← Chapters

ဒါပေမယ့် ငါ ... အဆင်မပြေဘူး။

Vol. 8 Ch. 92

ဒါပေမယ့် ငါ ... အဆင်မပြေဘူး။

Vol. 8 Ch. 92

( ဒီကောင်လေးက ငါ့ကျင့်ကြံမှုကို မြင်နိုင်တာလား။ )

ထို့နောက် တံငါသည် အဖိုးအိုက ခေါင်းရမ်းလျက် ဆိပ်ခံတံတားမှ ဆင်းလာသော ခရမ်းရောင်ဝတ် လူငယ်လေးကို ပြုံးရွှင်စွာ ကြိုဆိုလိုက်တော့သည်။

“ ဆဋ္ဌမမင်းသား ... ဒီမှာ စောင့်နေတာကြာပြီ။ ”

“ အကြီးအကဲမု .... မင်းကိုယ်တိုင်လာတာလား ငါအံ့သြရပါတယ်။ ”

ဤသည်မှာ မုကျန်းတန်ဖြစ်ပြီး မဟာသခင်တစ်ပါး ဖြစ်၏။ အင်ပါယာစီရင်စု၏ စီရင်စုသခင်ပေပင်။

အင်ပါယာ စီရင်စုသည် တိမ်မြစ်စီရင်စုနှင့် နယ်နိမိတ်ချင်းထိစပ်သဖြင့် အပြေးခရီးနှင်သော် တစ်ရက်သာ ကြာပေမည်။

“ ဆဋ္ဌမမင်းသား ... ငါတို့ ဒီမှာ စကားပြောလို့မသင့်ပါဘူး။ ”

ထို့နောက် ၎င်းမှ ဦးဆောင်ကာ မြို့တံခါးထံ ဦးတည်သွားသည်။ ဤမြင်ကွင်းကို ကျန်းရီရန်မှ ငေးကြည့်လျက် အတွေးနက်သွား၏။

များမကြာခင် သူ့ဆရာ သူရဲကောင်းချန်ကျန့်သည်လည်း ဤအရပ်သို့ လာရောက်လည်ပတ်ရန် ပြင်ဆင်နေသည်။

ဤအရာများသည် တိုက်ဆိုင်မှု တစ်ခု မဟုတ်ကြောင်း သူ့အတွေ့အကြုံအရ သတိပေး နေခဲ့၏။ သို့သော် သူကဲ့သို့ လူတစ်ယောက်မှ စွက်ဖက်နိုင်စွမ်းမရှိချေ။

မြို့တော်အတွင်း လမ်းမများသည် ပင့်ကူမျှင်များကဲ့သို့ ယှဉ်တွဲတွယ်ဆက်နေကာ လူအများဖြင့် စည်ကားနေသည်။

တစ်နှစ်အတွင်း တိမ်မြစ်စီရင်စုသည် များစွာပြောင်းလဲသွားချေ၏။ စုရီက နှစ်ဖက်ကို နောက်ပို့လျက် ဖြည်းညှင်းစွာ လျှောက်လှမ်း နေခဲ့သည်။

“ မင်းအခု ... မြစ်ပြာဓားစံအိမ်ကို စာရင်းသွင်းတော့မှာလား ... ဒါမှမဟုတ် တခြားအစီအစဥ်တွေရှိလား။ ”

“ မဟုတ်ဘူး ... အစ်ကိုစုအိမ်ကို လိုက်ခဲ့ဦးမယ်၊ စာရင်းသွင်းဖို့က နောက်မကျ သေးပါဘူး။ ”

မိသားစု၏ ချိတ်ဆက်ပေးမှုကြောင့် တက်ရောက်နိုင်ခြင်းဖြစ်ရာ သူအလိုရှိသည့် အချိန်တွင် စာရင်းသွင်းနိုင်မည်ဖြစ်သည်။

စုရီမှ ဆက်မပြောတော့ဘဲ သူ့အမှတ်တရများကို ပြန်လည်ဖော်ဆောင်ကာ မြို့အနောက်တောင်ဘက်သို့ လျှောက်လှမ်း လာခဲ့သည်။

“ ဂလုန်း ... ဂလုန်း ... ။ ”

