အခန်း (၂၂၃)
Vol. 15 Ch. 223
ပတ်ဝန်းကျင်မှလူတိုင်း အံ့အားသင့်သွားကြသည်။
ထိုသေသွားသောလူက အစွမ်းထက်သောကျင့်ကြံသူတစ်ဦး ဖြစ်ပြီး လက်ရှိလူအုပ်ထဲ၌ အတော်လေး အစွမ်းထက်သည်ဟုဆိုနိုင်သည်။
ဒါတောင်မှ ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား…?
“အံဩမနေနဲ့ သေမှာမကြောက်ဘူးဆိုရင် ရှေ့တက်ခဲ့လို့ရတယ်…”
ရွှမ်ယီ က ပတ်ဝန်းကျင်မှ ဘုရင်အဆင့်ကျင့်ကြံသူများအား ဓားဖြင့်ရွယ်ကာ ပြောလိုက်၏။ သူ့မျက်နှာက သာမန်အတိုင်းဖြစ်နေပြီး ကြောက်ရွံ့ဟန် တစ်စက်မှမရှိချေ။
ပတ်ဝန်းကျင်မှ လူများက ရှုံ့တွနေသောအမူအယာများဖြင့် ရွှမ်ယီ အား ပြင်းထန်စွာ စိုက်ကြည့်လိုက်ကြသည်။
“ဒီကောင်လေး… သူကအရမ်းအစွမ်းထက်တဲ့ မူလဘုရင်တစ်ယောက်ပဲ…”
တစ်စုံတစ်ယောက်က ရွှမ်ယီအား စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
ဤနေရာမှလူတိုင်း ဘုရင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး ထိုအထဲတွင် တုံးအသောသူ တစ်ယောက်မှ မပါဝင်ပေ။ရွှမ်ယီ က ဓားတစ်ချက်သာ ထုတ်လွှတ်တိုက်ခိုက်ခဲ့သော်လည်း ၎င်းအထဲတွင် ပါဝင်သည့် အလွန်ပြင်းထန်သောစွမ်းအားကို လူတိုင်းခံစားမိလိုက်ကြသည်။
ထိုဓားတစ်ချက်ဖြင့်ပင် ထိုလူငယ်က လူသားဘုရင် အဆင့်အောက်တွင် ပြိုင်ဘက်ကင်းကြောင်း သိနိုင်သည်။
လူသားဘုရင် အဆင့်အောက်မှ လူများသွားရောက်တိုက်ခိုက်ပါက ချက်ချင်းသေဆုံးသွားပေလိမ့်မည်။
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့၏။
ရွှမ်ယီ၏ နှဖူးအလယ်တည့်တည့်တွင် စိတ်ဝိညာဥ်မီးတောက်ငယ်လေးက တစ်ဖျတ်ဖျတ်လောင်ကျွမ်းနေပြီး သူ၏ခန္ဓာကိုယ်အား နက်မှောင်သော ဓားနယ်မြေတစ်ခုက ဝန်းရံထားသည်။
သူ့ထံမှ အလွန်အစွမ်းထက်သော ဓားရည်ရွယ်ချက်စွမ်းအားက ကောင်းကင်အထိတိုင်အောင် မြင့်တက်နေခဲ့၏။
ရွှမ်ယီ၏ ပတ်လည် သုံးပေအတွင်းသို့ မည်သူမျှ ဝင်ရောက်နိုင်ခြင်းမရှိပေ။
………
“ သူက ဒီလောက်တောင် သန်မာတယ်လား…”
လူအုပ်ကြားထဲ၌ လွန်ခဲ့သော(၃)ရက်က ရွှမ်ယီအား သတိပေးခဲ့သည့် လှပသော အမျိုးသမီး မှင်သက်စွာ ရေရွတ်မိလိုက်၏။
လရောင်တောင်စောင်း၌ အဖွဲ့အစည်းများစွာ စခန်းချနေခဲ့ပြီး ယခုမတိုင်မီ ရွှမ်ယီအား မတွေ့ခဲ့ရပေ။
သူမက ရွှမ်ယီအား အလကားသေသွားမည်စိုးသောကြောင့် သတိပေးခဲ့ခြင်းဖြစ်ပြီး ရွှမ်ယီက ရီဝေဝေပန်း လီလီမြက်ကို ၀င်လုသွားချိန် သူမ အလွန်ထိတ်လန့်သွားခဲ့၏။
