← Chapters

နောက်ထပ်လင်ဒါ

Vol. 12 Ch. 6

နောက်ထပ်လင်ဒါ

Vol. 12 Ch. 6

“မှာထားတဲ့ ကာစတယ်လာကိတ်နဲ့လက်ဖက်ရည် ရပါပြီ။”

စားပွဲထိုးရင်ဖုံး အပြာရောင်ကိုဝတ်ထားပြီး ဂျင်းဘောင်းဘီ အပြာအတိုနဲ့ သင်္ဘောသားဦးထုပ်အဝိုင်းလေး ဆောင်းပြီး အလုပ်လုပ်နေတဲ့ ဒီပက စားပွဲဝိုင်းပေါ်ကို လက်တစ်ဖဝါးစာ အရွယ် ကိတ်မုန့်အပွလေးနဲ့လက်ဖက်ရည်တစ်ခွက်ကို ချပေးလိုက်တယ်။

စားပွဲမှာထိုင်နေတဲ့ ဆံပင်ဖြူအတိုနဲ့ မိန်းမလှလေးကတော့ ကိတ်မုန့်ကို သဘောတကျကြည့်နေပြီး ကောင်လေးဒီပကို ပြုံးပြတယ်။

“ ကျေးဇူးတင်ပါတယ်နော်၊ မောင်လေးဒီပ။”

မက်ဒါနာဆီကနေ မောင်လေးလို့အခေါ်ခံရတဲ့အတွက် ဒီပ ကျောချမ်းသွားပြီး သူ့ကိုယ်သူပြန်ဖက်ထားလိုက်လေရဲ့။ နောက်တော့ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကပ်ကပ်လန်အောင် ပြန်ရန်တွေ့ပါတယ်။

“လူသားအဒေါ်ကြီး၊ ကျုပ်ကို အဲဒီလိုမခေါ်နဲ့ဗျ။ ဟောဒီက ကျုပ်က ပိုးကောင်စစ်တပ်ရဲ့ဗိုလ်ချုပ်ကြီး ပုစဥ်းပဲ။ နေ့တိုင်း လူသားတွေအတွက် စားပွဲထိုးလုပ်ပေးနေရတာနဲ့တင် စိတ်မောလူမောဖြစ်လှပြီ။”

ဒီပက သူ့အလုပ်ကို မုန်းတီးနေတဲ့ပုံစံနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ မက်ဒါနာက အဲဒီပုံစံကိုမြင်လေ ပိုပြီးရယ်မိလေပဲ။ ပိုးကောင်တွေနဲ့စစ်ပွဲပြီးသွားတာ တစ်နှစ်နီးပါးရှိနေပြီ။ ပိုးကောင်အများစုက သူတို့အင်ပါယာပိုင်နက်တွေဆီ ပြန်သွားဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ လူသားအသွင်ယူထားတဲ့ ပိုးကောင်အများစုကတော့ ကမ္ဘာမြေပေါ်မှာပဲ လူသားတွေနဲ့ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပေါ့။

အဲဒီထဲမှာ ပိုးကောင်ဘုရင်မဥစာကီနဲ့အပေါင်းအပါတွေ ပါဝင်ပြီးတော့ Princess' Bakery ဆိုတဲ့ ကိတ်မုန့်ဆိုင် ဘရန်းတစ်ခုကို ဖွင့်လှစ်ပြီးစီးပွားရှာနေပါတယ်။

မက်ဒါနာအခုထိုင်နေတဲ့နေရာကတော့ ဂျပန်မှာရှိနေတဲ့ အဲဒီကိတ်မုန့်ဆိုင်တွေထဲကမှ ဥစာကီကိုယ်တိုင်စီမံခန့်ခွဲ နေတဲ့ ဆိုင်ပေါ့။

“ဒီပရေ၊ နင့်အစ်မကြီးနဲ့စကားများမနေဘဲ အလုပ်လုပ်နော်။ ဟိုမှာ လာနေကျဖောက်သည်တွေ လာနေပြီ။”