ရုတ်တရက် သပ်သပ်ရပ်ရပ် အလှဆင်ထားသော ရထားလုံးတစ်စင်း သူ့ရှေ့၌ ရပ်သွားသည်။

ရထားအတွင်း၌ အမျိုးသမီးတစ်ယောက် လိုက်ပါလာပြီး သူမဆံပင်များကို ရေတံခွန်ကဲ့သို့ ဖြန့်ချကာ ဖီးနစ်ဆံထိုးဖြင့် တစ်ဖက်လှန်တင် ထားလေသည်။

“ မင်းက သခင်လေးစုရီလား။ ”

အမျိုးသမီးက စုရီကို ငုံ့ကြည့်ကာမေးသည်။ စုရီမှ ခေါင်းညိတ်ပြီး၊

“ မင်းက ဥယျဉ်ထဲကပန်းကလေး မဟုတ်လား။ ”

-ဟု ပြန်မေးလိုက်သဖြင့် အမျိုးသမီးခမျာ အံ့အားသင့်သွားသည်။

“ မင်းငါ့ကို သိနေတာလား ... ဂုဏ်ယူစရာပါပဲ ... ဒီလိုကျက်သရေမျိုးနဲ့ ထိုက်တန်အောင် ငါကောင်းမှုတွေ လုပ်ခဲ့လဲ။ ”

“ အကြောင်းလာရာကို ပြောပါ။ ”

စုရီက လိုအပ်သည်ကိုသာ တိုက်ရိုက် မေးလိုက်သည်။

“ သခင်လေးစု ... ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့ သင်္ဘောပေါ်က လူတိုင်းရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဖို့လာတာပါ။ ”

အမျိုးသမီးသည် အသက်နှစ်ဆယ်မျှသာ ရှိ၏။ သို့သော် လှုပ်ရှားမှုတိုင်းသည် သိမ်မွေ့ပြီး ချစ်စဖွယ်ကောင်းချေပြီ။

“ ကျေးဇူးတင်စရာ မလိုပါဘူး ... ငါ့ကို ဆဋ္ဌမမင်းသားနဲ့ မဟာမိတ်ဖြစ်နေတယ်လို့ မင်း မထင်သရွေ့တော့ ငါအဆင်ပြေပါတယ်။ ”

ရထားလုံးပေါ်မှ အမျိုးသမီးအသွင်မှာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။

“ ငါမင်းကို မနှောင့်ယှက်တော့ပါဘူး ... နှုတ်ဆက်​ပါတယ် သခင်လေးစု​။ ”

အဆုံးတွင် ရထား​လုံးကို မောင်းထွက် စေလိုက်သည်။ ကြည့်နေဆဲမှာပင် ရထားလုံးက အဆောက်အဦးတစ်ခုရှေ့၌ ရပ်သွားကာ ချာကျင်းဆင်းသွား၏။

“ အစ်ကိုစု၊ ဒါ .. တိမ်လှိုင်းစံအိမ်ပဲ တိမ်မြစ်စီရင်စုမြို့တော်ရဲ့ အကျော်ကြားဆုံး ပြည့်တန်ဆာစံအိမ် ... အဲဒီမှာ တိမ်တွေလို အလှတရားတွေ ပေါများတယ် ...

... မင်းအိမ်မက်လှလှလိုချင်ရင် အနိမ့်ဆုံး ရွှေတစ်ထောင်ရှိမှရမယ် .. ငါတို့ အားလပ်ချိန် သွားကြည့်ရအောင်။ ”

ဟွမ်ချမ့်ကျွယ်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သို့သော် ရုတ်တရက် ရှက်ရွံ့လာပြီး အဆင်မပြေဖြစ်သွား၏။

“ အဲဒီနေရာမှာ ကောင်းတာ ဘာတစ်ခုမှ မရှိဘူး။ ”

စုရီက တုန့်ပြန်လာသည်။ သို့မှသာ ဟွမ်ချမ့်ကျွယ်တစ်ယောက် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်မိ၏။

***

တိမ်မြစ်စီရင်စုမြို့တော် အနောက်တောင်ပိုင်းခရိုင်။

မိုးမခလမ်းသည် ကျဉ်းမြောင်းသော လမ်းသွယ်များစွာဖြင့် ကြွက်သိုက်တစ်ခုလို ရှုပ်ထွေးပြီး ရွှံ့နွံများပေါများလှ၏။

