အန္တရာယ်ကျရောက်ခြင်း။
Vol. 8 Ch. 85
ယွမ်လောရှီက ရိုးရှင်းစွာ သတိပေးပြီး လှည့်ထွက်လာခဲ့သည်။ ခရမ်းရောင်ဝတ် လူငယ် အမြင်ကို စိတ်မဝင်စားချေ။
ခရမ်းရောင်ဝတ် လူငယ်ခမျာ သူ့စကားမည်သူမျှ နားမလည်နိုင်ကြသဖြင့် ရုတ်တရက် အထီးကျန်သွားသည်။
ဤလူများ၏ကမ္ဘာသည် သေးငယ်လွန်းချေပြီ။ သူတို့ ကြုံဆုံနေသူသည် မည်မျှ မြင့်မြတ်ကြောင်း နားမလည်ကြချေ။
တစ်ဖက်တွင် စုရီ၏ အမြင်သည် ဤလူငယ်အဆင့်အတန်းမြင့်မားလေ ဒုက္ခပိုကြီး လေဖြစ်သည်။
သို့သော် သူတို့အဖွဲ့မှာ လှေကားအနား ရောက်ချိန်၌ အမျိုးသားတစ်ဦး၏ တားဆီးခြင်း ခံလိုက်ရသည်။
“ လာရာလမ်းအတိုင်း ပြန်သွားကြ။ ”
ဤသည်မှာ စာပေသမားကဲ့သို့ ၀တ်ဆင်ထားသော လူလတ်ပိုင်းတစ်ဦးပေပင်။ မျက်နှာပြဲပြဲ မျက်လုံးမှေးမှေးနှင့် ဖြစ်၏။
၎င်း၏ညာလက်သည် သူ့ခါး၌ရှိသော ဓားရိုးထက်တွင် ရပ်တန့်လျက် အေးစက်သော ရောင်ဝါကို ထုတ်လွှတ်နေသည်။
သူ့နောက်တွင် အနက်ဝတ် လူအချို့ ရပ်နေပြီး အောက်မှတက်လာမည့် သူများကို ပိတ်ဆို့ထားသည်။ စုစုပေါင်း (၁၀)ယောက် ခန့်ရှိချေပြီ။
“ ငါတို့ ခြေတစ်လှမ်းနောက်ကျသွားပြီ ... ။ ”
စုရီက သက်ပြင်းချကာ ခေါင်းရမ်းလျက် ပြန့်လှည့်လိုက်၏။ ထိုမြင်ကွင်းက လူလတ်ပိုင်း အရွယ် အမျိုးသားကို မျက်ခုံးပင့်မိစေသည်။
တစ်ဖက်လူသည် ဤမျှနာခံမှု ရှိလိမ့်မည်ဟု မထင်ထားချေ။ သူရဲဘောကြောင်သူ တစ်စုသာ ဖြစ်ပေမည်။
စုရီနှင့်အဖွဲ့ ပြန်ရောက်လာသည်ကို မြင်သောအခါ ခရမ်းရောင်ဝတ် လူငယ်က မျက်ခုံးပင့်သည်။ ထို့နောက် အေးစက်သော အပြုံးတစ်ပွင့်နှင့်အတူ ရွှင်မြူးသွား၏။
ထို့နောက် ရယ်မောလှောင်ပြောင် လိုသောဆန္ဒများကို သူ့အဆင့်အတန်းကြောင့် ပြန်လည်းထိန်းကာ၊
“ ပညာရှိဆိုတာ ... အခြေအနေနဲ့ အချိန်အခါအပေါ် နားလည်နေရမယ် ... အခု မင်းရဲ့အမှားကို မြင်ပြီမဟုတ်လား စောစောက မင်းစကားတွေကို ငါအပြစ်မယူပါဘူး။”
-ဟု ဂုဏ်ယူစွာ ပြောကြားလိုက်တော့သည်။
ထိုစကားကြောင့် ယွမ်လောရှီနှင့် အခြားသူများက ထူးဆန်းစွာ ပြန်ကြည့်ပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွား၏။ စုရီက လှေကားထစ်ကို ညွှန်ပြလျက်၊
