တရားမျှတမှု မရှိ။
Vol. 7 Ch. 73
ယွမ်လောရှီနှင့် ဦးလေးဟောင်မှာ ကျန်းယွင်ရှင်း လေသံကြောင့် မကျေမနပ် ဖြစ်ကုန်ကြသည်။
အထူးသဖြင့် ယွမ်လောရှီဖြစ်၏။ ကျန်းယွင်ရှင်းသည် စုရီကို သူမ တွေ့စဉ်ကဲ့သို့ ဆက်ဆံပုံမျိုး ကျန်းယွင်ရှင်းမှ ပြုမူနေသည်။
“ အဟမ်း ... သခင်လေးကျန်း မင်း နားလည်မှုလွဲသွားပြီ ... ငါတို့ကို တာအိုသခင်က ... အဟမ်း ... သခင်လေးစုနဲ့ ငါတို့ခရီးအတူတူ သွားနေကြတာပါ။ ”
စုရီ၏ သတိပေးစကားကို ပြန်သတိရ ပြီးနောက် ချက်ချင်း စကားပြင်ဆင်လိုက်သည်။ သို့သော် ကျန်းယွင်ရှင်းက ယုံကြည်ပုံမပြချေ။
“ ကျန်းယွင်ရှင်း ... သခင်လေးစုနဲ့ ... ငါတို့အတူရှိနေတာ နင်နဲ့ဘာဆိုင်လဲ ... ဒါနဲ့ မေးပါရစေဦး နင်က ဘာကိစ္စ ငါတို့လမ်းမှာ ရှိနေရတာလဲ။ ”
ယွမ်လောရှီက အေးစက်စွာ ပြန်မေးလိုက်လေသည်။ ကျန်းယွင်ရှင်းခမျာ ချက်ချင်းတုန်ယင်သွားပြီး၊
“ မင်းကွမ်လင်မှာ ရောက်နေမှန်း ... ငါကြားလို့ စောင့်နေတာပါ။ ”
-ဟု ပြန်လည်ဖြေကြားလိုက်၏။
“ ဟမ့် ... နင်နဲ့ဘာကိစ္စမှ မရှိဘူး၊ ငါ့လမ်းကဖယ် ... ။ ”
တိမ်မြစ် စီရင်စုမြို့တော်တွင် ယွမ်နှင့် ကျန်းမိသားစု နှစ်ခုစလုံးသည် ပထမတန်းစား မိသားစု ဖြစ်သည်။
အဆင့်အတန်းနှင့် ကျင့်ကြံမှုအရ ယွမ်လောရှီသည် ကျန်းယွင်ရှင်းထက် လုံးဝ မနိမ့်ကျချေ။
အချစ်ဆုံးသမီးဟူသော ဘွဲ့သည်ပင်ပို၍ အလေးသာသည်။ ထို့ကြောင့် သဘာဝအတိုင်း ယဉ်ကျေးနေရန် မလိုအပ်ချေ။
“ သခင်လေးစု ငါတို့ တစ်ခုခု စားကြမလား။ ”
ကျန်းယွင်ရှင်းက တစ်ခုခုပြောတော့မည့် အချိန်တွင် ယွမ်လောရှီမှ သူ့ကိုလျစ်လျူရှုလျက် စုရီထံ စိုးရိမ်တကြီး လှည့်မေးသည်။
လျစ်လျူရှုခြင်းသည် ပြသနာ မဟုတ်သော်လည်း သူမ၏ ပြောင်းလဲနေသော အမူအရာက ကျန်းယွင်ရှင်းကို မျက်ခုံးပင့် မိစေ၏။
ဤမိန်းကလေးသည် တစ်စုံတစ်ယောက် စိတ်ဆိုးသွားမည်ကို မည်သည့် အချိန်မှစကာ တွေးပူသွားခဲ့သနည်း။
“ မှန်တယ် ... သခင်လေးစု ငါတို့ကို မင်းကူညီခဲ့တာတွေအတွက် ပွဲလုပ်ပေးပါရစေ။ ”
“ ကောင်းပြီ ... ။ ”
စုရီက ခေါင်းညိတ်လိုက်သည်။ မိန်းကလေးယွမ်မှ ဝမ်းသာသွားတော့၏။
