သွေးနီရောင်ကောင်းကင်။
Vol. 8 Ch. 90
ချင်ကျင်းတစ်ယောက် တည်ငြိမ် ဟန်ဆောင်ထားသော်လည်း စိတ်ဝိညာဉ်တွင် များစွာတုန်လှုပ်နေ၏။
အကျပ်အတည်းအတွင်း အလွယ်တကူ ပြောကြားလိုက်သည့် စကားတစ်ခွန်းကြောင့် တစ်ဖက်လူသည်သာ အလွန်အကျွံ တောင်းဆိုသော် ခက်ရပေမည်။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စကို တတ်နိုင်သမျှ မြန်မြန်ကျော်ဖြတ်ရမည်ဖြစ်ရာ ယနေ့ လိုက်ပါလာခြင်း ဖြစ်၏။။
လက်ရှိအချိန်၌ တစ်ဖက်လူ၏ မျက်ဝန်းများကို စိုက်ကြည့်ပြီးနောက် အဖြေကို ငံ့လင့်နေရသည်။
ဤသည်မှာ ငြိမ်သက်စွာဖြင့် ကမ္ဘာကြီးအပေါ် ဥပေက္ခာပြုထားသော မျက်ဝန်းမျိုးပေပင်။
အချို့သော စစ်မှန်သည့် ကျွမ်းကျင်သူများထံ၌သာ ထိုအရိပ်အမြွက်မျိုး ရှိနေတတ်၏။
အထူးသဖြင့် သူမဂိုဏ်းမှ အကြီးအကဲအချို့ ပေပင်။ ၎င်းတို့အနက်မှ မည်သူမဆို မဟာကျိုး မင်းဆက်တစ်ခုလုံးကို ခြေတစ်လှမ်းနှင့် တုန်ခါအောင် စွမ်းဆောင်နိုင်၏။
သို့သော် ဤစုရီသည် ၎င်းတို့ထက် သာလွန်မာနကြီးသူဖြစ်ကာ အရာခပ်သိမ်း အရေးမပါသလို ပျင်းရိနေသည်။
ဤအရာက သူမကို စိတ်သက်သာရာ ရှိစေသည်။ သူမ လက်မခံနိုင်သော မည်သည့် အရာကိုမျှ ထိုသို့သောလူမှ တောင်းဆိုမည် မဟုတ်ချေ။
“ ဘာလို့ ကြောက်နေတာလဲ။ ”
“ ဟမ့် ... ။ ”
အကြာကြီးတိတ်ဆိတ်နေပြီးမှ ရုတ်တရက်မေးခွန်းကြောင့် ချင်ကျင်းခမျာ တုန်ယင်သွားသည်။
သို့တိုင် တည်ငြိမ်အောင် ထိန်းလျက် စုရီနှင့်မျက်ဝန်းခြင်း ဆုံအောင် ပြန်ကြည့်လိုက် မိသည်။ ဤနည်းဖြင့် သူမ မကြောက်ကြောင်း သိစေလို၏။ သို့သော်။
“ မင်း နောက်တစ်ကြိမ် ... ထပ်လုပ်နေမယ်ဆိုရင် လက်သည်းတွေက အဝတ်တွေကို ကုပ်ဖြဲမိတော့မယ်။ ”
စုရီကပြုံးကာ သတိပေးလာ၏။
( သေစမ်း ... ။ )
ချင်ကျင်းတစ်ယောက် အေးခဲသွားပြီး မရည်ရွယ်ဘဲ အင်္ကျီအနားစကို လိမ်ထားမိမှန်း သတိရကာ လွှတ်ချလိုက်ရသည်။
မျက်နှာတစ်ပြင်လုံး နီမြန်းလျက် ရှက်ဒေါသနှင့် စုရီထံ စူးစူးရဲရဲစိုက်ကြည့်ကာ၊
“ အဓိက အကြောင်းအရာကို ... ပြောပါ မဟုတ်ရင် ... ငါ့စကားကို ပြန်ယူမှာမို့ အပြစ် မတင်ပါနဲ့။ ”
-ဟု တောင်းဆိုလိုက်ရ၏။
ဤမြင်ကွင်းက ကျိုးကျစ်လီကို အံသြသွား စေသည်။ ချင်ကျင်းသည် မည်သည့်အချိန်မှစပြီး ဤသို့ရှက်ရွံ့သွားတတ်သနည်း။
“ ငါ့မှာ ... အစေခံ မိန်းကလေးမရှိဘူး၊ တစ်နှစ်တိတိ မင်းငါ့နောက်လိုက်ဖို့ ဆန္ဒရှိလား အဲဒီတစ်နှစ်အတွင်း မင်းရဲ့မွေးရာပါ စွမ်းရည်ကို အပြည့်အဝနားလည်အောင် ငါကူညီပေးမယ်။ ”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။ ချက်ချင်းပင် လေထုမှာ တင်းကြပ်လာတော့၏။
