ဧကရာဇ် ဥသျှောင်။
Vol. 8 Ch. 89
နောက်တစ်နေ့မနက်တွင် စုရီတစ်ယောက် တရားထိုင်ရာမှ နိုးလာသောအခါ သင်္ဘောကြီး ပြန်လည်ထွက်ခွာနေပြီ ဖြစ်သည်။
ပထမထပ်သို့ ဆင်းလာပြီးကာ ပြင်ဆင်ပြီးသော နံနက်စာစားပွဲထံ ဦးတည် လိုက်လေသည်။ လူတိုင်းက ပြင်ဆင်ပြီး သူ့ကို စောင့်နေ၏။
“ ဆရာစု၊ ငါတို့စောင့်နေတာ စားကြရအောင်။ ”
ယွမ်လောရှီက သွက်လက်စွာ နှုတ်ဆက်လာသည်။
“ ကောင်းပြီ။ ”
“ အဟွတ် ... အဟွတ်။ ”
ထို့နောက် လေးယောက်သား နေရာယူလိုက်ကြ၏။ ချောင်ဝူဟောင်က ရုတ်တရက် ချောင်းဆိုးလာသည်။
စုရီမှ မျက်ခုံးပင့်ကြည့်ပြီး၊
“ မနေ့ညက ဒဏ်ရာရသွားတာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ နည်းနည်းပါ ဆရာစု။ ”
ချောင်ဝူဟောင်က ရှက်ရွံ့စွာ တုန့်ပြန်လာလေသည်။ ဟွမ်ချမ့်ကျွယ်မှ မနေနိုင်တော့ဘဲ၊
“ အစ်ကိုစု၊ မနေ့ညက မင်းအပေါ် စော်ကားတဲ့ ချီသန့်စင်ခြင်း အထွတ်အထိပ်က အဲဒီလူကို စီနီယာချောင်က ခေါင်းဖြတ် ပေးလိုက်ပြီ။”
-ဟု ဝင်ရောက်ရှင်းပြလာ၏။
စုရီကတစ်စုံတစ်ယောက်ကို ရုတ်တရက် ပြန်မှတ်မိလာပြီး၊
“ လူလတ်ပိုင်းအရွယ် အမျိုးသားလား။ ”
“ ဟုတ်တယ် ... သူပဲ။ ”
“ ဒါဆို ... မင်းကို အလုပ်ရှုပ်စေမိပြီ။ ”
စုရီက ချောင်ဝူဟောင်ကို လေးနက်စွာ ကြည့်ပြီးပြောကြားလိုက်သည်။
“ ဆရာစု ... မင်းက သိပ်ပြီး ယဉ်ကျေးနေစရာ မလိုပါဘူး ... ငါလုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့တာပါ။ ”
ထိုအချိန်တွင် တံခါးခေါက်သံနှင့်အတူ ဧည့်သည်ရောက်ရှိလာ၏။
“ အဖိုးကြီးချောင် ... သခင်လေးစု နိုးပြီလား။ ”
“ ဟမ့် ... ဒါကျန်းရီရန်ပဲ ... မနေ့ညက အဖြစ်အပျက်အတွက် လာတာနေမယ် မမှားရင် ဆရာစုကို သူ ကျေးဇူးတင်စကားပြောကြားဖို့ လာတာပါ။ ”
ချောင်ဝူဟောင်က စုရီကို ကြိုတင် သတင်းပေးကာ ထမင်းစားပွဲမှ သွားရောက် ကြိုဆိုတော့၏။
“ လောရှီ ... မနေ့ညက ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာကို သူ့ ပြန်ပြောပြလိုက်ပါ။ ”
စုရီက မှာကြားလိုက်၏။ ယွမ်လောရှီတစ်ယောက် တူနှစ်ချောင်းကို ပြန်ချပြီး ချက်ချင်းခေါင်းညိတ်ပြသည်။
