← Chapters

နောက်ဆုံးနှောင်ကြိုး။

Vol. 7 Ch. 75

နောက်ဆုံးနှောင်ကြိုး။

Vol. 7 Ch. 75

အခန်းအတွင်းရှိ လေထုသိပ်သည်းဆသည် ရုတ်တရက် သူ့တစ်ကိုယ်စာ ပါးလျသွားသည်ဟု ဝမ်ကျွယ်ယွမ်တစ်ယောက် ခံစားလာရ၏။

ဤသို့ကွမ်လင်၏ ထိပ်တန်း ကျွမ်းကျင်သူများ ရှိနေမှန်းသိရှိနေပါက ကိုယ်တိုင်လာမိမည် မဟုတ်ချေ။

“ ကောင်းပြီး ငါပြန်လာခဲ့မယ် ... မင်းသွားနှင့်။ ”

စုရီက ဝင်ပြောလိုက်သော်လည်း ဝမ်ကျွယ်ယွမ်က ထွက်သွားဝံ့ခြင်း မရှိခဲ့ချေ။ ယွမ်လောရှီအမိန့်ကို စောင့်ဆိုင်းနေ၏။

ဤမြင်ကွင်းကြောင့် အခြားသူများက ခေါင်းရမ်းကုန်သည်။ ဝမ်မိသားစု မျိုးဆက်သစ် လူငယ်သည် မိုက်မဲလွန်းချေပြီ။

ယနေ့ ဇာတ်ဆောင်သည် မည်သူဖြစ်သည်ကို ထိုင်ခုံကြည့်ရုံဖြင့် သိနိုင်၏။

“ တစ္ဆေမိခင်တောင်တန်းမှာ ဆရာကူနဲ့ သခင်လေးစုက အများကြီး ကူညီပေးခဲ့ပါတယ် ဒီပွဲက သူတို့အတွက်ပဲ ... မင်းတို့မိသားစုမှာ ပြဿနာရှိရင် ငါဆီလာခိုင်းလိုက် အခုမင်းသွားတော့ ... ။ ”

ထိုစကားက ဝမ်ကျွယ်ယွမ်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သလိုပေပင်။ ချက်ချင်းပင် လမ်းပြသောအစေခံနှင့်အတူ အမြန်ထွက်ခွာလာခဲ့မိသည်။

စုရီက စားချင်စိတ် မရှိတော့ဘဲ ထထွက်လာခဲ့သည်။ ဦးလေးရှောင်၊ ဖူရှန်း၊ ယွမ်လောရှီနှင့် ဟွမ်ယွင်ချုံးက ချက်ချင်း လိုက်ပါလာ၏။

“ ဦးလေးရှောင် ... ငါတို့ရော လိုက်သွားရမှာလား။ ”

ဤမြင်ကွင်းက ကျန်းယွင်ရှင်းကို မပျော်မရွှင်ဖြစ်လာစေသည်။ သို့တိုင် ထရပ်ပြီး လိုက်ပါလာခဲ့၏။

“ သခင်လေးစု ... ငါတို့ပြန်တော့မယ် အနာဂါတ်မှာ စီရင်စုမြို့တော် ရောက်လာခဲ့ရင် မင်းကိုဧည့်ခံဖို့ အခွင့်အရေးပေးပါ။ ”

အင်မော်တယ်စံအိမ် အဝင်ဝတွင် ယွမ်လောရှီမှ လေးနက်စွာ ပြောကြားလာ၏။

“ ဟုတ်ပါတယ်၊ ငါတို့ယွမ်မိသားစုက စီရင်စုမြို့တော်မှာ တော်တော်များများ အပေါ် ပြီးမြောက်နိုင်ပါတယ်။ ”

“ ကောင်းပြီ ... ။ ”

ချောင်ဝူဟောင်မှလည်း လေးနက်စွာ ကတိပေးလိုက်သည်။ စုရီက ခေါင်းညိတ်ကာ ထွက်ခွာသွား၏။

“ ဦးလေးဟောင် ... ပြန်ဖို့ ပြင်ဆင်ပါ။ ”

“ ကောင်းပြီ ... ။ ”

“ လောရှီ ... ငါတို့လည်း ပြန်မှာပါ ... တစ်မြို့တည်းဆိုတော့ အတူတူပြန်ကြရအောင် ဒါက တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်နိုင်မယ် မဟုတ်လား။ ”

“ မလိုဘူး ... ။ ”

ယွမ်လောရှီက ချက်ချင်းပင် ကျားသစ်ပေါက်တစ်ကောင်ကဲ့သို့ ရန်လိုသည့် အမူအရာမျိုး ပြသလာ၏။

“ ဝှစ် ... ။ ”