ဆိုင်ကောင်တာမှာထိုင်နေတဲ့ ဒရုန်းဇုန်က ဒီပကို လှမ်းပြီး အော်လိုက်တယ်။ ဒရုန်းဇုန်ကိုယ်တိုင်လည်း ဆိုင်ရဲ့ရင်ဖုံးကို ဝတ်ဆင်ထားပြီး အရင်ကထက်စာရင် အများကြီးနူးညံ့တဲ့ ပုံစံမျိုးရှိနေလေရဲ့။

ဒီပကတော့ လာနေကျဖောက်သည်တွေဆိုတာကြားတာနဲ့ တစ်ကိုယ်လုံးတုန်ယင်သွားပြီး ဆိုင်အပေါက်ဝကို ကြည့် လိုက်တယ်။ မက်ဒါနာလည်းလိုက်ကြည့်လိုက်တော့ ဆိုင်အဝင်ဝမှာ အသားညိုညိုနဲ့မိန်းကလေးသုံးယောက် ရှိနေပြီး ဂျပန်လူမျိုးတွေဖြစ်ကြပေမဲ့ တမင်သက်သက် အသားညိုအောင်လို့ နေလောင်ခံထားကြပုံပေါ်တယ်။ နောက်ပြီး ဆိုးထားတဲ့နှုတ်ခမ်းနီတွေက ခရမ်းရောင်တို့ မရမ်းရောင်တို့လို သာမန်လူတွေမဆိုးတဲ့ အရောင်မျိုး။ ပြီးတော့ ဆံပင်ဆိုလည်း ရွှေရောင်တောက်တောက်ကိုမှ အစိမ်းလိုင်းတို့ဘာတို့ဖောက်ထားတဲ့ အဆန်းကြီးတွေ ဆေးဆိုးထားသေးတာ။

“သေစမ်း... ဟို​​ဂေလ်ရုအုပ်စုပဲ။ သူတို့ငါ့ကိုမမြင်ခင် လစ်မှ။”

ဂေလ်ရုဆိုတာက ဂျပန်လို Galကို ရိုမာ့ဂျိစာလုံးနဲ့ခေါ်တာ။ တစ်နည်းအားဖြင့်တော့ အနောက်တိုင်းဖက်ရှင်တွေကို အလွန်အကျူးကြိုက်နှစ်သက်ပြီး မိတ်ကပ်တွေတအားပြင် ပါတီကြိုက်တဲ့မိန်းကလေးပုံစံ ပေါက်နေတဲ့ အမျိုးသမီး အမျိုးအစားမျိုးကိုခေါ်တာ။

ဒီပကတော့ အန္တရာယ်ကြီးတစ်ခုကို မြင်လိုက်ရတဲ့ပုံစံနဲ့ ဆိုင်နောက်ကိုဝင်ပြေးဖို့ကြိုးစားတယ်။ ဒါပေမဲ့ ဂဲလ်ရု သုံးယောက်က သူ့ကိုမြင်ပြီးသားဖြစ်နေပြီး အပြေးလေး ရောက်လာကြကာ ပခုံးကိုဖမ်းဆွဲထားလိုက်လေရဲ့။

“ ဟိတ်၊ အချောလေး။”

“ မမဆို့ဆီကနေ ထွက်ပြေးမလို့လား။”

“အလုပ်ချိန် ရေသာခိုနေတာ မကောင်းဘူးနော်။”

ကောင်မလေးသုံးယောက်က ဒီပကို ရာဇဝတ်သား တစ်ယောက်လိုမျိုးဖမ်းပြီး လွတ်နေတဲ့ စားပွဲဝိုင်းတစ်လုံးဆီ ခေါ်သွားကြတယ်။ နောက်တော့ ရှင်းပြစရာမလိုတဲ့ ဆိုင် မီနူးအရှည်ကြီးကို အလကားနေရင်း အသံထွက်ပြီး အသေးစိတ်ရှင်းပြခိုင်းတော့တာပဲ။

