ဝိညာဉ်ကျောက်စိမ်းခန္ဓာကိုယ်။
Vol. 8 Ch. 86
“ သုံး ... ။ ”
“ သိုင်းအဒေါ် ... မင်း နောက်ထပ် စောင့်ကြည့်နေဦးမယ်ဆိုရင် ... ငါတကယ် ပြီးသွားတော့မှာ ကြောက်မိတယ်။ ”
ဆဋ္ဌမမင်းသားက အော်ဟစ်လိုက်၏။ သူ့စကားဆုံးသည်နှင့် ပျင်းရိချိုသာလွန်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ ဟမ့် ... မင်းဘာတွေ အော်နေတာလဲ တိုက်ပွဲက စတောင်မစသေးပါဘူး။ ”
သွယ်လျသောရုပ်သွင်က သူတို့ရှေ့တွင် ရုတ်ချည်းပေါ်လာ၏။ မျက်ဝန်းများက စူးရှပြီး နက်မှောင်သော ဆံပင်များကို မြင်းမြီးသဏ္ဍာန် ချည်နှောင်ထားသည်။
ဖြူဝင်းသော အသားအရေသည် ကြွေထည်အလား ချောမွေ့အပြစ်အနာအဆာ ကင်းလှ၏။
ရိုးရှင်းသော အဖြူရောင် ရှပ်အင်္ကျီ ဝတ်ဆင်လျက် လှပသော ကောက်ကြောင်းကို ထင်သာမြင်သာရှိစေသည်။
လက်တစ်ဖက်တွင် ကျောက်စိမ်းကွင်းတစ်ကွင်းနှင့် ကျန်တစ်ဖက်၌ ဝိုင်အိုးတစ်လုံးကို ကိုင်ဆောင်ထား၏။
“ အစ်မကြီး အရမ်းလှတယ်။ ”
ယွမ်လောရှီက လွှတ်ခနဲ ချီးကျူး လိုက်လေသည်။ သိုင်းအဒေါ် အမျိုးသမီးက ပြန်လှည့်ကြည့်ကာ၊
“ မင်းမှာ ချိုသာတဲ့ ပါးစပ်ရှိတယ်။ ”
-ဟု လက်မထောင်ပြ လိုက်တော့၏။
စုရီက ရုတ်တရက် မော့ကြည့်ပြီး မျက်ခုံးပင့်လိုက်မိသည်။ ဤသည်မှာ သဘာဝ ဝိညာဉ်ကျောက်စိမ်းခန္ဓာကိုယ် ဖြစ်၏။
အနိမ့်ဆုံး အဋ္ဌမတန်း၌ ရှိနိုင်ပြီး သေမျိုးကမ္ဘာတွင် ရှားပါးချေပြီ။ ကမ္ဘာကြီးတွင် ဝိညာဉ်ခန္ဓာကိုယ် အမျိုးအစားများစွာရှိ၏။
၎င်းတို့သည် နယ်ပယ်တူအတွင်း ပြိုင်ဘက်ကင်းသော စွမ်းရည်မျိုး ပြသနိုင်သည်။ အသန်မာဆုံးသော မွေးရာပါ ခန္ဓာကိုယ် အမျိုးအစားသည် ယန်ကိုးပါးခန္ဓာ၊ ဒြပ်စင်ငါးပါး ခန္ဓာ၊ ဓားအရိုးဝိညာဉ် သန္ဓေသားနှင့် တိုက်ပွဲဝင် လျှပ်စီးခန္ဓာ စသည်တို့ ဖြစ်၏။
၎င်းတို့အားလုံးသည် ကောင်းကင်ဘုံကို အံတုနိုင်မည်။ အရိုင်းမြေကိုးပါး၌ပင် ချီလင် ဦးချိုနှင့် ဖီးနစ်အမွေးကဲ့သို့ ရှားပါးချေ၏။
ထိုအဆင့် မွေးရာပါ ခန္ဓာကိုယ်မျိုး ပေါ်ထွန်းလာစေရန် နှစ်တစ်သောင်းကြာ စောင့်ဆိုင်းရနိုင်ပေမည်။
ချင်ကျင်းသည် ချီသန့်စင်မှု အစောပိုင်း အဆင့်တွင်သာရှိသည်။ သို့သော် သူမ၏ ဝိညာဉ် ကျောက်စိမ်းခန္ဓာကိုယ်ဖြင့် နယ်ပယ်တူအတွင်း ပြိုင်ဘက်ကင်းပေမည်။
“ အဟက် ... ဆဋ္ဌမမင်းသား သူ့လို ချီသန့်စင်ခြင်းအဆင့်က တစ်စုံတစ်ယောက်နဲ့ မင်းအတွက် လုံခြုံပြီ ထင်နေတာလား။ ”
စကားသံနှင့်အတူ ဖျင်ကြမ်းအင်္ကျီ ဝတ်ဆင်ထားသော အမျိုးသားက လှေကားမှ လှမ်းတက်လာသည်။
