← Chapters

မုန်တိုင်းအစပျိုးခြင်း။

Vol. 7 Ch. 83

မုန်တိုင်းအစပျိုးခြင်း။

Vol. 7 Ch. 83

“ ဆရာစု ... ငါတို့နန်းတော်က နှစ်လွှာပါတယ် မင်းဒုတိယအလွှာကိုယူ ...ငါတို့ ပထမအလွှာမှာရှိမယ်။ ”

ယွမ်လောရှီက ပြောကြားလာသည်။ သင်္ဘောတွင် အလွှာ(၉)လွှာသာ ပါရှိသဖြင့် အလွှာတစ်ခုလုံးကို ရရှိရန် ငွေကြေးအပြင် လုံလောက်သော ချိတ်ဆက်မှုများလည်း လိုအပ်လေသည်။

“ ဒီနေရာက တကယ်ကောင်းတယ်။ ”

ဟွမ်ချမ့်ကျွယ်က ပတ်ပတ်လည်ကို လှည့်ကြည့်ကာ နှလုံးသားထဲ ခံစားချက်များ ပြည့်နှက်လာသည်။

အလွှာတစ်ခုတွင် နန်းတော်နှစ်ထပ်နှင့် ကိုယ်ပိုင်ခြံဝင်း၊ ပရိဘောဂ အပြည့်အစုံတို့ကို တန်ဆာဆင်ထား၏။

အပြင်အဆင်သည် ရှေးခေတ် ကျက်သရေဆောင် နန်းတော်များနှင့်ဆင်တူ၏။ ပြတင်းပေါက်များမှတဆင့် မိုးပြာမြစ်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

“ မင်းရော ဘယ်မှာနေမလဲ။ ”

စုရီက မေးလိုက်သည်။

“ ငါ ... ။ ”

ဟွမ်ချမ့်ကျွယ်တစ်ယောက် ထစ်ငေါ့သွား၏။ သူ့အဖေသည် ငွေကြေးများစွာ သုံးခဲ့သော်လည်း ပုံမှန်အခန်း တစ်ခန်းသာ ရရှိသည်။

“ ကောင်းပြီ ... ဒုတိယထပ်မှာ အခန်းနှစ်ခန်းရှိနေတယ် မင်းတစ်ခန်းယူလိုက်။ ”

“ ကျေးဇူးတင်ပါတယ် အစ်ကိုစု။ ”

ဟွမ်ချမ့်ကျွယ်က ပြုံးရွှင်သွားသည်။ ဤမြင်ကွင်းကြောင် ဟွမ်လောရှီတစ်ယောက် မျက်ခုံးပင့်မိ၏။

စုရီသည် ဤလူငယ်ကို သူမထက် ပိုရင်းနှီးချေပြီ။ များမကြာမီ ပစ္စည်များနေရာချ လိုက်ပြီး ခြံဝင်းအတွင်း၌ လက်ဖက်ရည် သောက်ကာ အနားယူမိသည်။

“ ဒီသင်္ဘောရဲ့ ငါးလွှာမှာ ... သွေးနတ်ဆိုးတောင်ကနေ ဖမ်းလာတဲ့ ဝိညာဉ်သားရဲရှစ်ရာ သယ်ဆောင်လာတယ်။ ”

ချောင်ဝူဟောင်က သူသိလာသမျှကို ပြန်လည် ဝေမျှလာ၏။သွေးနတ်ဆိုးတောင် ဟူသည် မဟာကျိုး၏ ကျော်ကြားသော ယိုဝိညာဉ်များရှိရာ အရပ်ဖြစ်သည်။

( ယိုဝိညာဉ်သည် မကောင်းဆိုးဝါး၊ ယင်ဝိညာဉ်၊ မှင်စာနှင့် နတ်ဆိုးများစွာကို ခေါ်ဆိုခြင်း ဖြစ်၏။)