“ ဒါဆို အခုပဲ သွားရအောင် အင်မော်တယ်စံအိမ်က ကွမ်လင်မြို့မှာ အကောင်းဆုံးဆိုတာ ငါကြားတယ်။ ”
“ ဆရာကူ မင်းလည်းလိုက်သင့်တယ်။ ”
ဦးလေးဟောင်က ပြုံးကာ ဖိတ်ခေါ်လိုက်တော့၏။ ထို့နောက် ပြုံးရွှင်စွာ လူတိုင်း ထွက်ခွာလာခဲ့သည်။ မည်သူမျှ ကျန်းယွင်ရှင်းကို နှုတ်မဆက်ချေ။
“ ဦးလေးရှောင် ... ဒီမှာ ဘာတွေ ဖြစ်နေတာလဲ ပြောပြပေးနိုင်မလား ... ။ ”
ကျန်းယွင်ရှင်းက စိတ်မသက်မသာဖြင့် ယွမ်လောရှီထံ မျှော်ကြည့်နေမိသည်။ သူသည် ကျန်းမိသားစု၏ သခင်ငယ် ဖြစ်၏။
သို့သော် ယနေ့တွင် ဤစုရီမျှပင် အရည်အချင်းနှင့် အဆင့်အတန်း မရှိသကဲ့သို့ ခံစားလာရသည်။
“ ယွမ်လောရှီက သူ့အဖေအတွက် ဆေးဝါးတစ်မျိုးလာရှာတယ်လို့ ကြားမိပါတယ်၊ ကြည့်ရတာ စုရီက သူတို့ကို ကူရှာပေး လိုက်တယ် ထင်တယ်။ ”
ဦးလေးရှောင်က မှတ်ချက်ပေး၏။
“ ဒါဆို ငါအတွေးလွန် နေတာပဲ။ ”
“ မှန်တယ် ... သခင်လေးက အများကြီးတွေးနေတာ ... တကယ်တော့ ဒီကျေးဇူးအတွက် မိန်းကလေးလောရှီက သူ့ကိုမျက်နှာသာ ပေးနေတာပါ။ ”
“ ဦးလေးရှောင် သွားရအောင် ... ငါလည်းစားချင်စိတ် ပေါ်လာပြီ။ ”
ကျန်းယွင်ရှင်းထံမှ ပုံမှန် စိတ်အား ထက်သန်မှုမျိုး ပြန်လည်ရရှိလာသည်ကို မြင်သောအခါ ဦးလေးရှောင်က သက်ပြင်းချလိုက်သည်။
“ သခင်လေး ... လောရှီက ခေါင်းဆောင်ယွမ်ရဲ့ အငယ်ဆုံးသမီးပါ ... မြို့မှာ အပျက်အစီးနေတဲ့ မီးပွားအဖြစ် လူသိများတယ် သူမအမေရဲ့ အဖေဒေါသက ... တိမ်မြစ်စီရင်စု မြို့တော်ထက် ကြီးတယ်၊ ...
... အသက် ဆယ့်ရှစ်နှစ်မပြည့်ခင် သူ့မြေးမအနားမှာ တစ်စုံတစ်ယောက် မြင်မိရင် တတိယခြေထောက်ကို ဖြတ်ပစ်မယ်လို့ ကြေငြာထားတယ်။ ”
“ ဟမ့် ... ။ ”
ကျန်းယွင်ရှင်းက ထိတ်လန့်တကြား တတိယခြေထောက်ကို အုပ်ထားလိုက်မိသည်။
“ ဦးလေးရှောင် ... ငါ့ကို ဖြတ်လို့မရဘူး ငါကလောလောဆယ် သူငယ်ချင်း ဖြစ်ချင်ရုံပါ လောရှီလက်ခံရင်တောင် ဆယ့်ရှစ်နှစ်ပြည့်တဲ့ အထိ စောင့်နိုင်ပါတယ်။ ”
“ ဒါပေမယ့် ... ငယ်ငယ်တည်းက အကျင့်စာရိတ္တပျက်စီးပြီး အထိန်းအကွပ်မရှိတဲ့ ကောင်းမလေးစာရင်းမှာ ...
