ဘယ်မှာလဲ လူကြီးမင်း။
Vol. 8 Ch. 93
“ အစ်ကိုစု၊ ကလဲ့စားချေတာကို မလုပ်ဖို့ငါအကြံပေးချင်တယ် ... မင်းကျင့်ကြံမှု ပြန်ရလာရင်တောင် သူတို့ရဲ့နောက်ခံက မလွယ်ဘူး။ ”
“ မင်းသိပြီးသားမို့ ဘာလို့ ငါ့ကို တားနေရတာလဲ။ ”
“ အစ်ကိုစု မင်းက ခေါင်းမာတယ်။ ”
“ မဟုတ်ဘူး ... ဒါကို ခေါင်းမာတယ်လို့ မခေါ်ပါဘူး။ ”
“ အစ်ကိုကြီး ရှောင်ဖုန်း ... ။ ”
စုရီနှင့် ဖန်ရှောင်ဖုန်းတို့ စကားစမြည်ပြောနေစဉ် ကလေးတစ်ယောက် ခြံဝင်းတံခါးကို တွန်းဖွင့်ပြီး ပြေးဝင်လာ၏။
“ အစ်ကိုကြီး ရှောင်ဖုန်း ... ကျားနက်ဂိုဏ်းက ရှောင်ရန်ကို အတင်းအကြပ် ဖမ်းဆီးသွားပြီ။ ”
ယင်းစကားကြောင့် ဖန်ရှောင်ဖုန်းခမျာ မျက်နှာပျက်ယွင်းသွား၏။ ကျားနက်ဂိုဏ်းသည် အမှောင်ဂိုဏ်း တစ်ဂိုဏ်းဖြစ်ပြီး မိန်းကလေး များကို ဖမ်းယူပြီး အပျော်မယ်အဖြစ် ရောင်းစားသူများပေပင်။
“ ကျားနက်ဂိုဏ်း ဘယ်မှာလဲ။ ”
စုရီက ဖန်ရှောင်ဖုန်းကို မေးလိုက်၏။ သူ့အတွေးထဲ ဟောင်းနွမ်းစုတ်ပြဲနေသော အဝတ်အစားနှင့် ဦးချိုများကဲ့သို့ ဆံပင်နှစ်ဖက် ခွဲချည်ထားသော ကလေးမလေးပုံ ပေါ်လာသည်။
“ ကျွန်တော်သိတယ် အစ်ကိုကြီး။ ”
သတင်းလာပေးသည့် ကောင်လေးက ပြန်ဖြေ၏။ ၎င်း၏အမည်မှာ အားဖေဖြစ်သည်။
“ ရှောင်ဖုန်း ... မထိတ်လန့်နဲ့ ... မင်းဒီမှာနေပြီး ... ငါပြန်လာတာကို စောင့်ပါ ညစာအတူတူစားရအောင်။ ”
“ အစ်ကိုစု၊ ဒီတစ်ခါတော့ မင်းကိုဒုက္ခပေးမိမှာ ငါကြောက်တယ်။ ”
ဖန်ရှောင်ဖုန်းက မျက်ရည်များ ဝဲလျက် အံကြိတ်ကာ ပြောကြားလိုက်လေသည်။ စုရီမှ ခေါင်းညိတ်ပြီး၊
“ ဟွမ်ချမ့်ကျွယ် ဒီမှာနေခဲ့ ... အားဖေ ငါ့ကိုလမ်းပြပါ။ ”
-ဟုဆိုကာ အားဖေးကို ခေါ်ကာ ခြံဝင်းထဲမှထွက်ခွာလာခဲ့သည်။
တိမ်မြစ်စီရင်စုမြို့တော်သည် ကြွယ်ဝလှသဖြင့် အမှောင်အဖွဲ့အစည်းများစွာ ပေါက်ပွားလာစေ၏။
ကျားနက်ဂိုဏ်းသည် ၎င်းတို့အနက်မှ တစ်ခုဖြစ်သည်။ ထိုဂိုဏ်းသည် အမျိုးသမီးငယ် များကို ရောင်းစားပြီး အသက်မွေးဝမ်းကြောင်း ပြုသည်။ စက်ဆုပ်ဖွယ်ပေပင်။