သို့တိုင် ကျန်းယွင်ရှင်းက စိတ်မပျက်ဘဲ သူမနောက် ဆက်လိုက်သွားရာ ယွမ်လောရှီမှ လှည့်ကန်လာခဲ့သည်။ ခြေဖျားက သူ့ပေါင်ခြံ တစ်လက်မအလို၌ ရပ်သွား၏။

နဖူးပေါ်မှ ချွေးသီးများ စီးကျလာပြီး ထိတ်လန့်တကြား နောက်ပြန်ဆုတ်မိသည်။ ဤကန်ချက် ထိမှန်သော် သေချာပေါက် ကွဲသွားပေလိမ့်မည်။

“ နင့်ကိုစောစောက သည်းခံနေခဲ့ရတာ ဘယ်လောက် စိတ်ပျက်စရာကောင်းလဲ သိလား၊ ငါ့နောက်ကို လိုက်နေတာရပ်ပါ။ ”

ကျန်းယွင်ရှင်း တစ်ယောက် မျက်နှာ နီရဲလျက် ကျန်ရစ်ခဲ့သည်။ ဖူရှန်း၊ နီပိုင်ဟွာ၊ ဟွမ်ယွင်ချုံး၊ လီတျန်းဟန်နှင့် ဟွမ်ချမ့်ကျွယ်က ပြုံးစိစိဖြင့် ချက်ချင်း လမ်းခွဲလိုက်ကြ၏။

“ မိန်းကလေး ယွမ်လောရှီရဲ့ ... ဂုဏ်သတင်းကို ယုံပြီမဟုတ်လား သခင်လေး ... မင်းမျိုးဆက်ကို ချန်ထားချင်သေးတယ်ဆိုရင် ... သူနဲ့ဝေးဝေး နေသင့်ပြီ ... ဒီကောင်မလေးက လုပ်သင့်မလုပ် ဂရုစိုက်တာ မဟုတ်ဘူး။ ”

ဦးလေးရှောင်က သက်ပြင်းချလျက် သတိပေးမိ၏။ ကျန်းယွင်ရှင်းတစ်ယောက် အဝေးကို ငေးလျက်၊

“ သူက ဘာလို့ ချက်ချင်း ဒေါသကြီးလာရတာလဲ သီးသန့်ခန်းမှာတုန်းက ဒီပုံစံမျိုး မဟုတ်ပါဘူး ... တစ်ချိန်လုံး နူးညံ့နေခဲ့တာပါ။ ”

-ဟု စိတ်ရှုပ်ထွေးစွာ ညည်းတွားလိုက်သည်။

ဦးလေးရှောင်က ပြန်မဖြေချေ။ ဤသခင်လေးသည် အမြဲတမ်း တွေးတောရန် ပျင်းရိသူ ဖြစ်၏။ ထို့ကြောင့် သူသည်လည်း ပြန်ဖြေရန် ပျင်းရိမိသည်မှာ သဘာဝ ပေပင်။

“ စုရီကြောင့်လား ... ။ ”

ထိုမေးခွန်းက ကျန်းယွင်ရှင်း​ကို မငြိမ်မသက်ဖြစ်လာစေ၏။ မနာလိုစိတ်နှင့် ဒေါသများ ထွက်လာပြီး၊

“ ဦးလေးရှောင် ... ဒီည စုရီဆီ သွားလည်ရအောင်။ ”

-ဟု ပြောကြားလိုက်သည်။

ထို့နောက်တွင် သခင်နှင့် အစေခံသည် အင်မော်တယ်စံအိမ် ရှေ့မှ ထွက်ခွာသွား တော့သည်။

ဝမ်မိသားစုစံအိမ်သို့ ရောက်သည်နှင့် စုရီက လင်ရွယ်ကို တွေ့ချင်စိတ်ဖြင့် ပြုံးလိုက်မိသည်။ ထိုကလေးမလေးနှင့် မတွေ့ရသည်မှာ လဝက်တိုင်ပြီ ဖြစ်သည်။

မထွက်ခွာမီ သူမ၏ ကျင့်ကြံမှုအတွက် ဝိညာဉ်ရေး ဆေးအချို့နှင့် ဝိညာဉ်ကျောက်တုံး အချို့ ပေးအပ်လို၏။

ထို့ပြင် သူမ၏လစဉ် မုန့်ဖိုးမှာ ရာဂဏန်းမျှသာ ရှိသောကြောင့် ငွေစများလည်း ပေးအပ်လိုသည်။

အရေးအကြီးဆုံးမှာ အန္တရာယ် တစ်စုံတစ်ရာကြုံလာသော် လွတ်မြောက်နိုင်ရန် ကာကွယ်ရေး အဆောင်အချို့ ပြင်ဆင် ပေးရပေဦးမည်။

မြို့သခင်ဖူရှန်းထံသို့လည်း သူမကို အာရုံစိုက်ပေးရန် တောင်းဆိုလိုသေးသည်။ အတွေးများဖြင့် ယောက္ခမအိမ်ထံ ဦးတည်လိုက်၏။