သူမနှင့် သူမ၏အဖွဲ့က ဤနေရာသို့ ကံစမ်းရန်သက်သက်လာခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ၌၀င်ပါရန် စိတ်ကူးမရှိချေ။
သို့သော် ရွှယ်ယီက ရီဝေဝေပန်း လီလီမြက်အား တစ်ကိုယ်တော်၀င်လုဝံ့သည်။
၎င်းက သေမင်းအား စိန်ခေါ်နေခြင်းမဟုတ်ပေလော။
သေချာပေသည်။ အစွမ်းထက် ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးက ရုတ်တရက်လှုပ်ရှားလာချိန်၌ ရွှမ်ယီအဆုံးသတ်ပြီဟု သူမ တွေးမိခဲ့၏။
သူမ အမြင်အရ အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့် ကျင့်ကြံသူလေးက မလုပ်သင့်သည့်အရာအား လုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုလူငယ်ထံမှ သူမ လုံး၀မမျှော်လင့်ထားသည့် စွမ်းအားမျိုး ပေါက်ကွဲထွက်ပေါ်လာ၏။
ထိုအခါ သူမ အလွန်တုန်လှုပ်သွားခဲ့ရသည်။
သူမက အနီးအနားသို့တိုးသွားပြီး တိုက်ပွဲအခြေအနေအား တောက်ပသောမျက်၀န်းများဖြင့်ကြည့်နေခဲ့၏။
လက်ရှိ အချိန်နှင့် လက်ရှိနေရာက အစွမ်းထက် ဘုရင်အဆင့်ကျင့်ကြံသူများ၏ တိုက်ပွဲစင်မြင့်ဖြစ်ပေသည်။
ထိုလူငယ်က အားလုံးထဲ၌ အတောက်ပဆုံးဖြစ်မည်မှာ သေချာသည်။
လူတိုင်း ရွှမ်ယီအား စိုက်ကြည့်နေကြ၏။ သူတို့က လှုပ်ရှားလိုသော်လည်း အလွန်သတိထားနေကြပြီး လုံး၀ မပေါ့ဆဝံ့ကြချေ။
ရွှမ်ယီက ခန္ဓာကိုယ်အား ၀န်းရံထားသည့် အနက်ရောင် စွမ်းအင်စက်ကွင်းက သူတို့အား ခြိမ်းခြောက်ဖိအားပေးနေခဲ့သည်။
တိုက်ခိုက်သည်နှင့် သေမည်ဖြစ်ကြောင်း အလိုလိုခံစားမိနေ၏။
ထို့ကြောင့် စစ်မြေပြင်ရှိ အခြေအနေက အနည်းငယ်ထူးဆန်းနေပေသည်။ ရွှမ်ယီက ဘုရင်အဆင့်များစွာတို့အား တစ်ကိုယ်တော် မျက်နှာချင်းဆိုင်တားဆီးထားသကဲ့သို့ဖြစ်နေသည်။
လှပသော အမျိုးသမီးက လက်ရှိမြင်ကွင်းအားကြည့်ပြီး မျက်နှာအနည်းငယ် နီသွားခဲ့၏။
“ သူက အရမ်းအစွမ်းထက်တာဘဲ.. ဒီနေရာကို တစ်ယောက်တည်း လာရဲတာ မထူးဆန်းတော့ဘူး…”
မည်သည့်ဒေသတွင်မဆို ဘုရင်အဆင့်ကျင့်ကြံသူများမှာ အစွမ်းထက်အင်အားကို ကိုယ်စားပြုသော ပြယုဒ်တစ်ခုဖြစ်သည်။
သူမပြောခဲ့သည်များအား ပြန်စဉ်းစားကြည့်လိုက်လျှင် သိမ်းငှက်တစ်ကောင်အား သတိပေးစကားဆိုနေသည့် စာကလေးတစ်ကောင်ကဲ့သို့ပင်။
ရှက်စရာကောင်းလှ၏။
“ သူက မူလဘုရင်အဆင့်မှာ အစွမ်းထက်ဆုံးဖြစ်နိုင်တယ်.. ဒါပေမယ့် ဒီလောက်လူအများကြီးကို တစ်ယောက်တည်း တားဆီးနိုင်ပါ့မလား…”
လှပသော အမျိုးသမီးနှင့် အတူပါလာသည့်အဖွဲ့မှ တစ်ယောက်က ရေရွတ်လိုက်၏။
