြဲဂုဏ်ယူဝံ့ကြွားနေခဲ့ကြကာ ကြယ်ဒေသကဲ့သို့ ဒေသများမှ လူများကိုပင် နှိမ့်ချကြည့်ရှုခဲ့ကြသည်။
သို့သော် လက်ရှိအခြေအနေက သူ့၏ စိတ်အပေါ် ပြင်းထန်စွာ ထိုးနှက်သွားခဲ့လေသည်။
ကြယ်မြို့မှ လူများကမူ အလွန်ပျော်ရွှင်နေကြ၏။
ပိုင်ချန်အကယ်ဒမီမှ လူများ၏ မောက်မာမှုအပေါ် မျက်မုန်းကျိုးနေခဲ့ကြသော်လည်း ကိုယ်တိုင် ဘာမှမလုပ်နိုင်သဖြင့် အံ့ကြိတ်နေရုံသာ တတ်နိုင်ခဲ့သည်။ သို့သော် အလွန်ယုံကြည်မှု ပြင်းထန်နေခဲ့သည့် ချန်ချင်းဖန်က ရှုံးနိမ့်သွားချေပြီ။
လက်ရှိအချိန်တွင် ပြိုင်ပွဲစင်မြင့်ထက်၌ နက်နဲဓားဂိုဏ်းမှ လူ(၆)ယောက်သာကျန်တော့ပြီး ပတ်၀န်းကျင်မှ လူများက လက်ခုပ်တီးပြီး အားပေးလိုက်ကြသည်။
နက်နဲဓားဂိုဏ်းမှ လူများ အကောင်းဆုံးလုပ်ဆောင်ခဲ့၏။
မိုးမမြင် လေမမြင် မောက်မာနေသူများအား သူတို့ကိုယ်စား ဦးချိုးပေးခဲ့သည်။