လုံလောက်အောင် သန်မာနေသရွေ့တော့ ... မင်း လျစ်လျူရှုနိုင်တယ်။
Vol. 8 Ch. 91
ချင်ကျင်းတစ်ယောက် ခဏမျှ တိတ်ဆိတ်သွားပြီး အနည်းငယ် စိတ်ဓာတ်ကျ သွားသည်။
“ သိုင်းအဒေါ် အဆင်ပြေလား။ ”
ကျိုးကျစ်လီက အစောင့်များနှင့်အတူ ရောက်ရှိလာ၏။
“ သူ့စိတ်ထဲမှာတော့ သေချာပေါက် စိတ်မချမ်းသာဘူး။ ”
ချင်ကျင်းကပြန်ဖြေသည်။ သူမနောက်ကွယ်ရှိ ဂိုဏ်းသည် မဟာကျိုး မင်းဆက်၏ အုပ်ချုပ်ရေးယန္တရားအပေါ် လွှမ်းမိုးနိုင်၏။
ထို့ကြောင့်စုရီ၏ စွမ်းအားကို ချေးငှားခြင်းမပြုဘဲ တာအိုလမ်း၌ နေရာတစ်ခု ဖန်တီးနိုင်မည်ဟု သူမ ယုံကြည်ခဲ့သည်။
ယင်းကြောင့် စုရီ၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ခြင်း ဖြစ်လေသည်။
“ ငါတို့ လုပ်ငန်းပြီးရင် စုရီကိုပြန်ရှာဖို့ အချိန်ရှိပါသေးတယ်၊ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ကောက်နုတ်ချက် အပြည့်အစုံရအောင် သိုင်းအဒေါ်ကို ငါကူညီပေးမယ်။ ”
ကျိုးကျစ်လီက လေးနက်စွာ ပြောကြားလာသည်။
“ မဟုတ်ဘူး ... သူက ငယ်ပေမယ့် အရမ်းမာနကြီးတယ် သူ့ကမ်းလှမ်းမှုကို ငါ ငြင်းဆိုခဲ့တဲ့အတွက် ... မင်းအကူအညီ သွားတောင်းရင် လက်ဗလာနဲ့ ထွက်လာရလိမ့်မယ်။ ”
ချင်ကျင်းက ဆိပ်ခံတံတားပေါ်ရှိ စုရီနောက်ကျောကို ငေးလျက်၊
“ ဒါပေမယ့် ငါတို့နှစ်ယောက်လုံး သူ့ကို ကျေးဇူးဆပ်ဖို့ လိုသေးတယ် တိမ်မြစ်စီရင်စုမှာ ပြဿနာနဲ့ ကြုံတွေ့ခဲ့ရင် ငါတို့ ... လက်ကမ်းပေးဖို့ မမေ့ပါနဲ့။ ”
-ဟု ဆိုကာ ဆိပ်ခံတံတားပေါ် လှမ်းတက်လိုက်တော့သည်။
“ သခင်လေးစု၊ မနေ့က ငါ့ဆရာချန်ကျန့်ဆီက စာတစ်စောင် လက်ခံ ရရှိခဲ့ပါတယ် သူက ကျေးဇူးတင်စကား ထပ်ပြောဖို့ အမိန့်ပါတယ်။ ”
ဆိပ်ခံတံတားအဆုံးတွင် ကျန်းရီရန်က စောင့်ဆိုင်းလျက် စုရီကို မြင်သောအခါ ထပ်မံ ပြောကြားလာ၏။
“ ပြီးတော့ အနီရောင်သံချပ်ကာ စစ်တပ်အတွက် အရည်အချင်းရှိတဲ့ လူငယ်တွေ စုဆောင်းဖို့ တိမ်မြစ်စီရင်စုကို လာတဲ့အခါ သူကိုယ်တိုင် လာခဲ့ပါဦးမယ်လို့လည်း သတင်းပါးလာပါတယ်။ ”
ထိုစကားကြောင့် ဟွမ်ချမ့်ကျွယ်ခမျာ စိတ်ဝင်စားသွားသည်။ သူ့ငယ်ဘဝ အိမ်မက်မှာ စစ်မြေပြင်၌ တိုက်ပွဲဝင် ရယ်မောလျက် ဝိညာဉ် သားရဲသွေးများကို သောက်သုံးရန်ဖြစ်၏။