သူတို့စိတ်ထဲ၌ သံသယများရှိနေခဲ့သည်။
ထိုစကားအား ကြားလိုက်လျှင် လှပသော အမျိုးသမီး အနည်းငယ် မွန်းကြပ်သွားသလို ခံစားလိုက်ရ၏။
ထိုလူပြောလိုက်သေားစကားကအမှန်ပင်။ ရွှမ်ယီက ဤလောက်လူအများကြီးကြားတွင် ရီဝေဝေပန်း လီလီမြက်ကို အမှန်တကယ် ထိမ်းသိမ်းနိုင်ပါ့မည်လော။
ထိုအချိန်တွင် တိုက်ပွဲကွင်းပြင်၌
“ ခင်ဗျားတို့ တိုက်ဦးမှာလား.. မတိုင်ဘူးဆိုရင်လည်း ထွက်သွားတော့.. ကျုပ်အချိန်တွေကို မဖြုန်းနဲ့…”
ရွှမ်ယီက အသာအယာပြုံးပြီး သူ့ရှေ့မှ လူများအား ဓားနှင့်ရွယ်လျက်ပြောလိုက်သည်။
ရွှမ်ယီက အလွန်မောက်မာနေခြင်းမဟုတ်ပေ။ သူ့ရှေ့မှ လူများထဲတွင် သူ၏ ဓားတစ်ချက်ကို တားဆီးနိုင်သူမရှိပေ။
ရွှမ်ယီအား တိုက်ခိုက်ရန်ပြင်နေသည့် လူများ အနည်းငယ်အတွေးနက်သွားခဲ့၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဘုရင်အဆင့်သို့ရောက်နေခဲ့သူများအနေဖြင့် လူငယ်တစ်ဦးအား ကြောက်ရွံ့နေခြင်းမှာ အနည်းငယ်အဓိပ္ပါယ်မဲ့လှသည်။ သို့သော် သူတို့ အနိုင်တိုက်ခိုက်နိုင်မည်လော ဟူသည်က စဉ်းစားစရာပင်။
“ ဟီးဟီး… သူငယ်ချင်းလေး…”
ထိုအထဲမှတစ်ယောက်က ရှေ့တိုးလာပြီး ရွှမ်ယီအား ဖော်ရွေစွာပြုံးပြလျက် စကားဆိုလိုက်သည်။
“ သူငယ်ချင်းလေး.. ဒီနေရာက တချို့လူတွေရဲ့ ပင်မအင်အားစုကြီးတွေမှာ လူသားဘုရင်အဆင့်မပြောနဲ့.. ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတောင်ရှိတယ်.. မင်းက အသက်ငယ်ငယ်လေးနဲ့ အခုလိုအဆင့်ရောက်နေတာကတော့ အံ့ဩစရာဘဲ.. ဒါပေမယ့် ရီဝေဝေပန်း လီလီမြက်အတွက် မင်းအသက် ဆုံရှုံးရမယ်ဆိုရင်တော့ မတန်ဘူးနော်..
ငါတို့ အစွမ်းကုန်ထုတ်ရင် မင်းဆက်ပြီးသိမ်းထားနိုင်မယ် မထင်ဘူး…”
နက်ပြာရောင်၀တ်စုံအား၀တ်ဆင်ထားသည့် ထိုလူက ဆက်ပြောလိုက်၏။
“ မင်းက အဲ့ဒီ နတ်မြက်ကိုရသွားရင်တောင် ဆေးလုံးတစ်လုံးဘဲ အသုံးပြုနိုင်မှာ.. လက်ရှိ မင်းရှေ့မှာ မူလဘုရင်တွေအများကြီးဘဲ.. ပြီးတော့ မင်းမှာ နောက်ကွယ်က ဘာအကူအညီမှ ရှိပုံမရဘူး.. ဆက်ပြီးသိမ်းထားမယ်ဆို အကျိုးဆက်က တကယ်မလွယ်ဘူးနော်…”
ရွှမ်ယီက ထိုလူအား မျက်ခုံးပင့်ပြီးကြည့်လိုက်သည်။
မူလဘုရင်များ ၊ လူသားဘုရင်များအား သူယခင်က မသတ်ဖူးခြင်းမဟုတ်ပေ။
ရွှမ်ယီ၏ ဂရုစိုက်ဟန်မရသော အမူပရာအားမြင်လိုက်လျှင် ထိုအဘိုးကြီးက ၎င်း၏ မုတ်ဆိတ်အား ပွတ်သပ်ရင်း ဆက်ပြောလိုက်သည်။