“အမယ်... ငါ့​မောင်လေး စန်းပွင့်နေတာပဲ။” မက်ဒါနာက ကောက်ချက်ချလိုက်ရင်း လက်ဖက်စားဇွန်းသေးသေးကို ကိုင်ပြီး ကိတ်မုန့်အပိုင်းသေးသေးလေးကိုဖဲ့ စစားတယ်။

“ဝါး... နူးညံ့ပြီး ရွရွလေးနဲ့စားလို့ကောင်းလိုက်တာ။”

ကာစတယ်လာကိတ်က ကြက်ဥကိတ်တစ်မျိုးဖြစ်ပြီးတော့ ကိတ်ပွအမျိုးအစားထဲမှာပါတယ်။ ခရင်မ်မပါတာမလို့ အချို မကဲသလို ကျန်းမာရေးနဲ့ညီညွတ်ပြီး စားလို့ကောင်းတယ်။

မက်ဒါနာက ကိတ်မုန့်ကို အရသာခံဖြည်းဖြည်းချင်း စားရင်းကနေ လက်ဖက်ရည်ကို တစ်ငုံစာ မော့ချတယ်။ “ဒီနေ့၊ ငါ့ကိုနှောင့်ယှက်မယ့်သူမရှိတာ စိတ်ချမ်းသာစရာပဲ။”

ဆုဗာနာနိုင်ငံရဲ့နယ်စားဖြစ်ပြီးကတည်းက မက်ဒါနာမှာ အားတဲ့ရက်ဆိုတာ အတော်လေးနည်းသွားတယ်။ တိုင်းရေး ပြည်ရာတွေကို ပါလီမန်ကပဲဆုံးဖြတ်နေတာဆိုပေမဲ့ အသစ် တက်လာတဲ့ဝန်ကြီးချုပ်က ထီးမွေနန်းရာကိုဆက်ခံမယ့် နောက်မျိုးဆက်မရှိမှာစိုးရိမ်နေတဲ့ ကွန်ဆာဗေးတစ်ပါတီက ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမျှော်လင့်မိမှာလဲ။

အဲဒီဝန်ကြီးချုပ်က ဝန်ကြီးချုပ်ဖြစ်လာချင်းချင်းပဲ “အရှင်မ ခင်ဗျား၊ တိုင်းပြည်အနာဂတ်အတွက် မင်းသား မင်းသမီးလေးတွေ ဖွားမြင်ပေးဖို့အတွက် အချိန်ကျလာပါပြီ။” ဆိုပြီးပြောတော့တာပဲ။

ပထမတော့ ဂရုမစိုက်ဘဲထားဖို့စဥ်းစားပေမဲ့ ဖရာလီတာက အဲဒီအကြောင်းသိသွားပြီး တစ်နေ့ကျတော့ သူ့အိပ်ရာပေါ် ခုန်တက်လာရော။ မက်ဒါနာလည်း ကြောက်ကြောက်နဲ့ စောင်ကိုဆွဲခြုံပြီး အသေးမလေးကို ကြည့်နေခဲ့မိတာပေါ့။

“ဟေး၊ မက်ဒါနာ။ ငါလေ၊ ဒီနေ့ သုတေသနတစ်ခုလုပ်ဖို့ အကြံရလာတယ်။ မိန်းကလေးချင်း သဘာဝအတိုင်း သားသမီးရအောင်လုပ်နိုင်တဲ့ ဇီဝစက်ပစ္စည်းတစ်ခု ထွင်ကြမလား။”

“.....”