ဤနေရာတွင် နေထိုင်သူတိုင်းသည် လူ့အဖွဲ့အစည်း၏ အနိမ့်ကျဆုံးသော တည်ရှိမှု ဖြစ်သည်။

မြို့တော်ကို အကျည်းတန်စေသော မြင်ကွင်းမျိုးပေပင်။ သန့်ရှင်းသပ်ရပ်သော လူစိမ်းနှစ်ယောက် ဝင်လာသဖြင့် လူများစွာက အာရုံစိုက်ကြည့်လာကြသည်။

“ သခင်လေး၊ ကျေးဇူးပြုပြီး ပိုက်ဆံ နည်းနည်းလောက် ပေးပါ ငါ့ကလေးထမင်း မစားရတာ ရက်အတော်ကြာနေပြီ။ ”

အမျိုးသမီးငယ် တစ်ဦးက မြေပြင်ပေါ် ရုတ်တရက်လှဲချကာ အော်ဟစ်ငိုကြွေးလာ၏။ ဟွမ်ချမ့်ကျွယ်က မကြည့်ရက်တော့ဘဲ ပိုက်ဆံထုတ်ရန်ပြင်နေရာ စုရီမှ ဟန့်တားလိုက်ရသည်။

“ မင်းအခု ပိုက်ဆံထုတ်လိုက်ရင် သူတောင်းစားတစ်အုပ်လုံး မင်းဆီကို ဝိုင်းအုံလာ လိမ့်မယ် ... မင်းပိုက်ဆံ မကုန်မခြင်း သူတို့ ထွက်သွားမှာမဟုတ်ဘူး။ ”

“ ဟမ့် ... ငါ့ခွန်အားနဲ့ သူတို့လုရဲပါ့မလား။ ”

“ မင်းခွန်အားနဲ့ သူတို့ကို ရိုက်မလို့လား သူတို့သာ ဒဏ်ရာသွားခဲ့ရင် ... ကုသဖို့ပိုက်ဆံ မရှိလို့ သေတာကို စောင့်နေရုံကလွဲပြီး သူတို့လုပ်နိုင်တာ မရှိဘူး။”

“ ဒါ ... ။ ”

စုရီစကားကြောင့် ဟွမ်ချမ့်ကျွယ်ခမျာ တုန့်ဆိုင်းသွားတော့၏။ စုရီက အမျိုးသမီးကို ပြန်ငုံ့ကြည့်ပြီး၊

“ ငါနဲ့ ဖန်ရှောင်ဖုန်းက သူငယ်ချင်းတွေ။ ”

-ဟု ပြောကြားလိုက်သည်။

သူ့ကို ဦးညွှတ်နေသည့် အမျိုးသမီးက ချက်ချင်း အငိုရပ်လိုက်ကာ မော့ကြည့်လာ၏။ စုရီမှ ပြုံးလျက်၊

“ မင်းရဲ့ကလေး စားစရာမရှိရင် သူ့ဆီသွားလို့ရတယ်။ ”

-ဟု ​ဖြည့်စွက်ပြောကြားလိုက်သည်။

“ အမှိုက်တွေ ဘာလို့ စောစောက မပြောတာလဲ ... မဟုတ်ရင် ငါကအခုလို ရွှံ့ထဲ အိပ်ချစရာမလား။ ”

အမျိုးသမီးက ခေတ္တမျှ အံ့အားသင့် သွားပြီးနောက် ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲလိုက်ကာ ထွက်ခွာသွားလေသည်။

“ ရှင်သန်နေထိုင်ဖို့အတွက် ... လူ့အဖွဲ့အစည်းရဲ့ အောက်ခြေအလွှာတွေမှာ အတူတကွ ပေါင်းသင်းကူညီရိုင်းပင်းရတယ် ရွေးချယ်စရာတွေလည်း နည်းတယ် ...

