ဝိညာဉ်ဖျက်ဆီးခြင်း ဓားမန္တန်။
Vol. 8 Ch. 87
“ သိုင်းအဒေါ် ... ”
ခရမ်းရောင် ၀တ်လူငယ်က အဝေးကနေကြည့်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ ထန် ... ထန် ... ။ ”
“ ဟိတ် ... ။ ”
“ ဝှစ် ... ။ ”
ချင်ကျင်းက ကြက်သွေးရောင် လမင်းဓားမော့ဖြင့် ကန့်လန့်ဖြတ် ခတ်ထုတ်ကာ လေထဲခုန်တတ်လျက် ပေပေါင်းများစွာ အကွာသို့ ဆင်းသက်ပစ်၏။
“ အဟွတ် ... အဟွတ် ... ။ ”
မျက်နှာဖြူဖျော့လျက် နှုတ်ခမ်းများပင် ဖြူလာကာ အကြိမ်ကြိမ် ချောင်းဆိုးနေခဲ့သည်။
“ ပြေးတာ မြန်တယ်။ ”
မဟာသခင် အမျိုးသားက အံ့အားသင့်စွာ မျက်ခုံးပင့်လိုက်သည်။
“ ကျစ်လီ ... ခုထွက်သွားပါ ... အရေးကြုံလာရင် ဝှက်ဖဲတွေသုံးဖို့ မနှမျောနဲ့။ ”
ချင်ကျင်းက သူမလက်မှ လွတ်ထွက်သွားသော ဓားမော့နှစ်လက်ကို လှမ်းကြည့်ပြီး အားကိုးရာမဲ့စွာ ပြောကြား လိုက်လေသည်။
“ သိုင်းအဒေါ် ... စိတ်မပူနဲ့ ငါတို့အတူတူ သေမယ်။ ”
“ ထွက်သွားချင်လား မေ့လိုက်ပါ ... ဒီနေရာက ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး။ ”
မဟာသခင်လူရွယ်က လှောင်ပြုံးဖြင့် ပြောကြားလာလေသည်။ ယွမ်လောရှီ၊ ဟွမ်ချမ့်ကျွယ်နှင့် ချောင်ဝူဟောင်မှာ ကျေရိုးများအေးစိမ့်သွား၏။
“ တွေ့လား ... မင်းက ဒုက္ခတွေရဲ့ ရင်းမြစ်ပဲလို့ ... ငါပြောခဲ့တာယုံပြီ မဟုတ်လား။ ”
စုရီက ရုတ်တရက် ဒေါသဖြင့် ခရမ်းရောင်ဝတ် လူငယ်ကို အော်ငေါက်လိုက် လေသည်။ သူ့စကားကြောင့် လူတိုင်း လှည့်ကြည့်လိုက်၏။
ဆဌမမင်းသားက စုရီကို ပြန်စိုက်ကြည့်ပြီး၊
“ မင်းကို ... ဒီမှာခေါ်ထားမိလို့ ငါ့ကိုအပြစ်တင်နေတာလား။ ”
“ မဟုတ်လို့လား ... မင်းကိုယ်မင်း ဘယ်သူဆိုတာ သိရက်နဲ့ ... ဒီမှာပျော်မြူးဖို့ ရွေးချယ်နေတုန်းပဲ ... အခု မင်းလုပ်ရက်ကြောင့် လူအချို့ကို ထိခိုက်နစ်နာတော့မယ် ... တစ်ကိုယ်ကောင်း ဆန်လွန်းတယ်။ ”
ဤသည်မှာ အစောပိုင်း တစ်ဖက်လူကို ကြိမ်းမောင်းခဲ့သော သူ့စကားများဖြစ်သဖြင့် ခရမ်းရောင်ဝတ် လူငယ်မှ အဆင်မပြေ ဖြစ်သွားသည်။
“ ကြည့်စမ်း ... ဒီလိုအချိန်မှာတောင် အချင်းချင်း ရန်ဖြစ်နေကြပြီ ... ခစ် ခစ် ခစ်။ ”
ခရမ်းရောင်ဝတ် လူငယ်ကို လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် အမျိုးသမီးငယ်က ရယ်မော လှောင်ပြောင်လာ၏။
“ ငါစကားပြောပြီးရင် မင်းရယ်နိုင်မလား ကြည့်မယ်။ ”
စုရီက လှည့်ကြည့်ကာ ကြိမ်းမောင်း လိုက်သည်။ ထိုအကြည့်က အမျိုးသမီးအပေါ် ရေခဲတောင် ပြိုကျလာသကဲ့သို့ ကျောရိုးများ အေးစက်လာစေ၏။