“ ဒုက္ခက တံခါးဝရောက်နေပြီ ... သခင်လေးကျစ်လီ ... မင်းသတိထားသင့်တယ်။ ”
-ဟု တုန့်ပြန်လိုက်၏။
ခရမ်းရောင်ဝတ် လူငယ်က မျက်မှောင်ကြုတ်လျက် ကျန်းသော်ထံ မျက်ခုံးပင့် ပြလိုက်သည်။
“ သခင်လေး သတိထားပါ။ ”
ကျန်းသော်က တုန့်ဆိုင်းနေသော်လည်း ခေါင်းညိတ်လျက် ချက်ချင်း ပြေးထွက်သွား၏။ ထို့နောက် လူငယ်က ယွမ်လောရှီထံသို့ နူးညံ့သော အပြုံးဖြင့် လှည့်ကြည့်ပြီး၊
“ မိန်းကလေးယွမ် ... ဒီသင်္ဘောပေါ်မှာ ငါရှိနေတဲ့အရပ်က အလုံခြုံဆုံးပါပဲ သက်တောင့် သက်သာနေပါ။ ”
-ဟု နှစ်သိမ့်လေသည်။
“ အောက်ဆင်းရမယ် ... ငါ့ယောက်ျားက အောက်မှာ ပိတ်မိနေတယ်။ ”
ထိုစဉ် ကလေးငယ်ပွေ့ပိုက်ထားသော အမျိုးသမီးတစ်ယောက် ထိတ်လန့်တကြား ပြေးထွက်လာ၏။
ခရမ်းရောင် ၀တ် လူငယ်က မျက်မှောင်ကြုတ်လျက် အမျိုးသမီးကို တားရန် လှမ်းတက်လိုက်သည်။
“ အောက်ထပ်မှာ အန္တရာယ်ရှိတယ်။ ငါ့စကားကို နားထောင်ပါ ... မင်းဒီမှာနေရင် မင်းနဲ့ကလေး လုံခြုံလိမ့်မယ်။ ”
အမျိုးသမီး အနားရောက်လာသည့် လူငယ်ထံပြန်မော့ကြည့်ပြီး ဓားမြှောင်ဖြင့် ရုတ်တရက် လှမ်းထိုးလိုက်သည်။
“ ရွှပ် ... ။ ”
အတွေ့အကြုံရှိသော လူသတ်သမား တစ်ဦးဖြစ်ကြောင်း လှုပ်ရှားမှုနှင့် ဟန်ပန်က သက်သေပြနေ၏။
ခရမ်းရောင် ၀တ် လူငယ်က ခါးကိုကွေးညွှတ်ကာ ဗိုက်ရှပ်ပြီး ရှောင်လိုက် ရသည်။
“ မင်း သေချင်နေတာပဲ။ ”
“ ဝှစ် ... ။ ”
ချောင်ဝူဟောင်က အမျိုးသမီးထံ ပြေးဝင်လိုက်ရာ ၎င်းက လက်ထဲရှိကလေးဖြင့် ပြန်လည် ပစ်ပေါက်ခြင်း ခံလိုက်ရသည်။
ဤသည်မှာ အရုပ်တစ်ရုပ်သာ ဖြစ်ပြီး အမျိုးသမီးသည် လွတ်ရာသို့ ဆုတ်ခွာသွားပြီ ဖြစ်၏။
“ သခင်လေး ကျစ်လီ ... မင်းအဆင်ပြေရဲ့လား။ ”
ချောင်ဝူဟောင်က သတိကြီးစွာဖြင့် မေးမြန်းမိသည်။ ယွမ်လောရှီနှင့် ဟွမ်ချမ့်ချွယ် တို့ခမျာ အေးစက်သော ချွေးများစီးကျ လာ၏။
စုရီသာလျှင် ထိုအမျိုးသမီးထံ တစ်ချက်ကြည့်လိုက်မိသည်။ အမျိုးသမီးသည် သူမ၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု ပြီးပြည့်စုံနီးပါး ပေပင်။
