အခန်း (၂၁၈)
Vol. 15 Ch. 218
တောင်ပိုင်းတိုက်ကြီး… အဇူရာဒေသ
အဇူရာဒေသသို့ တိုး၀င်လာခဲ့သော ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင်လည်း ရှိသည်။
နတ်ဆိုးစွမ်းအင်များ ဖြတ်ကျော် ၀င်ရောက်လာချိန်တွင် ရွှေဘုရင် ၊ ဆေဘာဘုရင် ၊ အဇူရာဘုရင် ၊ နှင်းဘုရင် ၊ တတိယဓားသခင် အပါအ၀င် ဘုရင်အဆင့်(၁၂)ယောက်လုံး ထွက်ပေါ်လာကြ၏။
သို့သော် ပင်လယ်သားရဲများကြားမှ ဘုရင်အဆင့်သားရဲများ ကြောက်မက်ဖွယ် အသွင်အပြင်များနှင့်တကွ ထွက်ပေါ်လာခဲ့ပြီး အဇူရာဒေသမှ ဘုရင်အဆင့်ကျင့်ကြံသူများကို တားဆီးလိုက်ကြသည်။
“ တောင်ပိုင်း ကာရာကန်.. မင်း ရူးသွားပြီလား…”
အဇူရာဘုရင်က သူ၏ တိုက်ခိုက်မှု တားဆီးခြင်းခံလိုက်ရလျှင် သူ့ရှေ့မှ ကြောက်မက်ဖွယ် သဏ္ဍာန်နှင့် ပင်လယ်သားရဲကြီးအား ကြည့်ပြီး အံကြိတ်ကာပြောလိုက်သည်။
ထို ပင်လယ်သားရဲများက ရုတ်တရက်ကျူးကျော်လာခြင်းဖြစ်၏။ ဤမတိုင်ခင် ကျူးကျော်မည့် အရိပ်အယောင် အနည်းငယ်မျှ မရှိခဲ့ပေ။
ထို ပင်လယ်သားရဲများ ယခုကဲ့သို့ ရုတ်တရက် ကျူးကျော်လာမည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ချေ။
“ ပင်လယ်သားရဲတွေ တောင်ပိုင်းတိုက်ကြီးကို ကျူးကျော်နေပြီ.. တားဆီးဖို့ မလွယ်ဘူး…”
နက်နဲဓားဂိုဏ်းမှ ဘုရင်နှစ်ယောက်က ရွှမ်ယီထံသို့ သတင်းလှမ်းပို့လိုက်ကြ၏။
“ သခင်လေး ရွှမ်.. ပင်လယ်သားရဲတွေ အဇူရာဒေသကို ကျူးကျော်နေပြီ…”
ကြက်သွေးနတ်ဆိုးဒေသတွင်လည်း ပင်လယ်သားရဲများ၏ ကျူးကျော်ခြင်းခံနေရ၏။ မုံညင်းဘုရင်၏ မျက်နှာက အေးစက်နေပြီး ပင်လယ်သားရဲ ဘုရင်အဆင့်တစ်ကောင်နှင့် တိုက်ခိုက်နေရင်း သတင်းလှမ်းပို့လိုက်သည်။
“ သခင်လေးရွှမ်ကို အစီအရင်ခံပါတယ်… အဆုံးမဲ့ပင်လယ်က ပင်လယ်သားရဲတွေ ကျူးကျော်တိုက်ခိုက်နေပြီ.. ကာကွယ်ဖို့ စစ်ကူတောင်းဆိုပါတယ်…”
သူ၏ သတင်းစကားက လေဟာနယ်အားပြင်းထန်စွာ ခွဲ၀င်သွားပြီး ရွှမ်ယီထံသို့ ချက်ချင်းရောက်သွားခဲ့သည်။
လူတိုင်းအမြင်တွင် ကျူးကျော်လာသည့် ပင်လယ်သားရဲများက အလွန်အစွမ်းထက်လှ၏။
အဆင့်နိမ့် ပင်လယ်သားရဲလေးများအပြင် ဘုရင်အဆင့် ပင်လယ်သားရဲများစွာလည်း ပါ၀င်ည်။