“ ဆဋ္ဌမမင်းသား ... ငါတို့ကို ကယ်တင်နိုင်တာဆိုလို့ ဆရာစုပဲရှိတော့တယ် မင်းစိတ်လျော့လိုက်ပါ ... အဓိပ္ပါယ်မရှိ ငြင်းခုံဖို့ ကြိုးစားမနေပါနဲ့။ ”
ယွမ်လောရှီက အသက်ပြင်းပြင်းရှူပြီး လေးလေးနက်နက် ပြောကြားလိုက်မိသည်။
“ ဟမ့် ... သူက ငါတို့ကို ကယ်နိုင်တယ်လား။ ”
သူမစကားကြောင့် ဆဋ္ဌမမင်းသားက စကားမပြောနိုင်တော့ချေ။ ချင်ကျင်းသည်လည်း မျက်မှောင်ကြုတ်လျက်၊
“ ကောင်းပြီ ... သူကယ်နိုင်ရင် ... သူလိုချင်တာ မှန်သမျှ ငါဖြည့်ဆည်းပေးမယ်။ ”
-ဟု ကြေငြာလိုက်၏။
“ မင်းသေချာလား။ ”
စုရီက တိုက်ရိုက်မေးသည်။ ချင်ကျင်းမှ ခေါင်းညိတ်လျက်၊
“ ဘာမဆို တောင်းဆိုနိုင်တယ်။”
-ဟု အတည်ပြုလိုက်၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် မဟာသခင်က စုရီထံ အနက်ရောင် လှံပုစိန်ဖြင့် အငိုက်ဖမ်းခုတ်ချ ပစ်တော့သည်။
မဟာသခင်တစ်ပါး၏ ရုတ်ချည်း တိုက်ခိုက်မှုဖြစ်သဖြင့် မည်မျှ ကြောက်စရာ ကောင်းမည်ကို တွေးကြည့်နိုင်မည်။
“ ချွင် ... ။ ”
ရုတ်တရက် ဝါးတောင်ဝှေးအတွင်းမှ ပြာလဲ့လဲ့ ဓားတစ်လက် ထွက်ပေါ်လာသည်။ တောက်ပလွန်းသောကြောင့် လူတိုင်း၏ မျက်လုံးများ မှိတ်ကျသွား၏။
ထိုအလင်းကြောင့် မဟာသခင်ခမျာ စိတ်ဝိညာဉ်ဖရိုဖရဲ ဖြစ်လာပြီး ဓားချီတစ်လက် ဝင်ရောက်လာသည်ကို အံ့အားသင့်ဖွယ် မြင်လိုက်ရသည်။
ခမ်းနားပြီး ရှေးကျလွန်း၏။ နှလုံးသား၌ အကူအညီမဲ့မှု၊ သိမ်ဖျင်းမှုနှင့် အားငယ်မှုများ ဝင်ရောက်လာသည်။
“ မဟုတ်ဘူး ... ။ ”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟစ်ကြွေးသံပြုလျက် သူ့ကိုယ်သူ နိုးထစေ တော့၏။
“ ဘုတ် ... ။ ”
သို့တိုင် လေထုအလယ် အနက်ရောင် လှံပုစိန်ကြီးကို ဆန့်တန်းလျက် အေးခဲနေသော အသွင်ဖြင့် ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။
ထိုမြင်ကွင်းက လုပ်ကြံသတ်ဖြတ်ရန် လာရောက်ခဲ့သူများကို အကူအညီမဲ့စေသည်။ သူတို့ခေါင်းဆောင်သည် ပြင်ပဒဏ်ရာမရှိဘဲ မလှုပ်မယှက် ငြိမ်သက်သွားတော့၏။
“ ဘာလဲ ... ။ ”
“ ဒီလိုပဲ သေသွားတာလား။ ”
သဘာဝမကျသော သေဆုံးမှုကြောင့် လူတိုင်း သို့လော-သို့လော ဖြစ်တည်ကုန်၏။ ကျောရိုးတစ်လျှောက် အေးစိမ့်လာသည်။
“ ဒါ ... ။ ”
လူလတ်ပိုင်းအရွယ် စာပေသမားနှင့် လက်အောက်ငယ်သားများ အံ့အားသင့်သွားကာ တုန်ယင်ကုန်၏။
ကျောက်စိမ်း မြို့တော်မှလာသော ဆဋ္ဌမမင်းသားသည်ပင် ချွင်းချက် မရှိချေ။ မျက်လုံးပြူးသွား၏။ မဟာသခင်တစ်ပါးကို ဤမျှလွယ်လွယ် သတ်နိုင်သည်လော။ အဓိပ္ပါယ်မရှိချေ။