လူတိုင်း အသက်ရှူရန် မော့လျော့ သွားသည်။ အစေခံ မိန်းကလေးတစ်ယောက် လိုနေသည်လော။
“ ..... ။ ”
ယွမ်လောရှီက ပါးစပ်ဖွင့်လိုက်ပြီး တစ်စုံတစ်ရာကိုတွေးမိသွားကာ ရှက်ရွံစွာဖြင့် ချက်ချင်း ပါးစပ်ပြန်ပိတ်သွားသည်။
ဆရာစု လိုချင်နေသည်မှာ ချင်ကျင်း ဖြစ်ချေ၏။ သူမ မဟုတ်ချေ။ ထိုအတွေးဖြင့် အခြားလူများထံ ခိုးကြည့်လိုက်မိသည်။
ဦးလေးဟောင်နှင့် ဟွမ်ချမ့်ကျွယ်က သတိမထားမိဘဲ ချင်ကျင်းထံ လုံးလုံးလျားလျား အာရုံစိုက်ထားချေပြီ။ ကံကောင်းချေ၏။
“ အဟွတ် ... အဟွတ် ... ။ ”
ကျိုးကျစ်လီက မထိန်းနိုင်တော့ဘဲ ချောင်းဆိုးလာခဲ့သည်။ ဤတောင်းဆိုမှုသည် မည်မျှ မောက်မာကြောင်း မြင်သာ၏။
ချင်ကျင်းနောက်ကွယ်မှ ဂိုဏ်းသည်သာ ကြားသိသွားသော် မုန်တိုင်းထန်လာနိုင်ပေမည်။ ချင်ကျင်းသည်လည်း အလားတူ အတွေးများ ရှိနေ၏။
( ငါ့ကို တစ်နှစ်တိတိ ... အစေခံစေချင်နေတာလား ... နင့်မှာ အစေခံ မရှိဘူးတဲ့လား သွားသေလိုက်ပါလား။ )
မျက်နှာတစ်ခုလုံး နီမြန်းလျက် အံကြိတ်ကာဒေါသကို ထိန်းနေရ၏။ အဆုံးတွင် မထိန်းနိုင်တော့ဘဲ၊
“ ငါ့ကို ဘယ်သူလို့ထင်နေလဲ။ ”
-ဟု သတ်ဖြတ်လိုသော ဆန္ဒကို ထုတ်ဖော်လျက် အေးစက်စွာ မေးမြန်းလိုက် မိသည်။
စုရီက ပြန်မဖြေချေ။
“ ဟား ဟား ဟား ... ။ ”
ထို့ကြောင့် ချင်ကျင်းက နာကျင်စွာ ရယ်မောလိုက်၏။ သူမ၏ဂိုဏ်းသည် သူမကို ကောင်းကင်၏ သမီးတော်အဖြစ် တန်ဖိုးထား ရှုမြင်ခဲ့သည်။ သို့သော် ယခုမူ တစ်စုံတစ်ဦးမှ အစေခံအဖြစ် ခေါ်ယူရန် ကြိုးစားနေချေ၏။
“ မေ့လိုက်ပါ မင်းသဘောမကျရင် ... ၊ ဒါပေမယ့် မင်းဒီစာကိုတော့ ဖတ်သင့်တယ်။ ”
“ ဝှစ် ... ။ ”
ကျောက်စိမ်းဆွဲသီးမှ လိပ်ထားသော စာရွက်တစ်ရွက်ကို ထုတ်ယူကာ သူမထံသို့ ကမ်းပေးလိုက်သည်။ ချင်ကျင်းက စာရွက်ကို ဖွင့်ကြည့်၏။
“ ဝိညာဉ်ခန္ဓာကိုယ် အဓိပ္ပာယ်ဖွင့်ဆိုချက်။ ”
ထို့နောက်တွင် အံ့အားသင့်မှု၊ တုန်လှုပ်မှု၊ စိတ်လှုပ်ရှားမှုများ သိသိသာသာ ဖြစ်ပေါ်လာ ခဲ့သည်။
“ ဒါက ... အကြမ်းဖျင်း ခြုံငုံသုံးသပ်ချက်တစ်ခုပဲ ... မင်းရဲ့နားလည် နိုင်စွမ်းနဲ့ဆိုရင် တစ်နှစ်အတွင်း အပြည့်အဝ နားလည်နိုင်လိမ့်မယ် ... ဒါပေမယ့် မလိုလားရင် မေ့လိုက်ပါ။ ”
စုရွှမ်ကြွယ်ဘဝတွင် မွေးရာပါ ခန္ဓာကိုယ်ပိုင်ရှင်များအတွက် အသုံးချနည်းများ ကောက်နုတ်ခဲ့ဖူးသည်။
၎င်းကို ‘ကောင်းကင်လမ်းညွန်’ဟု အမည်ပေးခဲ့၏။ ဤအရာသည် ထိုလမ်းညွှန် အနက်မှ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။