လေးပေရှည်သော အထည်လိပ်ကို သူ့နောက်ကျောတွင် လွယ်ထားပြီး ခြေလှမ်း ကျဲကျဲဖြင့် ချဉ်းကပ်လာသည်။
“ မဟာသခင် ... ။ ”
တစ်ဖက်လူ၏ ကျင့်ကြံမှုကြောင့် ချောင်ဝူဟောင်တစ်ယောက် ထိတ်လန့်တကြား ဖြစ်လာ၏။ ထိုစဉ် စုရီအသံက သူ့နားထဲ ဝင်လာလေသည်။
“ တကယ်လို့ ငါတို့က ပြဿနာကို မရှောင်လွှဲနိုင်တော့ဘူး ဆိုရင် မင်းလုပ်ရမှာက မိန်းကလေးယွန်နဲ့ ... ဟွမ်ချမ့်ကျွယ်ကို ကာကွယ်ပါ။ ”
ချောင်ဝူဟောင်ခမျာ တုန်လှုပ်စွာဖြင့် စုရီထံကြည့်လိုက်မိသည်။ တစ်ဖက်လူ၏ တည်ငြိမ်လွန်းသော အမူအရာကြောင့် အနည်းငယ် တည်ငြိမ်သွား၏။
ခရမ်းရောင်ဝတ် လူငယ်က ဒေါသထွက်လာတော့သည်။ ရန်သူသည် သူ့ကိုသတ်နိုင်ရန် မဟာသခင်ကို ငှားရမ်းခဲ့သည်လော။
ယင်းသည် မည်မျှ သေစေလိုနေသည်ကို မြင်သာချေပြီ။ ချင်ကျင်းက ဖျင်ကြမ်းအင်္ကျီနှင့် အမျိုးသားကို စစ်ဆေးကာ၊
“ မဟာသခင်တွေဟာ မဟာကျိုးမှာ နဂါးတစ်ကောင်ပဲ ... ဒါပေမယ့် နင်ကတော့ ခွေးတစ်ကောင်လို အမြီးကုပ်ပြီး လူအုပ်ကြားထဲ ပုန်းအောင်းနေတယ် မဟာသခင်ဆိုတဲ့ အမည်က နင်နဲ့မထိုက်တန်ပါဘူး။ ”
-ဟု လှောင်ပြောင်လိုက်၏။
“ နဂါးတွေက အမြဲအသွင်ပြောင်းပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရှိကြတယ် ကောင်မလေး မင်းဘယ်လိုသေချင်လဲ။ ”
“ ဒါဆို အဲဒီနဂါး ဘယ်လောက် အစွမ်းထက်လဲ ကြည့်ရအောင်။ ”
“ ချွင် ... ။ ”
ချင်ကျင်းက ဝိုင်အိုးကို စားပွဲပေါ် တင်လိုက်ကာ လက်ထဲရှိ ကျောက်စိမ်းကွင်းကို ခွဲထုတ်လိုက်၏။ ဓားနှစ်လက်က ချွင်ခနဲ ထွက်ပေါ်လာသည်။
ဓားသွားများသည် လခြမ်းသဖွယ် ကွေးညွှတ်နေပြီး ကြက်သွေးရောင် အလင်းများ မှိန်ပျပျ ဖြာထွက်နေသည်။
ဤသည်မှာ ကြက်သွေးရောင် လမင်း ဓားမော့နှစ်လက်ဖြစ်၏။ ၎င်း၏ရောင်ဝါကြောင့် သူမအသွင်သည် အနီရောင်လမင်းအတွင်းမှ နတ်သမီးအလား ထင်မှားလာစေသည်။
“ မဆိုးပါဘူး ဒီလိုညမျိုးမှာ မဟာသခင် တစ်ပါးရဲ့ ခေါင်းကိုဖြတ်ခွင့်ရတာ ဂုဏ်ယူစရာ ပါပဲ။ ”
“ ဟိတ် ... ။ ”
“ ရွှပ် ... ။ ”
စကားဆုံးသည်နှင့် ကြက်သွေးရောင် အလင်းတန်းအလား ပြေးတက်သွားတော့၏။ အသုံးပြုလိုက်သော ဓားရေးမှာ မြေကြီးအဆင့် လျှို့ဝှက်နည်းစနစ်ဖြစ်သည်။
“ ဘောင်း ... ။ ”
မဟာသခင် အမျိုးသားက သူ့နောက်ကျောတွင် ပိုးထားသော အထည်စကို အပိုင်းအပိုင်းကွဲစေလျက် အနက်ရောင် အရိုးရှည်ပုစိန်လှံကို ထွက်ပေါ်လာစေ၏။
“ ကလန် ... ကလန် ... ။ ”