ဘေးမှ နားထောင်နေသော ဟွမ်ချမ့်ကျွယ်ခမျာ အစ်ကိုစုအပေါ် ပိုမိုလေးစား လာတော့၏။ ယွမ်မိသားစု ပုလဲကို ပေါ့ပေါ့ ပါးပါးပင် စေခိုင်းနေသည်။
ဤသည်မှာ တိမ်မြစ်စီရင်စု၏ ကျော်ကြားသော အလှတရားတစ်ပါး ဖြစ်သည်။ အစ်ကိုစုသည် ရက်စက်တတ်သော နှလုံးသားပိုင်ရှင်ပေပင်။
သို့သော် တစ်ဖက်တွင် ထိုသူမသည် အစ်ကိုစုရှေ့၌ သခင်မျက်နှာသာပေးခြင်းကို ခံယူလိုချင်သော အစေခံနှင့် တူနေ၏။
ဟွမ်ချမ့်ကျွယ်တစ်ယောက် အတွေး လွန်နေစဉ် ချောင်ဝူဟောင်နှင့် ကျန်းရီရန်တို့ ရောက်ရှိလာသည်။ စုရီက ထရပ်ကာ နှုတ်ဆက်ရန် ပြင်၏။
“ သခင်လေးစု ... မင်းထိုင်ပါ ထရပ်ဖို့မလိုပါဘူး ငါကျေးဇူးတင်စကားပြောဖို့ လာတာပါ ... ပြီးတာနဲ့ ထွက်သွားမှာပါ။ ”
ထို့နောက် လက်သီးများဆုပ်လျက် လက်ဖျံနှစ်ချောင်း ကြက်ခြေခတ်ပြလိုက်ပြီး ရိုသေစွာ ဦးညွှတ်လေသည်။
သူသည် အမှန်ပင် ရိုးရိုးရှင်းရှင်း လူစားမျိုးဖြစ်သည်။ ကျေးဇူးတရားကို အမှတ်ရ နေမည်ဖြစ်၏။ စကားစမြည် အနည်းငယ်မျှ ပြောကြားပြီးနောက် နှုတ်ဆက်ကာ ပြန်ထွက်သွားလေသည်။
“ ဆရာစု၊ ဒီကျန်းရီရန်ရဲ့ အလေးပြုမှုက ပြန်မဆပ်ရသေးတဲ့ ကျေးဇူးတရားကို ကိုယ်စား ပြုပါတယ် ... အချိန်တိုင်း အမှတ်ရနေပြီး သူ့အသက်ကို လိုချင်ရင်တောင် ပေးအပ်ဖို့အသင့်ပါ။ ”
ထိုစကားကြောင့် စုရီက ခဏမျှ အံ့သြမှင်သပ်သွားပြီး ခေါင်းညိတ်ပြကာ၊
“ သူ့လိုလူက ချီးမွမ်းထိုက်တယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
မထွက်ခွာမီ ၎င်းက ဝိုင်ပုလင်းတစ်လုံး ပေးအပ်ခဲ့သည်။ ဝိုင်အမည်မှာ နှင်းမုန်တိုင်းဟု ခေါ်ဆိုပြီး သူ့ဆရာ ဝိညာဉ်သိုင်းသမားချန်ကျန့် ကိုယ်တိုင် ချက်လုပ်ထားခြင်းဖြစ်၏။
အဆင့်လေး ဝိညာဉ်သားရဲများ၏ သွေးအနှစ်သာရ၌ ဆေးဘက်ဝင်အပင်အချို့ စိမ်ပြီး နှင်းခဲအတွင်း မြှုပ်နှံထားခဲ့သည်။
ဆယ်နှစ်သက်တမ်း ပြည့်ပြီးနောက် ဆေးစွမ်းကောင်းမွန်သော နှင်းမုန်တိုင်းဝိုင်ကို ရရှိပေမည်။
အာနိသင်သည် သာမန်အဆင့် ဆေးဝါးများထက် သာလွန်၏။ ဤသို့သော ဝိုင်ပုလင်းဖြင့် လက်ဆောင်ပေးခြင်းသည် သူ့သိတတ်မှုကို မြင်သာစေ၏။
“ ပလောက် ... ပလောက် ... ။ ”