“ စဉ်းစားဖို့ အချိန်တစ်ခု ယူလို့ရမလား။ ”
ချင်ကျင်းအသွင်အပြင်သည် များစွာ ပြောင်းလဲသွား၏။ တန်ဖိုးရှိသော တစ်စုံတစ်ရာ လက်လွှတ်သွားမည်ကို စိုးရွံ့နေချေပြီ။
“ ကောင်းပြီ ... ။ ”
စုရီမှ ခေါင်းညိတ်လိုက်သည်။
“ ဒါပေမယ့် အကန့်အသတ်ရှိတယ် ... စီရင်စုမြို့တော်ကို မရောက်ခင် အဖြေတစ်ခု ပြန်ပေးပါ။ ”
သို့မှသာ ချင်ကျင်းတစ်ယောက် စိတ်သက်သာရာရသွားပြီး ကျိုးကျစ်လီနှင့်အတူ ထွက်ခွာသွားတော့၏။
“ ဆရာစု ... မိန်းကလေးအစေခံ လိုအပ်နေတာလား ငါရှာပေးမယ် ... မင်းလိုချင် သလောက် ပြောလို့ရတယ်။ ”
ယွမ်လောရှီမှ ဝင်ပြောလာ၏။ စုရီက ပြုံးရယ်တော့သည်။
“ တကယ်တော့ သူ့ရဲ့ ရှားပါးတဲ့ မွေးရာပါဝိညာဉ်ကျောက်စိမ်း ခန္ဓာကိုယ်ကြောင့် နည်းနည်းလေး စူးစမ်းချင်မိတာပါ ... ဒါပါပဲ သူ ငြင်းလိုက်လည်း ကောင်းပါတယ် ... လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေ ရှိကြတာပဲ။ ”
“ အစ်ကိုစု၊ မင်းမို့သာ ဒီလိုမျိုး ... စမ်းကြည့်ဖို့ စိတ်ကူးရဲတယ် ငါဆိုရင် ချက်ချင်း အသတ်ခံရမှာ ကြောက်မိတယ်။ ”
“ ဟား ဟား ဟား ... ။ ”
ဟွမ်ချမ့်ကျွယ်စကားကြောင့် လူတိုင်း ရယ်မောလိုက်ကြသည်။ ချောင်ဝူဟောင်က၊
“ ငါ့အမြင်အရတော့ ... ဆရာစုက အဲဒီကောင်မလေး ကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေး ပေးနေတာပဲ ... ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ ဒါသူ့ကံကြမ္မာပါ။ ”
စုရီက ပြုံးပြီး တုန့်ပြန်လိုက်သည်။ စကားတစ်ခွန်းမျှ မဆိုတော့ချေ။ ယွမ်လောရှီက တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွား၏။
“ ဆရာစု၊ မနက်ဖြန်ည ငါတို့ တိမ်မြစ် စီရင်စုမြို့တော်ကို ရောက်လိမ့်မယ် ... မင်းမှာ တည်းစရာနေရာ မရှိရင် ... ငါ့အိမ်ကိုဘာလို့ လိုက်မလာတာလဲ။ ”
“ မဟုတ်ဘူး ... ငါမှာ နေစရာနေရာ ရှိပါတယ်။ ”
စုရီက ခေါင်းခါလိုက်သည်။ မြစ်ပြာဓားစံအိမ်၌ သုံးနှစ်တာ နေထိုင်ခဲ့ခြင်းဖြင့် မိတ်ဆွေများစွာရှိခဲ့သည်။ သို့သော် ယင်းသည် လှပသော နေ့ရက်များ မဟုတ်ခဲ့ချေ။
နောက်တစ်နေ့ နေဝင်ချိန်တွင် သင်္ဘောကြီးသည် မြစ်ကြောင်းတစ်လျှောက် အော်မြည်သံပြုလျက် ဆိပ်ကမ်းကပ်ရန် ပြင်ဆင်နေခဲ့သည်။
တစ်နှစ်ကုန်လွန်ပြီးနောက် တိမ်မြစ်စီရင်စုမြို့တော်သည် ဆိပ်ခံတံတားများ တိုးပွားလျက် မရေမတွက်နိုင်သော လှေများ ဆိုက်ကပ်စည်ကားနေ၏။
ထိုမြင်ကွင်းကို စုရီက ပြတင်းပေါက်မှ ငေးကြည့်နေခဲ့သည်။ ဤမြို့တော်တွင် လူဦးရေ သုံးသန်းကျော်ရှိပြီး စီရင်စုမြို့ငယ် (၁၉)မြို့၏ ဗဟိုချက်ဖြစ်၏။
