အချိန်တန်ပြီ။
Vol. 7 Ch. 78
“ စုရီ ... ငါ့ဝမ်မိသားစုကို ဒဏ်ရာရအောင် လုပ်ဝံ့သလား ... မင်းကဝမ်မိသားစုနဲ့ တိုက်ပွဲစဖို့ ကြိုးစားနေတာလား။ ”
ဝမ်ချောင်ကျင်း မေးခွန်းကြောင့် စုရီတစ်ယောက် ပခုံးတွန့်လိုက် လေသည်။
“ မင်းအတွက် ဘာကောင်းလဲဆိုတာ မသိသေးလို့ ... ဒီလိုမေးခွန်းမျိုး မေးရဲတာပဲ ... ကောင်းပြီ ... ဝမ်မိသားစုတစ်ခုလုံးကို သတ်ရလဲ ပြဿနာတော့ မရှိပါဘူး။ ”
စုရီက ခေါင်းရမ်းလိုက်သည်။ ထို့နောက်၊
“ လာ ... ဒီနေ့ ငါတို့ရဲ့ကံကြမ္မာကို ဒီမှာပဲ ဖြတ်လိုက်ကြရအောင်။ ”
-ဟု ဆိုကာ အရိုးထိအောင် အေးစက်စေသည့် သတ်ဖြတ်လိုခြင်းဆန္ဒများ ထုတ်ဖော်လိုက်သည်။
“ ဘယ်လောက်တောင် ... သိပ်သည်းလိုက်တဲ့ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်တွေလဲ။ ”
လူတိုင်း ထိတ်လန့် တုန်လှုပ်သွားကြ၏။ ဝမ်ချောင်ကျင်းသည်ပင် အသက်ရှူကြပ်ကာ အကြောက်တရားများ တဒင်္ဂ ဝင်လာသည်။
စုရီရှေ့တွင် လဲကျနေခဲ့သည့် ဝမ်ချောင်ချင်းအတွက်မူ အဆိုးဆုံးပေပင်။ ဓားပေါင်းထောင်ဂဏန်းခန့် ချိန်ရွယ်ထား သကဲ့သို့ ခံစားလိုက်ရ၏။
“ လုံလောက်ပြီ။ ”
ရုတ်တရက် ခန်းမအပြင်ဘက်မှ ကျယ်လောင်သော ဟန့်တားသံတစ်သံ ထွက်ပေါ်လာသည်။
ဤသည်မှာ ဝမ်ဘိုးဘေးဖြစ်၏။ သူမက ကျောက်စိမ်းအဆောင်တစ်ခုကို စုရီမြင်အောင် ကိုင်ပြပြီး လှမ်းဝင်လာခဲ့သည်။
ဤသည်မှာ ကြယ်သန့်စင်ခြင်းဟု ခေါ်ဆိုသော စုမိသားစုလက်ဆောင် ဖြစ်သည်။ မဟာသခင်များကိုပင် ချွင်းချက်မရှိ သတ်နိုင်၏။ ပန်းလက်ဖက်စိမ်း စံအိမ်၌ စုရီကို သတိပေးရန် ထုတ်ပြခဲ့ဖူးသည်။
“ အဘွားကြီး ... မင်းသူတို့ကို ... ငါနဲ့လာမရှုပ်ဖို့ သတိပေးသင့်တယ်။ ”
စုရီကတည်ငြိမ်စွာ ပြောကြားလိုက်၏။ ဝမ်ဘိုးဘေးမှ ထိတ်လန့်တုန်လှုပ်နေခဲ့သော သူ့မိသားစုဝင်များထံ ကြည့်ပြန်ပြီး၊
“ ကျေးဇူးပြုပြီး ... ဒီနေ့ကိစ္စကို ထားခဲ့နိုင်မလား။ ”
-ဟု အံကြိတ်ကာ မေးမြန်းလိုက်သည်။
စုရီက ဓားကို ပြန်သိမ်းပြီး အဖြေပေးလိုက်၏။ ဝမ်မိသားစုသည် သူ့အပေါ် လှောင်ပြောင် ကဲ့ရဲ့သော်လည်း နာကျင်အောင် ပြုလုပ်ခြင်း မရှိခဲ့ချေ။
ယင်းသည် ဤအဘွားကြီး၏ သတိ ပေးမှုကြောင့်ပေပင်။ ထို့ကြောင့် အဘွားကြီးကို မျက်နှာသာ ပြန်ပေးလိုက်ခြင်း ဖြစ်၏။
“ ဒီကျေးဇူးကို ငါ့နှလုံးသားထဲမှာ မှတ်မိနေမှာပါ။ ”