“ ဆရာစုရဲ့ နည်းလမ်းတွေက တနေ့ထက်တစ်နေ့ ... မယုံနိုင်စရာတွေ ပိုပိုများလာတယ်။ ”
ချောင်ဝူဟောင်က သက်ပြင်းချ လိုက်တော့သည်။ သူ့ဘေးရှိ ကျန်းသော်မှာမူ ဆိုဖွယ်မရှိချေ။
“ နင် ... ။ ”
ချင်ကျင်းက သတိပြန်ဝင်လာသည်။ စုရီဓားသည် မဟာသခင်တစ်ပါးကို ဆယ်မီတာ အကွာမှ ယုတ္တိမတန်သောပုံစံဖြင့် သေဆုံးသွား စေ၏။
“ ရွှပ် ... ။ ”
လူတိုင်းမှင်သပ်နေစဉ် စုရီက လုပ်ကြံသတ်ဖြတ်သူ အမျိုးသမီးငယ်၏ လည်မျိုကို လှီးဖြတ်လိုက်တော့သည်။
အမျိုးသမီးခမျာ မျက်လုံးများ ပြူးကျယ်လျက် အံ့အားတကြီး သေဆုံးသွား၏။ အသံပင် မထွက်နိုင်ခဲ့ချေ။
“ ငါစကားပြောနေတဲ့ အချိန်မှာ ... ရယ်သံမောတာကို မကြိုက်ဘူး .... ။ ”
ထို့နောက် လူလတ်ပိုင်း အရွယ် စာပေသမားထံ လှည့်ကြည့်လိုက်လေသည်။ ၎င်းအမျိုးသားက သတိဝင်လာပြီး ချက်ချင်း လှည့်ပြေးတော့၏။
“ မြန်မြန် ... မြန်မြန်ပြေး ... ။ ”
သူနှင့်အတူ အနက်ဝတ် (၁၀)သည်လည်း လိုက်ပါသွားသည်။ သို့သော် ချောင်ဝူဟောင်နှင့် ကျန်းသော်က ခွင့်မပြုချေ။ အနက်ဝတ်လုပ်ကြံ သတ်ဖြတ်သူများကို ပိတ်ဆို့လိုက်၏။
“ ဒီလူယုတ်မာတွေကို ခွင့်မပြုနဲ့ ... ။ ”
“ သတ်စမ်း ... ။ ”
အခြားသော ခရီးသည်များမှလည်း တိုက်ပွဲအတွင်း ပါဝင်လာသည်။ ယင်းကြောင့် စုရီမှဆက်လိုက်မည့် အတွေးကို ရပ်လိုက်၏။
တစ်စုံတစ်ယောက်သည် သူ့အတွက် ဝန်ဆောင်မှုပေးနေခြင်းအပေါ် လက်မခံနိုင်စရာ အကြောင်းမရှိချေ။
ထို့နောက် ပြန်လှည့်ကြည့်လိုက်ရာ ကုလားထိုင်တစ်လုံးကို မြင်သဖြင့် ထိုင်ချလိုက် တော့သည်။
စိတ်ဝိညာဉ်မှ ခံစားလိုက်ရသော ပင်ပန်းနွမ်းနယ်မှုများကြောင့် ချက်ချင်း မျက်လုံး မှိတ်ချလိုက်၏။
အစောပိုင်းက မဟာသခင်ကို သတ်ရန် အသုံးပြုခဲ့သောဓားသည် ဝိညာဉ် ဖျက်ဆီးခြင်း ဓားမန္တန်ဖြစ်၏။
ဤသည်မှာ စိတ်ဝိညာဉ် တိုက်ခိုက်မှု ဖြစ်ချေပြီ။ ထို့ကြောင့် ပြင်ပဒဏ်ရာများ မရှိဘဲ ဝိညာဉ်တိုက်ရိုက် ပြိုကျသွားခြင်းဖြစ်၏။
စိတ်ဝိညာဉ် ကျင့်ကြံသူများအတွက် ထူးခြားသော မန္တန်မျိုး မဟုတ်သော်လည်း မဟာကျိုး၌ လုံလောက်ချေပြီ။
သို့တိုင် ဤအရွေ့တစ်ခုသည်ပင် စိတ်စွမ်းအင်ကို လုံးလုံးလျားလျား ဆုတ်ယုတ် သွားစေ၏။ ထို့ကြောင့် စကြာဝဠာ ဖန်တီးခြင်း သုတ္တန်ဖြင့် စိတ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းနေမိသည်။
စုရီတစ်ယောက် အတွေးနက်နေစဉ် ခရမ်းရောင်ဝတ်လူငယ်မှ မျက်ခုံးပင့်ကြည့်လိုက် တော့၏။
တစ်စုံတစ်ယောက်သည် မဟာသခင်တစ်ပါးကို သတ်ပြီး ဤသို့ ပျင်းရိစွာ မိန်းမောနေသည်လော။ ယုံနိုင်ဖွယ် မရှိချေ။
***