ကံမကောင်းစွာဖြင့် ဓားမြှောင်သည် အရည်အသွေး နိမ့်လွန်းခဲ့၏။ မဟုတ်သော် လူငယ် ရင်ဘတ်ပွင့်သွားနိုင်မည်။
“ အဆင်ပြေပါတယ်။ ”
ခရမ်းရောင်ဝတ် လူငယ်ကချိန်ညှိလျက် ပြန်ဖြေသည်။ သူ့အင်္ကျီအောက်က ချပ်ဝတ်တွင် ခြစ်ရာတစ်ခု ထွက်ပေါ်လာ၏။
ဤသည်မှာ ရွှေကျောက်စိမ်း သက်တံချပ်ဝတ်ဖြစ်သည်။ သာမာန်ဝိညာဉ်ရေး လက်နက်များပင် မချိုးဖြတ်နိုင်ချေ။
“ အရှင်မင်းသား ... ။ ”
ကျန်းသော်က ထိတ်လန့်တကြားဖြင့် ပြန်လည်ရောက်ရှိလာသည်။
“ ငါအဆင်ပြေတယ်။ ”
ခရမ်းရောင် ၀တ် လူငယ်က အသက်ပြင်းပြင်းရှူပြီး အမျိုးသမီးဘက်သို့ လှည့်ကြည့်လိုက်သည်။
“ ဆဋ္ဌမမင်းသား ... မင်းက ဒီလို ဝိညာဉ်ချပ်ဝတ်အောက်မှာ ပုန်းနေလိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး။ ”
အမျိုးသမီးက လုပ်ကြံမှု မအောင်မြင် ခဲ့သဖြင့် ဒေါသတကြီး လှောင်ပြောင် လိုက်၏။ သူမ၏ အခေါ်အဝေါ်ကြောင့် အနီးနားရှိ လူအုပ်မှာ ထိတ်လန့်တကြား ဆုတ်ခွာလိုက်ကြသည်။
“ ဆဋ္ဌမမင်းသား ... ဒါဆို နင်က ... ။ ”
ယွမ်လောရှီက ထိတ်လန့်သွား၏။ ဤသည်မှာ မဟာကျိုးဧကရာဇ်၏ တိုက်ရိုက် သားစဉ်မြေးဆက် မင်းသားတစ်ပါးဖြစ်သည်။
၎င်းတို့သည် ဗဟိုဒေသကြီးဖြစ်သော မိုးပြာစီရင်စု၏ ကျောက်စိမ်းမြို့တော်တွင် အခြေချနေထိုင်၏။
တိမ်မြစ်စီရင်စုသည် ကျောက်စိမ်းမြို့တော်၏ အနောက်တောင်ဘက် နယ်မြေဖြစ်သည်။
၎င်းတို့ရှုထောင့်မှ ကြည့်သော် တိမ်မြစ်စီရင်စုသည် အစွန်အဖျားမျှသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တော်ဝင် မင်းသားတစ်ပါးကို လုပ်ကြံသတ်ဖြတ်ဝံ့ခြင်းဖြင့် မည်မျှ သတ္တိရှိမည်ကို တွက်ဆနိုင်၏။
“ ဒါဆို ပြဿနာက ပိုကြီးလာပြီ။ ”
သူတို့အားလုံးကို ဤအရှုပ်အထွေးမှ ဆွဲသွင်းတော့မည်ဖြစ်ရာ စုရီတစ်ယောက် ညည်းတွားလိုက်မိသည်။
သို့သော် စိတ်ပူစရာ သိပ်မရှိချေ။ သူ့အိမ်တံခါးကို လာခေါက်ဝံ့ပါက သူ့ဓားကို ခံနိုင်ရည်ရှိရန် လိုချေမည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ရုတ်တရက် ခြေသံများ ထွက်ပေါ်လာပြီးနောက် လှေကားမှ လူတစ်စု လှမ်းတက်လာ၏။