“ သမက်စု ... ပြန်လာပြီလား။ ”

သူ့ကို မြင်သောအခါ ခြံသန့်ရှင်းရေး လုပ်နေသော အိမ်အကူ နှစ်ယောက်ခမျာ လန့်ဖျပ်သွားပြီး ရိုသေစွာ နှုတ်ဆက်လာ၏။

နဂါးတံခါး ဧည့်ခံပွဲပြီးနောက် ဝမ်မိသားစုအိမ်ဖော်များနှင့် ကျွန်များသည် စုရီအပေါ် သဘောထားများ ပြောင်းလဲသွား ပုံရသည်။

“ လင်ရွယ် ရှိလား။ ”

အစေခံက ပြန်ဖြေတော့မည့် အချိန်တွင် အိမ်တံခါးပွင့်လာပြီး ချင်းချင်း ထွက်လာသဖြင့် ချက်ချင်း ခေါင်းငုံ့သွားကြသည်။

“ စုရီ ပြန်လာပြီလား ... ဟမ့် နင့်ကိုယ်နင် နဂါးတံခါးချန်ပီယံ ဖြစ်တာနဲ့ မောက်မာနိုင်မယ် မထင်လိုက်နဲ့ လင်ကျောက်က နင့်ထက် မြင့်မားတဲ့ အောင်မြင်မှုတွေရနေပြီ။ ”

သူမ စကားကြောင့် စုရီက ပြုံးသည်။ သူ့ယောက္ခမသည် ရန်လိုပြီး ပါးစပ်ကြမ်း၏။ သို့သော် ယုတ်မာခြင်း မရှိချေ။

ဤအိမ်ထောင်ရေးသည် သူမကို ​​နာကြည်းမှုများ ပြည့်နှက်စေသော်လည်း သူ့အပေါ် ကောက်ကျစ်ခြင်း မရှိချေ။

ထို့ကြောင့် သူမအပေါ် လျစ်လျူရှု ထားနိုင်ခြင်း ဖြစ်သည်။

“ ငါနဲ့လိုက်ခဲ့ ... ။ ”

စုရီသည် ယခင်ကဲ့သို့ သူမအပေါ် တုန့်ပြန်ခြင်းမပြုဘဲ နေခဲ့သဖြင့် ချင်းချင်းက ကျေနပ်သွား၏။

ကောင်းကင်မူလ အကယ်ဒမီမှ ပြန်လာပြီးနောက် စုရီအောင်ပွဲကို ကြားချိန်၌ ဤသို့ရိုသေမှု မရှိတော့မည်ကို သူမ စိုးရိမ်မိခဲ့သည်။

တစ်ဖက်တွင် သူ့သမက်သည် အမှိုက် မဟုတ်သောကြောင့် အနည်းငယ် ကျေနပ်နေ မိ၏။

လက်ဖက်ရည်သောက်နေသော ဝမ်ချောင်ထုံက စုရီကို မြင်သောအခါ မတ်တပ် ထရပ်ပြီး၊

“ မင်းအခုလို အောင်မြင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ... အရမ်းကောင်းတယ် လာထိုင်ဦး။

-ဟု ဆီးကြိုနှုတ်ဆက်၏။

ဤသည်မှာ သူ့ယောက္ခထီး ဖြစ်သည်။ ရိုးသားပြီး လောဘကင်းသောကြောင့် မိသားစု အတွင်း နေရာမရချေ။

ကြင်နာမှုသည် လူတိုင်းနှင့် မထိုက်တန်ကြောင်း ၎င်းက ဥပမာပေပင်။ လင်ရွယ်သည် သူ့အဖေ၏ ကြင်နာမှုကို အပြည့်အဝရရှိထားသည်။

“ မင်းရဲ့ကျင့်ကြံမှု ပြန်ကောင်းလာတဲ့ အတွက် ဝမ်းသာပါတယ် ... အရင်က ငါတို့က မင်းအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံကောင်း ဆက်ဆံမိလိမ့်မယ် ...