စုရီက ပုလင်းကို ဖွင့်လိုက်ပြီး တစ်ခွက် ငှဲ့ချလိုက်ရာ ပျင်းရှသောရနံ့နှင့် ပန်းဝတ်ရည် ရနံ့များ ပျံ့နှံ့လာ၏။ အရည်သည် အနီရောင် သလင်းကျောက်သဖွယ် တောက်ပနေသည်။
“ ငါ့ရန်သူကို ... ငါ့အတွက် ခေါင်းဖြတ်ပေးတဲ့အတွက် ဒီဝိုင်တစ်ခွက်က ... လေးစားမှုကိုပြတယ် သောက်ပါ။ ”
စုရီက ချောင်ဝူဟောင်ထံ ကမ်းပေး၏။ ချောင်ဝူဟောင်ခမျာ အံ့အားသင့်သွားပြီး ဝိုင်ကို လက်ခံယူလိုက်သည်။
“ ဝိုင်ကို ရက်ရက်ရောရော ... မျှဝေပေးလို့ ကျေးဇူးတင်ပါတယ် ဆရာစု။ ”
“ ယဉ်ကျေးနေဖို့ မလိုပါဘူး ... မင်းရဲ့ဒဏ်ရာတွေကို ပျောက်ကင်းအောင် ကူညီပေးရမယ် မဟုတ်လား။ ”
စုရီက ခေါင်းညိတ်၏။ ယွမ်လောရှီနှင့် ဟွမ်ချမ့်ကျွယ်မှ နှုတ်ခမ်းသပ်ကာ ဝိုင်ပုလင်းကို ကြည့်နေခဲ့သဖြင့် စုရီကပြုံးပြီး၊
“ ဒီဝိုင်က အရမ်းအစွမ်းထက်တယ် ... အခုသောက်ရင် တစ်နေကုန် သူ့ကိုချေဖြတ်မှ ရလိမ့်မယ် ... ငါတို့ညအထိစောင့်ပြီး အတူတူ သောက်ရအောင်။ ”
“ အဟဲ ... ။ ”
သို့မှသာ နှစ်ယောက်သာ ရှက်ပြုံးပြုံးပြီး ခေါင်းညိတ်ပြ လိုက်ကြသည်။ ထို့စဉ် ဧည့်သည် နှစ်ယောက် ထပ်မံရောက်လာပြန်၏။
ဤတစ်ကြိမ်၌ ခရမ်းရောင်ဝတ် လူငယ်ဖြစ်ပြီး သူ့ဘေးတွင် ချင်ကျင်းလိုက်ပါ လာသည်။
“ သခင်လေးစု မနေ့ညက ကူညီခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် ... ဒါက ငါတို့ရဲ့ လက်ဆောင်တစ်ခုပါ ... လေးစားမှု အဖြစ် မှတ်ယူပေးပါ။ ”
ခရမ်းရောင်ဝတ် လူငယ်က လက်နှစ်ဘက်ဖြင့် သေတ္တာတစ်လုံးကို ကမ်းပေး လာ၏။ စုရီမှ ကန့်ကွက်ခြင်း မရှိသောကြောင့် ဟွမ်ချမ့်ကျွယ်က လက်ခံယူလိုက်သည်။
ချောင်ဝူဟောင်က ပြုံးလျက် ခရမ်းရောင်ဝတ် လူငယ်နှင့် ချင်ကျင်းကို ထိုင်ရန် နေရာချပေးလိုက်သည်။
ဤသည်မှာ ဆဋ္ဌမမင်းသား ဖြစ်သဖြင့် ယွမ်လောရှီနှင့် ဟွမ်ချမ့်ကျွယ်မှ ချက်ချင်းထရပ် လိုက်ကြ၏။
စုရီသာလျှင် ဂရုမစိုက်ဘဲ ဆက်ထိုင်နေပြီး၊
“ မင်းစုံစမ်းပြီးပြီလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဒါငါ့ပုံစံပဲ ... သူတို့တွေအားလုံး ကြယ်ပျက်စီးခြင်း မဟာမိတ်အဖွဲ့ဝင်တွေပါ အင်ပါယာရဲ့ အမှောင်လောကမှာ ကျင်လည်နေတဲ့ ကြွက်တွေပဲ ...