ခေါင်းဆောင်သည် စုရီလမ်းကို ပိတ်ဆို့ ခဲ့ဖူးသော လူလတ်ပိုင်းအရွယ် စာပေသမား ဖြစ်သည်။
သူ့နောက်တွင် အနက်ဝတ် လူတစ်စု လိုက်ပါလာ၏။ ၎င်းတို့ထံမှ သွေးရနံ့များ လှိုင်လှိုင်ထွက်နေသည်။
လုပ်ကြံသတ်ဖြတ်မှု ပေါင်းများစွာကို အောင်မြင်ထားသော ကြေးစားများဖြစ်ကြောင်း ပြောနိုင်၏။
“ ငါတို့ မင်းကို ထိတ်လန့်စေမိပြီ ဆဋ္ဌမမင်းသား ... ။ ”
လူလတ်ပိုင်းအရွယ် စာပေသမား အမျိုးသားက ပြုံးပြုံးရွှင်ရွှင်နှင့် ချဉ်းကပ်လာ ခဲ့သည်။
“ မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ။ ”
ခရမ်းရောင်ဝတ်လူငယ်၏ အမူအရာကရေခဲကဲ့သို့ အေးစက်သွားကာ မေးမြန်းလိုက်သည်။
သူ့မေးခွန်းကြောင့် လူလတ်ပိုင်းအရွယ် စာပေသမားက သက်ပြင်းချ၏။
“ အမှန်အတိုင်းပြောရရင် ငါလည်း ဒီမေးခွန်းကို သိချင်နေတာ ... ငါတို့ကို ငှားဖို့ ဒီလောက်များပြားတဲ့ ပမာဏကို ဘယ်သူက သုံးခဲ့တာလဲ ... ။ ”
“ ဟမ့် ... သူတို့ ဘယ်လောက်ပေးလဲ မင်းကိုငါနှစ်ဆပေးလို့ရတယ် ... မင်းလုပ်ရမှာက အခုချက်ချင်း ထွက်သွားလိုက်ပါ ... မင်းတို့ကို ခွင့်လွှတ်ပေးမယ်။ ”
“ ဟား ဟား ဟား ... ။ ”
လူလတ်ပိုင်းအရွယ် စာပေသမားက ရယ်ပြီးခေါင်းယမ်း၏။
“ ဆဋ္ဌမမင်းသား ... ငါ သုံးအထိ ရေတွက်မယ် မင်းလက်ထဲကအရာကို ... လက် မလွှဲရင် ငါ့ကိုအပြစ်မတင်နဲ့ ... တစ် ။ ”
နံပါတ်စဉ် ရေတွက်လိုက်သည်နှင့် အနက်ဝတ်တပ်သားများက လက်နက်များ ဆုပ်ကိုင်လျက် တိုက်ခိုက်ရန် အသင့် ပြင်နေတော့သည်။
“ တကယ် ညှိနှိုင်းဖို့ ... နေရာမရှိဘူးလား။ ”
ခရမ်းရောင်ဝတ် လူငယ်ခမျာ မျက်မှောင်ကြုတ်လျက် ထိတ်လန့်ခြင်းမရှိဘဲ ထပ်မေးသည်။
“ နှစ် ... ။ ”
လူလတ်ပိုင်းအရွယ် စာပေသမားက ပြုံးလျက် ပြန်ဖြေ၏။ ထိုမြင်ကွင်းကို ကြည့်ကာ ချောင်ဝူဟောင်တစ်ယောက် မျက်နှာပျက်သွားသည်။
ဤအရပ်၌ ဆဋ္ဌမမင်းသားသည်သာ တစ်စုံတစ်ရာ ဖြစ်ပျက်သွားသော် တော်ဝင် မိသားစု၏ အမျက်တော် ရှပေမည်။
ဆရာစု ပြောသလိုပင်။ ဤမင်းသားသည် ဒုက္ခ၏ အရင်းအမြစ် ဖြစ်သည်။ အတွေးများဖြင့် လှည့်ကြည့်မိရာ ဆရာစုက မြစ်ပြင်ကို ငေးကြည့်နေကြောင်း မြင်လိုက်ရ၏။
“ သုံး ... ။ ”
***