စုရီက လျစ်လျူရှုကာ လှည့်ထွက် လာခဲ့သည်။ အဘွားကြီးအနားမှ အဖြတ်တွင် ခေတ္တမျှရပ်လိုက်ပြီး၊
“ ငါထွက်သွားတော့မယ် ... မင်းမှာ ဆန္ဒရှိနေတယ်ဆိုရင် ကျောက်စိမ်းမြို့တော်ကို သတင်းပို့နိုင်တယ်။ ”
-ဟု ပြောကြားလိုက်တော့၏။
ဝမ်ဘိုးဘေးခမျာ မျက်ဝန်း၌ အလင်းရောင်များ တောက်ပလာပြီး စုရီ၏ ကျောပြင်ကို စိုက်ကြည့်ကျန်ရစ်ခဲ့သည်။
ထို့နောက် ကျောက်စိမ်းအဆောင်ကို ပြန်လည်သိမ်းဆည်းလျက် ဝမ်ချောင်ချင်းထံ ကြည့်လိုက်၏။
ဝမ်မိသားစုဟူသည် ကွမ်လင်၌ ပထမတန်းစား မိသားစုလေးစု အဆင့်ဝင်သည်။ သို့သော် ကစားပွဲကို ပြောင်းနိုင်သော တစ်ဦးတစ်ယောက်မျှ မရှိချေ။
“ ဒဏ်ရာရတဲ့ လူတွေကို ... ကုသဖို့ ခေါ်သွားပါ ... ကျန်တဲ့လူတွေနေခဲ့ပြီး ငါ့ကိုဒီမှာ ဘာဖြစ်သွားတာလဲပြော။ ”
ထို့နောက် ဒဏ်ရာရ အစောင့်များနှင့် ဝမ်ချောင်ချင်းကို အကြီးအကဲအချို့က ဖေးမ ခေါ်ထုတ်သွားလေသည်။
“ ဖြန်း ... ။ ”
ဝမ်ချောင်ကျင်းက ဖြစ်စဉ်ကို ရှင်းပြလိုက်သည်။ သူ့စကားဆုံးသည်နှင့် ဝမ်ဘိုးဘေးမှ ဒေါသတကြီး ပါးရိုက်၏။
“ စုရီကို လင်ကျောက်နဲ့ လက်ထပ်ပေး ကတည်းက သူ့ကို တစ်ယောက်တည်းထားပြီး သူ့ကိစ္စတွေမှာ စွက်ဖက်ခွင့်မရှိဘူးလို့ မင်းကိုငါ သတိပေးခဲ့တယ် မဟုတ်လား။ ”
ဝမ်ဘိုးဘေးက ဒေါသများ တောက်လောင်လာပြီး ဝမ်ချောင်ကျင်းထံ စူးစူးရဲရဲ စိုက်ကြည့်နေသဖြင့် လူတိုင်း နှုတ်ဆိတ်ကုန်တော့သည်။
“ သူသာ ... သာမန်သားမက် တစ်ယောက်ဆိုရင် မင်းသူ့ကို သတ်ပစ်လည်း ငါဂရုမစိုက်ဘူး ... အခုတော့
... တကယ်ပဲ စိတ်ပျက်စရာ ... ကောင်းလွန်းတယ် ... ဖူရှန်းနဲ့ ဟွမ်ယွင်ချုံးတို့လို လူတွေတောင် လေးစားရတဲ့ ... အဲဒီလိုလူမျိုးက မင်းလက်အောက်မှာ အစေခံမယ်လို့ ဘယ်လိုများတွေးဝံ့တာလဲ ... ဟမ့်။ ”
ဤမေးခွန်းက ဝမ်ချောင်ကျင်းကို မျက်နှာမည်းမှောင် ရှက်ရွံ့သွားစေတော့သည်။ ထိုမြင်ကွင်းကြောင့် ဝမ်ဘိုးဘေးက သက်ပြင်းချ လိုက်ပြီး၊
“ ဒါက ... မင်းအမှားတော့ မဟုတ်ပါဘူး ငါ့အမှားပါ၊ အမိန့်ကိုလိုက်နာပြီး စုရီနောက်ခံကို သတိ မပေးမိခဲ့တဲ့အတွက် ... ငါ့ဝမ်မိသားစုကို ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်လုပါးပဲ။ ”
-ဟု ညည်းတွားတော့၏။