၎င်းတို့က အသေအချာအစီအစဉ်ချပြီးမှ ကျူးကျော်ခြင်းဖြစ်ပြီး ဒေသတစ်ခုချင်းစီမှ ဘုရင်အဆင့်ကျင့်ကြံသူအရေအတွက်အား ကြိုလေ့လာထားကြသည်။ ကျူးကျော်သည့် ဒေသတိုင်းအတွက် ၎င်းတို့နှင့် အရေအတွက်တူတူ သို့မဟုတ် ပိုသော ဘုရင်အဆင့်သားရဲများကို စေလွှတ်ခဲ့၏။
လူသားမျိုးနွယ် ဘုရင်များက ၎င်းတို့အား မယှဉ်နိုင်ကြပေ။
ကျူးကျော်ခံရသော ဒေသတိုင်း ဆိုရွားသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ ဘုရင်အဆင့် ကျင့်ကြံသူများ သေသူကသေ ဒဏ်ရာရသူကရနှင့် ၎င်းတို့၏ ဒေသများမှာ ပင်လယ်ရေဖုံးလွှမ်းခြင်းအား ခံနေရသည်။
ဤသည်က ကပ်ဘေးတစ်ခုအလားပင်။
ဤအကြပ်အတည်းအား ထိုပင်လယ်သားရဲများထက် အားကောင်းသူများကသာ ကိုင်တွယ်ဖြေရှင်းနိုင်ပေလိမ့်မည်။
အဇူရာဒေသနှင့် ကြက်သွေးနတ်ဆိုးဒေသမှ လူများ၏ နှလုံးသားထဲတွင် ရွှမ်ယီက လက်ရှိအကြပ်အတည်းအား ဖြေရှင်းနိုင်သည်ဟု ယုံကြည်ထားကြ၏။
သို့သော် တစ်ဖက်တွင် သံသယအနည်းငယ်လည်းရှိနေခဲ့သည်။ ရွှမ်ယီ တစ်ယောက်တည်းအားဖြင့် လက်ရှိအခြေအနေအား အမှန်တကယ် ဖြေရှင်းနိုင်ပါ့မည်လော…?
ရွှမ်ယီက အလွန်သန်မာကြောင်းသူတို့သိထားကြသည်။ သို့သော် မကြာသေးခင်ကမှ ဘုရင်အဆင့်သို့ရောက်ထားသည်ဖြစ်ရာ ၎င်းတို့အား အမှန်တကယ် ယှဉ်ပြိုင်နိုင်ပါ့မည်လော။
သူတို့ မျှော်လင့်သည်က ရွှမ်ယီ၏ ဆရာဖြစ်သူထံမှ အကူအညီဖြစ်သည်။
သို့သော် သိပ်ပြီးလည်း မမျှော်လင့်ရဲကြချေ။ ကောင်းကင်ဘုရင်များက အချိန်တိုင်းအားယားနေသူများမဟုတ်ပေ။ သူတို့အား မကယ်တင်လိုလျှင် မည်သို့လုပ်မည်နည်း။
ဒါပေမယ့် လက်ရှိ မျှော်လင့်ချက်အနေဖြင့် ထိုတစ်ခုသာရှိ၏။
ရွှစ်…
သတင်းပို့လိုက်သော အမှာစကားများက လေဟာနယ်အား ဖြတ်သန်းလျက် ရွှမ်ယီထံသို့ ရောက်လာခဲ့သည်။
ရွှမ်ယီ အနည်းငယ်မျက်ခုံးပင့်လိုက်မိပြီး သူ့ရှေ့မှ ကျောက်စိမ်းပြားလေးအား လှမ်းယူလိုက်၏။
ထိုအခါ အဇူရာဘုရင်၏ အလွန်စိုးရိမ်နေသော အသံထွက်ပေါ်လာသည်။
“ အဇူရာဒေသ အန္တရာယ်ထဲကျရောက်နေပြီ.. မင်းရဲ့ဆရာကို လှုပ်ရှားဖို့တောင်းဆိုပေးပါဦး.. ငါ အရမ်းကျေးဇူးတင်မိမှာပါ…”
အခြေအနေအား သူရှင်းလင်းစွာ နားမလည်သေးမီ ရှေ့မှ လေဟာနယ်က လှုပ်ခတ်သွားပြန်သည်။
ရွှစ်…
၎င်းက နက်နဲဓားဂိုဏ်းရှိ ရွှေဘုရင်ထံမှ အကူအညီတောင်းခံစာဖြစ်၏။
ရွှစ်.. ရွှစ်.. ရွှစ်..