“ မင်းကြည့်ရတာ လူသားဘုရင်တွေကိုလည်း ဂရုစိုက်ပုံမရဘူး.. ဒါပေမယ့် ကောင်းကင်ဘုရင်တွေလည်းရှိတယ်ဆိုတာ မမေ့နဲ့.. မင်း အမဲလိုက်ခံရပြီဆိုတာနဲ့ ဘယ်လောက်ကြာကြာအသက်ရှင်နိုင်မယ်လို့ထင်လဲ…”
“ ငါပြောတာကိုနားထောင်ပြီး ငါ့ကို နတ်မြက်ပေးလိုက်ပါလား.. ရှန်းယွမ်နန်းတော်မှာနေတဲ့ အဘိုးကြီး ၀မ်ဒင်းဖန်က ငါ့မိတ်ဆွေဘဲ.. သူ့ရဲ့ အဆက်အသွယ်က အရမ်းကျယ်ပြန့်တဲ့အတွက် မင်းကိုကာကွယ်ပေးဖို့ပြသနာမရှိဘူး.. ဆေးလုံးအဖြစ်သန့်စင်ပြီးရင် မင်းကို တစ်လုံးပေးမယ်လေ.. ဘယ်လိုလဲ…”
စကားဆုံးသည်နှင့် အဘိုးကြီးက ရွှမ်ယီအားကြည့်လိုက်ပြီး အဖြေကိုစောင့်မျှော်နေခဲ့သည်။
လက်ရှိ ဤနေရာ၌ မူလဘုရင်များသာရှိခြင်းမဟုတ်ဘဲ လူသားဘုရင်များလည်း ရှိနေခဲ့သည်။ ၎င်းတို့က အရှိန်အဝါများကိုဖုံးကွယ်ထားပြီး အခွင့်ကောင်းကြုံမှ တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြ၏။
ရွှမ်ယီငယ်ရွယ်သေးပြီး အလွန်အစွမ်းလည်းထက်သည်ဖြစ်ရာ ဤနေရာ၌ သေဆုံးသွားပါက အလွန်နှမျောစရာဖြစ်မည်ဖြစ်သောကြောင့် ထို ရှန်းယွမ်နန်းတော်မှ အဘိုးကြီးက အပေးအယူလုပ်ရန်အကြံပြုလိုက်ခြင်းဖြစ်၏။
သူသာ ထို ရီဝေဝေပန်း လီလီမြက်ကိုရရှိသွားပါက နန်းတော်၏ အုတ်မြစ်ကိုတိုးတက်စေမည်ဖြစ်ကာ ခေါင်းဆောင်ထံမှ မျက်နှာပေးခြင်းကို ရရှိပေလိမ့်မည်။
ပတ်၀န်းကျင်မှ လူများလည်း ထိုအဘိုးကြီး၏ အတွေးအားရိပ်မိပေသည်။
ချက်ချင်း လူတစ်ယောက် ခုန်ထွက်လာပြီး ရှန်းယွမ်နန်းတော်မှ အဘိုးကြီးအား လက်ညှိုးထိုးလိုက်ပြီး
“ ဒီမှာ အဘိုးကြီး.. ခင်ဗျားက ရှန်းယွမ်နန်းတော်ကဖြစ်တိုင်း ရီဝေဝေပန်း လီလီမြက်ကို အပိုင်းသိမ်းနိုင်ပြီထင်နေတာလား…”
ထိုလူက ခရမ်းရောင်အထက်၌ ရွှေရောင်လိုင်းများပြေးနေသည့် ၀တ်ရုံကို၀တ်ဆင်ထားပြီး အပြင်အဆင်အရ အလွန်ခမ်းနားလှသည်။
“ လူသားဘုရင်အဆင့်ကို အဲ့လောက်ထိ အမြင့်ကြီး မတွေးစမ်းပါနဲ့.. လက်ရှိ ဒီနေရာမှာ ရှိနေတဲ့လူတွေအားလုံးထဲမှာ သင်းကွဲဝံပုလွေ( တစ်ကိုယ်တော်ကျင့်ကြံသူ)တွေကလွဲပြီး လူသားဘုရင်နောက်ခံမရှိတဲ့လူ တစ်ယောက်မှမရှိဘူး…”
“ငါက ကျန်းယန်ဂိုဏ်းကပဲ.. လူတိုင်း ဒီနာမည်နဲ့ ရင်းနှီးမယ်လို့ထင်တယ်…”
“ ရီဝေဝေပန်း လီလီမြက်ကို ငါ့ဆီပေးပါ.. ဆေးလုံးအဖြစ်သန့်စင်ပြီးရင် မင်းကို(၂)လုံးပေးမယ်.. ပြီးတော့ မင်းကိုလည်း ကျန်းယန်ဂိုဏ်းကကာကွယ်ပေးမယ်…”
စကားဆုံးသည်နှင့် သူက ရွှမ်ယီအား ကြည့်လိုက်၏။