“ ဆရာစု၊ မင်း ... ဘယ်မှာနေမှာလဲ။ ”
ယွမ်လောရှီက တိုးတိုးလေးမေးသည်။
“ မိုးမခလမ်း ... ။ ”
“ ဒါက ဘယ်နေရာမှာလဲ ဦးလေးဟောင်။ ”
ယွမ်လောရှီက ချောင်ဝူဟောင်ကို လှည့်မေးသည်။ ချောင်ဝူဟောင်မှ အနည်းငယ် မရေမရာ ဖြစ်သွားပြီး၊
“ မြို့တောင်ဘက်ထောင့်နားက ဆင်ခြေဖုံးဖြစ်မယ် ထင်တယ်။”
-ဟု ပြန်ဖြေလိုက်၏။
“ ဒါဆို ဆင်းရဲသား ရပ်ကွက်ပေါ့။ ”
ယွမ်လောရှီက လွှတ်ခနဲ ထွက်သွားပြီး ချက်ချင်း ပါးစပ်ပိတ်သွား၏။ ထိုစဉ် ကြည်လင် ပြတ်သားသော နာမည်ခေါ်သံ ကြားလိုက်ရသည်။
“ လောရှီ၊ ငါတို့ ဒီမှာ ... ။
ဆိပ်ခံတံတားအဆုံး တစ်နေရာတွင် သံချပ်ကာ အစောင့်အကြပ် တစ်ရာကျော်သည် သပ်ရပ်သောပုံစံဖြင့် ရပ်နေကြ၏။
ချောမောလှပသော အမျိုးသမီးကြီးတစ်ဦးသည် ထိုအစောင့် တပ်သားများ ရှေ့တွင်ရပ်နေသည်။
ယွမ်လောရှီကို လှမ်းခေါ်သူသည် သူမဘေးနားမှ လူငယ်ဖြစ်၏။ ယွမ်လောရှီကဲ့သို့ စစ်သူရဲ၀တ်စုံကို ဝတ်ဆင်ထားသည်။
၎င်း၏ ရဲရင့်လွန်းသောအသွင်က ကြက်များကြားမှ ကြိုးကြာငှက်ကဲ့သို့ ကြွကြွရွရွ ရှိပေသည်။
ဤလူငယ်သည် ယွမ်လောယွီဖြစ်ကာ တိမ်မြစ်စီရင်စုမြို့တော်၏ ပါရမီရှင်တစ်ပါး ပေပင်။
ဆယ့်သုံးနှစ်သား အရွယ်တွင် ယွမ်မိသားစုမျိုးဆက်သစ် လူငယ်များကို လက်ဗလာဖြင့် အနိုင်ယူပြခဲ့၏။
ဆယ့်ငါးနှစ်သားအရွယ်တွင် တိမ်လွှာသူရဲကောင်း ရှန့်ကျိုးစုန်ထံသို့ လေ့ကျင့်ရန် စေလွှတ်လိုက်သည်။
ဆယ့်ခုနစ်နှစ်သားတွင် လူတစ်သောင်းအပေါ် အမိန့်ပေးနိုင်သည့် သူရဲကောင်းဖြစ်လာပြီး အသက်အငယ်ဆုံး အရာရှိ စာရင်းဝင်၏။
“ မေမေနဲ့ ဒုတိယအစ်ကို ... ဘာလို့ ဒီမှာလာကြိုနေရတာလဲ။ ”
ယွမ်လောရှီက အံ့ဩသွား၏။ ထို့နောက် ချောင်ဝူဟောင်ထံ လှည့်ကြည့်ကာ၊
“ ဦးလေးယောင်၊ ငါတို့ရဲ့ သဘောတူညီချက်ကို မမေ့နဲ့။ ”
-ဟု မှာကြားပြီး ချက်ချင်း လျှောက်လှမ်းသွားသည်။
“ တပ်မှူးကျန်း၊ ငါတို့ သွားတော့မယ်။ ”
ယွမ်လောရှီ၏မိသားစုသည် သင်္ဘောကျင်းတွင် စောင့်ဆိုင်းနေသည်ကို မြင်ပြီးနောက် စုရီကထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