ထို့နောက် တစ်တက်တည်း ကျောက်စိမ်းပြားများစွာ ထွက်ပေါ်လာခဲ့သည်။
အဇူရာဒေသရှိ ဘုရင်များနှင့် ကြက်သွေးနတ်ဆိုးဒေသရှိ နက်နဲဓားဂိုဏ်းမှ အကူအညီတောင်းခံစာများဖြစ်၏။
ရွှမ်ယီမျက်မှောင်ကြုတ်လိုက်မိသည်။ အခြေအနေက အလွန်ပြင်းထန်နေကြောင်း နားလည်သွား၏။
လူသားမျိုးနွယ်အား ပင်လယ်သားရဲများ ကျူးကျော်တိုက်ခိုက်ခြင်းမှာ အထူးအဆန်းတော့မဟုတ်ပေ။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းက အမြဲတစေဖြစ်ပျက်လာခြင်းဖြစ်၏။ သို့သော် ၎င်းတို့က တိုက်ပွဲ အသေးလေးများသာ။
“ ဆရာ..”
မင်ယွဲ့ရှုနှင့် ကျန်းချန်တို့က စိုးရိမ်ပူပန်နေသော မျက်၀န်းများဖြင့် ရှေ့တိုးလာကြ၏။
အဇူရာဒေသက ၎င်းတို့၏ မွေးရပ်မြေဖြစ်ပြီး မိသားစု ၊ အပေါင်းအသင်းများစွာတို့က ထိုနေရာ၌ ရှိနေကြသည်။ ယခု အဇူရာဒေသ အခက်အခဲကြုံနေသည်ဖြစ်ရာ ချက်ချင်းပြန်သွားပြီး ကူညီလိုနေကြ၏။
“ စိတ်မပူနဲ့…”
ရွှမ်ယီက နှစ်သိမ့်စကားဆိုလိုက်သည်။
“ ဒီတစ်ကြိမ် ပင်လယ်သားရဲကျူးကျော်မှုက ဘုရင်အဆင့်တွေအများကြီး ပါ၀င်တယ်…”
“ မင်းတို့ သွားသည်ဖြစ်စေ ၊ မသွားသည်ဖြစ်စေ ဘာမှထူးသွားမှာမဟုတ်ဘူး….”