အဲဒီနေ့ကနေစပြီးတော့ မက်ဒါနာက ဆုဗာနာက နန်းတော်မှာ မနေရဲတော့ဘဲ ဂျပန်ကိုထွက်ပြေးလာတာ။ ဥစာကီကလည်း မက်ဒါနာလာလည်တယ်ဆိုတာကြားတာနဲ့ Princess’s Bakeryမှာ တစ်သက်တာအခမဲ့သုံးဆောင်ခွင့်ကတ်ကို လက်ဆောင်အဖြစ်ပေးလိုက်တယ်။ အဲဒီနေ့ကနေစပြီး ဆိုင်မှာ နေ့တိုင်းလိုလို လာထိုင်ဖြစ်သွားတာ။

“အလုပ်တွေပြီးသွားပြီလား။” ဒရုန်းဇုန်က ဆိုင်နောက်က မီးဖိုချောင်ကနေထွက်လာတဲ့ ဥစာကီကို မေးလိုက်တယ်။ မက်ဒါနာလည်း အသံကြားလို့ မော့ကြည့်လိုက်တာပေါ့။ ဥစာကီက စားဖိုမှူးဝတ်စုံဝတ်ထားပြီး ဆံပင်ကိုနောက်မှာ ဆံထိုးနဲ့စုစည်းထားတယ်။ အပြင်ကိုရောက်တောနဲ့ ဒရုန်းဇုန်ကို အကြင်နာပေးလိုက်တယ်။ မက်ဒါနာလည်း အဲဒီမြင်ကွင်းကိုမြင်တော့ မနေနိုင်ဘဲ နားရွက်တပ်ချိတ် လုနီးပါး ပြုံးလိုက်ပါလေရော။

“အာလေလေ၊ ဥစာကီက အိမ်ထောင်ရှင်မဖြစ်လာပြီးမှ ရှယ်တွေနူးညံ့ပြနေပါလား။”

ဟုတ်တယ်၊ မက်ဒါနာတို့လက်ထပ်ပြီးမကြာခင်မှာပဲ ဥစာကီနဲ့ ဒရုန်းဇုန်တို့လည်းလက်ထပ်သွားတယ်။ အသိသက်သေတွေ အဖြစ်နဲ့ ငြိမ်းချမ်းရေးယူထားပြီးပြီဖြစ်တဲ့ ဖက်ဒရေးရှင်းက ဆိုဖီယာ့အဖေဦးလေးကြီး အိုဂါနီနဲ့ ခြင်မျိုးနွယ်ဗိုလ်ချုပ်တို့ တက်ရောက်ကြတယ်။

ကျွီ...

နောက်တစ်ခါ ဆိုင်တံခါးဖွင့်သံကြားလိုက်ပြီးတော့ စည်းချက်ညီညာတဲ့ ဒေါက်ဖိနပ်သံကို မက်ဒါနာ ကြားလိုက်ရတယ်။ မူလအစကတော့ သာမန်ဝယ်သူပဲလို့ ထင်ထားခဲ့ပေမဲ့ ခြေသံက သူနဲ့တဖြည်းဖြည်းနီးလာပြီး ဝင်လာတဲ့သူက သူ့စားပွဲရှေ့မှာ ရပ်လိုက်တာ သတိပြုမိချိန်မှာတော့ ခေါင်းမော့ကြည့်မိတယ်။

သူမြင်လိုက်ရတာကတော့ အနက်ရောင်အရာရှိဝတ်စုံကို ဝတ်ထားပြီး အညိုရောင်ဆံပင်တွေကို မြင်းမြီးလိုမျိုး နောက်မှာ စုစည်းထားတဲ့ မိန်းကလေးတစ်ယောက်ကိုပါ။

“နယ်စားသခင်မကြီး၊ တိုင်းရေးပြည်ရာတွေကို ပစ်ထားပြီး နိပွန်နိုင်ငံမှာ အေးအေးလူလူ ကိတ်မုန့် စားနေတယ်ပေါ့။ တော်တော် ရိုက်သတ်ချင်စရာ ကောင်းတာပဲ။”

အဲဒီမိန်းကလေးက မက်ဒါနာကို ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်ရင်းကနေ မက်ဒါနာနဲ့မျက်နှာချင်းဆိုင်က ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။ မက်ဒါနာကတော့ ငိုချင်စိတ်အပြည့်နဲ့ မဲ့လိုက်လေရဲ့။