... ငါ့ကိုလုပ်ကြံဖို့ တစ်စုံတစ်ယောက်က ရွှေတစ်သောင်း၊ ဝိညာဉ်ဆေးလုံးတစ်ရာ၊ နက်နဲ အဆင့် ပညာရပ်ဆိုင်ရာ စာအုပ်ဆယ်အုပ်အပြင် ကောင်းကင်အဆင့် ကျင့်ကြံမှုနည်းစနစ်ကို ပေးအပ်ခဲ့တယ် … ။ ”
“ အဲဒီလူက ဘယ်သူလဲ။ ”
စုရီက စိတ်မရှည်ဟန်ဖြင့် ဝင်ရောက် မေးမြန်းလာသောကြောင့် ခရမ်းရောင်ဝတ် လူငယ်မှ စိုးရိမ်သွားကာ၊
“ သူတို့လည်း မသိကြဘူး ... ကြားခံတစ်ယောက်နဲ့ လုပ်ငန်းအပ်လာတာတဲ့။ ”
-ဟု ပြန်ဖြေလိုက်၏။
စုရီအတွက် ထိုအဖြေကို မျှော်လင့်ပြီး ဖြစ်သောကြောင့် ထူးထွေအံ့သြခြင်း မရှိချေ။
“ ဒါဆို ဘယ်သူလို့ မင်းထင်လဲ။ ”
“ ဒါ ... ။ ”
ခရမ်းရောင်ဝတ်လူငယ်ခမျာ ချက်ချင်း မဖြေသေးဘဲ အနည်းငယ် တုံ့ဆိုင်းနေခဲ့ပြီး အဆုံးတွင် အံကြိတ်လျက်၊
“ ဒီခရီးစဉ်ကို သိနေတာဆိုလို့ ... ငါ့ရဲ့တတိယမြောက် အစ်ကိုတစ်ယောက်ပဲ ရှိတယ်။ ”
-ဟု ထုတ်ဖော် ပြောကြားလာတော့၏။
(တတိယ မင်းသားလား။)
ယွမ်လောရှီနှင့် ဟွမ်ချမ့်ကျွယ်မှ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကာ ထိတ်လန့်သွားချေပြီ။
“ ဒါဆို မင်းသားတွေကြား ပဋိပက္ခပဲ ... နောက်ထပ် အမွေခံတိုက်ပွဲတွေ ရှိလာဦးမှာ ငါကြောက်မိတယ်။ ”
စုရီမှ ခေါင်းယမ်းကာ ညည်းတွား လိုက်လေသည်။ ဤသည်မှာ သေမျိုးကမ္ဘာကြီး ဖြစ်၏။
ကျင့်ကြံသူတစ်ဦးသည်ပင် တန်ခိုးအာဏာအပေါ် အဆုံးစွန်သော ခွန်အား အဖြစ် ရှုမြင်နေတတ်သေးသည်။ ခရမ်းရောင် ၀တ်လူငယ်က ရုတ်တရက်ထရပ်ကာ လက်သီးဆုပ်ကိုင်လျက်၊
“ သခင်လေးစု ... အမှန်တရားကို ဖုံးကွယ်နေစရာ မလိုတော့ပါဘူး ... ငါနာမည် အပြည့်အစုံက ကျိုးကျစ်လီပါ ... မဟာကျိုးရဲ့ ဆဋ္ဌမမြောက်မင်းသားပဲ ... မနေ့ညက ဖြစ်စဉ်တွေအရ ငါ ... ငါ ... ”
“ ငါ့ကို အလုပ်ခန့်မလို့လား။ ”
ကျိုးကျစ်လီတစ်ယောက် တုန့်ဆိုင်းနေစဉ် စုရီက ပြုံးပြီး ဖြတ်မေးလိုက်သည်။ ကျိုးကျစ်လီ ခမျာ အသက်ပြင်းပြင်းရှူလျက်၊
“ သခင်လေးစုရဲ့ ပံ့ပိုးမှုသာရရင် ... ကျားကိုအတောင် တပ်ပေးလိုက်သလို ငါပျံသန်း နိုင်မှာပါ ... မင်းအစိုးရအဖွဲ့ဝင် ဖြစ်ချင်ရင် ဘုရင်ခံဒါမှမဟုတ် ဝန်ကြီးဖြစ်အောင် ငါကူညီနိုင်တယ် ...