သူ့လေသံအတွင်း ခါးသီးမှုများစွာနှင့် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းများစွာ ပြည့်နှက် နေခဲ့သည်။
“ ဘိုးဘေး ... စုရီရဲ့နောက်ခံက တကယ်ပဲ အစွမ်းထက်တာလား ... ။ ”
ဝမ်ကျွယ်ယွမ်က စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။ သူမေးခွန်းကို အကြီးအကဲ များစွာမှလည်း စိတ်ဝင်စားလာ၏။
“ ဟမ့် ... မစွမ်းရင် ... ဒီလို စွန့်ပစ်အမှိုက်တစ်စနဲ့ လင်ကျောက်ကို ... ငါ သဘောတူမယ်များ မင်းထင်နေလား ... ။ ”
ဝမ်ဘိုးဘေး၏ တုန့်ပြန်မှုကြောင့် လူတိုင်း အသက်ပြင်းပြင်း ရှူရှိုက်မိကုန်သည်။ ဘိုးဘေး သည်ပင် သတိထားရသော စုရီနောက်ခံသည် ရိုးရှင်းနိုင်မည် မဟုတ်ချေ။
“ ဘိုးဘေး ... ဒါဆိုစုရီက ကျောက်စိမ်းမြို့တော် စုမိသားရဲ့ ... ။ ”
ဝမ်ချောင်ကျင်းက တစ်စုံတစ်ရာကို တွေးမိလာပြီး မယုံကြည်နိုင်စွာဖြင့် ထအော်၏။
“ ပါးစပ်ပိတ်ထား ... ။ ”
ဘိုးဘေးဝမ်မှ ချက်ချင်း ထိတ်လန့်စွာ ဟန့်တားသည်။ သို့သော် ကျောက်စိမ်းမြို့တော် စုမိသားစု ဟူသည့် စကားဖြင့်ပင် လူတိုင်း ပုံဖော်လာနိုင်၏။
သူတို့ဘိုးဘေးဝမ်သည် ငယ်စဉ်က ထိုမြို့တော်ရှိ စုမိသားစုခေါင်းဆောင်ထံတွင် အစေခံ လုပ်ခဲ့သည်။
၎င်းတို့သည် ကျောက်စိမ်းမြို့တော်၏ ပထမတန်းစား အင်အားစု ဖြစ်ကာ ဝမ်မိသားစု မျိုးဆက်ပေါင်းများစွာ မရောက်ရှိနိုင်သော အမြင့်မျိုးဖြစ်၏။
ထိုအသိက လူတိုင်းကို အချင်းချင်း ပြန်ကြည့်ကာ တုန်ယင်လာစေသည်။ စုမိသားစု သည်သာ ဆန္ဒရှိပါက ပျက်သုဉ်းခြင်းသည် ဧကန် ရောက်ရှိလာပေမည်။
“ ဒီကိစ္စကို ... လုံးဝ မပေါက်ကြားစေနဲ့ မဟုတ်ရင် ဝမ်မိသားစုဆိုတာ ကမ္ဘာကြီးကနေ ပျောက်ကွယ်ဖို့ တစ်ညပဲလိုတယ်။ ”
ဝမ်ဘိုးဘေးက သတိပေးလိုက်သည်။ အမှန်တိုင်း ဝန်ခံရပါမူ စုမိသားစု၏ သြဇာဖြင့် ဝမ်မိသားစု ပျောက်ကွယ်သွားစေရန် စကားတစ်ခွန်းမျှသာ လို၏။
သို့သော် ကောင်းမွန်သော စကားများ မဟုတ်သဖြင့် ထုတ်ဖော်ပြောဆိုလိုခြင်း မရှိချေ။ ယခုပင် လူတိုင်းတုန်လှုပ်နေသဖြင့်၊
“ ဒါပေမယ့် စုရီက သူ့မိသားစုကို ကိုယ်စားမပြုပါဘူး ... ဒီကိစ္စ ဒီမှာပဲရပ်လိုက်ပါ ဘာပဲဖြစ်ဖြစ် ... စုရီ ငါတို့နဲ့ မနေတော့တာ မင်္ဂလာသတင်းပဲ။ ”
-ဟု နှစ်သိမ့် ပြောကြားလိုက်ရသည်။