“လင်ဒါ... နင်ဘယ်လိုလုပ်ပြီး ငါ့ကိုရှာတွေ့သွားတာလဲ။”

မက်ဒါနာက သူဂျပန်သွားမယ့်အကြောင်းကို ဘယ်သူ့ကိုမှ အသိမပေးခဲ့ဘူး။ ပုန်းနေတာမျိုးမဟုတ်ပေမဲ့ သူ့ကိုလိုက်ပြီး ခြေရာခံလို့မရအောင် ဂိုင်ယာမှာ တားမြစ်ချက်တွေ ထည့်ခဲ့သေးတယ်။ ဥစာကီကလည်း သူမသိစေချင်ရင် ပြောမှာမဟုတ်ဘူးလေ။

“နင်က ငါဘာအလုပ်လုပ်နေတာလဲ မေ့နေပြန်ပြီလား။ တိုင်းပြည်ရဲ့ဦးလျှောင်တစ်ယောက်အနေနဲ့ ကောင်းတဲ့ ကိစ္စတော့မဟုတ်ဘူးနော်။”

လင်ဒါက အခုလိုပြောလိုက်တဲ့အတွက် မက်ဒါနာက သက်ပြင်းအကြီးကြီးချလိုက်မိတယ်။ ခုမှ သတိရတယ်။ သူတို့လက်ထပ်ပြီးတဲ့နောက် မကြာခင်မှာပဲ လင်ဒါက ဒီအတိုင်း အလုပ်မလုပ်ဘဲမနေချင်တဲ့အတွက်ကြောင့် ဆုဗာနာနိုင်ငံရဲ့ပြည်ထဲရေးဝန်ကြီးဌာနမှာ ဝင်ပြီးတော့ အလုပ်လုပ်ခဲ့ပါတယ်။ နဂိုကတည်းက မဟာမိတ်ရဲ့တပ်မှူး ဖြစ်ခဲ့ဖူးသလို ရဲအရာရှိတစ်ယောက်အနေနဲ့လည်း အတွေ့အကြုံအများကြီးရှိတဲ့အတွက် ဆုဗာနာနိုင်ငံရဲ့ပြည်ပ ထောက်လှမ်းရေးအေဂျင်စီ၊ ပြည်တွင်းထောက်လှမ်းရေး အေဂျင်စီ၊ ရဲတပ်ဖွဲ့ စတဲ့ လုံခြုံရေးအေဂျင်စီပေါင်းစုံကို ကြီးကြပ်ကွပ်ကဲရတဲ့ ညွန်ကြားရေးမှူးချုပ်ဖြစ်လာတယ်။ ဒါကြောင့် မက်ဒါနာက ဂိုင်ယာဂြိုဟ်တုကိုတားထားရင် တောင်မှ လင်ဒါက သူ့ကိုရှာချင်ရင် ရှာလို့ရနေဆဲပဲ။

“ကြက်ဥပူတင်းနဲ့ မလိုင်ပြည့်နို့တစ်ခွက်ချပေးပါ။”

လင်ဒါက သူကိုယ်တိုင်စားဖို့အတွက် မီနူးက စားစရာ တချို့ကို မှာလိုက်ပြီးတဲ့နောက် မက်ဒါနာကိုပဲ တစိမ့်စိမ့် ကြည့်နေတော့တယ်။ မက်ဒါနာလည်းရှက်လာပြီး အကြည့်ကိုလွှဲလိုက်လေရဲ့။

“ဒါနဲ့... နင်ဒီကို ဘာလာလုပ်ပြန်တာလဲ။ ကိစ္စမရှိဘဲနဲ့တော့ လာတာမဟုတ်ဘူးမဟုတ်လား။”

လင်ဒါကတော့ ပြုံးလိုက်ပြီး မက်ဒါနာဆီကို တိုးလာတယ်။ “အို၊ ကိုယ့်ချစ်ဇနီးလေးကိုယ် လာကြည့်တာ ဘာဖြစ်လဲ။ အကြောင်းအရင်းရှိမှလာရမယ့်ကိစ္စလား။”