၎င်းတောင်တန်းရှိ ဝိညာဉ်သားရဲများကို ခြိမ်းခြောက်မှု အဆင့်အလိုက် အဆင့် ကိုးဆင့် ခွဲခြားထားသည်။

အဆင့်တစ်သည် အညံ့ဆုံးဖြစ်၏။ သာမန်တိရစ္ဆာန်များထက် အနည်းငယ် မျှသာ၍ အစွမ်းထက်သည်။

အဆင့်(၉)သည် အသန်မာဆုံး ဖြစ်၏။ ထိုသို့သောသားရဲများတွင် မွေးရာပါ ယိုစွမ်းအင်များ ရှိသည်။

မဟာသခင်များသည် ၎င်းတို့အတွက် ဘက်မဟုတ်ချေ။ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူ များသာ ထိုအခွင့်အရေး ရနိုင်၏။

မဟာကျိုးတွင် အဆင့်(၉)ထက် မြင့်မားသော မှင်စာသို့မဟုတ် နတ်ဆိုးများပင် ရှိသည် ကောလဟာလများ ရှိသည်။

ဤအရာများသည် ​သေမျိုးအဆင့်ထက် ကျော်လွန်သော ကြောက်စရာကောင်းသည့် တည်ရှိမှုများ ဖြစ်သည်။

သို့သော် အရိုင်းပြည်နယ်ကိုးပါးတွင်မူ သာမန်ဂိုဏ်းဂဏများမှပင် ထိုမှင်စာများကို သတ်နိုင်၏။

လက်ရှိသင်္ဘောပေါ်ရှိ ဝိဉာဉ်သားရဲများစုသည် လေ့ကျင့်ရေးသမားများ အတွက် ရောင်းကုန်ဖြစ်သည်။

ကောင်းကင်မူလ အကယ်ဒမီ၊ မြစ်ပြာဓားစံအိမ်နှင့် အုပ်ချုပ်ရေးမှူးစံအိမ် စသည်တို့ကဲ့သို့သော အင်အားစုများသည် ဤသားရဲများကို ဝယ်ယူကြ၏။

၎င်းတို့၏ တပည့်များကို တိုက်ပွဲဝင် စွမ်းအားများရရှိစေရန် လေ့ကျင့်သည်။ သွေးကို မမြင်ဖူးသည့် သူရဲကောင်းဟူ၍ မရှိချေ။

“ မိန်းကလေးယွမ် မင်းအရင်က ဝိညာဉ်သားရဲတစ်ကောင်ကို သတ်ဖူးလား။ ”

ဟွမ်ချမ့်ကျွယ်က တိုးတိုးလေးမေး၏။

“ ဟမ့် ... ငါ (၉)နှစ်သမီးတည်းက မြွေပွေးတစ်ကောင်ကို သတ်ဖူးတယ် အဲဒီနေ့က စပြီး တစ်ပတ်မှာတစ်ကြိမ် သားရဲတစ်ကောင် သတ်ဖို့ ကြိုးစားရတယ် ... ငါသတ်ခဲ့တဲ့ ယိုသားရဲပေါင်း ဘယ်လောက်ရှိနေပြီလဲ ရေတွက်လို့တောင် မရနိုင်ဘူး။ ”

ချောင်ဝူဟောင်က ပြုံးရယ်လျက် ဤအကြောင်းအရာအပေါ် စုရီစိတ်မဝင်စားမှန်း သိလိုက်သဖြင့် ခေါင်းစဉ်ပြောင်းတော့၏။

“ သင်္ဘောပေါ်မှာ အထူးဧည့်သည် တစ်ယောက်ရှိတယ် ... လောလောဆယ်တော့ အထူးနန်းတော်မှာ နေတယ်။ ”

“ ဘယ်သူလဲ။ ”

ယွမ်လောရှီကစိတ်ဝင်စားသွားသည်။

“ မသိဘူး ... မြင့်မြတ်တဲ့မိသားစုဖြစ်မယ်၊ သူ့ရဲ့အစောင့်လေးယောက်က ချီသန့်စင်ခြင်း အဆင့်မှာ။ ”