... နောင်မှာ မင်းအတွက် အကောင်းဆုံး ဖြစ်အောင် ငါတို့ ကြိုးစားပေးမှာပါ ... ဒါပေမယ့် လင်ကျောက် မင်းကို လက်မထပ်ချင်တာ နားလည်ပေးနိုင်မယ်ထင်ပါတယ် ... ။ ”

ချင်းချင်းက စကားအရှည်ကြီး ပြောကြားလာသည်။ လေသံနှင့် သဘောထား အနည်းငယ်ပြောင်းသွား၏။ စုရီက ပြုံးသည်။

“ အရမ်းကြီး စိတ်ပူမနေပါနဲ့ ... ဝမ်လင်ကျောက်ရဲ့ သဘောထားကို ... ငါ စိတ်မဝင်စားပါဘူး။ ”

သို့မှသာ ချင်းချင်းက သက်ပြင်းချပြီး၊

“ နင်တို့ နှစ်ယောက်လုံးက ဒီအိမ်ထောင်ရေးရဲ့ သားကောင်တွေပဲ ငါဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် အဘွားကြီးက ခွင့်မပြုဘူး ... နာကြင်စရာ အရမ်းကောင်းတယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ နားလည်ပါတယ် ... ။ ”

“ ကောင်းတယ် ... နင်နားလည်နေတာ ငါနင့်ကို ရှင်းရှင်းလင်းလင်း ပြောပြစရာတစ်ခု ရှိသေးတယ် ...

... လင်ကျောက်က ဒီအိမ်ထောင်ရေးကို ဖျက်သိမ်းဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွား လိမ့်မယ်လို့ ပြောခဲ့တယ် ... ဒီအတွက် အရမ်းကြီး မတွေးပါနဲ့ ...

... သူမက နင့်ကို မုန်းလို့မဟုတ်ဘူး ဒါပေမယ့် နင်ကသူ့အတွက် သူစိမ်းတစ်ယောက် မဟုတ်လား ... ငါဆိုလိုတာကို နားလည်မယ် ထင်ပါတယ်။ ”

“ နားလည်ပါတယ် ... ဒီအိမ်ထောင်ရေးကို သူဘက်က ဖျက်နိုင်ရင် အကောင်းဆုံးပါပဲ။ ”

စုရီက ပြုံးလျက် တုန့်ပြန်လိုက်၏။ ယင်းကြောင့် ချင်းချင်းခမျာ မျက်ခုံးပင့်လိုက် မိလေသည်။

ကျင့်ကြံမှု ပြန်ရပြီးနောက် စုရီသည် သူတို့ထံမှ ပျံသန်းလို နေပုံရသည်။ သို့သော် လင်ကျောက်သည်လည်း အကယ်ဒမီ၌ ရာထူး ရရှိထားလေရာ စိုးရိမ်စရာ မရှိချေ။

အနည်းငယ် သက်သာရာ ရပြီးနောက်၊

“ စုရီ ... လင်ကျောက်နဲ့ ပတ်သတ်တဲ့ ပြောစရာရှိတာတွေ အကုန်ပြောပြီးပြီ မျိုးနွယ်စု ခေါင်းဆောင်က ... နင့်ကို ခေါ်တွေ့လိမ့်မယ် ...

... ငါ့အထင် သူ ... နင့်အပေါ် အမြင်ကောင်းတွေ ရှိပုံမရဘူး ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားသင့်တယ်။ ”

စုရီက ပျင်းရိလာပြီး၊

“ လင်ရွယ်ရော ... ။ ”

-ဟု မေးမြန်းလိုက်၏။

ထိုမေးခွန်က ချင်းချင်းကို အံ့အားသင့် သံသယဝင်စေသည်။ သို့သော် ဝမ်ချောင်ထုံက ပြုံးလျက်၊

“ လင်ရွယ်က မြစ်ပြာဓားစံအိမ်မှာ နေခဲ့တယ် ... သူ့အစ်မရဲ့အကယ်ဒမီကို ဝင်ဖို့ နည်းလမ်းရှာနေတယ်။ ”

-ဟု ပြန်ဖြေလာ၏။

စုရီတစ်ယောက် ချက်ချင်းပင် နှုတ်ဆိတ်သွားသည်။ တစ်စုံတစ်ရာ အတွေးဖြင့် မျက်မှောင်ကြုတ်မိ၏။

“ လင်းကျောက်က သူ့ညီမကို ... သူ့လို လက်ထပ်ဖို့ အတင်းအကြပ် စေခိုင်းလာမှာမျိုး စိုးရိမ်နေတယ် ... ကွမ်လင်မှာ ရှိနေမယ်ဆိုရင် အဘွားကြီးက စိတ်မချရဘူး။ ”

ချင်းချင်းက သူ့သမီးကြီး၏ ရည်ရွယ်ချက်များကို ရှင်းပြလာ၏။ သို့မှသာ စုရီတစ်ယောက် နားလည်သွားသည်။

မြစ်ပြာဓားစံအိမ်၌ နေခဲ့ခြင်းသည် လင်ရွယ်၏ ဆန္ဒမဟုတ်ချေ။ ဝမ်လင်ကျောက်မှ အတင်းအကြပ် ခေါ်ထားခြင်း ဖြစ်ချေပြီ။

မဟုတ်သော် လင်ရွယ်ဟူသော နှောင်ကြိုးသည်လည်း ပြတ်တောက်သွား ပေလိမ့်မည်။

***

All Chapters