... ဒါမှမဟုတ် ... တာအိုကိုပဲ လိုက်ရှာချင်နေတယ် ဆိုရင်လည်း ရှားပါးပြီး တန်ဖိုးရှိတဲ့ ပညာရပ်တွေအတွက် ...
... ငါကျိုးကျစ်လီက ... ဘယ်အင်ပါယာကိုမဆို ... ငါစစ်ပွဲတစ်ပွဲ ဆင်နွှဲပေးဖို့ ဝန်မလေးပါဘူး ... ။ ”
စကားအဆုံးတွင် လူတိုင်း တိတ်ဆိတ်ကုန်၏။ ဟွမ်ချမ့်ကျွယ်တစ်ယောက် နှလုံးသွေးများ ပွက်ပွက်ဆူလာသည်။
အစ်ကိုစု၏ စကားတစ်ခွန်းဖြင့် အင်ပါယာများကြား စစ်ပွဲကို ဆောင်ကျဉ်းနိုင် နိုင်မည်လော။ မည်မျှ ရဲရင့်ပြတ်သားသော လောင်းကြေးပေနည်း။
“ တစ်နေ့မှာ ... ငါရာဇပလ္လင်ကို သိမ်းပိုက်ပြီးရင် ... မင်းကို ဧကရာဇ်ဥသျှောင် အဖြစ် သတ်မှတ်ပေးနိုင်ပါတယ်။ ”
ဤသည်မှာ မဟာကျိုးမင်းဆက်ကို ပေးအပ်ခြင်းမည်၏။ စုရီပင် မျက်ခုံးပင့်လိုက်မိ လေသည်။ အလွန်မြင့်မြတ်သော အခွင့် အာဏာပေပင်။
“ ဧကရာဇ် ဥသျှောင် ... ။ ”
လက်ရှိ ဧကရာဇ်ဥသျှောင်မှာ ဟုန်ရှန်းရှန့် ဖြစ်၏။ ကျောက်စိမ်းမြို့တော် ပထမတန်းစား မျိုးနွယ်စုတစ်ခုထဲမှ ဖြစ်သည်။
မဟာကျိုးရှိ ကြီးကျယ်ခမ်းနားသော အကယ်ဒမီ ဆယ်ခုထဲမှ တစ်ခုဖြစ်သည့် ‘ဖီးနစ် အကယ်ဒမီ’၏ အကြီးအကဲလည်းဖြစ်၏။
ကျင့်ကြံမှုအရ ရှန်ရှင်းအထွတ်အထိပ်၌ ရောက်ရှိနေကာ သိုင်းတာအိုတွင် မြင့်မားသော အောင်မြင်မှုအချို့ ရရှိထားသည်။
“ တကယ်ရဲရင့်တယ် ... ဒီလိုရာထူးမျိုး လိုချင်စိတ် မရှိတာကို ... ခဏဖယ်ထားရအောင် အခုချိန်မှာ မင်းက ဆဋ္ဌမမင်းသားပဲ ... စစ်မှန်တဲ့ အာဏာမျိုး မင်းမှာမရှိသေးဘူး ... မင်းရဲ့ စကားတွေက အချည်းအနှီးပါပဲ။ ”
စုရီ၏ ဝေဖန်ထောက်ပြစကားကြောင့် ကျိုးကျစ်လီခမျာ ရှက်ရွံ့ပြီး မျက်နှာတစ်ပြင်လုံး နီရဲသွားလေသည်။
ချင်ကျင်းမှ မျက်ခုံးပင့်လိုက်သည်။ ဤလူငယ်သည် ဆဋ္ဌမမင်းသားကို ကြွားလွန်း သည်ဟု ဝေဖန်ပုတ်ခတ်လိုက်ခြင်းဖြစ်၏။
သို့တိုင် ခရမ်းရောင်ဝတ် လူငယ်မှ အသက်ပြင်းပြင်းရှူပြီး၊
“ ဆရာစု၊ တကယ်တော့ ... မင်းငါ့ကို လက်တစ်ဖက် ငှားပေးနိုင်မယ်လို့ ... ရိုးသားစွာ မျှော်လင့်နေမိတာပါ ... ငါပြောသမျှ ကောင်းကင်နဲ့ ကျိန်ဆိုဝံ့ပါတယ်။ ”