... လောရှီက ထိပ်ဆုံးနေရာ ... ရရှိထားပါတယ် လိုက်သွားမယ်ဆိုရင် စိတ်ကို အရင် ပြင်ဆင်ထားပါ။ ”
“ ဒီလိုအရိုင်းပန်းလေး အပြုအမူက ... ငါ့ရင်ကိုထိစေတာ ဦးလေးရှောင် သိသင့်တယ် မြင်းရိုင်းတစ်ကောင်ကို ထိန်းကြောင်းရတာ ငါကြိုက်တယ်။ ”
ကျန်းယွင်ရှင်းက စိတ်လှုပ်ရှားစွာ ပြောကြားလိုက်၏။ ဦးလေးရှောင်မှ ခေါင်းငုံ့ပြီး ဆက်မပြောတော့ချေ။
ထိုအချိန်တွင် အင်မော်တယ် စံအိမ်သခင်သည် ယွမ်မိန်းကလေး ရောက်ရှိ လာသည်ကို ကြားသိပြီး အိပ်ယာပေါ်မှ ဝရုန်းသုန်းကား ထပြေးလာ၏။
တစ်ဖက်တွင် သူ့ကိုယ်လုပ်တော်သည် အိပ်မောကျ ကျန်ရစ်ခဲ့သည်။ နှစ်ပေါင်းများစွာ သိမ်းဆည်းထားသော ဝိုင်အိုကြီးတစ်အိုးကို အစေခံတစ်ဦးဖြင့် ယူဆောင်လာစေ၏။
ထို့နောက် ဒုတိယထပ်ရှိ ပထဆုံး သီးသန့်ခန်းတံခါးတွန်းဖွင့်ကာ နှုတ်ဆက်ဟန် ပြင်လိုက်တော့သည်။
သို့သော် အထူးဧည့်သည် ထိုင်ခုံတွင် အခန့်သားထိုင်နေသော စုရီကို မြင်ပြီးနောက် စကားလုံးများ ပျောက်ဆုံးသွား၏။
ရုတ်တရက် လူတစ်ယောက်ဝင်လာပြီး အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့ သောကြောင့် ယွမ်လောရှီက မျက်မှောင်ကြုတ် သွားသည်။
“ မင်းက ဘယ်သူလဲ။ ”
ထိုမေးခွန်းကြောင့် ယွီတျန်ဟဲက ကမန်းကတန်း ဦးညွှတ်လိုက်ကာ၊
“ မိန်းကလေးယွမ် ငါက အင်မော်တယ် စံအိမ်သခင်ပါ အရည်အသွေးကောင်းတဲ့ ဝိုင်နဲ့ မိန်းကလေးယွမ်ကို ဂုဏ်ပြုဖို့လာတာပါ။ ”
-ဟု ပြောပြီး အစေခံကို ဝိုင်အိုး ပြင်ဆင်ပေးစေ၏။
“ ဒါနဲ့ ... မင်းက သခင်လေးစုကို သိနေတာလား။ ”
“ သခင်လေးစုလို ... ကွမ်လင်ရဲ့ သူရဲကောင်းလေးကို ဘယ်သူက မသိဘဲ နေမလဲ ငါက သခင်လေးစုကို အရမ်းလေးစားတဲ့လူပါ။ ”
ယွီတျန်ဟဲက ပြုံးရွှင်စွာ ပြန်ဖြေ၏။ သူနှင့် စုရီတွင် ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း သိစေလိုသည်။ ဤနည်းဖြင့် အင်မော်တယ် စံအိမ်၏ ဂုဏ်သတင်း ကြီးပွားလာနိုင်၏။
သို့သော် စုရီ၏ ခပ်ခွာခွာအမူအရာကို မြင်သောအခါ ချောင်ဝူဟောင်က နားလည် လိုက်သည်။