... ဒါကြောင့် သူတို့ထဲက ... တစ်ယောက်နဲ့သာ မင်းသိနေရင် သား​ကောင်လို မင်းကို ဆက်ဆံတော့မှာ မဟုတ်ဘူး။ ”

“ အစ်ကိုစု၊ ဖန်ရှောင်ဖုန်းဆိုတာ ဘယ်သူလဲ။ ”

“ ငါ့သူငယ်ချင်း။ ”

စုရီတစ်ယောက် အတွေးနက်သွားသည်။ သူငယ်ချင်းဟူသော စကားလုံးသည် မည်သည့် ရတနာများထက်မဆို တန်ဖိုးရှိ၏။

အဆုံးတွင် လမ်းကြားတစ်ခုအတွင်း လှမ်းဝင်လိုက်ကာ ခြံဝင်းတစ်ခုရှေ့၌ ရပ်လိုက် တော့၏။

ခြံဝင်းအတွင်း၌ ကောက်ရိုးကို ရွှံ့များမံထားသော တဲအိမ်တစ်လုံး၏ မြင်လိုက် ရသည်။

ကောက်ရိုးတဲအိမ်ဘေးတွင် ဟင်းသီးဟင်းရွက်စိုက်ခင်း၊ မိုးမခပင်တစ်ပင်၊ ဘဲအချို့နှင့် ကြက်ခြောက်ကောင် ပြေးလွှားနေသည်။

လူငယ်တစ်​ယောက်က သစ်သားဘီးတပ် ကုလားထိုင်ပေါ်ထိုင်လျက် သူတို့ကိုကျောပေးကာ အစားအစာအချို့ ချက်ပြုတ်နေသည်။

“ ကျွီ ...

စုရီက ခြံတံခါးကို တွန်းဖွင့်လိုက်သည်။

“ ရှောင်ရန် ... ပြန်လာပြီလား ... ငါညစာချက်​ထားတယ် စားဖို့ ပြင်ဆင်ပါ။ ”

သို့သော် တုန့်ပြန်မှမရှိသောကြောင့် ထိုလူငယ်က သံသယဝင်ပြီး သစ်သားဘီးတပ် ​ကုလားထိုင်​ကို ပြန်လှည့်ကာ ကြည့်လာတော့သည်။

“ အစ်ကိုစု ... ။ ”

အံ့ဩတကြီး တုတ်ကောက်ထံ လက်လှမ်းကာ ထရပ်တော့မည် အချိန်တွင် စုရီက သူ့ကိုဖေးမပြီး ပြန်ထိုင်စေ၏။

“ ဒီနေ့ပဲ ... မြို့ကို ငါပြန်ရောက်တယ် ... ငါမရှိတဲ့ တစ်နှစ်အတွင်းမှာ မင်းဒီလို ဖြစ်သွား လိမ့်မယ်လို့ ငါမထင်ထားဘူး။ ”

ဖန်ရှောင်ဖုန်းသည် ယောက်ျားပီသပြီး သန်မာသော လူငယ်လေးတစ်ယောက် ဖြစ်၏။ ယခုမူ ဆံပင်များဖရိုဖရဲဖြင့် အဝတ်များတွင် ဖာထေးရာများ ဗလပွဖြစ်နေသည်။

အဆိုးဆုံးမှာ ခြေထောက်နှစ်ချောင်း သိသိသာသာ တွဲလျောင်းကျနေခြင်းပေပင်။ ဖန်ရှောင်ဖုန်းခမျာ မျက်နှာနီရဲလျက် ရှက်ရွံ့ သွားလေသည်။

ထို့နောက် သူ့ဖြစ်တည်မှုကို လက်ခံ လိုက်ဟန်ဖြင့် ‘ငါအဆင်ပြေပါတယ် အစ်ကိုစု’-ဟု ပြောကြားလာတော့၏။

စုရီက မီးဖိုပေါ်ရှိ ဟင်းအိုးထံ ကြည့်လိုက်သည်။ အငွေ့များကြားမှနေ၍ လက်တစ်ဆုပ်စာ ဆန်အပိုင်းအစကို မြင်နေရသည်။

“ အစ်ကိုစု ... ငါအခု ဒုက္ခိတဖြစ်နေပြီ ... ဆင်းရဲပေမယ့် ငါ့ဘဝကို လက်ခံနိုင်နေပါပြီ မင်း သနားစရာ မလိုပါဘူး ... ငါအဆင်ပြေတယ်။ ”

“ ဒါပေမယ့် ငါ ... အဆင်မပြေဘူး။ ”

စုရီက ဖန်‌ရှောင်ဖုန်းပုခုံးကိုပုတ်ကာ ခေါင်းရမ်းလိုက်သည်။ ဤခရီးစဉ်သည် တိမ်မြစ် စီရင်စုမြို့တော်ရှိ သူ့ကံကြမ္မာကို ဖြတ်ရန် ပြန်လာခဲ့ခြင်း ဖြစ်ချေပြီ။

***

All Chapters