သူတို့နှစ်ယောက်က ဓားရည်ရွယ်ချက်အား နားလည်ထားသည့်တိုင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများသာဖြစ်သေး၏။ သူတို့ခွန်အားဖြင့် တိုက်ပွဲအား ပြောင်းလဲနိုင်စွမ်းမရှိပေ။
ရွှမ်ယီ တစ်ခဏမျှ စဉ်းစားပြီးနောက် ကျောက်စိမ်းပြားတစ်ခုထုတ်ပြီး သတင်းပို့လိုက်သည်။
“ အဇူရာဒေသ ၊ ကြက်သွေးနတ်ဆိုးဒေသနဲ့ တခြားတောင်ပိုင်းဒေသတွေကို ပင်လယ်သားရဲတွေကျူးကျော်နေပြီ.. ရွှမ်မိသားစုက ဘုရင်တွေအားလုံးခေါ်ပြီး သွားကူပေးလိုက်ပါ.. ကိုင်မိသားစုကိုလည်း အကူအညီတောင်းပါတယ်…”
“ ကျုပ်တို့ နယ်မြေကိုကျူးကျော်တဲ့ပင်လယ်သားရဲတွေအားလုံး တစ်ကောင်မှ အရှင်မထားပါနဲ့.. နောက်ထပ်မကျူးကျော်ရဲအောင် ဒီတိုက်ခိုက်မှုမှာ ပါ၀င်တဲ့ ပင်လယ်သားရဲအဖွဲ့အစည်းတွေအားလုံး တစ်ခါတည်းရှင်းပစ်လိုက်…”
ရွှမ်ယီ၏ မျက်၀န်းများက သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပသွားခဲ့သည်။
ပင်လယ်သားရဲများတွင် မတူညီသော မျိုးနွယ်စုများ ကလန်များ ထောင်နှင့်ချီ၍ရှိသည်။ ၎င်းတို့တွင် မတူညီသော ခံယူချက်များရှိသည်ဖြစ်ရာ အားလုံး စုပေါင်းပြီးကျူးကျော်ခြင်းမဖြစ်နိုင်ပေ။ အဖွဲ့အစည်းတချို့၏ လက်ချက်သာဖြစ်ရမည်။
ရွှမ်ယီက ထိုကျူးကျော်သူများအား တစ်ကြိမ်တည်း ရှင်းပစ်ရန် ဆုံးဖြတ်ခဲ့သည်။
ရာနှင့်ချီသော ဘုရင်အဆင့်ကျင့်ကြံသူများနှင့် ကိုင်မိသားစုခေါင်းဆောင်ကိုယ်တိုင် ပါ၀င်လျှင် ၎င်းတို့အား အလွယ်တကူ ချေမှုန်းနိုင်ပေလိမ့်မည်။
၎င်းတို့အား ရောက်လာပြီးတော့မှ ပြန်ခွင့်မပြုနိုင်ပေ။
လူသားမျိုးနွယ်နှင့် ပူးပေါင်းထားသည့် ပင်လယ်သားရဲ ကလန်များ ၊ ငြိမ်းချမ်းစွာ နေလိုသည့် ပင်လယ်သားရဲများ ရှိနေသောကြောင့်မဟုတ်လျှင် ပင်းယုအား ခေါ်ဆောင်ပြီး အားလုံးကို ရှင်းလင်းပစ်စေမည်ဖြစ်သည်။
ရွှမ်ယီက သတင်းပို့လိုက်ပြီးနောက် မင်ယွဲ့ရှုနှင့် ကျန်းချန်တို့အား ပြုံးပြလိုက်ကာ
“ စိတ်ပူမနေပါနဲ့.. ငါတို့အခုရောက်နေတဲ့နေရာထက်စာရင် ကောင်းကင်ဒေသက အဇူရာဒေသနဲ့ ပိုနီးတယ်.. ရာနဲ့ချီတွေ ဘုရင်တွေအကူအညီနဲ့ဆိုရင် ဘာပြသနာမှရှိတော့မှာမဟုတ်ဘူး…”
ကိုင်မိသားစုနှင့် ရွှမ်မိသားစုတို့၏ ဩဇာအာဏာဖြင့်ဆိုပါက ကောင်းကင်ဒေသမှ ဘုရင်အဆင့်ကျင့်ကြံသူများ၏ (၃)ပုံ(၂)ပုံလောက်ကို အလွယ်တကူ စုစည်းနိုင်စွမ်းရှိသည်။
ရာနှင့်ချီသော ဘုရင်အဆင့်ကျင့်ကြံသူများ…!