“ အဟမ်း ... စံအိမ်သခင် မင်းရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်တယ် ... မင်း အခုပြန်သွားလို့ရပြီ။ ”
ယွဲတျန်ဟဲမှ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြကာ စုရီကို နှုတ်ဆက်ရန် မမေ့ခဲ့ချေ။
“ သခင်လေးစု မင်းတစ်ခုခုလိုရင် ဘာမဆိုပြောနိုင်ပါတယ် ... ငါ အောက်ထပ်မှာ စောင့်နေမှာပါ။ ”
ထို့နောက်တွင် ဧည့်ကြိုစားပွဲသို့ ပြန်ရောက်လာပြီး စုရီနှင့် ယွမ်မိသားစုသည် မည်သို့ပတ်သတ်နေသည်ကို တွေးတောနေမိ၏။
“ စံအိမ်ပိုင်ရှင် ယွမ်သခင်မလေး ဘယ်အခန်းမှာရှိလဲ။ ”
ရုတ်တရက် အသံကြောင့် အတွေးထဲ နစ်မျောနေရာမှ နိုးထလာပြီး မော့ကြည့်လိုက် မိလေသည်။
ကျောက်စိမ်းရောင်ဝတ်စုံနှင့် ကျောက်စိမ်းခါးပတ် ဝတ်ဆင်ထားသော လူငယ် တစ်ယောက်ဖြစ်၏။ ၎င်းကို မြင်သည်နှင့် ထိုင်းမှိုင်းနေသော ယွီတျန်ဟဲခမျာ ချက်ချင်း တက်ကြွလာတော့သည်။
“ အိုက်ရား ... ကျန်းသခင်လေး။ ”
“ မင်းငါ့ကို သိလို့လား။ ”
“ ဒီအဖိုးကြီး ... မနေ့ညက မြို့တော်သခင်စံအိမ်ကို ဝိုင်တွေလာပို့တော့ သခင်လေးကို အဝေးကနေ မြင်ခဲ့ဖူးပါတယ် ... အခွင့်မသာလို အစေခံခွင့်မရလိုက်တာ စိတ်မကောင်း ဖြစ်နေမိတုန်းပါ။ ”
ထိုအဖြေကြောင့် ကျန်းယွင်ရှင်းက စိတ်လှုပ်ရှားခြင်း မရှိချေ။ သူ့အတွက် သာမန် ပေပင်။
“ ဒါဆို ... မြန်မြန် ... မိန်းကလေးလောရှီနဲ့ တွေ့ဖို့ ခေါ်သွားပေးပါ။ ”
“ ဒီလမ်းပါ ... ဒီလမ်းပါ ... ။ ”
ယွီတျန်ဟဲက အလျင်အမြန် ဦးဆောင်၏။ ကျန်းယွင်ရှင်းနှင့် ဦးလေးရှောင်က သူ့နောက်မှ လိုက်ပါလာသည်။
သီးသန့်ခန်းတံခါးဝ ရောက်သောအခါ ကျန်းယွင်ရှင်းက အဝတ်အစားများ ပြန်လည် ပြုပြင်ပြီး ခေါင်းညိတ်လိုက်၏။
“ ကျွီ ... ။ ”
ထို့နောက်တံခါးကို တွန်းဖွင့်ကာ လက်သီးဆုပ်လျက် လက်ဖဝါးဖြင့် ထိကပ်ပြီး တောင်းပန်စကား ဆိုလိုက်တော့သည်။