“....” မက်ဒါနာ ပြောစရာစကားမဲ့သွားတယ်။ အစကတော့ မိန်းကလေးတွေအများကြီးကို တစ်ပြိုင်တည်း လက်ထပ် ယူနိုင်ခဲ့လို့ အာဂမိန်းမသားဖြစ်ပြီလို့ သူ့ကိုယ်သူထင်ခဲ့ပေမဲ့ အခုအားလုံးလိုလိုက တာ့ချီတွေလိုပြုမူနေပြီး သူက ကြောင်မလေးလိုဖြစ်နေတဲ့အတွက် စိတ်ဓာတ်ကျမိပြန်တယ်။

“ဒါပေမဲ့ ဝန်ကြီးချုပ်ပြောတာ မှန်တယ်လို့တော့ ငါလည်း တွေးမိသား။ အတူရှိနေတုန်းလေး နောက်မျိုးဆက်တွေ ချန်ထားခဲ့လို့ရတာပေါ့။”

လင်ဒါက စကားလမ်းကြောင်း ပြောင်းလိုက်ပြီးတော့ လူတစ်ရပ်စာ ထွင်းဖောက်မြင်နိုင်တဲ့မှန်နံရံကြီးကနေ တစ်ဆင့် ဆိုင်ရဲ့အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။ မက်ဒါနာလည်း ရင်မောလာတယ်။

“ငါက နတ်ဘုရားတစ်ပါးဖြစ်နေလို့ ငါ့အတွက်နင်တို့ စိတ်ပူပေးနေကြတာလား။”

မက်ဒါနာက ပြီးခဲ့ပြီဖြစ်တဲ့ ကိစ္စတွေကို ပြန်တွေးရင်းနဲ့ ပြောလိုက်ပါတယ်။ ဖန်ဆင်းရှင်ထားခဲ့တဲ့ ပိုးကောင်တွေရဲ့ ဗီဇဒီအမ်အေကို ပြန်ပြောင်းရေးဖို့အတွက် မက်ဒါနာက နည်းပညာနတ်ဘုရားတစ်ပါးအဖြစ် သူ့ကိုယ်သူပြောင်းလဲ ခဲ့ရပါတယ်။ လောကသုံးပါးစာလိပ်ပေါ်မှာ သူ့နာမည်ရှိနေပြီး သူ့မှာသေမျိုးတွေလို သက်တမ်းကန့်သတ်ချက် ရှိမနေတော့ ပါဘူး။ တစ်နည်းအားဖြင့် အာကိုင်းဂါမီကိုင်းတိုလိုပဲ သူ့ကို ချစ်တဲ့သူတွေ အသက်ကြီးပြီးပျောက်ကွယ်သွားတာကို ကြုံရတော့မှာ။

“အဲဒီအတွက်တော့ မပူပါနဲ့၊ ငါလည်း သုတေသနတွေ လုပ်နေပါတယ်ဟ။ နင်တို့တွေအတွက်လေ...”

မက်ဒါနာက အမှန်အတိုင်းပြောလိုက်တယ်။ သူ့အနေနဲ့ ထာဝရအသက်ရဲ့အဖြေကိုရှာတွေ့မလား မပြောနိုင်ပေမဲ့ အနည်းဆုံးတော့ ဒီအတိုင်းထိုင်နေမယ့်သူမျိုး မဟုတ်ဘူး။ ဒါပေမဲ့ သူစကားမဆုံးခင်မှာပဲ လင်ဒါက သူ့ပါးပြင်လေးကို လက်ဖဝါးနဲ့ထိလိုက်ပြီး နှုတ်ခမ်းချင်းထိကာ အကြင်နာ ပေးလိုက်ပါတယ်။

“အဲဲဒီလိုဆိုရင်တောင်မှ ကလေးတွေရှိနေတော့ ပိုမကောင်းဘူးလား။ ငါဒီနေ့ ဖရာလီတာဆီကနေ ဇီဝမျိုးပွားပစ္စည်းနမူနာတစ်ခုယူလာတယ်။ ဒီညစမ်းကြည့်ကြမလား....”