ထို့နောက်တွင် ကြက်သွေးရောင် လမင်းဓားမော့နှစ်လက်ကို အရိုးရှည်လှံပုစိန်ဖြင့် ရိုက်ဖယ် လိုက်ရသည်။
နားစည်ပေါက်ကွဲလုမတတ် သတ္တုရိုက်သံများ ထွက်ပေါ်လာသည်။ ရလာဒ် အနေဖြင့် မဟာသခင် အမျိုးသားခမျာ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရ၏။
ချင်ကျင်းမှာမူ ဓားမော့နှစ်လက်ကို ကိုင်ဆောင်လျက် လိုက်ပါတိုက်ခိုက်နေခဲ့သည်။ ဤသည်မှာ ကြက်သွေးရောင် လွင့်မျောခြင်း လခြမ်းဓားပညာ ဖြစ်၏။
“ မယုံနိုင်စရာဘဲ။ ”
ယွမ်လောရှီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ ဤအမျိုးသမီးသည် နွဲ့နှောင်းပျင်းရိသော်လည်း ဓားကိုင်ချိန်တွင် မဟာသခင်တစ်ပါးထက် ကြီးစိုးနေ၏။
ထို့နောက်တွင် ချင်ကျင်းက ရက်စက် ကြမ်းကြုတ်သော လူသတ်ရန် ရည်ရွယ်ချက် များဖြင့် မဟာသခင်အပေါ် တဟုန်ထိုး တိုက်ခိုက်တော့သည်။
“ ရွှပ် ... ။ ”
“ ကလန် ... ကလန် ... ။ ”
“ ချွင် ... ။ ”
ဓားနှစ်လက်တွင် ချီစွမ်းအင်ကြောင့် မီးလျှံဖျော့ဖျော့ တောက်လောက်လျက် လျှပ်စီး အလား ရွေ့လျားနေ၏။
မဟာသခင်အမျိုးသားခမျာ ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာလျက် ဓားမုန်တိုင်းအပေါ် ဖြတ်ကျော်ရန် ကြိုးစားနေသည်။
“ ချီသန့်စင်ခြင်း အဆင့်က တစ်စုံတစ်ယောက်က ... ဒီလိုစွမ်းအားမျိုး ရှိနေတာလား မထင်ထားဘူး၊ ဒါပေမယ့် ငါက မဟာသခင်ပဲ။ ”
စကားဆုံးသည်နှင့် သူ့ခွန်အားကို အထွတ်အထိပ်ထိ ထုတ်ဖော်လိုက်တော့၏။ သွေးနှင့်ချီက မိုးခြိမ်းသံကဲ့သို့ ပွက်ပွက်ဆူ လာလေသည်။
ရှေ့တစ်လှမ်း လှမ်းတက်လိုက်ရာ ရောင်ဝါများ နောက်တစ်ဆင့်တက်သွား၏။
“ ဝုန်း ... ။ ”
“ ကလန် ... ကလန် ... ။ ”
နှစ်ဦးသား တိုက်ပွဲအဟုန်ကို ထပ်မံမြှင့်တင်လိုက်တော့သည်။ များမကြာမီ မဟာသခင်အမျိုးသားမှာ ထပ်မံ ဆုတ်ခွာ လိုက်ရပြန်သည်။
“ ဟမ့် ... နင့်မှာ ရှိတာ အကုန်ပဲလား ဒါဆိုအချိန်က အဖိုးတန်တာမို့ ... ကစားပွဲကို အဆုံးသတ်ရအောင်။ ”
ချင်ကျင်းက လူသတ်ရန် ရည်ရွယ်ချက်များဖြင့် ဓားနှစ်လက်ကို လွှဲခုတ်ချ လိုက်သည်။
ဤတစ်ကြိမ်တွင် နေထွက်လာသကဲ့သို့ ကြက်သွေးရောင် အလင်းတန်းများ သူမအပေါ် လွှမ်းခြုံလာ၏။
ထိုမြင်ကွင်းက သာလွန်ကွဲပြားပြီး ကောင်းကင်မှ တိမ်မြူများအလား ခံစားရသည်။ မွေးရာပါခန္ဓာကိုယ်၏ စွမ်းအားဖြစ်၏။
ဤသည်မှာ မဟာသခင်များကို တိုက်ခိုက်ဝံ့သော သူမ၏ ယုံကြည်မှုဖြစ်မှန်း စုရီသိသည်။