“ ဒါဆို ကျောက်စိမ်းမြို့တော်က မျိုးနွယ်စုတွေကပဲ ဖြစ်နိုင်တယ် ... ဒီလို အခင်းအကျင်းမျိုးက သူတို့ပဲ လုပ်နိုင်မှာကို ကြောက်မိတယ်။ ”

ယွမ်လောရှီနှင့် ချောင်ဝူဟောင်က အလေးအနက် ဆွေးနွေးနေကြသော်လည်း စုရီက လက်ဖက်ရည်သောက်ကာ လုံးဝ စိတ်မ၀င်စားခဲ့ချေ။

ထို့ကြောင့် ချောင်ဝူဟောင်က သက်ပြင်းချလိုက်သည်။ ဆရာစုကို စိတ်ဝင်စား စေမည့် အကြောင်းအရာ ဤကမ္ဘာကြီး၌ ရှိပုံမရချေ။

အမျိုးသမီး၊ အာဏာ၊ စည်းစိမ်နှင့် အခွင့်အ‌ရေးစသည်တို့သည် သူရဲကောင်းများ အတွက် သည်းချေကြိုက်ဖြစ်၏။

“ ဒင် ... ။ ”

ရုတ်တရက် ကြည်လင် ချိုမြိန်သော ဂီတသံများကို ကြားလိုက်ရသည်။ ဂီတသံသည် နားထောင်မိသူတိုင်းအပေါ် ညှို့ငင်နိုင်၏။

“ အရမ်းသာယာနာပျော်ဖွယ်ရှိတယ်။ ”

ဟွမ်ချမ့်ကျွယ်က ချီးကျူးလိုက်သည်။

“ မှန်တယ် ... ဒါကတကယ့်ကို ချစ်စရာကောင်းပြီး စိတ်ဝိညာဉ်ကို တိမ်တွေလို လွင့်မျောစေတယ်။ ”

ချောင်ဝူဟောင်မှ ထောက်ခံ၏။ ယွမ်လောရှီက ခေါင်းညိတ်ပြီး အံ့အားသင့် သွားဟန်ဖြင့်၊

“ ဦးလေးဟောင်၊ သင်္ဘောပေါ်မှာ ဂီတသမားတွေရှိတာလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ မိန်းကလေးယွမ် ဒါက ... ခရီးသွားမြို့တော်ရဲ့ ကုန်သည်ကြီးများအသင်း ကနေ လိုက်ပါလာတဲ့ နံပါတ်တစ် ဂီတပညာရှင် ...

... ဥယျာဉ်ထဲကပန်းကလေး ချာကျင်းပဲ ... အနုပညာမှာ ပေါက်ရောက်သလို အလှမှာလည်း ထင်ရှားတယ်။ ”

“ ပြည့်တန်ဆာတစ်ယောက်က ဒီလောက်တောင် ထက်မြက် ကျော်ကြားလား အံ့သြစရာပဲ ... ကိုယ်တိုင် သွားကြည့်ရမယ်။ ”

ဟွမ်ချမ့်ကျွယ်မှ စိတ်ဝင်စားသွားသည်။

“ ဒါက ပြည့်တန်ဆာပဲ ... ပိုလှပြီး အသံပိုချိုလည်း ထူးဆန်းတာ မရှိပါဘူး။ ”

ယွမ်လောရှီ၏ အသံတွင် ရှုံ့ချမှုများ ပြည့်နှက်နေသည်။ ပြန်၍ငြင်းခုံလိုသော်လည်း သူမအဆင့်အတန်းကြောင့် ဟွမ်ချမ့်ကျွယ်ခမျာ ပါးစပ်ပိတ်သွား၏။

“ မင်း ... ချာကျင်းနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပါပဲ။ ”

ရုတ်တရက် တိတ်ဆိတ်နေသော စုရီက သတိပေးလာသည်။ ထိုစကားကြောင့် လူတိုင်း လေးနက်သွား၏။

“ ဆရာစု၊ တစ်ခုခု လွဲနေတာလား။ ”