အဆုံးတွင် သက်ပြင်းချလျက် ဘိုးဘေးဝမ်တစ်ယောက် ခန်းမအတွင်းမှ လှည့်ထွက်ရန် ပြင်လိုက်၏။
ဝမ်ချောင်ကျင်းက တစ်စုံတစ်ရာကို သတိရသွားပြီး၊
“ ဘိုးဘေး ... ဒါကို လင်ကျောက် မသိသေးတဲ့အတွက် ငါစိုးရိမ်မိပါတယ် ... သူက ... ။ ”
ဝမ်ချောင်ကျင်းခမျာ တုန့်ဆိုင်းသွားသည်။ လင်ကျောက်သည် စုရီနှင့် အိမ်ထောင်ရေးကို ဖျက်သိမ်းရန် ကြိုးစားနေသူ ဖြစ်၏။
သူမသည် ဝမ်မိသားစု၏ အနာဂါတ် ဖြစ်သောကြောင့် တစ်စုံတစ်ရာ သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်လာမိသည်။
“ လင်ကျောက်ဆီ စာတစ်စောင်ရေးပြီး ရှင်းပြလိုက် ... တစ်ချိန်ချိန် စုရီနဲ့ဆုံခဲ့ရင် စုရီကို ဂရုစိုက်စရာ မလိုတော့ဘူး ... ဒီကောင်လေးက ကပ်ဘေးပဲ၊ သူကိုယ်တိုင်ရော သူ့အနားက လူတွေကိုရော ဥပဒ်ဖြစ်စေလိမ့်မယ်။ ”
***
မက်မွန်ဆေးခန်း၊ အဝါရောင်စံအိမ်။
စုရီတစ်ယောက် ခြံဝင်းအတွင်းရှိ ဆီးပင်အောက်တွင် လက်နှစ်ဖက်နောက်ပို့ကာ ငြိမ်သက်စွာ ကောင်းကင်ပေါ် မော့ကြည့် နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူ့အကြည့်များကို ပြန်ရုတ်ကာ အိမ်ထဲ ပြန်ဝင်လာ၏။
သူသည် လင်ရွယ်ပြန်လာမည့် အချိန်ကို စောင့်နေခြင်းဖြစ်သည်။ ယခုမူ မလိုအပ်တော့ သဖြင့် မနက်ဖြန်ထွက်ခွာရန် ဆုံးဖြတ် လိုက်တော့သည်။
ပစ္စည်းအချို့ သိမ်းဆည်းပြီးနောက် ခြံဝင်းအတွင်း ပြန်လာကာ ဝါးကုလားထိုင်၌ ပျင်းရိစွာလှဲလျောင်းလျက် နေဝင်ချိန်ကို စောင့်ကြည့်နေခဲ့သည်။
များမကြာမီ တိမ်မြစ်ဓားစံအိမ်ရှိ သူ၏ သုံးနှစ်တာအမှတ်တရများ ဝင်ရောက်လာခဲ့ လေသည်။
ထိုစဉ်က သူ့အသက်သည် (၁၃)နှစ်မျှသာရှိပြီး အထီးကျန်မှုကို နာကျင်စွာ ဖြတ်သန်းခဲ့ရ၏။
အကြီးအကဲများကို နှစ်သက်အောင် မည်သို့လုပ်ဆောင်ရမည်မှန်း မသိသောကြောင့် တပည့်များစွာ၏ အနိုင်ကျင့်မှု၊ စော်ကားမှု များနှင့် ငြင်းပယ်မှုတို့ကို ခံခဲ့ရသည်။
ဤသည်မှာ အမုန်းတရား အစပျိုးရာ အချိန်များ ဖြစ်သည်။ သုံးနှစ်ကြာပြီးနောက် ပြင်ပတပည့်ကြီး ရာထူးကို ရရှိခဲ့၏။
သုံးနှစ်ကြာ သိမ်းဆည်းထားသော နာကြည်းမှုကို လက်စားချေရန် ပြင်နေစဉ် ကံဆိုးစွာဖြင့် ကျင့်ကြံမှုဆုံးရှုံးခဲ့ရသည်။
ရလဒ်အနေဖြင့် နောက်ထပ် အမုန်းတရားများ ထပ်တိုးလာသည်။ ထို့ကြောင့် အဆိုပါ နာကျည်းမှုများကို ဖြေရှင်းရန် အချိန်တန်ချေပြီ။
***