သို့သော် ရန်သူသည် မင်းသားတစ်ပါးကို လုပ်ကြံရန်ရည်ရွယ်သဖြင့် ၎င်းထက်ပိုသော ဝှက်ဖဲများရှိနေမည်မှာ သေချာ၏။
တိုက်ပွဲက နောက်တစ်ကြိမ် ပြင်းထန်လာပြန်သည်။ မွေးရာပါ စွမ်းရည်ကို ထုတ်ဖော်ပြီး မဟာသခင်ကို မြူခိုးများ၌ ချုပ်နှောင်ပစ်၏။
ယင်းက သူမကို သိသိသာသာ အဆင့်တစ်ခုသို့ တက်လာစေပြီး မဟာသခင်ကို သတ်ရန် အခွင့်အရေးမျိုး ပေးစွမ်းလာသည်။
များမကြာခင် မဟာသခင်အမျိုးသား၏ နှုတ်ခမ်းထောင့်များမှ သွေးစများ စီးကျလာကာ အကြပ်အတည်းအတွင်း ကျရောက်သွား၏။
“ ကောင်းပြီ ... ဒီလုပ်ငန်းကို သဘောတူပြီးမှတော့ ... ဘာလို့ ရှင်သန်မှုကို တန်ဖိုးထားနေရမှာလဲ။ ”
အဆုံးတွင် မဟာသခင်အမျိုးသားသည် သူ့စွမ်းအင်များကို လှိုင်းလုံးကဲ့သို့ တဝုန်းဝုန်း မြည်ဟည်းစေလျက် အဖျက်စွမ်းအားဖြင့် တိုက်ပွဲအပေါ် စီးမိုးလိုက်သည်။
“ တားမြစ်နည်းစနစ်လား။ ”
ချင်ကျင်းက ရုတ်တရတ် လေးနက်လာပြီး ကြယ်ပွင့်များ ရွာချနေသကဲ့သို့ ဓားနှစ်လက်ဖြင့် အစွမ်းကုန် တိုက်ခိုက်လိုက်သည်။
“ ကလန် ... ။ ”
သို့သော် ရန်သူသည် ခွန်အားများ နှစ်ဆတိုးလာပြီး သက်ရောက်မှုအရ ချက်ချင်း ဆုတ်ခွာပေးလိုက်ရ၏။ အကျိုးဆက်အနေဖြင့် နှုတ်ခမ်းမှ သွေးများစီးကျလာသည်။
တစ်ဖက်တွင် မဟာသခင် အမျိုးသားသည် တဟုန်းဟုန်းတောက်လောင်၍ မငြိမ်းနိုင်သော တောမီးနှင့်တူလာတော့၏။
၎င်းက လှံပုစိန်ဖြင့် လွှဲခုတ်ချလာသည်။ သူ့အတွက် တိုက်ပွဲကို အဆုံးသတ်ရန် အလျင် လိုသည်။ တားမြစ်နည်းစနစ်သည် အချိန် အကန့်အသက်ရှိချေ၏။
“ ဝှီး ... ။ ”
“ ဘုန်း ... ။ ”
ချင်ကျင်းခမျာ ဓားနှစ်ကို ဆွဲလျက် ချက်ချင်းတိမ်းရှောင်လိုက်ရသည်။ ပုစိန်သွားက ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။
“ အဟွတ် ... အဟွတ် ... ။ ”
သို့တိုင် ရိုက်ခတ်မှု လှိုင်းအနည်းငယ် ထိမှန်သွားပြီး သွေးချောင်းဆိုးလာတော့သည်။ ယုံကြည်မှုများ လျော့ရဲလျက် သေမင်းကို မြင်နေရသကဲ့သို့ ခံစားလာရ၏။
“ ဘဝတစ်ခုအတွက် ... ဘဝတစ်ခု လျော်ကြေး။ ”
အဆုံးတွင် မဟာသခင်အမျိုးသားက အနက်ရောင်လှံပုစိန်ဖြင့် လှမ်းထိုးလာတော့၏။ ဤတိုက်ခိုက်မှုသည် ရိုးရှင်းလှသော်လည်း ရှောင်လွှဲ မရနိုင်သည့် ပိုက်ကွန်နှင့်တူသည်။
တောင်ကြီးတစ်လုံးကဲ့သို့ ပြင်းထန်ပြီး ၎င်းနှင့်အတူ သူမကိုခေါ်သွားရန် ရည်ရွယ်နေပုံ မြင်သာ၏။
“ ချွင် ... ။ ”
ထို့ကြောင့် ချင်ကျင်းမှ ခါးသီးသော ခံစားချက်များဖြင့် ထိပ်တိုက်ရင်ဆိုင်ရန်သာ ရွေးချယ်လိုက်ရတော့သည်။
***