“ တောင်တန်းတွေက အမြဲတည်မြဲပြီး မြစ်ရေစီးကြောင်းက ... ဘယ်တော့မှ မရပ်ပါဘူး သခင်လေး ငါတို့ရဲ့ ကျေးဇူးလည်းအတူတူပါပဲ သခင်လေးစု ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ”
ကျန်းရီရန်က အပြုံးဖြင့် လက်ဝှေ့ယမ်း လိုက်စဉ် စုရီမှခေါင်းညိတ်ပြီး ဆိပ်ခံတံတားမှ ဆက်သက်လိုက်တော့၏။
ယွမ်လောရှီက သူ့အစ်ကိုကြည့်ကာ၊
“ ဒုတိယ အစ်ကို ... ဘာလို့ အခြွေအရံတွေ အများကြီးခေါ်လာတာလဲ ... အဲဒါက လူတွေ အာရုံစိုက်စရာ ဖြစ်ကုန်ပြီ။ ”
-ဟု အပြစ်တင်လိုက်သည်။
ထို့နောက် လန်ယွီချိုးကို ပွေ့ဖက်လိုက်ကာ၊
“ မေမေ၊ ... ရှီကို လွမ်းနေတာ မဟုတ်လား။ ”
“ ဟမ့် ... ရှီက ငယ်သေးတယ် ... မင်းတစ်ခုခုဖြစ်သွားရင် မင်းအဖေကို ငါဘယ်လို ရင်ဆိုင်ရမှာလဲ။ ”
“ အခု ပြန်ရောက်ပြီ ... စိတ်မပူနဲ့တော့။ ”
လန်ယွီချိုးမှ သူ့သမီးနှင့် ငြင်းခုန်ခြင်း မပြုတော့ဘဲ အဝေးကို လှမ်းကြည့်ကာ၊
“ ဝူဟောင် ... အဲဒီလူငယ်လေး နှစ်ယောက်က ဘယ်သူတွေလဲ။ ”
-ဟု စစ်မေးလိုက်တော့သည်။
ချောမောပြီး တည်ငြိမ်လွန်းသော စုရီအသွင်က မိခင်တစ်ယောက်ရင်ထဲ အချက် ပေးသံများ အလိုလို ဝင်ရောက်လာစေ၏။
“ သခင်မကြီး ... သူတို့နှစ်ယောက်က သခင်လေးစုနဲ့ သခင်လေးဟွမ်ပါ မိန်းကလေး ယွမ်နဲ့ ဒီအဖိုးကြီး ... တစ္ဆေမိခင်တောင်တန်းကို သွားစဉ်က သူတို့နှစ်ယောက်ရဲ့ အကူအညီတွေ အများကြီး ရခဲ့ပါတယ်။ ”
“ ဒါဆို သူတို့က ကွမ်လင်းမြို့သားတွေပေါ့။ ”
လန်ယွီချိုးအကြည့်များက ပို၍တည်ငြိမ်သွားပြီး၊
“ ဝူဟောင် ... အဲဒီသခင်ငယ်လေး နှစ်ယောက်ကို သင့်လျော်စွာ ကျေးဇူးတင်စကား ပြောခဲ့သေးလား။ ”
“ စိတ်အေးအေးနေပါ သခင်မကြီး ... သူတို့ရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ ... မမေ့ဝံ့တာ သဘာဝပါပဲ။ ”
“ ကောင်းပြီ ... သွားရအောင်။ ”
ထို့နောက် လူတိုင်းမြင်းပေါ်ခုန်တက်ပြီး မြို့တံခါးထံ ဦးတည်လိုက်ကြ၏။ စုရီတို့နှစ်ဦးကို ဖြတ်ကျော်ချိန်၌ ယွမ်လောယွီက သူ့မြင်း ခဏရပ်ကာ၊
“ သူငယ်ချင်း၊ မင်းက ... လောရှီကို ကူညီပေးခဲ့တဲ့အတွက် ငါတို့ကျေးဇူးတင်ပါတယ် တိမ်မြစ်စီရင်စုမှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရင် ပြောပါ ... ငါကူညီမယ် သွားရအောင်။ ”
-ဟု ဆိုလျက် ဆက်လက် ထွက်ခွာသွားတော့သည်။