ရုတ်တရက်ကြီး လင်ဒါက သူယူလာတဲ့အိတ်လေးထဲက​ ဘူးအနက်ရှည်ရှည်လေးတစ်ဘူးကို ထုတ်ပြတော့ မက်ဒါနာ မျက်နှာက နီရဲသွားတယ်။ ကြည့်ရတာ ဟိုဟာမလေးက စကားအဖြစ်​​ပြောနေတာမျိုးမဟုတ်ဘဲ တကယ်ထွင်လိုက်တဲ့ ပုံပဲ။ ပြီးတော့အခု သူ့ကောင်မလေးတွေအားလုံးက အဲဒီ လက်နက်ကြီးကိုစမ်းသပ်အသုံးပြုဖို့အတွက် သူ့ကိုလိုက်ရှာ နေကြပြီ။

ကြောက်လွန်းလို့ ဆိုင်မှာထိုင်နေရင်းကနေ ထပြေးဖို့ကြံပြီး ခုံကနေထလိုက်ပေမဲ့ ရုတ်တရက် ဆိုင်ခန်းမှန်တွေ အက်သွား တာ သူသတိထားမိလိုက်တယ်။

‘ဘာဖြစ်တာလဲ' သူ့စိတ်ထဲမှာ အတွေးတစ်စပေါ်လာတယ်။ အသံထက်မြန်တဲ့ သက်ရောက်မှုတစ်ခုကြောင့် မှန်တွေအက် သွားတာ။ မကြာခင်မှာပဲ အသံကျယ်ကြီးတစ်ခုကို သူတို့ ကြားလိုက်ရတယ်။

ဘုန်း....

နှစ်ယောက်လုံးအပြင်ကိုကြည့်လိုက်တော့ သူတို့တွေနဲ့ သိပ်မဝေးတဲ့နေရာတစ်ခုကနေ မီးခိုးတွေအူထွက်နေပြီး မကောင်းတာ တစ်ခုခုဖြစ်နေတဲ့ပုံပါပဲ။

“​ငုပ်လျှိုးနေတဲ့ ဗီလိန်အဖွဲ့အစည်းတွေ လှုပ်ရှားနေတာ များလား။” မက်ဒါနာက ပြောလိုက်တယ်။ ကောင်တာမှာ အတူရှိနေတဲ့ ဥစာကီက ဆိုင်နံရံမှာချိတ်ထားတဲ့ မိစ္ဆာသတ် ဓားကိုဆွဲဖြုတ်ဖို့လုပ်ပေမဲ့ မက်ဒါနာက ခေါင်းခါပြလိုက်ပြီး သူ့လက်က ငွေရောင်သေတ္တာဆီရောက်သွားတယ်။

“ငါတို့သွားစစ်ကြည့်လိုက်မယ်။”

အဲဒီနောက်တော့ မက်ဒါနာနဲ့လင်ဒါတို့နှစ်ယောက်က ဆိုင်ထဲက ပြေးထွက်လာပြီး မီးခိုးတွေအူထွက်နေတဲ့ လမ်းဘက်ကို ပြေးသွားလိုက်တယ်။ သူတို့အဲဒီနေရာကို ရောက်တဲ့အချိန်မှာတော့ ကားတစ်စီးမီးလောင်နေတာ တွေ့လိုက်ရပြီး ဓားနဲ့အမျိုးသမီးတစ်ယောက်က မြေပြင်ပေါ် လဲကျနေတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးက မကြာခင်မှာပဲ သူ့လက်ထဲကဓားကိုအားပြုပြီး ထလာတယ်။