သို့သော် ၎င်းတို့သည် ထက်မြက်သဖြင့် လူ့အဖွဲ့အစည်း၌ နောက်ခံမရှိသော မိန်းကလေး များအပေါ်သာ ပစ်မှတ်ထားကြ၏။
“ အစ်ကိုကြီး ... အဲဒီလမ်းကို ကျောက်စိမ်းနွေဦးလို့ခေါ်တယ် လမ်းအဆုံးမှာ သူတို့ဂိုဏ်းရှိတယ် ငါမလိုက်ရဲတော့ဘူး။ ”
အားဖေက ရပ်လျက် ကြောက်ရွံ့မှုဖြင့် ပြောကြားလာခဲ့သည်။ စုရီက ခေါင်းညိတ်ပြပြီး၊
“ မင်းဒီမှာခဏစောင့် ... မကြာဘူး ငါပြန်လာမယ်။ ”
-ဟု မှာကြားကာ အမှောင်ရိပ်ထဲ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
***
ပျက်စီးယိုယွင်းနေသော ကောက်ရိုးအိမ်ဘေးတွင် မီးပုံကြီးတစ်ပုံ ဖိုလျက် လူငယ်နှစ်ယောက် စကားစမြည် ပြောကြား နေကြသည်။
ဖန်ရှောင်ဖုန်းက သစ်သားဘီးတပ် ကုလားထိုင်တွင် ထိုင်ပြီး စိတ်လှုပ်ရှားစွာဖြင့် လမ်းမပေါ် မျှော်မျှော်ကြည့်၏။
“ စိတ်အေးအေး အနားယူပါ အစ်ကိုစု ကိုယ်တိုင်သွားတာမို့ မင်းစိုးရိမ်စရာ မရှိပါဘူး။ ”
ဟွမ်ချမ့်ကျွယ်က နှစ်သိမ့်ပေးသည်။
“ အစ်ကိုဟွမ်၊ မင်းနဲ့အစ်ကိုစု ဘယ်လိုတွေ့ခဲ့တာလဲ။ ”
“ ငါ ... ။ ”
ဖန်ရှောင်ဖုန်းက အာရုံလွှဲသည့်အနေဖြင့် စကားပြောရန် ကြိုးစားသော်လည်း မေးခွန်းမှာ ဟွမ်ချမ့်ကျွယ်အတွက် အဆင်မပြေ ဖြစ်စေ၏။
၎င်းက ခေါင်းကုပ်လိုက်ပြီးနောက်၊
“ အမှန်တိုင်းပြောရရင် နည်းနည်းတော့ ရှက်စရာကောင်းတယ် ... အဲဒီတုန်းက မင်းငါ့ကို ကွမ်လင်မြို့ရဲ့ မျိုးဆက်သစ်လူငယ် သူရဲကောင်းလို့ ခေါ်နိုင်တယ် ... ။ ”
-ဟု အစချီကာ သူရဲကောင်းများကြား တိုက်ပွဲတစ်ပွဲကို ဖန်တီးလိုက်တော့သည်။
ဤသည်မှာ ဖန်ရှောင်ဖုန်းအတွက် အားကျဖွယ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့၏။ သို့သော် သူ့ခြေထောက်နှစ်ချောင်းကို သတိရ လာချိန်၌ စိတ်ပျက်အားငယ်သွားသည်။
သူ့အတွက် စုရီကဲ့သို့ ကျင့်ကြံမှုလမ်းပေါ် ပြန်တတ်ရန် ခက်ခဲသွားချေပြီ။ ဟွမ်ချမ့်ကျွယ် သူ့ကြွားလုံးများသွားပြီမှန်း သိလိုက်ကာ၊
“ စိတ်ဓာတ်မကျနဲ့ ... မြေကြီးအဆင့် ကျွမ်းကျင်သူ တစ်ယောက်က သေလူကိုတောင် အသက်ပြန်စေနိုင်မယ် ... မင်းခြေထောက် ကျိုးတာလောက်တော့ အသာလေးပဲ။ ”