“ မသေချာသေးပါဘူး ... ဒါပေမယ့် ပြဿနာတစ်ခုခု ရှိလာရင်တောင် ... ငါတို့နဲ့ မသက်ဆိုင်ဘူး ... ခေါင်းထဲ ထည့်မထားနဲ့ မှောင်လာပါပြီ ငါတို့စားဖို့ ဘယ်မှာလဲ။ ”

“ ဆရာစု၊ ငါတို့ ပွဲစီစဉ်ပြီးပြီ ... မျှော်စင်အပေါ်ဆုံးထပ် ကိုးလွှာမှာ ကျယ်ဝန်းတဲ့ ရင်ပြင်တစ်ခု ရှိတယ်။ ”

“ကောင်းပြီ ... ဒါဆို သွားကြရအောင်။ ”

ထိုအချိန်တွင် ချောမောလှပသော အိမ်အကူနှစ်ယောက်သည် ခရမ်းရောင် ၀တ် လူငယ်ကို ပြန်လည် ပို့ဆောင်ပေးနေသည်။

“ မနက်ဖြန် ငါပြန်လာမယ်လို့ မိန်းကလေးချာကျင်းကို ပြောထားပါ။ ”

ခရမ်းရောင်ဝတ်လူငယ်က အမိန့်ပေးလျက် လှည့်ထွက်လာခဲ့သည်။

“ အရှင်မင်းမြတ်။ ”

အပြန်လမ်းတွင် လူလတ်ပိုင်းအရွယ် အမျိုးသားက စောင့်နေ​၏။ ၎င်း၏ အမည်မှာ ကျန်းသော် ဖြစ်သည်။

“ အရှင်မင်းသား စုံစမ်းခိုင်းတဲ့ ... အဲဒီအဖွဲ့အကြောင်း သိလာပါပြီ သူတို့ထဲက တစ်ယောက်က တိမ်မြစ်စီရင်စု မြို့တော် ယွမ်မိသားစုရဲ့ သခင်မလေးပါ။ ”

ထို့နောက် သူသိလာသမျှကို ပြန်လည် သတင်းပေးပို့လိုက်သည်။ ခရမ်းရောင်ဝတ် လူငယ်က ခေါင်းညိတ်ပြပြီး၊

“ ဒါဆို ငါတို့ စိတ်ပူစရာ မရှိတော့ဘူးပေါ့ ... လာ ... ညစာ သွားစားရအောင်။ ”

အပေါ်ဆုံးထပ် ရင်ပြင်တွင် လူအများအပြားအုပ်စုဖွဲ့ စားသောက်လျက် စကားစမြည် ပြောဆိုနေကြ၏။

​သင်္ဘောအစေခံများက လက်ရန်းများတွင် မီးအိမ်များ ထွန်းညှိကာ တဖျပ်ဖျပ် လင်းလက် လာစေသည်။

ဤအလွှာတွင် ထမင်းစား နိုင်သူများသည် အထက်တန်းစားများ ဖြစ်၏။ ခရမ်းရောင်ဝတ် လူငယ်က ယွမ်လောရှီကို မြင်ပြီးနောက် ပြုံးလိုက်သည်။

“ ​အရှင်မင်းမြတ် ... ငါတို့ထိုင်ခုံတွေက ဒီဘက်မှာပါ။ ”

ကျန်းသော်က သူ့မင်းသား၏ အကြည့်ကိုမြင်ပြီး လမ်းပြရန် ပြင်လိုက်သည်။

“ ကောင်းပြီ ... ဒါပေမယ့် မင်းငါ့ကိုအခုကစပြီး သခင်လေးလို့ပဲခေါ်။ ”

သို့တိုင် ခရမ်းရောင်ဝတ်လူငယ်က ယွမ်လောရှီရှိရာသို့ တည့်တည့်မတ်မတ် လျှောက်လှမ်း သွားတော့၏။

***

All Chapters