“ လောရှီ ... စောစောက သခင်လေးစုကို ငါနားလည်မှုလွဲခဲ့ပါတယ် ဒါကြောင့် တောင်းပန် ရအောင် လာခဲ့တာပါ ... ကျေးဇူးပြုပြီး ငါ့ကို နှင်မထုတ်ပါနဲ့။ ”
စုရီကို အသုံးချပြီး ထိုင်ခွင့်ရရန် ပြင်ဆင်လာခြင်း ဖြစ်သည်။ မျှော်လင့်ထားသည့် အတိုင်း ယွမ်လောရှီမှ စကားမဆိုချေ။
“ မင်းငါ့ကို တောင်းပန်ဖို့ လာတာလား။ ”
စုရီက မော့ကြည့်ကာ မေးသည်။ ကျန်းယွင်ရှင်းမှ သူ့မေးခွန်းကို ဂရုမစိုက်ဘဲ အနားသို့ လျှောက်လှမ်းသွားပြီး ထိုင်ခုံ တစ်လုံးတွင် ဝင်ထိုင်လိုက်၏။
“ ဟုတ်တယ် ... ငါမင်းကို စောစောက အထင်လွဲခဲ့မိတယ် မင်းက ယွမ်မိသားစုအတွက် အစေခံချင်နေတာလို့ ထင်နေမိတာ ...
... တကယ်တော့ လောရှီက မင်းရဲ့ ကျေးဇူးအတွက် မျက်နှာသာ ပေးနေတာကိုး ... ဒီအတွက် ငါ့ကိုယ်ငါ သုံးခွက်သောက်ပြီး အပြစ်ပေးမယ်။ ”
ဝိုင်သုံးခွက် ဆင့်သောက်လိုက်ပြီး အကြည့်များက အခန်းတံခါးဝထံ ရောက်ရှိ သွားလေသည်။ ယွီတျန်ဟဲသည် အခန်းဝတွင် ရပ်နေသေးသဖြင့် မျက်မှောင်ကြုတ်ကာ၊
“ မင်း ... အရိပ်သုံးပါး နားမလည်ဘူးလား မြန်မြန်တံခါးပိတ်ပြီး ထွက်သွား။ ”
“ ဟုတ် ... ဟုတ်ကဲ့ ... ။ ”
ယွီတျန်းဟဲခမျာ တုန်လှုပ်သွားပြီး ကမန်းကတန်း ပြုံးပြလျက် တံခါးကိုပိတ်ကာ ထွက်ခွာသွားမိလေသည်။
တုန်လှုပ် ချောက်ချားဖွယ်ရာလှိုင်းများ နှလုံးသားအနှံ့ ပြန့်ကားလာ၏။ ဧည့်ကြိုစားပွဲ ပြန်ရောက်ချိန်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့သည်။
စုရီသည် မိန်းကလေးယွမ်၏ အထူး ဧည့်သည်ဖြစ်သည်သာမက ကျန်းသခင်လေးမှ ကိုယ်တိုင် တောင်းပန်နေရ၏။
သူသည် အင်မော်တယ်စံအိမ်၏ ဂိုဏ်းသတင်း ကြီးမားစေရန် ဆယ်စုနှစ်များစွာ အခက်အခဲများကို ကြံ့ကြံ့ခံခဲ့သူပေပင်။
ယခုမူ စုရီအသက်သည် ဆယ်ကျော် သက်မျှသာ ဖြစ်သော်လည်း စီရင်စုမြို့တော်၏ ပထမတန်းစား မိသားစုနှစ်စုနှင့် ခိုင်မာသော ဆက်ဆံရေးရရှိနေပြီ ဖြစ်သည်။
ကောင်းကင်သည် တရားမျှတမှု မရှိချေ။ စုရီနှင့် နှိုင်းယှဉ်ကြည့်ပါက သူ့နေ့ရက်များသည် အချည်းနှီး ရှင်သန်ခဲ့ရလေသည်။
***