-ဟု ပြုံးကာ နှစ်သိမ့်လိုက်သည်။ ဖန်ရှောင်ဖုန်းက ခေါင်းရမ်းလျက်၊
“ ဒါပေမယ့် ငါ့လို ဒုက္ခိတက ... ဒီလို အံ့ဖွယ်ကျွမ်းကျင်သူနဲ့ ဘယ်လိုလုပ်ကံကြမ္မာ ပါလာမှာလဲ။ ”
-ဟု တုန့်ပြန်လိုက်တော့၏။
“ ဘာလို့ မပါရမှာလဲ။ ”
ရုတ်တရက် စုရီက ကလေးငယ် နှစ်ယောက်နှင့်အတူ ခြံထဲပြန်လည်ဝင်ရောက် လာခဲ့သည်။
“ ရှောင်ရန် ... နင်အဆင်ပြေတယ် မဟုတ်လား။ ”
“ အစ်ကိုကြီး ငါအဆင်ပြေပါတယ် ... အစ်ကိုကြီးစုက ငါ့ကို ကယ်တင်ခဲ့တယ်။”
ရှောင်ရန်က သွက်လက်စွာပြန်ဖြေပြီး ဖန်ရှောင်ဖုန်းလက်ကို အပြေးဆုပ်ကိုင်လိုက် လေသည်။
“ အစ်ကိုစု ကျေးဇူးတင်ပါတယ်။ ”
ဖန်ရှောင်ဖုန်းက မျက်ရည်များဝဲလျက် လေးနက်စွာ ပြောကြားလာသည်။ အားဖေက ပြုံးရယ်လိုက်ကာ၊
“ အစ်ကိုကြီးရှောင်ဖုန်း ငါပြန်တော့မယ် ညစာမစားရသေးဘူး။ ”
-ဟု နှုတ်ဆက်လာတော့၏။
ကျင့်ကြံသူများလောကတွင် သိုင်းတာအိုနယ်ပယ်၌ အာဟာရ ဖြည့်တင်းရန် လိုအပ်ပြီး မူလတာအိုနယ်ပယ် ရောက်မှ သာလျှင် အစာရှောင်ကြသည်။
ထို့ကြောင့် ဟွမ်ချမ့်ကျွယ်မှ ဗိုက်ဆာလာပြီး၊
“ အစ်ကိုစု ... ငါတို့လည်း ညစာသွားစားရအောင် တိမ်မြစ်စီရင်စုမှာ စည်းစိမ်ချမ်းသာစံအိမ်က နာမည်ကြီးတယ် ... အားဖေ ... မင်းလည်းငါတို့နဲ့လိုက်ခဲ့။ ”
-ဟု ပြောကြားလိုက်သည်။ အားဖေက မျက်လုံးပြူးသွား၏။
“ အစ်ကိုကြီး စည်းစိမ်ချမ်းသာစံအိမ်က ငါတို့မြို့မှာ ... အထက်တန်းစားတွေ အတွက်ပဲ၊ ဟင်းတစ်ခွက်ကို ငွေတစ်ရာကျော် တန်တယ် ဒါငါ့မိသားစုရဲ့ တစ်နှစ်စာဝင်ငွေရှိတယ်။ ”
“ ဟား ဟား ဟား ... မင်းစိတ်တိုင်းကျ စားလို့ရတယ် စိတ်မပူနဲ့။ ”
ဖန်ရှောင်ဖုန်းက စုရီကို ပြန်ကြည့်သည်။ စုရီမှပြုံးလျက် ခေါင်းညိတ်ပြကာ၊
“ လာသွားရအောင်၊”
-ဟု အတည်ပြုလိုက်၏။
ထို့နောက်တွင် ဟွမ်ချမ့်ကျွယ်က ရထားလုံးတစ်စင်းငှားကာ စည်းစိမ်ချမ်းသာ စံအိမ်သို့ ဦးတည်လေသည်။
“ အစ်ကိုကြီး... မင်းပိုက်ဆံတွေ အများကြီးကုန်လိမ့်မယ်။ ”
အားဖေက တွန့်ဆုတ်စွာ ပြောကြားလာ၏။
“ ကောင်လေး ... မင်းအမြဲမှတ်ထား ဒီကမ္ဘာကြီးမှာ ပိုက်ဆံနဲ့ဖြေရှင်းနိုင်တဲ့ အရာ မှန်သမျှ ... ပြဿနာလို့ မခေါ်ထိုက်ဘူး။ ”