ယွမ်လောရှီနှင့် ချောင်ဝူဟောင်မှာ အသက်ပင်ရဲရဲမရှူရဲခဲ့ချေ။ မဟုတ်သော် စုရီကို စုံစမ်းစစ်ဆေးရန် ကြိုးစားပါက မှန်းဆမရသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပေမည်။
ဆရာစုသည် ရေကန်ကဲ့သို့ ငြိမ်သက်နေသော်လည်း မာနမှာ အရိုးထိအောင် နက်ရှိုင်းကြောင်း သူတို့ အသိဆုံးဖြစ်သည်။
ဟွမ်ချမ့်ကျွယ်က မြို့တံခါးမှတဆင့် ဝင်ရောက် ပျောက်ကွယ်သွားသောအခါ အဆိုပါ လူအုပ်ထံကြည့်ကာ၊
“ အစ်ကိုစု၊ မိန်ကလေးယွမ်နဲ့ စီနီယာချောင်တို့က ငါတို့အပေါ် ဘာလို့ ချက်ချင်း အေးစက်သွားတာလဲ။ ”
-ဟု မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။
“ သူတို့က ... ငါတို့ကို တမင် လျစ်လျူရှုထားတာ ... လောရှီကိုကယ်တင်တာ ငါတို့မှန်းသိသွားရင် ယွမ်မိသားစုက ဘာဆက်လုပ်မယ်ထင်လဲ။ ”
“ ထမင်းဖိတ်ကျွေးမယ် ... ဟမ့် မဟုတ်သေးဘူး သူတို့ရဲ့ အဆင့်အတန်းအရ သံသယဝင်လာနိုင်တယ်။ ”
ဟွမ်ချမ့်ကျွယ်မှ ပြန်ဖြေ၏။ စုရီက ပြုံးပြီး၊
“ ကြည့်ပါဦး ... ဟိုးမှာ ငါးမျှားနေတဲ့ အဘိုးကြီးကို တွေ့လား ... တကယ်တော့ သူက မဟာသခင်ပဲ။ ”
-ဟု လှမ်းပြလေသည်။
ဟွမ်ချမ့်ကျွယ်က လှည့်ကြည့်လိုက်ရာ ခြေဗလာဖြင့် ဝါးခမောက်ကြီးဆောင်းထားသည့် အဘိုးအိုတစ်ဦးကို မြင်လိုက်ရသည်။
ဟောင်းနွမ်းနေသော ငါးမျှားတံကို ဆေးကြောရန် ကြိုးစားနေပြီး မျက်နှာပေါ်၌ အညိုကွက်များနှင့် အရေးအကြောင်းများ ဖုံးလွှမ်းနေ၏။
“ မယုံနိုင်စရာပဲ။ ”
“ မှတ်ထားပါ သာမန်လူပဲ ဖြစ်ဖြစ် ... ကျင့်ကြံသူပဲဖြစ်ဖြစ် သန်မာပြီး အမြင်ကျယ်ဖို့ ကြိုးစားရမယ်၊ ...
ဒီကမ္ဘာကြီးက ခွန်အားနဲ့ ရပ်တည်ချက် ကွဲပြားတာတွေကြောင့် ပဋိပက္ခတွေ မလွဲမသွေ ရှိနေတတ်တာ သဘာဝပဲ။ ”
“ ငါမှတ်ထားလိုက်မယ် အစ်ကိုစု။ ”
“ ပြောတာလွယ်တယ် ... နားလည်ဖို့ ခက်ပါတယ် ... မေ့လိုက်ပါ လုံလောက်အောင် သန်မာနေသရွေ့တော့ ... ဒီလိုအရာတွေအပေါ် မင်းစိတ်ပူနေစရာတော့ မလိုပါဘူး။ ”
ထို့နောက် သူ့လက်ကို နောက်ပို့ကာ တိတ်ဆိတ်သွားသည်။ ဟွမ်ချမ့်ကျွယ်သည်သာ ခေါင်းကုပ်လျက် သူ့နောက် လိုက်ပါလာ၏။ ထိုမြင်ကွင်းကို တံငါသည်အဖိုးအိုက မော့ကြည့်လာတော့သည်။
***