အညိုရောင်ဆံပင်တွေက ကပိုကရိုပုံစံနဲ့ သူ့မျက်နှာပေါ် ဖုံးလွှမ်းနေတာကြောင့် မျက်နှာကိုသေချာမမြင်ရဘူး။ ဒါပေမဲ့ အရာရှိဝတ်စုံတစ်မျိုးကိုဝတ်ထားပုံရပြီး မက်ဒါနာ မြင်ဖူးတဲ့နိုင်ငံတွေက အရာရှိဝတ်စုံမျိုးဟုတ်မနေပါဘူး။

“အဆင်ပြေရဲ့လား... တစ်နေရာရာထိခိုက်သွားသေးလား။”

မက်ဒါနာက မေးလိုက်တော့ အဲဒီအမျိုးသမီးက မျက်နှာမှာ ဖုံးနေတဲ့ ဆံပင်ဖယ်ရှားလိုက်ရင်း သူ့ကိုကြည့်တယ်။ အဲဒီ နောက်မှာတော့ သူ့မျက်လုံးသူငယ်အိမ်တွေက ကျဥ်းမြောင်း သွားတယ်။ မက်ဒါနာကိုယ်တိုင်လည်း နားမလည်နိုင် ဖြစ်သွားတာပေါ့။

“လင်ဒါလား....” နောက်တော့ မက်ဒါနာက သူ့ဘေးမှာရှိနေတဲ့ လင်ဒါကိုကြည့်လိုက်ပြီး

“ဘယ်လိုလုပ်ပြီး လင်ဒါက နှစ်ယောက်ဖြစ်နေတာလဲ။”

“မကောင်းတဲ့ကောင်မ၊ နင်ငါ့ဆီကနေ လုယူသွားတာကို ပြန်ပေးစမ်း။” ဓားကိုင်ထားတဲ့ လင်ဒါကတော့ မက်ဒါနာကို မြင်တာနဲ့ ဒေါသတကြီးအော်ဟစ်လိုက်တယ်။

သူ ဓားကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်ပြီး ဓားပေါ်က ခလုတ်တစ်ခုကိုနှိပ်လိုက်တယ်။ ဓားလက်ကိုင်ကနေ အလင်းဒြပ်မှုန်တွေထွက်ပေါ်လာကာ သူ့တစ်ကိုယ်လုံးကို အပြာနဲ့အဖြူရောစပ်ထားတဲ့ ထူးခြားတဲ့နည်းပညာချပ်ဝတ် တစ်မျိုးက ဖုံးအုပ်သွားတယ်။ နောက်တော့ မက်ဒါနာဆီကို တစ်ဟုန်ထိုးပြေးတက်လာတယ်။

“ဂရုစိုက်....” မက်ဒါနာဘေးမှာရှိနေတဲ့ လင်ဒါက အံ့အား သင့်နေတဲ့မက်ဒါနာကို တွန်းဖယ်လိုက်ပြီး သူ့ရဲ့ကိုယ်ပိုင် နည်းပညာဝတ်စုံသေတ္တာနဲ့ ဓားချက်ကိုခုခံလိုက်တယ်။

ထန်း...

ဓားက ဇက်သတ္တုသေတ္တာနဲ့တိုက်မိကာ မီးပွားတွေ ဖြာထွက်လာပြီး ချော်ထွက်သွားတယ်။ နောက်တော့ လင်ဒါက သေတ္တာကိုဆွဲဖွင့်လိုက်တယ်။ အနီနဲ့အပြာ ရောစပ်နေတဲ့ Sheriff နည်းပညာဝတ်စုံကို လင်ဒါက စက္ကန့်ပိုင်းအတွင်းမှာတင် ဝတ်ဆင်လိုက်ပြီး ဓားကိုင်ထားတဲ့ နောက်ထပ်လင်ဒါကို သေနတ်နဲ့ချိန်လိုက်ပါပြီ။

“နင်ဘယ်သူလဲ ငါမသိပေမဲ့။ မက်ဒါနာကို ထိခိုက်အောင် လုပ်ဖို့ကြိုးစားချင်ရင် ငါ့သေနတ်ကျည်ကို အရင် မြည်းကြည့်လိုက်”

All Chapters