***
စည်းစိမ်ချမ်းသာစံအိမ်သည် တိမ်မြစ်စီရင်စုမြို့တော် အရှေ့ဘက်ခရိုင်တွင် တည်ရှိသည်။
မြို့တော်၏ ထိပ်တန်း ငွေကြေးစုပ်ယူရာ သားရဲကြီးအဖြစ် ကျော်ကြား၏။ စံအိမ်သည် ကိုးထပ်ရှိကာ မီးအိမ်များဖြင့် လင်းကျင်း နေသည်။
သပ်သပ်ရပ်ရပ် ၀တ်စားထားသော အစေခံများက ဧည့်သည်များကို ကြိုဆိုရန် တံခါးဝ၌ ရပ်နေကြ၏။
“ တောင်းပန်ပါတယ် လောလောဆယ်မှာ ငါတို့ရဲ့ သီးသန့်စားသောက်ခန်းတွေ မရှိတော့ မှာကို စိုးရိမ်မိပါတယ်။ ”
ရထားလုံးပေါ်မှ ဆင်းလာသော စုရီနှင့်အဖွဲ့ကို မြင်သောအခါ အစေခံတစ်ဦးက ယဉ်ကျေးစွာ ပြောကြားလာ၏။
“ စောင့်ချင်ပါသလား .. ဒါမှမဟုတ် တခြားစားသောက်ဆိုင်ကို ရွေးကြည့်ချင် သလား။ ”
“ ငါ့ရှေ့မှာ ... ဒီလိုလှည့်ကွက်တွေနဲ့ ကစားဖို့ကြိုးစားနေတာလား မင်းတို့စံအိမ်မှာ အထူးသီးသန့်ခန်း တစ်ခန်း အမြဲချန်ထားတာ ငါသိတယ်။ ”
ဟွမ်ချမ့်ကြွယ်က အစေခံကို အော်ငေါက်လိုက်၏။ အစေခံခမျာ ခေတ္တမျှ အံ့အားသင့်သွားပြီး၊
“ သခင်လေး ... အဲဒါက ငါတို့ရဲ့ အထူးဧည့်သည်တော်တွေ အတွက်ပါ။ ”
“ ဟမ့် ... ဒါဆို ငါတို့က ဒီမှာညစာစားဖို့ အရည်အချင်းမရှိဘူးလို့ မင်းပြောချင်တာလား။ ”
“ သခင်ငယ်၊ ကျေးဇူးပြုပြီး ဒီလိုစကားမျိုးမပြောပါနဲ့ ... ငါက နိမ့်ကျတဲ့ အစေခံတစ်ယောက်ပါ ဒီလို မပြောဝံ့ပါဘူး။ ”
သူတို့စကားဝိုင်းက ဖြတ်သွားဖြတ်လာ လူအချို့ကို ဆွဲဆောင်သွားသည်။ ထို့ကြောင့် စံအိမ်အတွင်း လှမ်းဝင်တော့မည့် စုံတွဲတစ်တွဲက ပြန်လှည့်ကြည့်လာ၏။
“ စုရီ ... မင်းလား။ ”
စုရီက ပြန်မော့ကြည့်လိုက်သည်။ ဤသည်မှာ တိမ်မြစ်ဓားစံအိမ်၏ ပြင်ပတပည့် ယန်ချောင်ပေပင်။
ပြင်ပတပည့်ကြီးဖြစ်ချိန်၌ ဤရာထူးနှင့် မထိုက်တန်ဟု စုရီကို ဦးစွာကန့်ကွက်နေခဲ့သူ ဖြစ်၏။
“ ဟမ့် ... ဂျူနီယာညီလေး ဖန်ရှောင်ဖုန်းလည်း ဒီမှာကိုး ... အဟား ဒါက ဒုက္ခိတတွေ့ဆုံပွဲလား။ ”
ထို့နောက် စိတ်ဝင်စားခြင်း မရှိတော့ဘဲ ခေါင်းခါယမ်းလျက် အမျိုးသမီး ခါးကိုဖက်ကာ ဆက်လျှောက်သွားတော့၏။