မြို့တော်၌ ကျွမ်းကျင်သူများသည် တိမ်တိုက်များကဲ့သို့ များပြားကာ ဉာဏ်ကြီးရှင် လူငယ်တိုင်း ဤအရပ်တွင် စုရုံးသည်။
“ ဆရာစု၊ သင်္ဘော ဆိုက်ကပ်တော့မယ် ... ဆင်းဖို့ ပြင်ဆင်ရအောင်။”
ရုတ်တရက် ရဲရင့် တက်ကြွနေသော အသွင်အပြင်ဖြင့် ယွမ်လောရှီမှ သတိပေးလာ တော့သည်။ ဤသည်မှာ သူမ နေအိမ်ဖြစ် သောကြောင့် ပျော်ရွှင် နေပုံပေပင်။
များမကြာခင် သင်္ဘောဆိုက်ကပ်သွားပြီး လူတိုင်းဆင်းရန် ပြင်ဆင်ကုန်၏။ ချင်ကျင်းက ယုံကြည်မှုရှိသောအသွင်ဖြင့် ချည်းကပ်လာပြီး၊
“ ငါစဉ်းစားပြီးသွားပြီ ... မင်းမှာ အရမ်းကောင်းတဲ့ အမြင်တွေ ရှိနိုင်ပေမယ့် အစေခံတော့ မဖြစ်ချင်ဘူး။ ”
-ဟု ပြောကြားလာ၏။
“ လေးစားစရာကောင်းတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ”
စုရီက ခေါင်းညိတ်ပြပြီး ဆက်လျှောက် သွားသည်။ သူ့မျက်ဝန်းများ၌ စိတ်ပျက်နေသည့် အရိပ်အယောင်မျိုး မတွေ့လိုက်ရသောကြောင့် ချင်ကျင်းခမျာ အနည်းငယ် ရှုပ်ထွေးသွား၏။
ထို့နောက် အနားမှ ဆက်လိုက်လာပြီး၊
“ ဒါပေမယ့် မင်းကို ... ငါ့အသက် အကြွေးတင်နေသေးတယ် တစ်နေ့ပြန်ဆပ်ဖို့ ငါနည်းလမ်းရှာမယ်။ ”
“ ငါ့အတွက် မလိုပါဘူး ... မင်းရဲ့ သိုင်းတူလေးကိုသာ ... ကာကွယ်ဖို့ကြိုးစားပါ နောင်လာမယ့် အန္တရာယ်တွေက ဒီထက် ရက်စက်လာနိုင်မယ်။ ”
ချင်ကျင်းတစ်ယောက် အနည်းငယ် တုံ့ဆိုင်းသွားကာ၊
“ မင်းငါ့ကိုပေးခဲ့တဲ့ စာလိပ်က ဘယ်ကနေရခဲ့တာလဲဆိုတာ သိခွင့်ရှိမလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ငါကိုယ်တိုင် ရေးထားတာ။ ”
စုရီက ခေါင်းညိတ်ပြီး ပြုံးလျက် ပြန်ဖြေလေသည်။ ထိုအဖြေကြောင့် ချင်ကျင်းမှ အံ့အားသင့်သွားတော့၏။
“ နင်ဟာသတွေ ပြောနေတာလား။ ”
“ မင်းကြိုက်သလို ယူဆနိုင်တယ် ... တကယ်တော့ ငါ့အစေခံဖြစ်ဖို့ဆိုတာ လူတိုင်း ထိုက်တန်လှတာမဟုတ်ဘူး ... ကောင်းပြီ ကံကြမ္မာရှိရင် ငါတို့ပြန်ဆုံမယ် ...
... ဟမ့် ... မဟုတ်ဘူး ပြန်မဆုံတာ အကောင်းဆုံးပါပဲ ... မလိုအပ်ဘဲ ဒုက္ခတွေ ငါ မလိုချင်တော့ဘူး။ ”
စကားဆုံးသည်နှင့် စုရီက ချင်ကျင်းကို လျစ်လျူရှုလျက် လက်နှစ်ဖက်နောက်ပို့ထားပြီး ဆိပ်ခံတံတားပေါ် လှမ်းတက်လိုက်သည်။
တိမ်မြစ်စီရင်စုမြို့တော်သည် နေဝင်ဆည်းဆာအောက်၌ သွေးနီရောင်အလင်း များဖြင့် လွှမ်းခြုံနေချေပြီ။
ကျွမ်းကျင်သူသည် ခြေတစ်လှမ်းဖြင့် ကမ္ဘာကြီးကို တုန်ခါစေပြီး မြေခွေးများသည် သူ့သားကောင်အပေါ် ကြင်နာခြင်းမရှိချေ။
***