-ဟု တောင်းပန်လိုက်တော့သည်။
“ မလိုတော့ပါဘူး ... ။ ”
စုရီက ငြင်းပယ်လိုက်တော့၏။ မဟာကျိုး၏မင်းသားငယ်သည် စုရွှမ်ကြွယ်ကို အမှုထမ်းရန် အခွင့်အရေးဖြင့် ကမ်းလှမ်း နေသည်လော။ မထိုက်တန်ချေ။
ဘေးမှရပ်ကြည့်နေသော ယွမ်လောရှီတို့ သုံးယောက်ခမျာ အသက်ပင် ရဲရဲ မရှုဝံ့ခဲ့ချေ။ သူတို့အမြင်အရ ဤမင်းသားသည် ကြီးစွာသော အမှားတစ်ခု ကျူးလွန်ခဲ့သည်။
စုရီကဲ့သို့သော ကျွမ်းကျင်သူအပေါ် အခွင့်အာဏာနှင့် ဆွဲဆောင်နေခြင်းသည် နုံအ လွန်းချေ၏။ သစ္စာစောင့်သိမှုကို မည်သို့သော တန်ကြေးဖြင့် ဝယ်ယူနိုင်မည်နည်း။
၎င်းသည်သာ မင်းသားရာထူးကို မေ့လျော့ထားပြီး မိတ်ဆွေအဖြစ် ချဉ်းကပ်သော် ကြင်နာမှုများ ရရှိပေမည်။
ဤအချင်းအရာကို ဘေးမှမြင်နိုင်သော ချင်ကျင်းက ရုတ်တရက် ပြစ်တင်စကားများ ပြောကြားလိုက်သည်။
“ မင်းကိုပြောခဲ့တယ် မဟုတ်လား ... တာအိုရှာဖွေနေသူ တစ်ယောက်ကို လောကီ စည်းစိမ်တွေနဲ့ ကမ်းလှမ်းတာ အလုပ်မဖြစ်ဘူး ငါ့စကားကို မင်းနားထောင်သင့်ပြီ။ ”
သို့မှသာ ကျိုးကျစ်လီက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းပြီး ပြုံးလိုက်၏။ သူ့ကမ်းလှမ်းမှုမှာ ရှန်ရှင်းကျွမ်းကျင်သူကိုပင် ဆွဲဆောင်နိုင်မည်။
သွေးသန့်စင်ခြင်းမှ တစ်စုံတစ်ယောက် အတွက် အကြိုက်မဟုတ်ကြောင်း မည်ကဲ့သို့ သိရှိနိုင်မည်နည်း။
“ ကောင်းပြီ ... အခုလို မင်းနဲ့ တွေ့ခွင့်ရတာကိုက ငါ့ကို အသက်ရှင်စေခဲ့ပြီ ဒီအတွက် မင်းရဲ့ကျေးဇူးကို သဘာဝအတိုင်း ငါမှတ်မိနေမှာပါ။ ”
အဆုံးတွင် လက်လျော့ကာ ထရပ်ပြီး ထွက်ခွာရန် ပြင်မိ၏။ သို့သော် ချင်ကျင်းမှာ ဆက်ထိုင်နေသဖြင့် နားမလည်နိုင်စွာ ပြန်ငုံ့ကြည့် လိုက်မိလေသည်။
သူမက စုရီထံ လှမ်းကြည့်ပြီး၊
“ မနေ့ညက ... ငါ့စကားအတိုင်း ဖြည့်ဆည်းပေးဖို့ ... ဒီကိုရောက်လာပြီ ပြောပါ ငါ့ကိုဘာလုပ်စေချင်တာလဲ။ ”
-ဟု အေးစက်စွာ မေးမြန်းလိုက်တော့၏။
***