“ ဪ ... မေ့လို့ ငါ့မှာ ပြောစရာ ကျန်သေးတယ် ... ဂျူနီယာညီလေး ရှောင်ဖုန်း ဒီညငါတို့နဲ့အတူ အစ်ကိုနျန်ယွင်ချုံးနဲ့ ယွီချင်းတို့လည်း ရှိနေတယ်။ ”
စံအိမ်ထဲမဝင်မီ ချန်ထားခဲ့သော စကားများကြောင့် ဖန်ရှောင်ဖုန်းတစ်ယောက် လက်သီးများဆုပ်လိုက်မိသည်။
နာကျင်ခြင်း၊ ခါးသီးခြင်းနှင့် ဒေါသများ ဝင်ရောက်လာ၏။ စုရီက ပုခုံးကို ပုတ်လျက်၊
“ လူသေတွေအတွက် ဘာလို့ ဒေါသထွက်နေရတာလဲ ... မထိုက်တန်ပါဘူး။ ”
-ဟု ပြောကြားလိုက်သည်။
“ အစ်ကိုစု ငါတို့ ပြန်ကြရအောင် ... နျန်ယွင်ချုံးက ငါတို့ဒီမှာရောက်နေမှန်းသိရင် ဒုက္ခပေးမှာ သေချာတယ်။ ”
“ ဘာလို့ ပြန်ရမှာလဲ ငါဗိုက်ဆာနေပြီ။ ”
စုရီက ငြင်းဆန်လိုက်၏။
“ တောင်းပန်ပါတယ်၊ မင်းတို့အတွက် နေရာမရှိပါဘူး တခြားစားသောက်ဆိုင်ကို ရွေးဖို့ အကြံပြုချင်ပါတယ်။”
စကားဝိုင်းကို နားထောင်နေသော အစေခံက ချက်ချင်းလေသံနှင့် သဘောထားပြောင်းလဲသွား လေသည်။
“ ဒီတံဆိပ်ကို ကြည့်ပါ။ ”
ရုတ်တရက် စုရီက ရှောင်တျန်းချွယ်၏ တံဆိပ်ကို ထုတ်ပေးလိုက်သည်။ အစေခံက ဖမ်းပြီး ‘ရှောင်’ဟူသော စကားလုံးကို စစ်ဆေးကြည့်ကာ၊
“ ကျေးဇူးပြုပြီး ခဏစောင့်ပါ ... ဒါကိုစစ်ဆေးဖို့လိုတယ်။ ”
-ဟု မှာကြားပြီး လှည့်ဝင်သွားတော့သည်။
ကျောက်စိမ်းတံဆိပ်၏ မူလအပေါ် သူ ဆုံးဖြတ်နိုင်ခြင်း မရှိသော်လည်း သာမန်မဟုတ် သည်ကို သူခံစားမိချေပြီ။
များမကြာမီ အနက်ရောင်၀တ်စုံဖြင့် ကျော့ရှင်းသော ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးက လူအချို့ကို ဦးဆောင်ကာ အပြေးထွက် လာသည်။
ထိုမြင်ကွင်းကြောင့် အစေခံများ အားလုံး တုန်လှုပ်စေကုန်၏။
“ ဘာတွေဖြစ်နေတာလဲ ... စံအိမ်သခင်နဲ့ တာဝန်ခံရှစ်ယောက်လုံး ... ဘာလို့ ဒီလောက် တုန်လှုပ်နေရတာလဲ။ ”
“ ဂုဏ်ထူးဆောင် ဧည့်သည်တွေကို ကြိုဆိုဖို့များလား။ ”
ထိုအနက်ဝတ် အမျိုးသမီးအမည်မှာ စွေ့ယွင်ဖြစ်ပြီး တိမ်မြစ်စီရင်စုမြို့တော်တွင် ကျယ်ပြောသော ကွန်ယက်ကို ဖြန့်ကျက် ထားနိုင်သည်။
“ ဘယ်မှာလဲ လူကြီးမင်း ... ။ ”
***