အခြေအနေအားကောင်းစွာနားလည်သည့် ကိုင်လင်းအာမှလွဲလျှင် အားလုံး ထိတ်လန့်သွားကြ၏။
ယုလင်းလုံလည်း မျက်ခုံးအနည်းငယ်ပင့်လိုက်မိပြီး အံ့ဩသွားခဲ့သည်။
‘ ဆရာက စာတစ်စောင်ပို့လိုက်ရုံနဲ့ ဘုရင်အဆင့် ရာကျော်ကို စုစည်းနိုင်တယ်လား…’
သူမက ယုမိသားစုမှ ကောင်းကင်သမီးတော်ဖြစ်သော်လည်း ထိုသို့ပြုလုပ်ရန် မလွယ်ကူပေ။
ကျန်းချန်နှင့် မင်ယွဲ့ရှုတို့နှစ်ယောက် စိတ်ပူနေဆဲဖြစ်သော်လည်း အနည်းငယ် တည်ငြိမ်သွားပြီဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။ သူတို့မျက်၀န်းထဲ၌ သံသယအနည်းငယ်ရှိနေခဲ့သည်။
အချိန်က သိပ်မရတော့ဘူး.. ဆရာက အဇူရာဒေသကို လက်လွှတ်လိုက်တော့မှာလား…?
တကယ်ပဲ သူပြောသလို ရာနဲ့ချီတဲ့ ဘုရင်တွေကို စုစည်နိုင်ပါ့မလား…?
ရွှမ်ယီက နားလည်ဟန်ဖြင့် အနည်းငယ်ပြုံးလိုက်သည်။
ကိုင်မိသားစုနှင့် ရွှမ်မိသားစုခေါင်းဆောင်တို့ ရွှမ်ယီထံမှ သတင်းစကားအား တစ်ချိန်တည်း လက်ခံရရှိခဲ့၏။
ရွှမ်ယီ၏ တောင်းဆိုမှုအားမြင်သည်နှင့် ရွှမ်မိသားစုက ၎င်းတို့လက်အောက်ရှိ နယ်မြေနှစ်ခုမှ ဘုရင်အဆင့်ကျင့်ကြံသူအားလုံးကို ချက်ချင်းစုစည်းလိုက်သည်။ ထိုအင်အားကမသေးပေ။ (၁၀၀)နီးပါရှိ၏။
တစ်ချိန်တည်းတွင် ကိုင်မိသားစုကလည်း ၎င်းတို့နယ်မြေမှ ဘုရင်အဆင့်ကျင့်ကြံသူများအား စုစည်းပြီး ချက်ချင်းထွက်ခွာလာခဲ့သည်။
လက်ရှိတွင် ကိုင်မိသားစုက ရွှမ်မိသားစုလောက် အာဏာမကျယ်ပြန့်သော်လည်း နှစ်ထောင်ပေါင်းများစွာ ဆက်ခံလာခဲ့သည့် အမွေအနှစ်များအရ အင်အားအရာတွင် ရွှမ်မိသားစုထက် သာလွန်ပေသည်။ အဆင့်မြင့်ဘုရင်များစွာကိုလည်း ပိုင်ဆိုင်ထား၏။
ထိုအင်အားစုနှစ်စု တွေ့ဆုံလိုက်ပြီး အတူတကွ ချက်ချင်း ထွက်ခွာလိုက်ကြသည်။
ရာနှင့်ချီသော ဘုရင်အဆင့်များ၏ ဖိအားများကြောင့် ပတ်၀န်းကျင်တစ်ခုလုံး အရောင်ပြောင်းသွားခဲ့၏။
ဘုန်း..
၎င်းတို့က ဒေသဖြတ်ကျော်လှေပျံအား အသုံးမပြုခဲ့ပေ။ လေဟာနယ်အား တိုက်ရိုက်ဖြတ်ကျော်ပြီး အဇူရာဒေသကောင်းကင်ထက်၌ ထွက်ပေါ်လာ၏။